သင့်ပြဿနာတွေက သင်ဖြေရှင်းနိုင်တာထက် ကျော်နေပြီထင်ရင် ဒါလေးကို ကြည့်လိုက်ပါ။

          ပြီးခဲ့တဲ့ နွေရာသီတုန်းက အရမ်းပူတဲ့နေ့တစ်နေ့မှာပေါ့ ချွေးတွေ အရမ်းထွက်နေလို့ ကျွန်မလည်း သံပုရာရည်ဖျော်သောက်ဖို့ စဉ်းစားလိုက်မိတယ်။ ဒါကြောင့် ကျွန်မ သံပုရာရည်ဖျော်ဖို့ ပြင်လိုက်တယ်။

ဖျော်နေတုန်းမှာပဲ သူငယ်ချင်းဆီက ဖုန်းလာလို့ ကိုင်လိုက်တယ်။ ဖုန်းပြောနေရင်းမို့ သံပုရာရည်ဖျော်နေတာကို ကောင်းကောင်း အာရုံမစိုက်မိဘဲ သံပုရာသီး ငါးလုံးလောက်တောင် အရည်ညှစ်ထည့်လိုက်မိတယ်။ ပြီးတော့ အရသာမြည်းဖို့ တစ်ငုံသောက်လိုက်တော့ ဆွေမျိုးမေ့မတတ် ချဉ်နေပြီလေ။

သံပုရာဖျော်ရည်ကို အရသာပြန်ရှိအောင် လုပ်ဖို့ အချဉ်ဓာတ်တွေကို ရေထဲကနေ သပ်သပ်ဖယ်ထုတ်ပစ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ အချဉ်ပြေဖို့ သေချာတဲ့နည်းတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ရေလေးခွက် ထပ်ထည့်ပြီး သကြားထပ်ထည့်ဖို့ပါပဲ။ ဒါဆိုရင် ဖန်ခွက် ၅ ခွက်စာ သံပုရာဖျော်ရည် ရလာပြီး ကျွန်မအပြင် နောက်ထပ် လူလေးယောက်ကို ထပ်တိုက်လို့တောင် ရသွားပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီအချိန်မှာ ကျွန်မ စဉ်းစားမိလိုက်တာက ကျွန်မတို့ဘဝတွေမှာလည်း သံပုရာရည်နဲ့ အလားသဏ္ဍာန်တူတဲ့ ပြဿနာတွေ အများကြီး ရှိနေကြပါတယ်။ ပြီးတော့ ပြန်ပြင်လို့မရတော့တဲ့ ဆုံးဖြတ်ချက်အမှားတွေ၊ ရွေးချယ်မှုအမှားတွေ၊ ရင်းနှီးမြှပ်နှံမှုအမှားတွေ၊ လက်လွယ်စပယ်ပြောလိုက်မိတဲ့ စကားအမှားတွေလည်း လူတိုင်းမှာ ရှိခဲ့ကြတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြေရှင်းနည်းတော့ ရှိပါတယ်။ ကျွန်မတို့လုပ်ခဲ့မိတဲ့ အမှားတွေကို ပြန်ပြင်ဖို့၊ အစားထိုးဖို့ ကြိုးစားနေတာဟာ ရေထဲကနေ သံပုရာအချဉ်ဓာတ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေသလို အချိန်ဖြုန်းနေရုံသက်သက်ပါပဲ။ အဲ့ဒီအစား ကျွန်မတို့ဘဝအတွက် ကောင်းတဲ့အရာတွေကို ထပ်ထည့်ဖို့ ကြိုးစားပါ။ ဒါဆို အရင်က လုပ်ခဲ့မိတဲ့ အမှားတွေက သေးသေးလေးဖြစ်သွားမှာပါ။

ပြဿနာတွေက ကိုယ်မဖြေရှင်းနိုင်တော့ဘဲ အကူအညီမဲ့နေသလို ဖြစ်နေရင် ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ ရိုးရိုးလေးတွေးကြည့်လိုက်ပါ။ ပြီးတော့ အဲ့ဒီထဲကို အကောင်းတွေ ထပ်ထည့်ကြရအောင်။ ဒါဆိုရင် ကျွန်မတို့ရဲ့အမြင်လေးတွေလည်း ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားမှာပါ။

ကဲ…သင်ကော သင့်ပြဿနာတွေက ဖြေရှင်းဖို့ ခက်တယ်လို့ ခုထိထင်နေတုန်းပဲလား။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။