ယောက်ျားလေးမွေးထားလို့ စိတ်ချလက်ချနေလို့ရတယ်လို့ ထင်နေလား။

blank

ကျွန်မမှာ သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။ ကျွန်မရဲ့ အမျိုးသားက ကျွန်မသားလေးငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပေမယ့် ကျွန်မရဲ့ သားသမီးနှစ်ယောက်အတွက် အားတင်းပြီး ကျွန်မရဲ့ဘဝကို ရုန်းကန်ခဲ့တယ်။ သမီးလေးက အခုဆို ၁၂ နှစ် သားလေးက ငါးနှစ်ရှိနေပြီ။ နောက်နှစ်ဆိုသားလေးတောင် ကျောင်းတက်ရတော့မယ်လေ။ သမီးလေးက ဆယ်ကျော်သက်အရွယ်လေးရောက်လာပြီဆိုတော့ ကျွန်မဂရုစိုက်ရတယ်။ မိန်းကလေးဆိုတော့ အန္တရာယ်တွေကျသင့်မှာ၊ လမ်းမှားရောက်သွားမှာ သိပ်ကိုစိုးရိမ်တတ်တယ်။ သမီးလေးကိုမိန်းကလေးပီပီ အနေအထိုင်သိမ်မွေ့အောင် ပြုစုထားသလို၊ ကျောင်းနဲ့ကျူရှင်ကလွဲရင် ကျွန်မမျက်စိကွယ်ရာကို ဘယ်တော့မှမသွားခိုင်းဘူး။ Facebook ထဲမှာ ဟိုသတင်း၊ဒီသတင်းတွေကြားရတော့ သမီးလေးကို အဲ့ဒီလိုအဖြစ်ဆိုးမျိုးတွေ ကြုံရမှာသိပ်ကြောက်တာပဲ။

တစ်ခါတလေမှာဆိုရင် သမီးလေးနှစ်ယောက်များမွေးထားမိရင် “ငါတော့ နှလုံးရောဂါရလောက်တယ်” လို့ ဆိုက်ကိုဆန်ဆန်တွေးမိတယ်။ သမီးလေးက ဘာမှနားမလည်သေးပေမယ့် လမ်းမှားရောက်သွားမှာ၊ ဒုက္ခရောက်သွားမှာကို ကျွန်မသိပ်စိုးရိမ်တာပဲ။ သားလေးတစ်ယောက်ပါလို့ တော်သေးတာပေါ့။ သားလေးက ၅ မပြည့်တပြည့်လေးဆိုတော့ ဆေးလိပ်၊ အရက်၊ ကွမ်းတွေ စားသောက်မှာ မပူရသေးဘူး။ အပေါင်းအသင်းမှားမှာလည်း မကြောက်ရသေးဘူး။ သားလေးအတွက် စိတ်ပူရတဲ့အချိန်မရောက်သေးဘူးလို့ ကျွန်မထင်ခဲ့မိတယ်။
ဒါပေမဲ့ ကျွန်မထင်တာ တက်တက်စင်လွဲနေတယ်ဆိုတာကို ကျွန်မနောက်မှ သိခဲ့ရတယ်….။
ကျွန်မရုံးသွား၊ သမီးလေး ကျောင်းသွားတဲ့အချိန်ဆိုရင် သားလေးကို ကျွန်မတို့အိမ်ဘေးနားက အစ်မကြီးဆီမှာ ထားခဲ့တတ်တယ်။ အိမ်ထောင်ကျခဲ့ဖူးပေမယ့် သားသမီးမထွန်းကားခင်မှာ ခင်ပွန်းဆုံးသွားခဲ့တဲ့ အစ်မဟာ ကလေးသိပ်ချစ်တတ်တယ်လို့ အားလုံးက သိထားကြတယ်လေ။ ရပ်ကွက်ထဲက ကလေးလေးတွေရဲ့ ကစားကွင်းကြီးလို့ တင်စားရလောက်အောင် အစ်မကြီးရဲ့ အိမ်က ကလေးတွေနဲ့ ဝေစည်နေတတ်တယ်။ ရပ်ကွက်ထဲကလူတွေကလည်း ကလေးတွေထိန်းပေးဖို့ လူလည်းရ၊ အစ်မကြီးလည်း အဖော်ရဆိုသလို ကလေးတွေကို လွတ်ထားတတ်တာပေါ့။ အသက်ကြီးပေမယ့် ကလေးတွေအားလုံးကို အန်တီလို့မခေါ်ခိုင်းဘဲ “မမကြီး” လို့ခေါ်တတ်အောင် အစ်မကသင်ထားပေးတယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်နေ့မှာတော့ ကျွန်မသားလေးက ကျွန်မကိုတစ်ခုပြောပြတယ်။ မမကြီးက သူ့ရဲ့ဂျိုးလေးကို ကိုင်တတ်တယ်တဲ့။ ကျွန်မက “သားလေးကိုချစ်လို့စတာနေမှာပါ။ သားသားရဲ့” လို့ ကျွန်မက ပြောလိုက်မိတယ်။ ပြီးတော့ အဲ့ဒီကိစ္စကို ပေါ့ပေါ့တန်တန်ပဲထားလိုက်မိတယ်။ တစ်ရက်မှာတော့ ကျွန်မ ရုံးသွားလို့ မမကြီးဆီအပ်မယ်လုပ်တော့ “မေမေနဲ့ လိုက်ခဲ့မယ်” လို့ အော်ငိုတော့တယ်။ ကျွန်မလည်း “သားမဆိုးနဲ့” လို့ ပြောပြီး ဇွတ်အတင်းထားခဲ့လိုက်တယ်။ နောက်ရက်တွေကျတော့ သားလေးဟာ အရင်လိုလည်း ရွှင်ရွှင်ပျပျမရှိတော့ဘူး။ ထမင်းလည်းကောင်းကောင်းမစားဘူး။ ရုံးပိတ်ရက်မှာ ပန်းခြံလိုက်ပို့ပေးဖို့လည်း မပူဆာတော့ဘူး။ သူ့ကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေသလို၊ ကြောက်နေသလိုနဲ့ အိပ်ရာမှာခွေနေတယ်။

