မိုးစက်ဝိုင်နဲ့ ၅ မိနစ်တာ အမေးအဖြေ

blank
Photo Reference: news.xinhuanet.com

သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကြိုးစားရုံးကန်နေကြတဲ့ ခေတ်မြန်မာအမျိုးသမီးငယ်လေတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူလေးများရဲ့ “5-Minute Biography of Successful Women” ကို ဂန္တဝင်မဂ္ဂဇင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။

ဒီအပတ်မှာတော့ မြန်မာ့ မော်ဒယ်လ်လောကထဲမှာ ထိပ်တန်းရောက်အောင်မြင်နေတဲ့ Miss Universe 2013 မမိုးစက်ဝိုင်ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မမိုးစက်ဝိုင်ရဲ့ အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

(၁) – မမိုးစက်ဝိုင် အကြောင်းအနည်းငယ် သိပါရစေရှင်။

– မိုးစက်မှာ မောင်နှမလေးယောက် ရှိပါတယ်။ အကိုရယ်၊ အမရယ်၊ မောင်လေးရယ်။ မိုးစက်က နံပါတ် (၃) ပါ။

(၂) – မမိုးစက်ဝိုင်ရဲ့ ပညာရေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးပါအုံး။

မိုးစက်က US မှာ Business Marketing နဲ့ကျောင်း ပြီးခဲ့ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့  အဝေးသင်တက္ကသိုလ် အီးမေဂျာနဲ့ ပြီးခဲ့ပါတယ်။

(၃) – မမိုးစက်ဝိုင် ရခဲ့တဲ့ဘွဲ့တွေ၊ သင်ယူခဲ့တဲ့ ပညာတွေနဲ့ ပတ်သက်ပြီးကော အခု ဘာတွေဆက်လုပ်ဖြစ်နေလဲသိပါရစေ။

အဲဒါနဲ့ ပတ်သက်ပြီးတော့ လက်တွေ့မှာ မယ်မယ်ရရ ဘာမှ မလုပ်ရသေးပါဘူး။ ဒါပေမယ့် မိဘစီးပွားရေးဖြစ်တဲ့ Ve Ve အချိုရည်နဲ့ ပတ်သက်ပြီးတော့ ဝိုင်းကူပေးဖြစ်ပါတယ်။

 (၄) – အစ်မအနေနဲ့ မယ်မြန်မာ တစ်ယောက်ဖြစ်ဖို့ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။ အမရဲ့ ကြိုးစားအားထုတ်မှု အပိုင်းလေးတွေ သိပါရစေရှင်။

မိုးစက်အနေနဲ့တော့ Miss Universe Myanmar ဖြစ်ဖို့ဆိုပြီး အဓိက လေ့ကျင့်တာမျိုး မရှိခဲ့ပါဘူး။ အဓိကကတော့ မိုးစက်တို့ခေတ်တုန်းက နှစ်ပေါင်း (၆ဝ) အတွင်း မြန်မာပြည်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာလည်း ပါတယ်။ ရုတ်တရက်ကြီး ပါဖြစ်သွားတာ ဖြစ်တဲ့အတွက် မိုးစက်အနေနဲ့ ဒါကိုကြိုးစားပြီး ပြင်ဆင်ချိန်တောင်မရှိလိုက်ပါဘူး။ နဂိုရှိထားတဲ့ Skill တွေနဲ့ပဲ သွားပြိုင်ဖြစ်တာပါ။

(၅) ၁၉၆၁ ကတည်းက မြန်မာနိုင်ငံကို ပထမဆုံးကိုယ်စားပြုခဲ့တဲ့ Miss Universe Competition မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အခါ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လို စိတ်ဓာတ်မွေးပြီး ကျော်လွှားဖြေရှင်းခဲ့လဲ ပြောပြပေးပါအုံး။

အမှတ်တရ ဖြစ်ခဲ့တာကတော့ မိုးစက် ဒီသွားပြိုင်ပွဲ သွားတုန်းကပေါ့နော် ရုတ်တရက်ကြီး သွားပြိုင်ရတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန်မရလိုက်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေက တခဲနက် အားပေးကြတယ်။ အွန်လိုင်းကနေ vote လုပ်ပေးကြ၊ ပြီးရင် ငိုကြ ရယ်ကြ၊ ကောလဟာတွေလည်း ပျံ့လွယ်တဲ့အတွက် ကိုယ့်ဘက်ကနေပြီး မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့ ကူညီဖြေရှင်းပေးကြတဲ့ ပရိတ်သတ်တွေရှိတယ်။ အဲဒီအချိန်တွေ ကတော့ မိုးစက်အတွက် အမှတ်အရဆုံးပါပဲ။ မထင်မှတ်ထားဘဲ ရရှိတဲ့ ချစ်ခြင်းမေတ္တာတွေပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကတော့ မိုးစက် ဟိုမှာ သွားတဲ့အခါမှာ မျက်ကန်းတောတိုး လိုပါပဲ။ ဘာမှမသိဘဲ သွားရတယ်။ အရှေ့မှာ မီးထွန်းပေးထားတာတို့၊ လမ်းပြပေးထားတာတို့ ဘာမှမရှိတဲ့အတွက် ကိုယ့်ဘာကိုယ်စမ်း သွားရပါတယ်။ ဒါပေမယ့် မိုးစက်ရဲ့ စိတ်ထဲမှာတော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်လုပ်မယ်။ ဒါမှ မိုးစက် နောက်ပြန်လှည့်ကြည့်ရင် နောင်တရစရာ မရှိမှာလေ။ အဲတစ်ခုတော့ စိတ်ထဲမှာ စွဲစွဲမြဲမြဲထားပါတယ်။

