မုဒိမ်းကောင်ဆိုတာ ချိုနဲ့လား။

လူဆိုးတွေ၊ မုဒိမ်းကျင့်သူတွေရဲ့ အသွင်အပြင်ကို ပါးသိုင်းမွှေးထူထူ၊ ညစ်ပတ်နေတဲ့ အဝတ်အစားတွေ၊ ဆံပင်ရှည်ရှည်နဲ့ လူတွေအဖြစ် ကျွန်မတို့ငယ်ငယ်ကတည်းက သင်ကြားခြင်းခံခဲ့ရတယ်။ ရုပ်ကြမ်းတမ်းနေရင်၊ ရုပ်ဆိုးနေရင် လူဆိုးဖြစ်လိမ့်မယ်ဆိုတဲ့ အတွေးတွေကို ပတ်ဝန်းကျင်က ကျွန်မတို့ရဲ့ ခေါင်းထဲကို ရိုက်သွင်းပေးခဲ့ကြတယ်။ သူစိမ်းတွေဟာ ကျွန်မတို့ကို အန္တရာယ်ပေးမယ့်သူတွေအဖြစ် ကျွန်မတို့ကို ခြိမ်းခြောက်ခဲ့ကြတယ်။

တကယ်ကော ရုပ်ဆိုးတဲ့သူတွေ၊ သူစိမ်းတွေကလွဲရင် အခြားလူတွေက ကလေးတွေကို ဒုက္ခမပေးနိုင်ဘူးတဲ့လား။

ကျွန်မတို့ရဲ့ ရှေးရိုးစွဲတဲ့ သင်ကြားမှုတွေဟာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံရဖို့ ကာကွယ်မပေးနိုင်တဲ့အပြင် တစ်ခါတလေမှာ တွန်းပို့သလိုတောင် ဖြစ်တတ်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေကို လေ့လာကြည့်လိုက်တဲ့အခါ အများစုဟာ ဆွေမျိုးမကင်းတဲ့သူတွေ၊ မိသားစုရဲ့ ယုံကြည်လေးစားမှုတွေကို ရထားတဲ့သူတွေက ကျူးလွန်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ကျူးလွန်လိမ့်မယ်လို့ မထင်ထားတဲ့သူတွေကသာ သင့်ကလေးအပေါ်ကို မုဒိမ်းမှုကျူးလွန်တတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ကလေးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုတွေရဲ့ သားကောင်မဖြစ်စေချင်ဘူးဆိုရင် ကျူးလွန်သူကို ပုံပန်းသဏ္ဍန်တွေနဲ့ ပြောပြထားမယ့်အစား၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုဆိုတာ ဘာလဲဆိုတာကို နားလည်နေအောင် သင်ကြားပြသထားပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့အခါမှာ အကူအညီတောင်းခံတတ်ဖို့၊ လွတ်ရာကင်းရာကို ထွက်ပြေးဖို့ သင်ကြားပြသထားပါ။

အရေးအကြီးဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာ သိမ်မွေ့နူးညံ့နေတယ်ဆိုတိုင်း လူကောင်းအဖြစ် ရာနှုန်းပြည့်ယုံကြည်လို့မရသလို၊ အသွင်အပြင် ကြမ်းတမ်းတယ်ဆိုတိုင်းလည်း လူဆိုးလို့ သတ်မှတ်လို့မရဘူးဆိုတာကို နားလည်နေအောင် လုပ်ထားပါ။ သက်ငယ်မုဒိမ်းမှုတွေကို ကာကွယ်ဖို့အတွက် အယူအဆအဟောင်းတွေ၊ ရုပ်ရည်ကိုခြိမ်းခြောက်ပြီး ပျိုးထောင်ထားတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ထားလိုက်ပါ။

သင့်ရဲ့ အမြင်လေးကို ဝေမျှပေးခဲ့ပါဦး။