ဆယ်တန်းစာမေးပွဲရမှတ်နည်းခြင်းများခြင်းဟာ ဘဝအောင်မြင်ရေးနဲ့ လုံးလုံးလျားလျားသက်ဆိုင်နေလား။

blank

သင်ဟာ…..။ မကြာခင်သေးမီက ထွက်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ….

ဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့သူလား….။

ဂုဏ်ထူးမပါဘဲ အောင်မြင်ခဲ့သူလား…။

အောင်စာရင်းမှာ ဒီတစ်နှစ်နာမည်ပါလာဖို့ အခွင့်မသာခဲ့သူလား…။

အောင်စာရင်းမှာ ဘယ်လိုရလဒ်တွေပဲ ထွက်ခဲ့ထွက်ခဲ့ ဒါဟာ တစ်ဘဝလုံးအတွက် သတ်မှတ်ပေးလိုက်တဲ့ အောင်မြင်မှုတစ်ခု၊ ကျရှုံးမှုတစ်ခုမဟုတ်ပါဘူး။

ကျွန်မဆယ်တန်းတုန်းက စာမေးပွဲကို ရမှတ်နည်းနည်း အောင်သွားခဲ့တယ်။ ရမှတ်နည်းရခြင်းကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မရဲ့ ပေါ့လျော့မှုတွေ၊ ဆရာ၊မတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်မလုပ်ခဲ့တာတွေကို ပြန်မြင်မိတယ်။ ဒါပေမဲ့ အတိတ်ဟာပြန်ပြင်လို့ မရတော့ပါဘူး။ ကျွန်မရဲ့လက်ထဲမှာရှိနေတဲ့ ပစ္စုပ္ပန်ကို ဘယ်လိုအသုံးချမလဲဆိုတာကို စဉ်းစားကြည့်လိုက်တယ်။ ဆယ်တန်းတုန်းက ကျွန်မရဲ့ အားနည်းချက်တွေ၊ ပေါ့လျော့မှုတွေကို ထားခဲ့လိုက်ဖို့ ဘဝအတွက် သင်ခန်းစာအဖြစ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မကိုယ်ကျွန်မ သုံးသပ်ကြည့်ပြီးတဲ့နောက်မှာ ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ်ကို မမှိတ်မသုန်လျှောက်လှမ်းခဲ့တယ်။ တစ်ခါတလေလဲကျခဲ့တယ်။ တစ်ခါတလေမှာ ရှေ့လျှောက်ရမယ့် လမ်းပျောက်သွားသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မရောက်ချင်တဲ့ ပန်းတိုင်ကို မရမကလျှောက်လမ်းခဲ့တယ်။ ပုရွက်ဆိတ်လေးတွေလိုပေါ့။ ပုရွက်ဆိတ်တွေဟာ သူတို့သွားမယ့် လမ်းကြောင်းပေါ်မှာ အုတ်တံတိုင်းတွေရှိလည်း တက်သွားတယ်။ ဘယ်လောက်ပဲဝေးဝေးဇွဲနဲ့ ရအောင်သွားကြတယ်။ သူတို့ကို မ ပြီး သူတို့လမ်းကြောင်းနဲ့မတူတဲ့နေရာကို ချထားလိုက်ရင်တောင် ရောက်အောင်သွားကြတယ်လေ။

နှစ်အနည်းငယ်ကြာတော့ ကျွန်မက ရွေးချယ်ထားတဲ့နယ်ပယ်မှာ တိကျသေချာတဲ့နေရာတစ်နေရာကို ရလာခဲ့တယ်။ အလုပ်မှာကျွမ်းကျင်ပိုင်နိုင်လာတာနဲ့အမျှ လုပ်ငန်းခွင်မှာလည်း ပျော်မွေ့လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မပတ်ဝန်းကျင်က ဂုဏ်ထူးတွေအလီလီနဲ့ အောင်မြင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းတချို့ကိုကြားမိလာတယ်။ တချို့သူတွေက လမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ပန်းဝင်သွားကြသလို တချို့သူတွေကတော့ လမ်းကြောင်းကို အဆုံးထိမရောက်ဘဲ သွေဖယ်သွားခဲ့ကြတယ်တဲ့။

အဲ့ဒီအချိန်မှာ ကျွန်မစဉ်းစားမိသွားတာက တက္ကသိုလ်ဝင်တန်းရမှတ်တွေဟာ ဘဝရဲ့ အဆုံးသတ်တစ်ခုမဟုတ်ဘူးဆိုတာကိုပေါ့။ အောင်မြင်သွားတဲ့သူတွေအနေနဲ့လည်း နောက်ထပ်လျှောက်ရမယ့် ခရီးတွေရှိသေးတယ်။ နောက်ထပ်ဆွတ်ခူးရမယ့် အောင်မြင်မှုတွေရှိနေပါသေးတယ်။ အောင်စာရင်းမှာ ကိုယ့်နာမည်ပါမလာတာ၊ အမှတ်နည်းနည်းလေးနဲ့အောင်သွားခဲ့တာတွေကတည်း အဆုံးသတ်မှုတစ်ခုမဟုတ်ပါဘူး။

တစ်ခုခုကိုလုပ်ဖို့ ကြိုးစားလိုက်တဲ့အခါ မအောင်မြင်ခြင်းဟာ ကျရှုံးခြင်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို ဝေဖန်သုံးသပ်နိုင်ဖို့ သင်ခန်းစာတစ်ခုပါ။ ကျရှုံးမှုဆိုတာက မအောင်မြင်မှာကို ကြောက်ပြီး ဘာကိုမှမလုပ်ကြည့်ခြင်းပါ။

ဒါ့ကြောင့် …

အောင်မြင်ခဲ့သူတွေအတွက်လည်း “ဒါက အစပဲရှိပါသေးတယ်”

မအောင်မြင်ခဲ့တဲ့သူတွေအတွက်လည်း “ဒါဟာ အဆုံးသတ်မဟုတ်ဘူး” လို့ပဲပြောပါရစေနော်။