(၆)- အစ်မ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပုံလေးတွေကို  ဝေမျှပေးပါဦး။

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆိုရင်တော့ အဆီတွေတော့ လျှော့စားပါတယ်။ ဝက်သားတွေ ဘာတွေ သိပ်မစားဖြစ်ဘူ။ အဲလောက်ပါပဲ ရေများများ သောက်ပါတယ်။

 (၇)- လေ့ကျင်းခန်းလုပ်ခြင်းရဲ့ အရေးပါမှုအပေါ် အစ်မအမြင်လေး သိပါရစေ။

လူတစ်ယောက်က လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ လှဖို့တစ်ခုထဲ  အတွက် မဟုတ်ပါဘူး။ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လူဟာ ပေါ့ပါးလာပါတယ်။ သွေးလည်ပတ်မှု ကောင်းလာတယ်။  နေရထိုင်ရတာ ကောင်းလာတယ်။ သွက်သွက်လက်လက် ဖြစ်လာတယ်။ သွေးလေးနေတာမျိုး၊ မထချင်တာမျိုးတွေ မဖြစ်တော့ပါဘူး။ အသက်ကြီးလာတဲ့အခါ သွေးလည်ပတ်မှုအား ကောင်းတဲ့အတွက် အကြောတို့ ဘာတို့ အားပိုရှိလာမယ်လို့ မိုးစက်ထင်ပါတယ်။ အဲဒီအတွက် လူတိုင်းရဲ့ Life Style ထဲမှာ ရှိသင့်တယ်ပေါ့နော်။ လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ကြိုးစားပေးပါ။

(၈) – မမိုးစက်အနေနဲ့ ရှေ့ဆက်ပြီး အနုပညာနဲ့ ပက်သက်လို့ ဘာတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲ။

ကြိုးစားပြီးတော့ လုပ်ဆောင်ဖို့  ရုပ်ရှင်တစ်ကား ရိုက်ဖို့တော့ ပရိတ်သတ်ကြီးကို ကတိပေးထားတယ်။ ကြော်ငြာလေးတွေရိုက်ဖြစ်မယ်။ ဒီလောက်ပါပဲ။ သရုပ်ဆောင်လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။

(၉) – မိုးစက် လုပ်နေတဲ့ အခြား ဝါသနာလေးတွေ၊ ပရဟိတ လုပ်ဆောင်မှုလေးတွေ အကြောင်းအနည်းအကျဉ်း သိပါရစေရှင်။

-ဝါသနာကတော့ မိုးစက်က Cosmectic မိတ်ကပ်ပစ္စည်း တွေလေ့လာရတာသဘောကျတယ်။ လိမ်းတာ၊ခြယ်တာလည်း စိတ်ဝင်စားတယ်။ ပြီးတော့ ပရဟိတနဲ့ ပက်သက်ပြီးတော့ ကိုယ်တိုင်လဲမအားလပ်တာနဲ့ တစ်ခြားအဖွဲ့အစည်းကို လှူဒါန်းဖြစ်ပါတယ်။ မိုးစက် ကိုယ်တိုင်ကတော့ မိဘမဲ့ကလေး ၃ယောက်ကို စိုးစံ ဘော်ဒါမှာ ပညာသင်စရိတ် ထောက်ပံ့ပေးထားပါတယ်။ သူတို့၃ယောက်ကို မိဘမဲ့ကလေးလည်း ဖြစ်နေတာကတစ်ကြောင်း၊ ရေစက်ပါတယ်လို့ ထင်တာတစ်ကြောင်း။ ပြီးတော့ သူတို့ကို တကယ့် ပိုက်ဆံရှိတဲ့လူတွေ တက်နေတဲ့ ဒီစိုးစံဘော်ဒါဆောင်မှာ ထားပေးခြင်းအားဖြင့် တူညီတဲ့ အခွင့်အရေးကို ရရှိစေချင်တာပါ။ ကိုယ်တိုင်လဲ သွားပြီးအားပေးဖြစ်ပါတယ်။

၁ဝ။ တစ်ခြားရော မမိုးစက် အားလပ်ချိန်မှာ ဘာလုပ်လေ့ရှိလည်း အမ။

– အခုနောက်ပိုင်းက အားလပ်ချိန်ဆိုတာ သိပ်မရှိတော့ အဲလိုတောင် မပြောတတ်တော့ဘူး။ အရင်တုန်းကတော့ အားလပ်ချိန်ဆို ရုပ်ရှင်ကြည့်တယ်။ ဒါမှမဟုတ်ရင်လည်း ရှော့ပင်းထွက်တယ်။

