မသန္တာလှိုင်နဲ့ (၅) မိနစ်တာ အမေးဖြေ

blank

မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူများရဲ့ “5-Minute Biography of Successful Women” ကို ဂန္တဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်လိုက်ပါတယ်။

ဒီအပတ်မှာတော့ မြန်မာ့မော်ဒလ်လောကမှာ ထိပ်တန်းရောက် အောင်မြင်ပြီးဖြစ်တဲ့ မသန္တာလှိုင် @ Christie Mackenzie ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မသန္တာလှိုင်ရဲ့အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။

၁။     မသန္တာလှိုင်ရဲ့ အကြောင်းအနည်းငယ် သိပါရစေ။

အစ်မအကြောင်းကတော့ ကိုယ့်ဟာကိုယ် စိတ်ဝင်စားစရာလို့တောင် မထင်မိပါဘူး။ သမီးကြီးနှင့် သားငယ်တို့ နှစ်ယောက်ကို မိခင်တစ်ယောက်တည်းအဖြစ် ပြုစုပျိုးထောင်နေရတာကို အစ်မရဲ့ အဓိကအလုပ်လို့ ခံယူထားမိပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာအရ ရှေ့နေတစ်ယောက်အဖြစ် အသက်မွေးနေသလို ကိုယ့်မူရင်း ဝါသနာပါတဲ့ မော်ဒယ်လ်အလုပ်၊ နောက်ပြီး အဲဒီအလုပ်နှင့် ဆက်စပ်မှုရှိတဲ့ လူမှုဆက်ဆံရေး အလုပ်တွေကို လုပ်နေပါတယ်။

၂။     မသန္တာလှိုင်ရဲ့ အားလပ်ချိန်မှာ လုပ်လေ့ရှိတဲ့ ဝါသနာလေးတွေ Share ပေးပါအုံး။ အစ်မ အနေနဲ့ work-life balance တစ်ခုရအောင် ဘယ်လို ဖန်တီးသလဲ။

အားတဲ့အချိန် ဆိုတာကတော့ အစ်မမှာ မရှိသလောက်ပါပဲ။ ဒါပေမယ့် လူအတော်များများကလည်း အဲလိုပဲ မအားတတ်ကြပါဘူး။ အရေးကြီးတာက မအားလပ်တဲ့ကြားက အချိန်ကိုရအောင် ယူရတာပဲ။ ဥပမာ ဒီလိုနေ့မျိုးဆိုရင် အင်တာဗျူး ဖြေဖို့ရှိတယ်လေ။ တစ်ဖက်မှာလည်း ရုံးကပြန်ရောက်ကတည်းက ကလေးတွေနဲ့ စကားပြောရင်း ထမင်းစားရင်း သူတို့အတွက် အချိန်လည်း ပေးရအုံးမှာလေ။ သူတို့က ရေချိုးရင်လည်း အမေကအနားမှာရှိနေမှ။ အိပ်ရာမဝင်ခင်လည်း သူတို့ကို စာဖတ်ပြီးပုံတွေဘာတွေ ပြောရအုံးမှာ။ အစ်မက အိမ်မှာကလေးထိန်း ဘယ်တုန်းကမှ ထားခဲ့တာ မဟုတ်ဘူးလေ။ အဲတော့ ခုနပြောသလိုအင်တာဗျူး ဖြေတာတို့၊ စာရေးတာတို့၊ အလုပ်ကိစ္စနှင့် ဖုန်းပြောရတာတို့ကို များသောအားဖြင့် ကလေးတွေနားမှာရှိရင်းနှင့် တစ်ခါတည်း ပြီးမြောက်အောင် လုပ်လိုက်တယ်။ ကိုယ့်အတွက် အပမ်းဖြေစရာဖြစ်တဲ့ ပန်းချီဆွဲ၊ စန္ဒယားတီး၊ သီချင်းနားထောင်တာမျိုးတွေလည်း သူတို့နှင့်အတူရှိနေတုန်းပဲ လုပ်ဖြစ်တယ်။ တခါတလေ ရှားရှားပါးပါး အားတဲ့အချိန်ဆိုရင် အိမ်မှာဒန်းပေါ်ထိုင်ပြီး မျက်စိတစ်ဆုံးမြင်ရတဲ့ မြက်ခင်းပြင်ကြီးကို ထိုင်ကြည့်ရင်း ကိုယ့်ဘဝမှာရှိတဲ့ ကိုယ့်ကိုချစ်တဲ့ သိသောသူ၊ မသိသောသူတွေရဲ့ မေတ္တာကိုတွေးကြည့်ခံစားလိုက်၊ ကိုယ့်ဆီမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည့်လိုက်နှင့် သြော် ငါ့ဘဝကံကောင်းပါလား၊ အရတော်ပါလား ဆိုပြီး တန်ဖိုးထားအသိအမှတ်ပြုနေမိတာကို က ကြည်နူးစရာတစ်ခုပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။     မသန္တာလှိုင် modeling လောကထဲကို ဘယ်လိုရောက်ရှိလာခဲ့တာလဲ။

