သူတစ်ပါးကြောင့် စိတ်ထိခိုက်ခံစားရတာမျိုးမဖြစ်ရလေအောင်

blank

တစ်စုံတစ်ယောက်ကပေးတဲ့ စိတ်ဒဏ်ရာတွေကို အနာဂတ်အထိသယ်ဆောင်နေတယ်ဆိုတာ တန်ဖိုးမရှိတဲ့ အမှိုက်တွေကိုအလေးခံသယ်နေတာနဲ့တူပါတယ်။ ဒါ့ကြောင့် တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်ဝမ်းနည်းရတဲ့အခါ မှန်ကန်စွာတုံ့ပြန်နိုင်ဖို့ မိမိဖက်ကပြင်ဆင်ထားဖို့လိုပါတယ်။ ဒါ့ကြောင့်မိမိကိုစိတ်ထိခိုက်နာကျင်စေသူတွေနဲ့ ကြုံတွေ့ရတဲ့အခါ တုံ့ပြန်နိုင်မယ့်နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ တစ်ဖက်လူက မိမိကိုစိတ်ထိခိုက်အောင် ရည်ရွယ်ပြီးလုပ်တာလား။ နှစ်ယောက်အကြား နားလည်မှုလွဲမှားတာလား။ မိမိကပဲအလွန်အမင်းခံစားနေရတာလဲဆိုတာကို ကွဲကွဲပြားပြားသိအောင်လုပ်ပါ။ ပြဿနာကို စိတ်လိုက်မာန်ပါ တုံ့ပြန်မယ့်အစား သွေးအေးအေးနဲ့ဖြေရှင်းနိုင်ဖို့ ကြိုးစားပါ။

၂။ မိမိကိုထိခိုက်နာကျင်စေတဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး မိမိရဲ့အမြင်တွေကို ဝေမျှတဲ့ပုံစံမျိုးနဲ့ပြောပါ။ အလားတူဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်ရအောင် သတိပေးပါ။

၃။ တေးမှတ်ထားတတ်တဲ့အကျင့်ဟာ နှစ်ဖက်စလုံးအတွက် ဆိုးဝါးတဲ့အခြေအနေတွေကိုဖန်တီးနိုင်ပါတယ်။ ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာထက် မိမိကိုထိခိုက်စေတဲ့အကြောင်းအရာကိုသာ ရှေးရှုပါ။

၎။ အခြေအနေတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် မိမိပြုလုပ်မိခဲ့တဲ့အမှားတွေကို တောင်းပန်ပါ။ တစ်ဖက်လူကမှားတယ်ဆိုရင်လည်း ခွင့်လွတ်လိုက်ပါ။ ခွင့်လွတ်ခြင်းဟာ မိမိစိတ်ကိုအရင်ဆုံးသက်သာရရစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ တစ်ခါတရံမှာ သွေးအေးသွားတဲ့အခါ အမြင်တွေကိုပြောင်းလဲပေးနိုင်တာကြောင့်  ချက်ခြင်းမတုံ့ပြန်ဘဲ သွေးအေးအေးနဲ့ အကောင်းဆုံးဖြေရှင်းနည်းကို စဉ်းစားပါ။

၆။ ပြေရာပြေကြောင်းစဉ်းစားတတ်တဲ့စိတ်ထားဟာ စိတ်ထိခိုက်နာကျင်မှုတွေကို လျော့ပါးစေတတ်တဲ့ အကောင်းဆုံးဆေးတစ်လက်ပါ။ တစ်ဖက်ကဘယ်လောက်ပဲ ကြမ်းတမ်းရိုင်းပြစွာဆက်ဆံပါစေ သင့်အနေနဲ့ ရိုင်းပြစွာမတုံ့ပြန်ပါနဲ့။ မိမိရဲ့အမြင်တွေကို ရှင်းလင်းစွာသိမ်မွေ့စွာပြောပြပါ။

၇။ မိမိကိုနာကျင်စေတဲ့အကြောင်းအရာကိုပဲ ရှေးရှုပါ။ ပုဂ္ဂိုလ်ကိုအလေးမထားပါနဲ့။ မိမိဘက်က ဘာမှမမှားဘဲ သူတစ်ပါးဒေါသအလျောက်ပြောတဲ့စကားတွေကြောင့် စိတ်ဆင်းရဲခံမနေပါနဲ့။

၈။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ မိမိလက်ခံနိုင်တဲ့အတိုင်းအတာကို အစကတည်းသတ်မှတ်ထားပါ။

၉။ သူတစ်ပါးရဲ့လုပ်ရပ်တွေကြောင့် မိမိရဲ့ပျော်ရွှင်မှုတွေအားလုံးပျောက်ဆုံးသွားတာမျိုးမဖြစ်ပါစေနဲ့။ သင့်ရဲ့ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ သင့်ကိုစိတ်ထိခိုက်ကြေကွဲစေတဲ့အရာတွေကို လွှတ်ချပစ်လိုက်ပြီး အနာဂတ်ကိုပျော်ရွှင်စွာတက်လှမ်းပါ။

ပရိသတ်ကြီးရေ…

တစ်ပါးသူက ကျွန်မတို့ကိုဘယ်လိုပြုမူမလဲဆိုတာ ကျွန်မတို့မတတ်နိုင်တဲ့ ကိစ္စပေမယ့် ကျွန်မတို့ဘယ်လိုခံစားလဲဆိုတာကတော့ ကျွန်မတို့လက်ထဲမှာပဲရှိပါတယ်။ ဒါ့ကြောင့်သင့်ကိုစိတ်ထိခိုက်ခံစားစေတဲ့အရာတွေကို ထွက်ခွာခွင့်ပေးလိုက်ပါနော်။ ခွင့်လွတ်ခြင်းဆိုတာ သူတစ်ပါးအတွက်မထိုက်တန်ခဲ့ရင်တောင် သင့်နှလုံးသားလေးရဲ့ လွတ်လပ်မှုအတွက်တော့ ထိုက်တန်ပါတယ်။