ယှဉ်ပြိုင်ခြင်းရဲ့ အဓိပ္ပာယ်ဆိုတာ…

ရွာတစ်ရွာမှာ အားကစားစိတ်ဓာတ်ပြင်းထန်ပြီး နိုင်လိုစိတ်လည်း ပြင်းပြတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာတော့ ရွာကလုပ်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ကောင်လေးက ပါဝင်ယှဉ်ပြိုင်ပါတယ်။ ပထမပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တွေကတော့ သူရယ်၊ နောက်ထပ်ကောင်လေးနှစ်ယောက်ရယ်ပေါ့။ ပြိုင်ပွဲစတာနဲ့ ရွာသူရွာသားတွေဟာ လက်တွေဝှေ့ယမ်းပြီးတော့ သူတို့တွေကို အားပေးကြပါတယ်။ ကောင်လေးဟာ နိုင်လိုစိတ်ပြင်းထန်စွာနဲ့  အားသွန်ခွန်စိုက်ကြိုးစားတဲ့အခါမှာ ပထမဆုံးပန်းဝင်သွားပါတယ်။ သူ့ကိုယ်သူလည်း ဂုဏ်ယူနေမိတာပေါ့။

ဒုတိယပြိုင်ပွဲမှာတော့ ကျန်းမာကြံ့ခိုင်ပြီး ဖျတ်လတ်ပုံရတဲ့ လူနှစ်ယောက်ရယ်၊ ကောင်လေးရယ် ယှဉ်ပြိုင်ကြပါတယ်။ ကောင်လေးလည်း ပထမအကြိမ်ထက် ပိုမိုအားထုတ်ကြိုးစားရတာပေါ့။ ဒီတစ်ခါမှာလည်း သူပဲ အနိုင်ရပြန်ပါတယ်။ လူအုပ်ကြီးကလည်း စိတ်အားတက်ကြွစွာနဲ့ သူ့ကိုပဲ ဝိုင်းဝန်းအားပေးကြတာပေါ့။

ပြိုင်ပွဲကို ကြည့်ရှုနေတဲ့ ရွာသူရွာသားတွေထဲမှာ အဘိုးအိုတစ်ယောက်ပါဝင်ပါတယ်။ နှစ်ခါတောင် ဗိုလ်စွဲထားတဲ့ ကောင်လေးဟာ သူ့ကိုယ်သူ အရမ်းဂုဏ်ယူပြီး နောက်ထပ်ဘယ်သူတွေနဲ့ ပြိုင်ရဦးမလဲ လို့စိန်ခေါ်လိုက်ပါတယ်။ ဒါကိုတွေ့လိုက်တဲ့အဘိုးအိုဟာ ရှေ့ထွက်လာပြီးတော့ ပြိုင်ပွဲဝင်အသစ်နှစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခါ ကောင်လေးနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲဝင်တွေကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်နဲ့ မျက်စိမမြင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီအခါမှာ ကောင်လေးလည်း စိတ်ရှုပ်သွားပြီး “ဒါက မတရားဘူးလေ။ ဒါပြိုင်ပွဲမှမဟုတ်တာပဲ” လို့ပြောလိုက်ပါတယ်။ အဘိုးအိုကတော့ “ခု စပြိုင်လို့ရပြီ” လို့ပဲ ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။

ပြိုင်ပွဲစတင်တဲ့အခါမှာ ကောင်လေးဟာ ကျန်တဲ့ပြိုင်ပွဲဝင်နှစ်ယောက်ကို တာထွက်မှာပဲ ထားရစ်နိုင်ခဲ့ပြီး တစ်ဦးတည်းပန်းဝင်သွားခဲ့ပါတယ်။ ကောင်လေးလည်း ဂုဏ်ယူဝမ်းသာနေတာပေါ့။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူ့ကို ဘယ်သူကမှ အားမပေးကြတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေကြပါတော့တယ်။

ဒီအခါမှာ ကောင်လေးက “ဘာလို့လဲ။ ဘာလို့ဘယ်သူမှ အားမပေးကြတာလဲ” လို့ အဘိုးအိုကို မေးလိုက်ပါတယ်။

အဘိုးအိုက “နောက်တစ်ခါ ထပ်ပြိုင်လိုက်ပါ။ ဒါပေမဲ့ ဒီတစ်ခါမှာ အတူတူပန်းဝင်ပါစေ” လို့ပြန်ဖြေပါတယ်။

ကောင်လေးလည်း ခဏတော့တွေဝေသွားတာပေါ့။ ပြီးတော့ နောက်တစ်ကြိမ်ထပ်ပြိုင်ဖို့ အဘွားအိုနဲ့ မျက်စိမမြင်တဲ့သူကြားမှာ နေရာယူလိုက်ပါတယ်။ ပြိုင်ပွဲစတဲ့အချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့ လက်ကို တစ်ဖက်တစ်ချက်တွဲလိုက်ပြီး ပန်းတိုင်ထိကို တရွေ့ရွေ့လမ်းလျှောက်သွားပါတော့တယ်။

ဒီတစ်ခါပြိုင်ပွဲအဆုံးသတ်မှာတော့ လူတွေအားလုံးကမတ်တပ်ထရပ်ပြီး ပြုံးရွှင်စွာနဲ့ အော်ဟစ်အားပေးကြပါတယ်။

ကောင်လေးကတော့ ခုထိလည်း သူ့ကိုယ်သူ ဂုဏ်ယူနေဆဲဖြစ်ပေမယ့် အစောက အားမပေးကြဘဲ ခုမှ ဘာလို့အားပေးကြပါလိမ့်လို့ နားမလည်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့် အဘိုးအိုကို မေးလိုက်ပါတယ်။

ဒီအခါမှာ အဘိုးအိုက “ကောင်လေး ဒီပြိုင်ပွဲမှာ တခြားပြိုင်ပွဲကနေ မင်း ရရှိခဲ့တာတွေအားလုံးထက် သာတာကို မင်းရလိုက်ပါတယ်။ အဲ့ဒါကတော့ ဒီလူတွေရဲ့ လေးစားမှုပါပဲ” လို့ပြန်ဖြေလိုက်ပါတော့တယ်။

စာချစ်သူတို့ရေ ဒီစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။