နုနယ်သေးတဲ့ ကျွန်မအတွက် သတိပေးစာတစ်စောင်

blank

မိန်းကလေးရေ….။

ဘဝမှာ မင်းအတွက် ခက်ခဲလွန်းတဲ့အရာတွေကို အတင်းရယူဖို့ ကြိုးစားမနေပါနဲ့။ မင်းကို သဘောကျအောင် လူတွေအကြိုက်လိုက်လုပ်မနေပါနဲ့။ မင်းစိတ်ထဲကမပါဘဲ အများလုပ်လို့ လိုက်လုပ်မနေပါနဲ့။ မင်းအတွက် ဘာမှအဓိပ္ပာယ်ရှိတဲ့လူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားမနေပါနဲ့။

ရုပ်အဆင်းလှပဖို့သက်သက် အချိန်ကုန်ခံမနေပါနဲ့။ မင်းကို အလိုမရှိတဲ့ လူတစ်စုကြောင့် မျက်ရည်တွေ အဆုံးရှုံးခံငိုမနေပါနဲ့။ လူတိုင်းကို စိတ်ကျေနပ်စေဖို့ ကြိုးစားမနေပါနဲ့။ မင်းလက်ခံထားတဲ့ အမှန်တရားကို လစ်လျူရှုမပစ်လိုက်ပါနဲ့။ မင်းရဲ့ထူးခြားမှုနဲ့ စရိုက်လက္ခဏာလေးတွေကို လက်မခံဘဲ မနေပါနဲ့။ ကိစ္စတစ်ခုကို ဘာမှအတိကျမသိရသေးဘဲ အလွန်အမင်းကြောက်ရွံ့မနေပါနဲ့။

မိတ်ဆွေကောင်းရလာဖို့ မင်းပတ်ဝန်းကျင်က လူတစ်ယောက်ကို စောင့်မနေပါနဲ့။ မင်းပတ်ဝန်းကျင်လေးထဲမှာပဲ  ပုန်းအောင်းမနေပါနဲ့။ ခံစားချက်တွေကို ပိတ်လှောင်မထားပါနဲ့။

အားကိုးရမယ့်သူတွေကို ရှာမနေပါနဲ့။ သူတစ်ပါးနဲ့ ကိုယ့်ကို နှိုင်းယှဉ်မနေပါနဲ့။ သူတစ်ပါးကို လိုက်တုမနေပါနဲ့။ သူတစ်ပါးလုပ်ဆောင်တဲ့အတိုင်း လိုက်လုပ်ရမယ်ဆိုတဲ့အစွဲကြီးကို လက်ကိုင်မထားပါနဲ့။

မင်းချစ်သူကောင်လေးက မင်းပြဿနာအားလုံးကို ဖြေရှင်းပေးလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဖြစ်နေတဲ့ပြဿနာတွေကို ငြိမ်းအေးသွားစေဖို့ မျှော်လင့်ပြီး ကလေးမယူပါနဲ့။ မင်းတကယ်မလုပ်နိုင်ဘဲ အခြားသူတွေကို မျှော်လင့်ချက်တွေ မပေးပါနဲ့။

  • မင်းဘဝကို အကောင်းဆုံးရှင်သန်ပါ။
  • ပျော်ပျော်နေပါ။
  • အမှန်တရားကို ရှာဖွေပါ။
  • မင်းချစ်ခင်ရသူတွေ ဘေးမှာနေပါ။
  • မင်းကို လိုလိုလားလားဖြစ်နေတဲ့ မိတ်ဆွေတွေကိုပဲ ရွေးချယ်ပေါင်းသင်းပါ။
  • အလုပ်ကြိုးစားပါ။
  • မင်းရဲ့ အားသာချက်ကို သိထားပါ။

အခြားသူတွေကိုလည်း သူတို့ရဲ့အားသာချက်တွေ ရှာဖွေဖို့ ကူညီပေးပါ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် အတူတူလက်တွဲထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မင်းရဲ့ပျော်ရွှင်မှုကို ဘယ်လိုဖန်တီးရမလဲဆိုတာ နားလည်ပါ။ မင်းရဲ့ထင်မြင်ချက်ကလည်း ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြီးပြည့်စုံမှုဆိုတာ ဘယ်တော့မှမရှိဘူးဆိုတာ နားလည်ပါ။ မင်းလုပ်နိုင်တာတွေရှိရင်တောင် မင်းပတ်ဝန်းကျင်အတွက် အရာအားလုံးကို လိုက်လုပ်ဆောင်မပေးနိုင်ပါဘူး။ မင်းဟာ ကျေးဇူးတရားနဲ့ ထိုက်တန်တယ်ဆိုတာ သိထားပါ။ အခြားသူတွေလည်း မင်းဆီက ကျေးဇူးတရားနဲ့ ထိုက်တန်ပါတယ်။ ကြင်နာမှုနဲ့ ကောင်းမြတ်တဲ့ကိစ္စတွေကို နားလည်ပါ။ အချစ်ဆိုတာ အရာအားလုံးမတိုင်ခင်ကတည်းက ဖြစ်ပေါ်လာပြီးသားပါ။

ဘာတွေပဲဖြစ်ဖြစ် မင်းက ဘယ်လိုလူလဲဆိုတာ နားလည်ပါ။ မင်းက သန်မာတဲ့သူတစ်ယောက်ဆိုတာ နားလည်ပါ။ မင်းဟာ မင်းဘဏ်အကောင့်ထဲက ကိန်းဂဏန်းတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာ နားလည်ပါ။ မင်းဟာ ထူးချွန်သူတစ်ယောက်ဖြစ်တယ်ဆိုတာ နားလည်ပါ။ မင်းမှာလည်း သြဇာအာဏာရှိသေးတယ်ဆိုတာ နားလည်ပါ။ မင်းအတွက် မင်းကိုယ်တိုင်က အင်အားတစ်ခုဆိုတာ နားလည်ပါ။ မင်းက ဘာမဆိုလုပ်နိုင်တယ်ဆိုတာ နားလည်ပါ။ မင်းက တန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာ နားလည်ပါ။ မင်းက ဘယ်တော့မှအထီးကျန်သူတစ်ယောက် မဟုတ်ဘူးဆိုတာ နားလည်ပါ။ မင်းဘဝရဲ့ နေ့ရက်တိုင်းမှာ ကတိသစ္စာနဲ့ ရှင်သန်ပါ။

စာချစ်သူတို့ကော သင့်ကိုယ်သင် ဘယ်လိုဆုံးမလဲ။