အွန်လိုင်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားတာမျိုးတွေ ကြုံတွေ့လာခဲ့ရင် ဘာလုပ်မလဲ။

blank

ဂန္ထဝင် စာဖတ်ပရိသတ်ကြီးရေ…

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပြောဆိုဆက်ဆံရေးတွေလွယ်ကူဖို့၊ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သိရှိနိုင်ဖို့အတွက် လူတိုင်းနီးပါး အွန်လိုင်းအသုံးပြုလာကြတယ်။ ဒါပေမဲ့ ….

  • လူတိုင်းက အွန်လိုင်းကို အကျိုးရှိစွာ အသုံးပြုနေကြရဲ့လား။
  • လူတိုင်းက အွန်လိုင်းကို ရိုးဖြောင့်မှန်ကန်စွာ အသုံးပြုနေကြရဲ့လား။
  • အွန်လိုင်းကို သဘောထားမှန်ကန်စွာ၊ သမာသမတ်ကျစွာ အသုံးပြုနေကြရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

စစ်တမ်းတစ်ခုအရ အွန်လိုင်းအသုံးပြုသူ အမျိုးသမီးတွေရဲ့ ၈၁% ဟာ အွန်လိုင်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကြုံတွေ့နေရတယ်လို့ သိခဲ့ရပါတယ်။ မသမာသူတွေက မိမိရဲ့ပုံတွေကို မကောင်းတဲ့ဆိုဒ်တွေမှာ တင်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်တာမျိုးတွေ၊ သမီးရည်းစားချင်း ပြောဆိုထားတဲ့ စကားတွေ၊ ဓာတ်ပုံတွေကို သုံးပြီးငွေညှစ်တာမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

Online Sexual Harassment မှာ…

  • မဖွယ်မရာပုံတွေ အင်တာနက်ကနေ ပို့ပေးတာ၊
  • ကိုယ်လုံးတီးပုံတွေ ပို့ပေးဖို့ တောင်းဆိုခံရတာ၊
  • လိင်အသားပေးစကားလုံးတွေနဲ့ လာရောက်စကားပြောဆိုတာ စတဲ့ online sexual harassment တွေကို ကြုံတွေ့နေရပါတယ်။
  • မိမိရဲ့ ပုံတွေကိုသုံးပြီး မကောင်းတဲ့ ဆိုဒ်တွေ၊ မီဒီယာတွေမှာ ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ပါဝင်ပါတယ်။

အွန်လိုင်းပေါ်မှာ sexual harassment ကြုံရတဲ့အခါ အရှက်ကြီးပြီး တစ်ဖက်သားက တောင်းဆိုတာတွေကို လိုက်လျောပေးမိတတ်ပါတယ်။ အဲ့ဒီလို လိုက်လျောပေးခြင်းဟာ ပြဿနာတွေကို တကယ်ပဲ ဖြေရှင်းစေနိုင်သလား။ ငွေညှစ်လို့ရမှန်းသိရင်၊ သင့်ရဲ့အကြောက်တရားကို အသုံးချပြီး သင့်ကိုထပ်ပြီး နှောင့်ယှက်နေဦးမှာပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်သိထားရမှာက….။

သင်ကဘယ်လိုလူတစ်ယောက်လဲဆိုတာကို သင့်ပတ်ဝန်းကျင်က သိတာကြောင့် ခြိမ်းခြောက်လာသူခိုင်းတဲ့အတိုင်း လိုက်မလုပ်မိဖို့ပါပဲ။ တစ်ယောက်တည်းကျိတ်ပြီး ဖြေရှင်းနေမယ့်အစား သင့်ကိုအမှန်တကယ်နားလည်ပြီး အပြုသဘောနဲ့ အကြံပေးနိုင်မယ့် သူကို ဖွင့်ဟတိုင်ပင်ပါ။ အရေးယူတိုင်ကြားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ သင်မှတ်ထားရမှာ အဲ့ဒီလို ခြိမ်းခြောက်ခံရတာတွေက သင့်အပြစ်လုံးဝမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားနေရတာတွေကို စွန့်လွတ်ပစ်လိုက်ပါ။ အင်တာနက်ပေါ်မှာ မြင်နေရတဲ့ အကြောင်းအရာတွေဟာ သင့်ဘဝလောက်အရေးမကြီးဘူးဆိုတာ မှတ်ထားပါ။ အရှက်သည်းပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့်အရာတွေ မပြုလုပ်မိပါစေနဲ့။ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ဝေမျှပါ။ တိုင်ပင်ပါ။ ဘယ်လိုအခြေအနေမျိုးပါပဲဖြစ်ဖြစ် သင့်ကိုချစ်ခင်နားလည်တဲ့ မိသားစု၊ သူငယ်ချင်းတွေက သင့်ဘေးနားမှာရှိနေမယ်ဆိုတာ မမေ့ပါနဲ့။
Online sexual harassment ကြုံခဲ့ဖူးလား။ ဘယ်လိုဖြေရှင်းခဲ့လဲ မျှဝေပေးပါဦး။