ဒီလောက ဘယ်လိုရောက်လာသလဲ ဆိုတာထက်စာရင် ဒီလောကကို ဘယ်လိုတီထွင်ခဲ့သလဲဆိုတာ မေးမှ ပိုမှန်လိမ့်မယ်။ အစ်မအလှည့်တုန်းက ဝင်လာစရာဒီလောကဆိုတာ မရှိသေးဘူးလေ။ ဟိုး ၁၉၉၅၊ ၁၉၉၆ဖက်ရှင်ရှိုးတွေ၊ ဓာတ်ပုံရိုက်တာတွေ လုပ်ခဲ့ကြတာလေ။

၎။     မသန္တာလှိုင် ပညာရေးမှာ ဘယ် field ကို specialize လုပ်ပြီး ဘာဘွဲ့တွေရရှိခဲ့သလဲ။

အစ်မကရန်ကုန်တက္ကသိုလ်မှာတော့ သတ္တဗေဒတက်ခဲ့တာ၊ ၾသစေတ်းလ် မှာကျေတော့ ဥပဒေဘွဲ့သွားယူပြီအခုတော့ ဥပဒေအကျိုးဆောင် ရှေ့နေတစ်ယောက်ပေါ့။

၅။     အခုအချိန်မှာ ကိုယ်သင်ယူခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖြစ်လဲ။ ပရိသတ်လေးတွေနဲ့ Share ပါအုံး

