သူများအားနည်းချက်ကို ထိပါးရမှ ကျေနပ်သူတွေနဲ့ သူငယ်ချင်းဆက်ဖြစ်သင့်လား။

ကျွန်မက အရပ်ပုတယ်။ ဒေါက်ဖိနပ်မြင့်မြင့်တွေစီးပြီးတော့လည်း လှလှပပမနေတတ်တော့ ဖိနပ်အပါး လေးနဲ့ ကျွန်မဟာ ပုမြဲပေါ့။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မတော့ အရပ်ပုရလေခြင်းလို့ တစ်ခါမှ အားမငယ်ခဲ့ဖူးပါဘူး။ အရပ်ပုပေမဲ့ ကျွန်မကလည်း တခြားသူတွေလိုပဲ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ ကိုယ့်ပညာ အရည်အချင်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရှင်သန်နေသူဖြစ်တယ်။ အကျင့်စာရိတ္တပိုင်းအရလည်း ဘာ အစွန်းအထင်းမှ မရှိဖူးတဲ့သူဆိုတော့ ဘယ်နေရာသွားသွား ခေါင်းမော့ပြီးသွားဝံ့သူပါ။ ကျွန်မမှာ ကျွန်မကိုချစ်တဲ့ မိသားစုလည်း ရှိတယ်။ ကျွန်မကို အလေးထားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ ငယ်သူငယ်ချင်းတွေလည်း ရှိတယ်။ အဲ့ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိပါတယ်။

ဒါပေမဲ့… ကျွန်မအလုပ်သစ်ဝင်တဲ့အချိန်မှာတော့ ကျွန်မရဲ့ကိုယ့်ကိုယ်ကိုယ်အပေါ် ယုံကြည်ချက်တွေ ဟာ ယိုင်နဲ့လာရတော့တယ်။

ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ သော်သော်ဆိုတဲ့ ကောင်မလေးက ကျွန်မရဲ့ အရပ်အမောင်းအပေါ် စသလို နောက်သလိုနဲ့ အမြဲနှိမ့်ချပြောလေ့ရှိတယ်။ အရပ်ပုတာ၊ ရှည်တာဟာ ရယ်စရာ၊ လှောင်စရာဖြစ်နေလား ဆိုတာ ကျွန်မတကယ်နားမလည်ဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အဲ့ဒါတစ်ခုတည်းနဲ့ ဆုံး ဖြတ်လို့ကောရလား။ သော်သော်ကတော့ ကျွန်မကို မြင်တိုင်း “အပုလေး” ဆိုတာမျိုးကနေ “အရပ်ရှည်မှ ဘာ ဝတ်ဝတ်လှတာ” ဆိုတာမျိုးတွေနဲ့ပြောရင်း ကြာတော့ အကျင့်လိုဖြစ်လာတယ်။ သူ့အတွက် ကျွန်မက အားနာ စရာလူမဟုတ်တော့ဘူး။ ပြောချင်တာပြောလို့ရတဲ့သူဖြစ်လာတယ်။ ကျွန်မလေ အလုပ်လုပ်ရတာ မပျော်တော့ ဘူး။ အလုပ်မှာလည်း မပျော်တော့ဘူး။ မှန်ကြည့်ရတာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘူး။ ကျွန်မ ကိုယ်ကျွန်မမုန်းလာတယ်။ အပြစ်တစ်ခုခုရှိနေသလို သိမ်ငယ်လာတယ်။  ကျွန်မကို “ချစ်စရာလေးပါ” လို့ ပြော တတ်တဲ့ ချစ်တဲ့သူတွေရဲ့စကားကိုတောင် နာကျင်တတ်လာတယ်။ သူတို့က ကျွန်မကို ချစ်လို့၊ သနားလို့ အမှန် အတိုင်းမပြောဘဲ ဖေးဖေးမမ ပြောကြတာပဲလို့ တွေးမိတယ်။

ပြီးတော့ သော်သော့်ကိုလည်း ကြောက်လာတယ်။ သော်သော့်ရဲ့လှောင်ပြောင်တဲ့ မျက်လုံးတွေရှေ့မှာ ကျွန်မမနေချင်ဘူး။ သော်သော့်အကြည့်အောက်မှာ ကျွန်မ အားငယ်တယ်။ သိမ်ငယ်တယ်။ မဖြေရှင်းဘဲနေရင် လည်း ကြာရင် ကျွန်မ စိတ်ကျရောဂါပါဖြစ်လာမလားတွေးမိတယ်။ စိတ်မပျော်ရင် အလုပ်လည်း ထိခိုက်နိုင် တယ်လေ။

ဒါနဲ့ တစ်ရက်ကျတော့ ကျွန်မပြောလိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ပြီးပြည့်စုံတဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူး သော်သော်။ တို့မှာလည်း အားသာချက်ရှိမယ်။ အားနည်း ချက်ရှိမယ်။ သော်သော့်မှာလည်း အားသာချက်ရှိမယ်။ အားနည်းချက်ရှိမယ်။ ဒါပေမဲ့ တို့ကတော့ သူတစ်ပါး အားနည်းချက်ကို ထိပါးဖို့ ဘယ်တုန်းကမှ စိတ်မကူးဖူးပါဘူး။ နောက်လည်း ဘယ်တော့မှ ထိပါးမိမှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သော်သော်နေ့တိုင်း တို့ကို body shaming လုပ်တာခံနေရတာ နဲ့တင် အဲ့ဒီခံစားချက်က နာကျင်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှ မတော်တဆဘဲဖြစ်ဖြစ်၊ တမင်သက်သက် ပဲဖြစ်ဖြစ် body shaming မလုပ်မိအောင် သတိထားမယ်လို့ ဆုံးဖြတ်ထားလို့ပါ” လို့ ပြောလိုက်တယ်။ သော် သော် မျက်နှာပျက်သွားတယ်။ ကျွန်မကိုလည်း စိတ်ဆိုးသွားတယ်။ ဘာမှလည်း မပြောတော့ဘူး။ အခင်အမင် လည်း ပျက်သွားတယ်။ ဒါပေမဲ့ ကျွန်မတော့စိတ်ချမ်းသာသွားပါတယ်။ ကိုယ့်ကို body shaming အမြဲလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် နာကျင်သိမ်ငယ်နေရတာနဲ့စာရင် တစ်ယောက်တည်း နေရတာက ပိုကောင်းတယ်လို့ ခံစားမိတယ်။

အဲ့ဒီလိုတွေးတာ ကျွန်မမှားသွားလား။

ပြီးတော့ သင်ကော body shaming လုပ်ခံရဖူးလား။ အဲ့ဒီတုန်းက ဘယ်လိုဖြေရှင်းဖြစ်ခဲ့လဲ။