မနန်းဆုကေဆွမ်နှင့် ၅ မိနစ်တာ အမေးအဖြေ

blank

ခေတ်မြန်မာအမျိုးသမီးငယ်လေတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူလေးများရဲ့ “5-Minute Biography of Successful Women” ကို ဂန္တဝင်မဂ္ဂဇင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။

ဒီအပတ်မှာတော့ မြန်မာ့ ယောဂလောကထဲမှာ နာမည်ကျော်လူသိများတဲ့ မနန်းဆုကေဆွမ် အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မနန်းဆုကေဆွမ်ရဲ့ အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။

 

(၁) – မနန်းဆုကေဆွမ် အကြောင်း အနည်းငယ်သိပါရစေရှင်။

ဟုတ်ကဲ့ ကျွန်မက ကျိုင်းတုံဇာတိပါ။ ရှမ်းလူမျိုးပါ။

(၂) – မနန်းဆုကေဆွမ် အားလပ်ချိန်မှာ ဘာတွေလုပ်လေ့ရှိလဲ။

အရင်က လူငယ်ပီပီ အပြင်တွေဘာတွေ လျှောက်လည်ဖြစ်တယ်။ နောက်ပိုင်းတော့ အားလပ်တဲ့ အချိန်တွေ အလုပ်ထဲမှာပဲ နေဖြစ်တာများလာတယ်။ အလုပ်ပြီးသွားရင် အနားယူတယ်။ တရားထိုင်တယ်။ ယောဂလည်း ပုံမှန်ကျင့်ဖြစ်ပါတယ်။

(၃) – မနန်းဆုကေဆွမ် ယောဂ လောကထဲကို ဘယ်လိုရောက်ရှိလာခဲ့တာလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် အစကတော့ လှချင်တာတစ်ခုတည်းကြောင့် စကျင့်ဖြစ်ခဲ့တာပါ။ တကယ်သွားကျင့်ကြည့်တဲ့ အခါ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာရော စိတ်ရွှင်လန်းစေတဲ့အတွက်ပါ ဆက်ကစားဖြစ်သွားတာပါ။

(၄) – ကျန်းမာရေးနဲ့ ပတ်သက်လို့ ငယ်စဉ်ကတည်းက ဘယ်လို လေ့လာလိုက်စားခဲ့လဲ ဆိုတာကို ပြောပြပါဦး။

အရင်တုန်းကဆို ရေကူးသင်တယ်။ ရေကူးတယ်။ ရေလည်း ငုပ်တယ်။ နောက် ဝါသနာလဲပါတော့ ခန္ဓာကိုယ်လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းလေးတွေလဲ လုပ်ဖြစ်ပါတယ်။

(၅) – မနန်းဆုကေဆွမ်ရဲ့ ထွက်ရှိပြီးသား စာအုပ်များကို ပြောပြပေးပါဦး။ နောက် ထပ်ရော ဘာတွေရေးဖို့  စီစဉ်ထားသေးလဲ အမ။

အခုကတော့ “စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ယောဂကျင့်စဉ်” ဆိုတဲ့ စာအုပ် တစ်အုပ်ပဲ ထုတ်ဖြစ်သေးတယ်။ နောက် ထုတ်ဖို့လည်း ရေးထားတာတော့ ရှိပါတယ်။

ဒါပေမဲ့လဲ အမကိုယ်တိုင်က အလုပ်များနေတော့ တာဝန်မယူနိုင်သေးတာနဲ့ စာအုပ်ထုတ်ဖို့ အချိန်မပေးနိုင်သေးဘူး ဖြစ်နေလို့ပါ။

(၆) – အစ်မ ဒီလိုနုပျိုလှပအောင် တစ်နေ့တာ ဘယ်လို ကျန်းမာစွာ စားသောက်နေထိုင်ပါသလဲ။

အမခုတလော နည်းနည်ဝလာတယ်။ ပေါင် (၂ဝ) တောင်တက်လာတာ။ အရွက်ဖျော်ရည် နေ့တိုင်းသောက်ဖြစ်တယ်။ သူက ခါးတဲ့အရွက်တွေနဲ့ လုပ်ထားတာ။ ဝမ်းလဲမှန်စေတယ်၊ လေပွတာတွေအတွက်လည်း အဆင်ပြေစေတယ်လေ။ ပုံမှန်ကတော့ ယောဂ ကျင့်ဖြစ်တာပဲ။

(၇) – မနန်းဆုကေဆွမ်ရဲ့ ယောဂကျင့်စဉ် အကြောင်းအနည်းငယ်သိပါရစေ။ ယောဂ ကျင့်စဉ်ရဲ့ ကောင်းကျိုးနဲ့ ဘယ်လိုအချိန်မှာ လုပ်ဆောင်ရင် အကောင်းဆုံးလည်း ဆိုတာကိုလည်း သိပါရစေ။

အချိန်ကတော့  အဆင်ပြေသလို ကစားကြပါတယ်။ အမကတော့ သင်တန်းပေးနေတဲ့သူဆိုတော့ သင်တန်းချိန်တွေမှာ ကျင့်ဖြစ်တယ်။ မနက်ပိုင်း ကျင့်လိုက်မယ်ဆိုရင်တော့ တစ်နေ့လုံးလန်းဆန်းတတ်ကြွနေမှာပါ။ စိတ်လေးတွေ ကြည်ကြည်လင်လင် ဖြစ်နေတော့ အလုပ်လုပ်ရတာ၊ လူတွေနဲ့ဆက်ဆံရတာ ကအစ အဆင်ပြေတာပေါ့။ ယောဂက ကျန်းမာရေးအတွက်လဲ အထောက်အကူ ပြုစေပါတယ်။