အခုတော့ ဥပဒေအကျိုးဆောင်လုပ်ငန်း ကုမ္ပဏီတစ်ခု တည်ထောင်ပြီး လုပ်နေပါတယ်။ အစ်မလုပ်ငန်းက သမားရိုးကျ အလုပ်ဖြစ်တဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေအတွက် ဒီမှာ ကုမ္ပဏီတည်ထောင်ပေးတာ၊ စာချုပ်စာတမ်းလုပ်တာ စတာတွေအပြင် အစ်မကိုယ်တိုင်က အနုပညာလောကကမို့လို့ အနုပညာရှင်တွေအတွက် လုပ်ငန်းပိုင်း ကိုယ်စားလှယ်အဖြစ်ရော၊ ဥပဒေအကျိုးဆောင် အဖြစ်နှင့်ပါ လုပ်ကိုင်နေပါတယ်။ အစ်မတို့နိုင်ငံမှာ နိုင်ငံခြားလုပ်ငန်းကြီးတွေ ရောက်လာတော့ အရောင်းမြှင့်တင်ရေးအတွက်တို့၊ ကြော်ငြာအတွက်တို့ ကိုယ့်ဆီက အနုပညာရှင်တွေကို အသုံးပြုချင်ကြမှာလေ၊ ဒါပေမဲ့ ဒီမှာကိုယ့်နည်းကိုယ့်ဟန်နှင့် အနုပညာကြေး စကားပြောနေတာမျိုး သူတို့ကိုသွားပြောလို့မရဘူး၊ ကိုယ့်ဆီက အဖွဲ့တွေကို နိုင်ငံတကာမှာပေးတဲ့ ဥာဏ်ပူဇော်ခမျိုးပေးမှ ကောင်းမှာပေါ့။ နောက်ပြီး အစ်မတို့ဆီမှာ ဥပမာ-ဓာတ်ပုံတစ်ပုံ၊ ဗီဒီယိုတစ်ဖိုင်ကို အနုပညာရှင်တစ်ယောက်က ရိုက်ကူးပေးပြီးရင် အပြီးပေးလိုက်ရတာ၊ နိုင်ငံတကာမှာဆိုရင် အနုပညာရှင်က မူပိုင်ခွင့်အပြည့်အဝရှိနိုင်တယ်။ ဓာတ်ပုံတစ်ပုံကို လုပ်ငန်းရှင်က တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် စာချုပ်အတိုင်းသုံးခွင့်ရှိတဲ့ အချိန်မှာသာပိုင်တာ၊ ပြီးရင် အနုပညာရှင်ကမူပိုင်ခွင့် ပြန်ရနိုင်ရတာထုံးစံပဲ၊ ဒါပေမယ့် အဲလို ဖြစ်ဖို့က အစကတည်းက စာချုပ်စာတမ်း သေချာရှိဖို့ လိုတာပေါ့။ နောက်ပြီး အနုပညာကြေးဆိုရင်လည်း နိုင်ငံတကာအတိုင်း ထိုက်ထိုက်တန်တန် ရဖို့လည်းအရေးကြီးတယ်လေ။ အဲတော့ အစ်မဆီမှာအပ်နှံထားတဲ့ အနုပညာရှင်တွေကိုဆိုရင် အခုပြောခဲ့တဲ့ ဝန်ဆောင်မှုတွေ ပေးသလို သူတို့အတွက် လုပ်ငန်းတွေကိုပါ ရှာဖွေချိတ်ဆက်ပေးတဲ့ ကိုယ်စားလှယ်ပါ လုပ်ပေးနေပါတယ်။

၆။ မသန္တာလှိုင် စာအုပ်လေးရေးနေတယ်လို့သိရပါတယ်။ အဲဒီစာအုပ်လေးနဲ့ ပတ်သက်ပြီး ရင်ခုန်စွာစောင့်မျှော်လင့်နေကြတဲ့ မြန်မာလူငယ်တွေအတွက် sneak peek လေးနည်းနည်းလောက် ပြောပြပါအုံး။

အစ်မကအခုမှ ပထမဆုံးစရေးမယ့် စာအုပ်လေ၊ စောစောက ပြောသလို အချိန်ကလည်း သိပ်မရှိဘူး။ အဲတော့ လာမယ်ကြာမယ်ပေါ့၊ စာအုပ်ကတော့ တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းတွေကို သူများရေးထားတဲ့ တက်ကျမ်းတွေကို ကိုးကားပြီး ကောင်းနိုးရာရာ စုပေါင်းတင်ပြသလို အစ်မကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ပါ ရောပြီးရေးမှာပါ။ တစ်စစီကတော့ ဟိုရေးဒီရေးလုပ်ထားတာရှိနေပါပြီ၊ ပြန်စုစည်းပြီး ပြုစုရမှာပေါ့။

၇။ အစ်မ အခုလို အရွယ်တင်ပြီး အမြဲနုပျိုလှပနေအောင် health and fitness တွေဘယ်လိုလိုက်စားပါသလဲ။

