“လေတိုက်တိုင်း ဝနေတယ်” ဆိုပြီး စိတ်ညစ်နေတတ်သူလေးတွေ ဖတ်ဖို့

“ဝက်မ”၊ “ဝလိုက်တာဟယ်၊ ကြမ်းကျွံသွားတော့မှာပဲ” စတဲ့စကားတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ရွံမုန်းပြီး ဝိတ်ချဖို့အသည်းအသန်ကြိုးစားနေမိပြီလား။ ဝိတ်ကျချင်ဇောနဲ့ အဆီကျဆေးတွေရဲ့ အန္တရာယ်ကိုတောင် လျစ်လျူရှုပြီး သောက်သုံးနေမိပြီလား။ တကယ်တော့ မင်းဟာ ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေထက် အများကြီးပိုအဓိပ္ပာယ်ရှိပါတယ်။ ဂျင်းဘောင်းဘီတွေ၊ ဂါဝန်တွေပေါ်က ဆိုဒ်တွေထက် မင်းက ပိုတန်ဖိုးရှိပါတယ်။

အချိန်တစ်ခုအတွင်းမှာ ကိုယ်အလေးချိန်ဘယ်လောက်တက်လာတယ်၊ ကျသွားတယ်ဆိုတာတွေဟာ မင်းကို ကိုယ်စားပြုမနေပါဘူး။ ကိုယ်အလေးချိန်ဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ရည်မှန်းချက်တွေကို အကဲဖြတ်ပေးနိုင်တဲ့အရာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာဟာ ကိုယ်ကျန်းမာရေးကော စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရမယ်လို့ ဆိုလိုတာပါ။ ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ မင်းခန္ဓာကိုယ်ဟာ မင်းအတွက်တော့ အထူးစပါယ်ရှယ်ပါပဲ။ ဒီခန္ဓာကိုယ်ကပဲ မင်းရဲ့အတွေးတွေ၊ ခံစားချက်တွေ၊ လက္ခဏာတွေနဲ့ စိတ်ကူးတွေကို အုပ်မိုးထားတာပါ။ ဒီခန္ဓာကိုယ်သာ မရှိရင် မင်းကလည်း မင်းဖြစ်လာမှာမဟုတ်ပါဘူး။ တခြားသူတွေ စိတ်ကျေနပ်ဖို့အတွက် မင်းကိုယ်မင်းပြောင်းလဲပစ်စရာမလိုပါဘူး။

မင်းတစ်ယောက်တည်းသာလျှင် မင်းခန္ဓာကိုယ်အတွက် တာဝန်ရှိတဲ့သူပါ။ မင်းကို ဒါမှမဟုတ် မင်းခန္ဓာကိုယ်ကို မကောင်းဘူးလို့ ဘယ်သူ့မှာမှ ပြောပိုင်ခွင့်မရှိပါဘူး။ မင်း ခန္ဓာကိုယ်ကို စိတ်ပျက်မိလို့ သဘောကျနှစ်သက်တဲ့အရာတွေကို ပြုလုပ်ဖို့ နောက်တွန့်သွားဖူးလား။ တကယ်တော့ မင်းဟာ ပြီးပြည့်စုံတယ်ဆိုတာထက်ကို ပိုလွန်းနေတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အလှဆုံးပြုံးနေလိုက်ပါ။ မင်းရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထား ဂရုစိုက်ပါ။ မင်းရဲ့ ဒဏ်ရာလေးတစ်ခု၊ အကြောပြတ်ရာလေးတစ်ခုစီတိုင်းကို တန်ဖိုးထားပါ။ ပေါင်ချိန်စက်ပေါ်က မင်းရဲ့ ကိုယ်အလေးချိန်ဟာ ဘာကိုမှကိုယ်စားမပြုပါဘူး။ ဂါဝန်၊ အကျီင်္တွေမတော်တော့ဘူးဆိုတာနဲ့ပဲ မင်းဟာ တခြားသူတစ်ယောက်အဖြစ်ပြောင်းလဲမသွားပါဘူး။ My body, My choice ပါပဲနော်။

ဝလွန်းလို့ ဝိတ်ချတော့မယ်လို့ တစ်ချိန်လုံး ညည်းညူပြောဆိုနေတတ်တဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်ပြီး အားပေးလိုက်ပါဦးနော်။