မုဒိမ်းကျင့်ခံရဆဲဆဲ အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ရှစ်နှစ်အရွယ်ကောင်မလေး

blank

          ကျွန်မက သီရီပါ။ ကျွန်မအခု အသက် ၂၃ နှစ်ရှိပါပြီ။ အဲ့ဒီအဖြစ်အပျက်ကို ကြုံခဲ့တာက ကျွန်မအသက် (၈) နှစ်အရွယ်မှာပေါ့။ အဲ့ဒီ လူယုတ်မာက ကျွန်မတို့အိမ်အပေါ်မှာ အငှားနေတယ်။ အိမ်ရှင်အိမ်ငှားဆိုပေမယ့် ကျွန်မအမေနဲ့အဖေက သူ့ကိုမိသားစုဝင်လိုပဲ သဘောထားခဲ့တယ်။ သူ့ကိုလေးလေးလို့ခေါ်ဖို့ ဖေဖေနဲ့မေမေက သင်ပေးခဲ့တယ်။

တစ်နေ့မှာတော့ သတင်းစာရောက်လာလို့ လေးလေးအခန်းကို သွားပေးဖို့ ခိုင်းတယ်။ လေးလေးအခန်းထဲကို ကျွန်မဝင်သွားတော့ သူကတံခါးကိုပိတ်ပစ်၊ ကျွန်မကို ဆွဲပြီး ကုတင်ပေါ်ကို တွန်းလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ မျက်နှာကို တရကြမ်းနမ်းတော့တယ်။ လေးလေးနမ်းတာက မေမေနဲ့ဖေဖေနဲ့ နမ်းတာနဲ့ ဘာလို့ မတူတာလဲ။  “လေးလေး.. ဘာလုပ်တာလဲ”  လို့ ကျွန်မအော်မိသွားတော့ သူက “ရှူးတိုးတိုး… လေးလေးက သမီးကိုပျော်စရာကောင်းတဲ့ ဂိမ်းတစ်ခု ကစားပေးမလို့” ပြောတယ်။ “ ကျွန်မမကစားချင်ပါဘူး” လို့ပြောတော့ သူက “ခဏလေးပါ။ သမီးပျော်သွားမှာပါ” လို့ပြောပြန်တယ်။ “ဟင့်အင်း.. ကျွန်မမပျော်ပါဘူး” လို့ စိတ်ထဲကနေ အကြိမ်ကြိမ်အော်နေမိတယ်။

ကံကောင်းစွာနဲ့ပဲ ကျွန်မဆော့တဲ့နောက်ကို တကောက်ကောက်လိုက်နေကျ မောင်လေးက အပြင်ကနေ တံခါးခေါက်တယ်။ မောင်လေးက ကျွန်မသူ့ကိုပုန်းနေတယ်ထင်လို့ ကျွန်မကိုရှာနေခဲ့တာတဲ့လေ။ အဲ့ဒီအချိန်မှာ လေးလေးက မောင်လေးကို တံခါးဖွင့်ပေးပြီး “ သွားတော့… မကစားတော့ဘူး” လို့ ကျွန်မကို နှင်ထုတ်ခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မလေ.. အဲ့ဒီအဖြစ်အပျက်ကို ဝေခွဲမရခဲ့ဘူး။ ဘာတွေဖြစ်ခဲ့တာလဲ။ ကျွန်မဘာလုပ်ခံခဲ့ရလဲ ဆိုတာကိုလည်း သဘောမပေါက်ခဲ့ဘူး။ ကျွန်မစိတ်ထဲမှာ မသက်မသာဖြစ်မိတာတော့ အသေအချာပဲ။ ကျွန်မမေမေ့ကိုပြောပြရမလား။ အဲ့ဒါဆိုရင်မေမေက သတင်းစာပို့ပြီးတန်းမလာဘဲ ဆော့နေတာကို အပြစ်တင်မလား။ လေးလေးပြောတဲ့ကစားနည်းအကြောင်း မေမေ့ကိုမေးလိုက်ရမလား။

အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးသွားတဲ့နောက်မှာ ကျွန်မလေးလေးကိုရှောင်နေခဲ့တယ်။ သူ့အနားမကပ်တော့သလို၊ သူမုန့်ဝယ်လာရင်လည်း သွားမစားတော့ဘူး။ သူ့ကိုတွေ့ရင်ကြောက်သလို၊ ရွံ့သလိုဖြစ်နေမိတယ်။ အဲ့ဒီအကြောင်းအရာကို မေ့တေ့တေ့ဖြစ်သွားပေမယ့် ကျွန်မလေးလေးကို မျက်နှာချင်းဆိုင်ဖို့ ဝန်လေးနေတုန်းပဲ။

