ရှေ့ဆက်ဖို့အတွက် လမ်းလျှောက်သင်နေဆဲပါ

blank

နောက်တစ်ခေါက်ဆိုတာကို လက်ခံနိုင်ဖို့

အတိတ်တွေကို မေ့ပစ်နိုင်ဖို့

ငါကိုယ်တိုင်ခြယ်မှုန်းထားတဲ့ ပန်းချီကားကို ဖြုတ်ချဖို့

ဝါးတားတား အနာဂတ်ကို မျက်နှာချင်းဆိုင်နိုင်ဖို့ … ငါကြိုးစားသင်ယူနေဆဲပါပဲ။

ဖြစ်ပျက်သမျှတွေကို နားလည်နိုင်စွမ်းမရှိရင်တောင်

ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ မသိရရင်တောင်

ပြောင်းလဲပစ်ဖို့ ကြိုးစားရင်း သေကောင်ပေါင်းလဲဖြစ်ဦးတောင်

ကံကြမ္မာဆိုတာကြီးကို လက်ခံနိုင်ဖို့… ငါကြိုးစားသင်ယူနေဆဲပါပဲ။

ကံတရားက သတ်မှတ်ပေးပြီးသားဆိုတဲ့ သူကို

ဘဝတစ်ကွေ့မှာ တွေ့မှာပါဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမလား

မျှော်လင့်ချက်တွေ တစ်ပုံတစ်ပင်နဲ့ စောင့်စားနေရမလား

ဒါမှမဟုတ် ရေမြေအဆုံး လိုက်ရှာရမလား

သေချာတာကတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့… ငါကြိုးစားသင်ယူနေဆဲပါပဲ။

ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေကို ချစ်တတ်ဖို့ သင်ယူရဦးမယ်။

ဒါဟာ ကျရှုံးခြင်းတော့ မဟုတ်တာသေချာတယ်။

ကျရှုံးတာလည်းမဟုတ်ဘူး… ငါ့အပြစ်တွေချည်းပဲလည်း မဟုတ်ဘူး။

တစ်ခါတလေမှာ လှမ်းလိုက်တဲ့ ခြေတစ်လှမ်းဟာ

ခွန်အားရှိခြင်းကို ဆိုလိုတယ်၊

ပညာဉာဏ်ပြည့်ဝခြင်းကို ဆိုလိုတယ်၊

အကောင်းမြင်တတ်ခြင်းကို ဆိုလိုတယ်။

တစ်ခါတစ်လေမှာ ရှေ့ဆက်လျှောက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းပါ။

ရှေ့ဆက်နိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်း…

တံခါးအသစ်တွေဖွင့်ပြီး အသစ်အသစ်တွေကို ကြိုဆိုနိုင်ဖို့

တစ်ခုတည်းသော နည်းလမ်းပါပဲ။

ရှေ့ဆက်လျှောက်ရင်း ပျော်ပျော်နေဖို့ ကြိုးစားနေဆဲပါပဲ။

ဤစာစောင်ကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အလှည့်အပြောင်းတွေကြားထဲမှာ ပျော်ပျော်နေမယ်

ဘဝသင်ခန်းစာတွေကြားမှာ ပျော်ပျော်နေမယ်

အသစ်တစ်ဖန်ပြန်စရင်း ပျော်ပျော်နေမယ်။

ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်ပါ

အတိတ်တွေကို စွန့်လွှတ်ပါ

စောင့်စားရင်း ရပ်တန့်မနေပါနဲ့

ဒါဆိုရင် ဆက်လျှောက်မယ့်ခြေလှမ်းတွေတိုင်းဟာ ကောင်းချီးပေးခြင်းတွေပဲပေါ့။

အခုတော့…

ရှေ့ဆက်မယ့်လမ်းတွေကို နှစ်သက်တတ်ဖို့

ဝေးဝေးလျှောက်မယ့် ခြေလှမ်းတွေကို ချစ်တတ်ဖို့

နှုတ်ဆက်စကားတွေကို အပြုံးမပျက်ပြောထွက်ဖို့

ပြီးတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရှင်သန်ရပ်တည်နိုင်ဖို့

ငါကြိုးစားသင်ယူနေဦးမှာပါပဲ…။

ခံစားချက်လေးတွေ တိုက်ဆိုင်သွားရင် SHARE လိုက်ပါ။