သူတစ်ပါးရဲ့အားနည်းချက်ဆိုတာ Body Shaming လုပ်ရမယ့်အရာလား။

blank
Sad depressed fail down perforated paper

သတိထားမိပါသလား။

အွန်လိုင်းပေါ်တက်တဲ့အခါ တစ်ဖက်သားကို အပြုသဘောနဲ့ဝေဖန်တာမျိုးမဟုတ်ဘဲ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်တဲ့ အပျက်သဘောဆောင်တဲ့ comment တွေ များလာတယ်။

လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်ထက် ရုပ်ရည်သွင်ပြင်ကို ပိုဝေဖန်လာကြတယ်။

လူတစ်ယောက်ရဲ့အားနည်းချက်က တချို့လူတွေအတွက် လှောင်ပြောင်ရယ်မောစရာ ဖြစ်နေတယ်။

ဒါဟာ အနာဂတ်လူ့အဖွဲ့အစည်းအတွက် မကောင်းတဲ့ အလားအလာဖြစ်ပါတယ်။ လူတိုင်းမှာ အားသာ ချက်ရှိတယ်။ လူတိုင်းမှာ အားနည်းချက်ရှိတယ်။ အားနည်းချက်ဆိုကတည်းက ကြိုက်နှစ်သက်စရာ မရှိတာ ကြောင့် ဘယ်သူမှလည်း လိုချင်ကြမှာမဟုတ်ပါဘူး။ တချို့အားနည်းချက်တွေကို ပြုပြင်လို့ရပေမဲ့ တချို့အား နည်းချက်တွေကျတော့ ပြုပြင်လို့ မရပါဘူး။ ပြုပြင်လို့မရတာဟာ ကာယကံရှင်ရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ လူတိုင်းရဲ့ဘဝမှာ ကိုယ်မကြိုက်ဘဲ လက်ခံထားရတဲ့အားနည်းချက်တွေဆိုတာ ရှိကြစမြဲပါ။

ဒါကို ဘာကြောင့် လှောင်ပြောင်ကြတာလဲ။

အားနည်းချက်ဆိုတာ လူတစ်ယောက်ရဲ့အနာတရဖြစ်ပါတယ်။ နာကျင်နေပြီးသားအရာကို ထိုးနှက် တာဟာ ကာယကံရှင်အတွက် အနာပိုကြီးလာစေတာပဲ ရှိမှာပါ။ နောက်ဆက်တွဲအနေနဲ့ စိတ်အားငယ်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းလာတာ၊ အပြစ်ရှိသလိုခံစားရတာတွေအပြင် စိတ်ကျရောဂါအထိပါ ဖြစ်သွားစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တခြားသူတစ်ယောက်ရဲ့အားနည်းချက်ကို ထိုးနှက်လိုက်ရတဲ့သူအနေနဲ့လည်း ဘာမှ အကျိုးရမသွား ပါဘူး။ ထိုးနှက်ခံလိုက်ရသူနဲ့ နာကျည်းမှုနဲ့ အမုန်းကိုပဲ ပြန်ရမှာပါ။

ယဉ်ကျေးမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့တိုးတက်ဖို့ဆိုရင် လူအချင်းချင်း အထင်သေးနှိမ့်ချတာ၊ အားနည်းချက်တွေကို ထိုးနှက်တာ၊ စိတ်အနာတရဖြစ်အောင် လုပ်တာမျိုးတွေ ပပျောက်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့်… မတော်တဆဘဲ ဖြစ်ဖြစ်၊ အကျင့်ပါနေလို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့ အားနည်းချက် ကို body shaming လုပ်မိတော့မယ်ဆိုရင် ကိုယ့်မှာလည်း အားနည်းချက်ရှိတယ်ဆိုတာ ပြန်သတိရလိုက်ပါ။

ဒါမှမဟုတ်… တစ်ယောက်ယောက်က ကိုယ့်ကို body shaming လုပ်တာခံနေရတယ်ဆိုရင် သူ့ကို အပြုံးတစ်ပွင့်နဲ့ တစ်ခုပဲ ပြန်မေးလိုက်ပါ။

“ သင့်မှာကော အားနည်းချက်မရှိဘူးလား” ဆိုတဲ့ မေးခွန်းလေးကိုပေါ့။

သူ့အားနည်းချက်ကို သူပြန်အမှတ်ရသွားတဲ့အခါ တစ်ဖက်သားရဲ့အားနည်းချက်ဆိုတာ body shaming လုပ်ရမယ့်အရာမဟုတ်ဘူးဆိုတာကိုလည်း သူသတိရသွားမှာပါ။