တစ်သက်တာလုံးမှာ မခွဲမခွာ ချစ်နေပေးမယ့် ချစ်သူ

blank

           သူဟာ ကျွန်မဘေးမှာ ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ အခုထိလည်း ကျွန်မဘေးနားမှာ ရှိနေပေးနေသလို နောက်ဆုံးထွက်သက်အထိ ကျွန်မဘေးနားမှာ ရှိနေပေးမယ်လို့ ကျွန်မယုံကြည်တယ်။ သူက ကျွန်မကိုအမြဲနားလည်ပေးတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်မဘေးကနေ အမြဲရပ်တည်ပေးတယ်။ ကျွန်မရဲ့ ဆုံးဖြတ်ချက်တိုင်း၊ ခံစားချက်တွေတိုင်းကို အလေးထားပေးတယ်။ ကျွန်မဝမ်းနည်းတဲ့အခါ ငိုကြွေးတတ်ပြီး၊ ကျွန်မပျော်တဲ့အခါ သူက ဝမ်းမြောက်ပေးနေတတ်တယ်။ ဟုတ်တယ်.. သူဟာ ကျွန်မရဲ့ တစ်သက်တာလုံးမှာ ဘေးနားမှာ မခွဲမခွာရှိနေပေးမယ့်သူပေါ့။

သူက ကျွန်မနဲ့ ဘယ်အချိန်ကတည်းက အတူတူရှိနေခဲ့လဲ ဆိုတာ ကျွန်မမမှတ်မိဘူး။ ဒါပေမဲ့ ကျွန်မသိတတ်စအရွယ်က သူက ကျွန်မလက်ကိုအမြဲတမ်းဆုပ်ကိုင်ထားခဲ့တယ်။ လူတွေရဲ့ လက်ညှိုးတွေက မေးခွန်းတွေထုတ်နေတဲ့အချိန်မှာ သူကတိတ်တိတ်လေးအဖြေထုတ်ပေးခဲ့တယ်။ အခြားလူတွေမသိတဲ့ ကျွန်မရဲ့အားနည်းချက်တွေကို အမှန်အတိုင်းလက်ခံပေးပြီး ဆန္ဒတွေတိုင်းကို ဖြည့်ဆည်းပေးတယ်။ သူဟာ ကျွန်မကို တစ်ကမ္ဘာလုံးမှာ အမြတ်နိုးဆုံးလူပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူက ကျွန်မကို ကတိတွေမပေးခဲ့ဘူး။ သစ္စာတွေ မဆိုခဲ့ဘူး။ ဒါပေမဲ့လေ ဘယ်လိုမုန်တိုင်းမျိုးကြောင့်မှ သူကျွန်မကိုစွန့်ခွာမသွားခဲ့ဘူး။ အိပ်ပျက်ညတွေ၊ အနာတရတွေ ဘယ်လောက်ကြုံကြုံရ ကျွန်မနဲ့ တစ်သားတည်းရှိနေပေးခဲ့တယ်။ သူဟာကျွန်မနှလုံးသားနဲ့ အနီးကပ်ဆုံးသူပေါ့။

တကယ်တော့ ကျွန်မနဲ့တစ်သက်တာလုံးမှာ အခွဲမခွာရှိနေပေးမယ့်သူဟာ ကျွန်မပဲပေါ့။ အပြောင်းအလဲတွေ များလှတဲ့လောကမှာ ကျွန်မနဲ့အမြဲတမ်းရှိနေပေးမယ့်သူ၊ ကျွန်မနဲ့မွေးဖွားချိန်ကစပြီး သေဆုံးမယ့်အချိန်အထိရှိနေပေးမယ့်သူဟာ ကျွန်မကိုယ်တိုင်ကလွဲရင် ဘယ်သူများရှိနိုင်မလဲ။ ဒါ့ကြောင့် ကျွန်မလေ… ကျွန်မနဲ့မခွဲမခွာရှိနေပေးမယ့် ကျွန်မကိုယ်ကျွန်မ အမြဲတမ်းဂရုစိုက်မယ်။ အမြဲတမ်းညှာညှာတာတာ ဆက်ဆံမယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်။ ငိုချင်တဲ့အခါ အားရအောင်ငိုပြီးရင် ဘဝကိုရှေ့ဆက်မယ်။

စာတစ်ခုမှာဖတ်ဖူးတယ် “ ကိုယ့်ကိုယ်ကိုယ်မှ စိတ်ချမ်းသာအောင် မထားနိုင်ရင် လူညံ့ပဲ” တဲ့။ နေ့ရက်တိုင်းမှာ ကျွန်မစိတ်ချမ်းသာအောင်ထားမယ်။ ကျွန်မတန်ဖိုးထားတဲ့အရာတွေကို ဘာနဲ့မှမလဲလှယ်တော့ဘူး။ ပတ်ဝန်းကျင်က သူတွေကို အကျိုးပြုနိုင်ဖို့ ကျွန်မရဲ့ အရည်အချင်းတွေကို ဖြည့်တင်းမယ်။ ပြန်တွေးလိုက်တိုင်းမှာ ရင်ခုန်ကြည်နူးမှုတွေဖြစ်စေဖို့ ကျွန်မဘဝအတွက် အမှတ်တရတွေကို ဖန်တီးမယ်လေ။

ကျွန်မကိုယ်ကျွန်မချစ်မြတ်နိုးတဲ့အတွက် အခြားလူတွေကို ဘယ်လိုမျိုးချစ်ခြင်းတွေ ပေးရမလဲဆိုတာကို နားလည်တယ်။ ဒါ့ကြောင့် ကျွန်မနဲ့တစ်သက်တာလုံးရှိနေမယ့် ကျွန်မကိုယ်ကျွန်မ အကောင်းဆုံးချစ်မယ်။ ဒါမှသာ ကျွန်မဘေးနားရောက်လာမယ့်သူတွေကို အကောင်းဆုံးချစ်ခြင်းတွေ ပေးနိုင်မှာလေ။