(၈)- မနန်းဆုကေဆွမ် မိသားစုနဲ့ ဆက်ဆံရေးလေး မျှဝေပေးပါအုံး။

အဓိကတော့ အမ မေတ္တာရှေ့ထားဆက်ဆံတယ်။ မိသားစုမှမဟုတ်ပါဘူး။ ဝန်ထမ်းတွေကအစ အမ မေတ္တာရှေ့ထားပြီး အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ဆက်ဆံတယ်။ တစ်ခုခုဖြစ်လာခဲ့ရင် ခွင့်လွှတ်နိုင်ဖို့ကြိုးစားတယ်။

(၉) – ယောဂ သင်တန်းကျောင်းဖွင့်တော့ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေရှိရင် ဝေမျှပေးပါဦး။

အတွေ့အကြုံကတော့ အမက နည်းပြဖြစ်တဲ့အတွက်  ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရတဲ့ အပိုင်းလေးတွေရှိတယ်။ တစ်ချို့ ပညာရပ်တွေဆို နှစ်နဲ့ချည်ပြီး လေ့လာခဲ့ရတယ်။ ကိုယ်ဘယ်လောက်ပဲ လေ့လာခဲ့ရပါစေ သင်တန်းသားတွေကို ပြန်ပို့ချဖို့ အတတ်နိုင်ဆုံး လွယ်ကူတဲ့ပုံစံဖြစ်အောင် ကြိုးစားရတယ်။ နောက်ထပ်လဲ အမြဲလေ့လာနေရတယ်။ အခက်အခဲဆိုတာထက် အမ တွေ့ကြုံခဲ့ ရတာတွေပါ။

(၁၀) – အမ ဒီသင်တန်းစဖြစ်တာ ဘယ်လောက်ကြာပြီလဲ ပြောပြပေးပါအုံး။ အခုရော သင်တန်းခွဲတွေ ရှိနေပြီလား အမ။

၁၄ နှစ် လောက် ရှိနေပြီ။ သင်တန်းပေးတာက ကျမတို့ ၂ဝဝဝ ခုနှစ် ကတည်းကပါ။ သင်တန်းတွေကတော့  အများကြီးပါပဲ။ အတတ်နိုင်ဆုံး တိုးချဲ့ဖို့တော့ ကြိုးစားသွားမှာပါ။

(၁၁) မနန်းစုကေဆွမ် ဖက်ရှင်လည်း လုပ်လေ့ရှိတယ်နော် အမ။

ဟုတ်တယ် (၂) နှစ်လောက်ရှိပြီ ဂရုတစိုက်လုပ်ဖြစ်နေတာ။ ၂ဝ၁၂ ကတည်းကလေ။  အမတို့လဲ အခက်အခဲတွေအများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ကြိုးစားမှု ရလာဒ်ကိုတော့ ခံစားနေရပြီလို့ဆိုရမှာပါ။

(၁၂) – မနန်းစုအနေနဲ့ အခက်အခဲတွေ ကြုံတွေ့တဲ့အခါ ဘယ်လိုစိတ်ဓာတ်ထားပြီး ဖြေရှင်းလေ့ရှိလဲ။

အဓိကကတော့ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းလေ့ရှိပါတယ်။

(၁၃)– မနန်းစု စိတ်ဓာတ်ခွန်အား မြှင့်တင်ရေးအတွက် ဘာတွေလုပ်လေ့ရှိလဲ။

အရင်ကတော့ကိုယ် ဘာတွေလုပ်ဖြစ်နေလဲ ပြန်မသုံးသပ်ဖြစ်ဘူး။ အခုနောက်ပိုင်းကျတော့ ကိုယ့်လုပ်ရပ်လေးတွေက မကောင်းတဲ့ဘက်ကို မသွားအောင် အထူးဂရုစိုက် နေထိုင်တယ်။ ကိုယ့်လုပ်ရပ်တွေကို လိပ်ပြာလုံတဲ့အခါ အရာရာ ရဲဝင့်လာတယ်။ ဆုံးဖြတ်ချက်တွေ ပြတ်သားလာတယ်။

(၁၄) – မနန်းစုအနေနဲ့ စာဖတ်ပရိသတ်တွေကို ဂန္ထဝင်ကတစ်ဆင့် စကားလက်ဆောင်လေး ပါးပေးပါအုံး။

များသောအားဖြင့် ငယ်ရွယ်တဲ့အချိန်မှာ အချိန်ကိုတန်ဖိုးထားရ ကောင်းမှန်းမသိကြဘူး။ ကျွန်မကိုယ်တိုင်လဲ ဒီလိုပါပဲ။ စိတ်ကူးတွေယဉ် တကယ့်လက်တွေ့နဲ့ စိတ်ကူးတွေ ထပ်တူမကျလာရင် အလိုမကျတွေ ဖြစ်တတ်ကြပါတယ်။ ဒီတော့ ကိုယ့်လက်ရှိအခြေအနေကို အမြဲသုံးသပ်ပြီး သတိရှိနေဖို့ လိုအပ်ပါတယ်။ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ကြဖို့ တိုက်တွန်း အကြံပေးချင်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။