တစ်ညမှာ ကျွန်မတို့အိမ်မှာ ဧည့်သည်တွေရောက်နေခဲ့တယ်။ မေမေနဲ့ဖေဖေက ဧည့်သည်တွေနဲ့ စကားပြောနေတုန်း မောင်လေးနဲ့ကျွန်မအိမ်စာရေးနေခဲ့တယ်။ အိမ်စာရေးနေရင်းနဲ့ ကျွန်မရဲ့ ဗလာစာအုပ်ကုန်သွားတယ်။ ဆက်ရေးရမယ့် အိမ်စာတွေကို ဘယ်လိုလုပ်ရမလဲ မေမေ့ကိုမေးနေတုန်း လေးလေးကကြားသွားပြီး သူ့ဆီမှာစာအုပ်ရှိတယ်လို့ပြောတယ်။ မေမေက လေးလေးဆီက ခဏသွားယူလို့ ပြောတယ်။ ကျွန်မလေ အိမ်စာလည်း ဆက်မရေးချင်တော့ဘူး။ စာအုပ်လည်းသွားမယူချင်တော့ဘူး။ လေးလေးအခန်းထဲသွားရမှာ ဝန်လေးနေခဲ့တယ်။ ကျွန်မက “မယူတော့ဘူး” လို့ ငြင်းတော့ မေမေက “မေမေအလုပ်ရှုပ်နေတယ်။ အိမ်စာမပြီးရင် ဆရာမရိုက်လိမ့်မယ်။ သွားယူသမီး။ လိမ်မာတယ်နော်” လို့ပြောတော့ ကျွန်မလေးလေးပင်ပင်နဲ့ အပေါ်ကိုတက်ခဲ့တယ်။ မောင်လေးကို အဖော်ခေါ်တော့လည်း အပျင်းထူတဲ့မောင်လေးက မလိုက်တော့ဘူးလို့ ငြင်းပြန်တယ်။

ကျွန်မလေ လေးလေးအခန်းထဲကနေ စာအုပ်ယူပြီး လှည့်ထွက်မလို့ရှိသေးတယ်။ သူက ဟိုတစ်ခေါက်ကလိုပဲ ကျွန်မကိုကုတင်ပေါ်မှာ တွန်းလှဲပြန်တယ်။ ကျွန်မရဲ့ အင်္ကျီတွေ၊ စကပ်တွေ ကို ချွတ်ဖို့ ကြိုးစားတယ်။ သူ့ရဲ့လက်ကြမ်းကြီးတွေက ကျွန်မတစ်ကိုယ်လုံး ဟိုရောက်လိုက်၊ ဒီရောက်လိုက်ဖြစ်နေတဲ့အချိန်မှာ ကျွန်မဘယ်က သတ္တိတွေရောက်လာမှန်းမသိ သူ့ရဲ့ ပါးကိုတစ်ချက်ရိုက်လိုက်တယ်။ အဲ့ဒီအချိန်မှာ သူကမှင်သက်သွားပြီး ကြောင်သွားတယ်။ အဲ့ဒီနောက်မှာ ကျွန်မသူ့ကိုခြေထောက်တွေနဲ့ကန်ကျောက်ပြီးတော့ ဖေဖေနဲ့မေမေ့ဆီပြေးလာခဲ့တယ်။ ပြီးတော့ ကျွန်မမေမေ့ကိုဖက်ပြီး အားရပါးရငိုမိတယ်။

မေမေက ကျွန်မရဲ့ အဝတ်အစားတွေ၊ ဆံပင်တွေကို ကြည့်ပြီး အခြေနေအရပ်ရပ်ကို သဘောပေါက်သွားတယ်။ ဖေဖေကတော့ အဲ့ဒီလူရဲ့ နာမည်ကိုဒေါသတကြီးနဲ့ အော်ပြီး အိမ်ပေါ်တက်သွားတယ်။ အဲ့ဒီလူကို မေမေကရဲလက်အပ်လိုက်မယ်လို့ ပြောလိုက်တာကိုလည်း ကြားလိုက်ရတယ်။

အဲ့ဒီအဖြစ်အပျက်ဟာ ကြာခဲ့ပေမယ့် အခုထိတစ်ခါတလေမှာ ကျွန်မကိုခြောက်လှန့်ဆဲပါပဲ။ ဒါ့ကြောင့်ကလေးတိုင်းကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှုဆိုတာ ဘာလဲ။ ကြုံလာခဲ့ရင် ဘယ်လိုလေးကာကွယ်ရမလဲ။ မိဘတွေကို ဖွင့်ပြောအကူအညီတောင်းဖို့ နားလည်မှုတွေကို ဘယ်လောက်တည်ဆောက်ထားမလဲဆိုတာ အလွန်အရေးကြီးပါတယ်။

သင်ကော.. သင့်ကလေးကို ဘာတွေသင်ထားပြီးပြီလဲ။