အလွယ်ကြိုက်လာတာက ငွေကြေးမစုမိခြင်းနဲ့ ဆက်စပ်နေလား။ ငွေယိုပေါက်တွေများလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

blank

စာချစ်သူတို့ရေ….။

အခုခေတ်က လူအများစုဟာ အလုပ်တွေ မရပ်မနားလုပ်လာကြပေမယ့် ငွေပိုငွေလျှံရယ်တွေနည်းလာကြတယ်။

ဒါဟာ ကုန်ဈေးနှုန်းတက်လာတာကြောင့်လား။

ငွေကြေးဖောင်းပွလာတာကြောင့်လား။

အရင်ခေတ်တုန်းက အိမ်ထောင်ဦးစီးတစ်ယောက်တည်းက အလုပ်လုပ်ပေမယ့် စားဝတ်နေရေးအတွက် လောက်ငှတဲ့အပြင် ငွေအပိုတောင် စုဆောင်းမိကြပါသေးတယ်။ ကျွန်မတို့ငွေမစုမိခြင်းဟာ ကျွန်မတို့ရဲ့ အလွယ်ကြိုက်လာတဲ့ အကျင့်ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကို တွေးမိကြရဲ့လား။

ကျွန်မတို့ရဲ့ ဘိုးဘွားတွေခေတ်က မနက်စာကို အိမ်မှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတယ်။ ခရီးသွားတဲ့အခါ ထမင်းချိုင့်ထည့်သွားခဲ့ကြတယ်။ တူ၊ ဇွန်း၊ ပန်းကန် စတဲ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း သယ်ခဲ့ကြတယ်။ ပြန်လျှော်ပြီး သုံးလို့ရတဲ့ လက်သုတ်ပဝါတွေသုံးခဲ့ကြတယ်။ အဝတ်အစားကို လိုအပ်သလောက်ပဲ ဝယ်ခဲ့ကြတယ်။ လိုအပ်တာနဲ့ လိုချင်တာကို ကွဲကွဲပြားပြားသိခဲ့ကြတယ်။ ပြီးတော့ ကျွန်မတို့ထက်ပိုပြီး ဝီရိယရှိခဲ့ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်ချက်က အခုခေတ်မှာ လူတိုင်းနီးပါး social media သုံးလာကြတယ်။ သူတစ်ပါးရဲ့  အစားအသောက်စားနေပုံတွေ၊ အဝတ်အစားလှလှလေးတွေနဲ့ရိုက်ထားတဲ့ပုံတွေ၊ ခရီးသွားနေပုံတွေ မြင်ပြီးတော့ အဲ့ဒီနောက်ကိုလိုက်မိတော့တယ်။ ငွေစုမိဖို့ထက် ဟိုတယ်ကောင်းကောင်းမှာ check in ဝင်ပြီး ဓာတ်ပုံလှလှလေးတွေတင်ဖို့ စိတ်ဝင်စားလာကြတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်ကနေ ဝယ်ယူလို့ရတဲ့ အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင် စတာတွေကို လွယ်လွယ်ကူကူ မှာယူသုံးစွဲလာကြတယ်။ ငွေကုန်ရမယ့် အရာတွေက ကျွန်မတို့အိမ်ရှေ့အထိ home-delivery နဲ့ ရောက်လာခဲ့တယ်လေ။ စားသောက်စရာ၊ အပန်းဖြေစရာနေရာတွေ တိုးလာတာကြောင့် အိမ်မှုာနေတာထက် ငွေထွက်မယ့်နေရာတွေကို သွားမိကြတယ်။ စားသောက်စရာတွေ ဝယ်တဲ့အခါ တစ်ခါသုံးဖော့ခွက်တွေနဲ့ လွယ်လွယ်ယူလာကြတယ်။ တစ်ခါသုံးတူတွေ သုံးလာတယ်။ ကျွန်မတို့ရဲ့ ပျင်းရိတတ်တဲ့စိတ်ကြောင့် ငွေတွေကို လွယ်လွယ်ပဲ သုံးလိုက်ကြတော့တယ်။

အခုခေတ်မှာ  ဖုန်းဘေ၊ အင်တာနက်အသုံးပြုခတွေကို သုံးပြီး ခဲရာခဲဆစ်ရှာတဲ့ငွေတွေကို အလွယ်တကူပဲ သုံးလိုက်ပါတော့တယ်။  ဒါ့ကြောင့် အလွယ်ကြိုက်လာတဲ့ အကျင့်ဟာ ငွေမစုမိစေဘူးဆိုတာကို ကျွန်မကတော့ သုံးသပ်မိတယ်။

စာချစ်သူတို့ရော အလွယ်ကြိုက်လာတာတွေက ငွေမစုမိခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာ လက်ခံပါသလား။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။