၁၂။  အခု ရိုက်ကူးနေတဲ့ “Amazing Cities” TV program လေး အကြောင်း ပြောပေးပါဦး။

Amazing cities TV program အစီအစဉ်က မြန်မာပြည်မှာ ရှိတဲ့ နေရာဒေသ အနှံ့၊ မြန်မာ့ယဉ်ကျေးမှု လုပ်ငန်းတွေ၊ မြန်မာ့လက်မှု လုပ်ငန်းတွေကို ရိုက်ကူးပြီးတော့ စီစဉ်တင်ဆက် ပေးချင်တာပေါ့နော်။ ရည်ရွယ်ချက်ကတော့ လူငယ်တွေကို ဒီယဉ်ကျေးမှုကောင်းတွေကို တန်ဖိုးထားတတ်စေချင်တာရယ် နိုင်ငံတကာက လာရောက်လည်ပတ်သူတွေ အနေနဲ့ကလည်း မြန်မာပြည် အကြောင်းလေ့လာတဲ့အခါ this is Myanmar ဆိုပြီး အကြမ်းမျဉ်း သိလာရအောင်ပေါ့နော်။ မြန်မာ့အလှကို တန်ဖိုးထားစေချင်တာပါ။ တစ်ချို့ကျတော့လည်း ခရီးသွားဖို့အတွက် မအားလပ်ကြဘူး ပေါ့နော်။ သူတို့ကိုလဲ ဗဟုသုတအနေနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်အောင် စီစဉ်ရိုက်ကူးလိုက်တာပါ။

၁၃။ ဒီခရီးသွားအစီအစဉ်နဲ့ ပတ်သက်ပြီး အခုမြို့ပေါင်း ဘယ်နမြို့လောက် သွားပြီးသွားပြီလဲ အမ။

-မန္တလေးရယ်၊ ကယားပြည်နယ်ရှယ်၊ ရှမ်းပြည်နယ်ရယ် (၃)ခုပဲ သွားရ ပါသေးတယ်။

၁၄။ – မမိုးစက် အနေနဲ့ မြန်မာ အမျိုးသမီးငယ် ညီမလေးတွေကို ဒီဂန္တဝင်မှတစ်ဆင့် ပေးချင်တဲ့ အကြံဥာဏ်လေးများ ရှိရင်သိပါရစေရှင်။

-အမတို့ ယဉ်ကျေးမှုနဲ့လဲဆိုင်မယ်ထင်ပါတယ်။ မြန်မာမိန်းကလေး အတော်များများဟာ သင့်တော်တယ် မသင့်တော်ဘူး ချိန်ဆနေရတာနဲ့ပဲ ရှေ့ကိုမရောက်နိုင်ဘူး ဖြစ်နေကြတယ်။ အရှက်အကြောက်တရားဆိုတာ ရှိသင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ ကိုယ့်ဂုဏ်သိက္ခာကိုမှ မထိခိုက်စေဘူးဆို လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲ ဝင့်ဝင့်လုပ်ဖို့ အကြံညဏ်ပေးချင်ပါတယ်။ အဓိကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။ အတွေ့အကြုံတွေကနေ သင်ယူပါ။

၁၅။ Personal improvement အတွက် ဘာလေးတွေ လုပ်လေ့ရှိလည်း အစ်မ။

-မိုးစက်ကတော့ ကိုယ်ကြောက်တဲ့ အရာ ကိုအမြဲတမ်း လုပ်ကြည့်ပါတယ်။ ကျော်လွှားနိုင်အောင် ကြိုးစားတယ်။ တစ်ခုခု လုပ်တော့မယ်ဆို စဉ်းစားချင့်ချိန်လိုက်လို့ မိုးစက်အတွက်ရောအကျိုးရှိမယ်ဆို ကြောက်နေလဲ ကြိုးစားကြည့်ရမှာပဲ။ မိုးစက် သတိထားမိတာ ကတော့ အကြောက်တရားတစ်ခုဟာ ရင်ဆိုင်ကြည့်လိုက်မှ တိုးတက်မှု ရှိလာပါတယ်။

မမိုးစက်ဝိုင်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်တတ်တဲ့စိတ်ထား၊ သူမရဲ့ ဖြူစင်တဲ့ ပရဟိတစိတ်ထားလေးတွေက အတုယူစရာပဲနော်။ ဂန္တဝင်စာဖတ်ပရိသတ်ကြီးတို့လည်း အခုလို ရှေ့မှာလမ်းခင်းပြသသွားတဲ့ မမိုးစက်ဝိုင်လိုဘဲ ရည်မှန်းချက်ခိုင်ခိုင်မာမာနဲ့ အားကျိုးမာန်တက် ကိုယ်လိုရာ ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ပါစေလို့ ဂန္တဝင်မှ ဆန္ဒပြုလိုက်ပါတယ်။

မမိုးစက်ဝိုင်ကို ကြိုက်ရင် စာစောင်လေးကို SHARE ပါအုံး။