ဘဝနေဝင်ချိန်မှာ တကယ်တမ်းအရေးကြီးတာက ဘာလဲ

စာချစ်သူတို့ရေ…..

မိုက်ကယ်ဂျက်ဆင် (Michael Jackson) လို့ ပြောလိုက်ရင် ဂီတလောကမှာ နာမည်ကြီးဘုရင်တစ်ပါးဆိုတာ မသိသူမရှိလောက်အောင်ပါပဲ။ အသက်ရှိစဉ်တုန်းက သူဟာ အသက် ၁၅ဝ အထိ နေဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ဆန္ဒအတိုင်း နေရဖို့ သူ့ကိုယ်သူအမြဲ ဂရုစိုက်ခဲ့တယ်။ ခေါင်းအစခြေအဆုံး နေ့စဉ် ကြည့်ရှုစစ်ဆေးပေးဖို့ သူ့အိမ်မှာ ဆရာဝန် ၁၂ ယောက်ကို ခေါ်ထားတယ်။ အစားအသောက်တွေကို မစားခင် ဓာတ်ခွဲခန်းမှာ အမြဲစမ်းသပ်စစ်ဆေးလေ့ရှိတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ဖို့ ညွှန်ကြားပေးမယ့်သူ ၁၅ ယောက်ကိုလည်း ငှားတယ်။ သူ့အိပ်ရာမှာ အောက်စီဂျင် level ညှိနှိုင်းပေးမယ့် နည်းပညာတွေလည်း တပ်ဆင်ထားတယ်။

ဒါ့အပြင် မိုက်ကယ်ဂျက်ဆင်ဟာ သူ့အတွက်လိုအပ်တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းပေးမယ့် အလှူရှင်တွေကိုလည်း ခေါ်ယူစောင့်ရှောက်ပေးထားတယ်။ အသက် ၁၅ဝ နေရမယ့် သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုပ်စရာရှိတာတွေကို ရှေ့ဆက်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူ့အကြံအစည်က မအောင်မြင်ခဲ့ပါဘူး။

၂ဝဝ၉ ခုနှစ် ဇွန်လ ၂၅ ရက်မှာ မိုက်ကယ်ဂျက်ဆင်ဟာ နှလုံးရပ်ပြီးသေဆုံးသွားခဲ့ပါတယ်။ သူငှားထားတဲ့ ဆရာဝန် ၁၂ ယောက်လည်း သူ့ကို မကယ်နိုင်ခဲ့ပါဘူး။

လော့စ်အိမ်ဂျလိစ် ( Los Angeles ) နဲ့ ကယ်လီဖိုးနီးယား ( California ) ပြည်နယ်တွေက ဆရာဝန်တွေလည်း လာရောက်ကုသပေးခဲ့ပေမဲ့ သူ့ကိုမကယ်နိုင်ခဲ့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ နောက်ဆုံး live show ဟာ ပြသဖူးခဲ့တဲ့ သူ့ live show ထဲမှာ အကြာဆုံးဖြစ်ခဲ့ပါတယ်။ အဲ့ဒီ live ကို လူပေါင်း ၂.၅ သန်းက စောင့်ကြည့်ခဲ့ကြပါတယ်။

မိုက်ကယ်ဂျက်ဆင်သေဆုံးတဲ့နေ့ ၂ဝဝ၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်မှာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Wikipedia၊ twitter၊ AOL’s instant messenger စတဲ့ ဆိုရှယ်မီဒီယာတွေက ရပ်တန့်ထားကြပါတယ်။ လူပေါင်း ၈ သိန်းလောက်ကလည်း Google မှာ မိုက်ကယ်ဂျက်ဆင်ဆိုတဲ့ စကားလုံးကို တစ်ချိန်တည်းမှာ ရှာခဲ့ကြပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သေမင်းကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ သေမင်းက သူ့ကို နိုင်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ဆရာဝန်တွေရဲ့ အကြံပေးချက်တွေနဲ့ ပြည့်ပြည့်စုံစုံရှင်သန်နေတဲ့ လူတစ်ယောက်တောင် အသက် ၁၅ဝ နေမယ်ဆိုတဲ့ အိပ်မက်ဆန္ဒကို မပြည့်ဝခဲ့ပါဘူး။

ရုပ်ဝါဒီလောကကြီးထဲမှာ သာမန်နေထိုင်မယ့်အစား ရုပ်ဝါဒီဘဝကြီးကို ဖက်တွယ်ထားလွန်းရင် သေဆုံးခြင်းဆီ ဆိုက်ရောက်လာရပါတယ်။ ဒါဟာ ဘဝစည်းမျဉ်းတစ်ခုပါပဲ။

ကျွန်မတို့တွေဟာ ဈေးကြီးတဲ့ အဆောင်အယောင်ပစ္စည်းတွေ၊ ခမ်းနားကြီးကျယ်တဲ့ပွဲလမ်းသဘင်တွေအတွက် အလုပ်တွေလုပ်ရင်း ဝင်ငွေရှာကြတယ်။

ဒါ့အပြင် ကိုယ့်မျိုးဆက်အဆက်ဆက် သက်သက်သာသာနေရဖို့ ပစ္စည်းဥစ္စာတွေ ရှာဖွေစုဆောင်းကြတယ်။

တစ်ခါတလေ ကိုယ်လိုအပ်တာတွေ၊ လိုချင်တာတွေ ဘယ်လောက်များလဲဆိုတာ တွေးကြည့်ဖူးပါသလား။

ကိုယ့်အတွက်ကိုယ်၊ ဒါမှမဟုတ် ကိုယ့်မိသားစုအတွက်၊ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ရော အချိန်ပေးဖြစ်ပါသလား။

ဘဝတစ်လျှောက်မှာ ကိုယ်ရှာထားတဲ့ဝင်ငွေနဲ့ ပျော်ရွှင်မှုရခဲ့ပါသလား။

တကယ်တော့ ဘယ်ပစ္စည်းဥစ္စာကိုမှ ကျွန်မတို့ ထာဝရမပိုင်ဆိုင်ကြပါဘူး။ ပစ္စည်းဥစ္စာဆိုတာ ကျွန်မတို့နာမည်ကို ယာယီရေးထိုးထားတဲ့ စာရွက်စာတမ်းတွေပါပဲ။

ချမ်းသာတာက အပြစ်တစ်ခုမဟုတ်ပေမဲ့ ငွေကြေးချမ်းသာဖို့ သက်သက်ပဲလို့ ခံယူရင်တော့ အပြစ်ပါပဲ။

ဒါကြောင့် ဘဝကို ထိန်းချုပ်ပါ။ ဒါမှမဟုတ်ရင် ဘဝက သင့်ကို ထိန်းချုပ်သွားပါလိမ့်မယ်။

ဘဝနောက်ဆုံးချိန်မှာ တကယ်အရေးကြီးတဲ့အရာတွေကတော့ ငွေနဲ့ဝယ်လို့မရတဲ့ ရောင့်ရဲမှု၊ ကျေနပ်မှုနဲ့ ငြိမ်းချမ်းမှုတွေပဲ ဖြစ်ပါတယ်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။