နုပျိုတယ်ဆိုတာ ကျန်းမာရေးဂရုစိုက်တာလည်း ပါတာပေါ့နော်၊ အစ်မကအားကစားတော့ အမြဲလုပ်ဖြစ်တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို Balance Fitness မှာအမြဲကစားဖြစ်ပါတယ်။ အဲလိုကစားတော့ ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားဖြစ်သလို စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မကျေနပ်မှုတွေဟာ သဲအိတ်ကိုထိုးလိုက် ၊ကန်လိုက်တဲ့အခါမှာ ပြေလျော့သွားတော့တာပဲ၊ ကိုယ်နုပျိုတယ်ဆိုတာ စိတ်ဖိစီးမှုကို လျော့ချနိုင်တာကလည်း အရေးကြီးတယ်။ ဒါပေမယ့် အစ်မပြောမယ်နော်။ ရုပ်ရည် ချောတယ်၊ အရုပ်ဆိုးတယ်၊ နုတယ်၊ရင့်တယ်ဆိုတာ ကုသိုလ်အကျိုးပေးလို့ ယုံတယ်။ အဲဒါကြောင့် ကိုယ့်ကျန်တဲ့ ဒီဘဝအတွက်ရော၊ သံသရာအတွက်ပါ မေတ္တာတရားနှင့် အမြဲဆင်ခြင်ပြီးနေဖို့က အရေးအကြီးဆုံးပါ။

၈။ မသန္တာလှိုင် အနေနဲ့ လူငယ်စာဖတ်ပရိသတ်များအတွက် relationship advice လေး ဘာပေးချင်ပါသလဲ။

စောစောကပြောသလို မေတ္တာကအခြေခံပြီး အလုပ်လုပ်နေတယ်လို့ပဲ ပြောရမှာပဲ။ ဒီမော်ဒယ်လ် အကယ်ဒမီ (The Model Academy) မှာ အစ်မက ကလေးတွေကို ကောင်းစေချင်လို့ လိုအပ်တာရှိရင် ကွင်းကွင်းကွက်ကွက်မြင်အောင်ပြောတယ်။ ကိုကညှာနေရင် သူတို့ကို ချစ်ရာမရောက်ဘူးလေ။ အဲဒါကြောင့် ပရိသတ်အမြင်မှာ အစ်မက ကြမ်းကြမ်းကိုင်တယ်လို့ မြင်ကောင်းမြင်နိုင်ပေမယ့် တကယ်တမ်းလက်တွေ့ အပြင်မှာ အဲဒီမှာပါဝင်ခဲ့တဲ့ ကလေးတွေနှင့် ခုထက်ထိချစ်ချစ်ခင်ခင် ညီအစ်မတွေလိုပဲ၊ တစ်ခါတစ်လေအလုပ်နှင့် ပတ်သက်တာမဟုတ်ဘဲနှင့်တောင် အစ်မအိမ်မှာထမင်းလာစားကြဆိုရင် သူတို့တွေက နှစ်ယောက်သုံးရောက်လောက် ရောက်ချလာတတ်ကြတယ်လေ။

ကဲ… မသန္တာလှိုင်ရဲ့ 5 Minute Biography လေးကိုဖတ်လိုက်ရတာ စာဖတ်ပရိသတ်ကြီးတို့ ဘာအတုယူဖွယ်လေးတွေ တွေ့လိုက်ရလဲ။ မသန္တာလှိုင်ရဲ့ ကျန်မာရေးကို လိုက်စားမှု၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေထိုင်တတ်မှု၊ မိခင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်တဲ့ အပြင် မိန်းမသားတစ်ဦးအနေနဲ့ လုပ်ငန်းခွင်မှာလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင်မှုလေးတွေကို အားကျအတုယူစရာလေးပဲနော်။ စာဖတ်ပရိသတ်တို့လည်း ရှေ့မှာလမ်းခင်းပြသသွားတဲ့ မသန္တာလှိုင်လိုပဲ ဘဝကို ရဲရဲတင်းတင်းရင်ဆိုင်နိုင်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ လိုရာ ပန်းတိုင်ဆီသို့ ရောက်လှမ်းနိုင်ကြပါစေလို့ ဂန္တဝင်မှ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။

သဘောကျရင် စာစောင်ကို Share လိုက်ပါ။