နှစ်သစ်ကူးကစလို့ အရာရာအားလုံးထက် ချစ်သွားဖို့ရှိတဲ့သူ….

blank

ဒီနှစ်သင်္ကြန်ရုံးပိတ်ရက်မှာ အလုပ်တွေ၊ ဖုန်းတွေ၊ အပြင်ထွက်တာတွေ အားလုံးကို ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သုံးသပ်ဖြစ်ခဲ့တယ်။ တစ်နှစ်ပတ်လုံးမှာ အလုပ်လုပ်ထားတဲ့ စိတ်နဲ့ခန္ဓာဟာ အကြာကြီးသုံးထားတဲ့ ဟန်းဆက်တစ်လုံးလိုပဲ ပူလောင်နေခဲ့တယ်တယ်လေ။ အားသွင်းရင်း၊ သုံးရင်းနဲ့ပဲ အေးအေးဆေးဆေးနေခဲ့ရတယ်ဆိုတာလည်း မရှိခဲ့ဘူးလေ။

ဒါ့ကြောင့် ဒီသင်္ကြန်မှာ ဖုန်းတွေကိုပိတ်၊ အလုပ်တွေကို မေ့ပြီး ဘာဆိုဘာမှမလုပ်ဘဲ နေကြည့်ခဲ့တယ်။ ပြင်ပကမ္ဘာနဲ့ ခဏအဆက်ပြတ်ထားတဲ့ ခဏမှာ ကျွန်မနဲ့ ကျွန်မ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။ ကျွန်မနဲ့ စကားတွေပြောဖြစ်တဲ့အခါမှာ တစ်ခါတလေမှာ ဘာကြောင့် အရမ်းပင်ပန်းနွမ်းလျနေခဲ့ရတာလဲ။ နားချိန်၊ အစားစားချိန်တွေရှိပါလျက်၊ ခရီးတွေလည်း ထွက်ခဲ့ပါလျက် ကျွန်မဟာဘာ့ကြောင့် မောပန်းနေခဲ့ရတာပါလဲ။

ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်ရဲ့ အနက်ရှိုင်းဆုံးစိတ်ရဲ့တည်ရာကို မြင်တွေ့သွားတဲ့အခါ အရာရာအားလုံးရဲ့ အဆုံးသတ်မှာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့နဲ့ စိတ်ချမ်းသာအောင် ထားတတ်ဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်မမြင်တွေ့သွားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင် ထားတဲ့သူဟာ ဘေးနားကလူတွေကိုလည်း ပျော်ရွှင်စေတယ်ဆိုတာကို ကျွန်မနားလည်လာခဲ့တယ်။

ဒါ့ကြောင့် ဒီနှစ်ကစပြီး…။

ကျွန်မ မထမ်းဆောင်နိုင်တဲ့ တာဝန်တွေကို ငြင်းဆန်လိုက်တဲ့ ကျွန်မကိုယ်ကျွန်မနားလည်ပေးမယ်။ ခွင့်လွှတ်ပေးမယ်။

ကျွန်မကိုပူလောင်စေတဲ့ အမုန်းတရားတွေ၊ အာဃာတတွေကို အမြန်ဆုံး မေ့ပစ်မယ်။

ကျွန်မမှာရှိတဲ့ ကံကောင်းခြင်းတွေကို ရေတွက်မယ်။

ကျွန်မလုပ်ချင်တဲ့အရာတွေကို လုပ်ဖို့ ပူးပေါင်းပေးတဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ကျေးဇူးတင်မယ်။

တစ်ခါတလေမှာ ဘာမှမလုပ်ဘဲ ကျွန်မရဲ့ စိတ်နဲ့ ဆက်သွယ်မယ်။ သူပြောတာတွေကို နားထောင်ပေးမယ်။

ကျွန်မ မတတ်နိုင်တဲ့ ကိစ္စတွေကို လွှတ်ချပစ်မယ်။ ကျွန်မတတ်နိုင်တဲ့အရာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးမယ်။

ကျွန်မနဲ့ထိုက်တန်တဲ့အရာတွေကို မှန်ကန်စွာ ရယူဖို့ သတ္တိတွေကို မွေးမယ်။ ကျွန်မနဲ့ လွဲဖယ်သွားတဲ့အရာတွေကို ခေါင်းထဲကထုတ်ပစ်မယ်။

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကျွန်မကိုမပြောင်းမလဲချစ်နေပေးတတ်တဲ့ သူတွေကို တန်ဖိုးထားမယ်။ ပိုပြီးတော့ ချစ်မြတ်နိုးမယ်။

ဘဝရဲ့ထွက်သက်အထိ ကျွန်မနဲ့ အတူတူရှိနေပေးမယ့် ကျွန်မကိုယ်ကျွန်မ အကောင်းဆုံးချစ်ခြင်းတွေပေးမယ်။ မထိခိုက်မနာကျင်ရအောင် ဂရုစိုက်ပေးမယ်။ ဒီနှစ်သစ်ကူးကစပြီး နှစ်ဆုံးအထိ တိုးတိုးပြီးချစ်သွားမယ့်သူဟာ ကျွန်မပါပဲလေ။

သင်ကော… နှစ်သစ်မှာ ဘယ်လိုပန်းတိုင်အသစ်တွေ ချမှတ်ဖြစ်လဲ။ မျှဝေပေးပါဦး။