အရှက်ကိုဆယ်ဖို့ တောင်းဆိုတာတွေ လိုက်လျောသင့်လား။

blank

တစ်ဦးတည်းသော သမီးကျွန်မဟာ ယောက်ျားသားဆိုလို့ ဖေဖေနဲ့ပဲ တရင်းတနှီးရှိခဲ့သူပါ။ မေမေကမြန်မာမိဘပီပီ သမီးမိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်းတွေနဲ့ ကျွန်မကိုပျိုးထောင်ခဲ့တယ်။ စကားပြောရင် တိုးတိုးပြော၊ လမ်းလျှောက်ရင်ဖြည်းဖြည်းလျှောက်၊ မြန်မာဆန်ဆန်ဝတ်၊ ညဖက်အပြင်မထွက်နဲ့ ယောက်ျားလေးတွေနဲ့ တရင်းတနှီးမနေနဲ့ဆိုတဲ့ ပုံစံမျိုးပါ။ လူဆိုတာ အရှက်နဲ့လူလုပ်ရတာဆိုတဲ့ မေမေ့ရဲ့ဆုံးမစကားဟာ ငယ်ငယ်ကတည်းက ကျွန်မကြားနေကျစကားလေးပေါ့။ အိမ်တွင်းပုန်းနေတတ်တဲ့ ကျွန်မမှာ အပေါင်းအသင်းလည်း များများစားစားမရှိခဲ့ဘူး။ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာတော့ ကျွန်မသူငယ်ချင်းရဲ့ အစ်ကိုဝမ်းကွဲကိုအောင်နဲ့ ကျွန်မခင်မင်ခဲ့တယ်။

တစ်နေ့မှာတော့ ကျွန်မတို့သူငယ်ချင်းတွေအားလုံး တောင်ကြီးကို ခရီးထွက်ခဲ့ကြတယ်။ မိဘတွေက ကျွန်မကို သိပ်မလွှတ်ချင်ပေမယ့် ယောကျာ်းလေးမပါဘူးဆိုတာကြောင့် လွှတ်ခဲ့ပါတယ်။ (နောက်မှသိရတာက ကျွန်မသူငယ်ချင်းက ကျွန်မလိုက်ခွင့်ရအောင် သူ့ချစ်သူနဲ့ ကိုအောင်ပါတယ်ဆိုတာကို ထိန်ချန်ထားခဲ့တာတဲ့)။

တောင်ကြီးမှာ ကျွန်မတို့အားလုံး လုံးချင်းအိမ်လိုပုံစံအိမ်လေးမှာ ငှားနေခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ပထမဦးဆုံးထွက်တဲ့ ခရီးလည်းဖြစ်၊ အုပ်စုကလည်းတောင့်တော့ ပျော်လိုက်တာ။ တစ်ညလုံးစကားပြော၊ ဂစ်တာတီး သီချင်းဆိုနဲ့ မနက်လင်းခါနီးမှ အိပ်ရာဝင်ခဲ့ကြပါတယ်။ မနက်ကျွန်မအိပ်ရာက ထလာတော့ သူငယ်ချင်းတွေက အနားမှာရှိတဲ့ ဈေးကနေ ဝယ်ခြမ်းစရာတွေကို သွားဝယ်တယ်လို့ ကိုအောင်ကပြောပါတယ်။ ကျွန်မရေချိုးဖို့လုပ်တော့ ကျွန်မနဲ့အတူကျန်ခဲ့တဲ့ သူငယ်ချင်းက ရေချိုးနေပါတယ်။ အောင်က သူတို့အခန်းက ရေချိုးခန်းထဲမှာ ချိုးဖို့ပြောပြီး သူအပြင်ခဏသွားမယ်လို့ပြောပါတယ်။ ကျွန်မလည်း မိန်းကလေးတွေပဲ ကျန်ခဲ့တယ်ဆိုတဲ့ စိတ်ချတဲ့စိတ်နဲ့ အေးအေးဆေးဆေးရေစိမ်ချိုးနေခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီနေ့က တစ်နေကုန်လျှောက်လည်ပြီး ညရောက်တော့ ဖုန်းဖွင့်ပြီး ထုံးစံအတိုင်း facebook ကြည့်မိတယ်။ Messenger မှာ ကိုအောင်ဆီက ဗွီဒီယိုဖိုင်လေးတစ်ခု ပို့ထားတာတွေ့ပါတယ်။ တစ်ယောက်တည်းရှိနေမှ ဖွင့်ကြည့်နော်တဲ့။ ကျွန်မလည်း ဟာသတစ်ခုခုဖြစ်မှာလို့ တွေးရင်း အပြင်ထွက်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မရဲ့ကမ္ဘာတစ်ခုလုံးချာချာလည်သွားပါတော့တယ်။ မနက်တုန်းက ကျွန်မရေချိုးနေတဲ့ပုံ၊ အဝတ်အစားလဲနေတဲ့ ပုံတွေကို ဗွီဒီယိုရိုက်ထားတာပဲ။

ခဏနေတော့ အောင့်ဆီက ဖုန်းဝင်လာတယ်။ အဲ့ဒီဗွီဒီယိုဖိုင်ကို သူဖျက်ပေးမယ်တဲ့။ သူတောင်းဆိုတာလေးတစ်ခုကို လိုက်လျောပေးရုံပဲတဲ့။ မဟုတ်ရင်တော့ လိုင်းပေါ်ရောက်သွားရင် သူတာဝန်မယူဘူးနော်တဲ့။ အခြားတစ်ယောက်ကိုပြောပြရင်လည်း သူကအဲ့ဒါကိုဖြန့်ပစ်မှာတဲ့။ ကျွန်မလေ အောင့်ကိုမုန်းလိုက်တာ။  သူတောင်းဆိုတာကို ကျွန်မလုံးဝမလိုက်လျောပေးနိုင်ဘူးဆိုတာ သေချာသိနေတယ်။ ကျွန်မဘယ်သူ့ကိုဖွင့်ပြောရမလဲ။ ဘယ်လိုအကူအညီတောင်းရမလဲ။ အရှက်ကိုအသက်ထက်တန်ဖိုးထားတဲ့ ကျွန်မရဲ့ မိဘတွေသိသွားရင်ကော။ တစ်သက်လုံးဗိုင်းကောင်းကျောက်ဖိနေခဲ့တဲ့ ကျွန်မရဲ့သိက္ခာတရားတွေ အကုန်ရေစုန်မျောကုန်တော့မယ်။ ကျွန်မရဲ့ပတ်ဝန်းကျင်၊ အလုပ်ကလူတွေက ကျွန်မကိုဘာတွေပြောကြမလဲ။ ကျွန်မဟာ အနေအထိုင်ကလက်တဲ့ မိန်းကလေးမဟုတ်ပါဘူး။ ဒါကိုတောင် ဘာ့ကြောင့်အဲ့ဒီလိုကိစ္စတွေ ကြုံရတာလဲ။

အို… ကျွန်မကိုယ်ကျင့်တရားပျက်ပြားပြီး မကောင်းတာလုပ်တာမှ မဟုတ်တာ။ မိန်းကလေးတစ်ယောက်ကို အဲ့ဒီလိုချောင်းရိုက်တဲ့သူမှာပဲ အပြစ်ရှိတာမဟုတ်လား။ လူတွေက အဲ့ဒါကို နားလည်ပေးကြမလား။ မေမေနဲ့ဖေဖေကော ဘယ်လိုတုံ့ပြန်ကြမလဲ။ သူငယ်ချင်းတွေကော ကျွန်မကို အားပေးကြမလား။

သင်ကော…။