ကျွန်မကသားလေး “နေမကောင်းလို့လား” လို့ပြောတော့ သားလေးက “ကောင်းပါတယ်” လို့ပဲဖြေတယ်။ ကျွန်မက သားလေးဘေးမှာထိုင်ရင်း “ဘာဖြစ်လို့လဲသားရယ် မေမေ့ကိုပြောပြပါဦး” လို့ ပြောလိုက်တော့ သားလေးကအားရပါးရငိုတော့တယ်။ “မေမေက မမကြီးဆီထားခဲ့ရင် မမကြီးက သားကို သားမကြိုက်တာတွေလုပ်တယ်မေမေ။ ဘာတွေလုပ်နေမှန်းတော့ သားမသိဘူး။ ဒါပေမဲ့ သားအရမ်းငိုချင်တယ်။ သားရဲ့ဂျိုးကိုလည်း ဘာတွေလုပ်မှန်းမသိဘူး။ သူ့ကိုလည်း ဟိုကိုင်ခိုင်း၊ ဒီကိုင်ခိုင်းနဲ့ သားသားကမလုပ်ချင်ဘူး။ အဲ့ဒီလို ကစားနည်းကိုသားမကြိုက်ဘူးလို့ပြောရင်လည်း မရဘူး။ မေမေက သူ့ဆီအပ်ထားခဲ့တာတဲ့။ အဲ့ဒီလိုမကစားရင် မေမေဆူမယ်လို့ပြောတယ်” တဲ့။
သားလေးရဲ့ စကားကိုကြားပြီး ကျွန်မခေါင်းမှာ မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။ သားကိုကိုင်ထားတဲ့ကျွန်မလက်တွေ ပျော့ခွေသွားသလို၊ ကျွန်မခြေထောက်တွေ ခွေလဲသွားသလို တစ်ကိုယ်လုံးအားမရှိတော့သလို ပျော့ခွေသွားတော့တယ်။ သမီးလေးကိုပဲ စိတ်ပူခဲ့တဲ့ကျွန်မ၊ သားအပေါ်မှာလည်း ဒီလိုအန္တရာယ်တွေကျရောက်နိုင်တယ်ဆိုတာကို မသိခဲ့ပါလား။ သားလေးရင်ထဲမှာ အနာတရတွေ ဘယ်လောက်ထင်နေပြီလဲ။ ဘယ်လောက်ထိစိတ်ဆင်းရဲနေခဲ့ရလဲ။ သားလေးရင်ထဲက ဒဏ်ရာတွေရဲ့ တရားခံဟာ မမကြီးလား။ စိတ်ချလက်ချထားခဲ့တဲ့ ကျွန်မလား။