ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ၅ မိနစ် အမေးဖြေ အပိုင်း – ၁

blank
Photo Credit: https://www.facebook.com/kyiphyu.shin

ဒီအပတ်မှာတော့ မြန်မာ့ဒါရိုက်တာလောကထဲ ထိပ်တန်းရောက်အောင်မြင်နေပြီဖြစ်တဲ့ အားကျအတုယူဖွယ် မကြည်ဖြူသျှင်ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မကြည်ဖြူသျှင်ရဲ့ အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။

(၁) – မကြည်ဖြူသျှင် အကြောင်း အနည်းငယ်သိပါရစေရှင်။

– အမ အဖေက ဦးတင်ဝင်းသျှင်( မြန်မာစာဆရာ) အမေက ဒေါ်ခင်လေးသိမ့်(ဇာတ်ညွှန်းအကယ်ဒမီ ခင်လေးသိမ့်)၊ ပါ။ အမ မှာမွေးချင်းက (၃) ယောက်ရှိတယ်။အမက အကြီးဆုံးပါ။

(၂) – မကြည်ဖြူသျှင် ဒါရိုက်တာအလုပ်ကို ဘယ်နှစ်ခုနှစ်က စတင်ခဲ့ပြီး ဘယ်လိုပုံစံနဲ့ စလုပ်ဖြစ်သွားတယ် ဆိုတာလေးပြောပြပေးပါဦး။

– စလုပ်ဖြစ်တာက ဆယ်တန်းပြီးခါစလောက်ပါ။ ခန့်မှန်းခြေ ၉၇လောက်ကဖြစ်မယ်။ ဝါသနာပါတာက ငယ်ငယ်ကတည်းက။ အမ (၆) တန်းနှစ်လောက် ကတည်းက အဖိုးနဲ့ရှုတင်ကို လိုက်ရင်းနဲ့ဒီပတ်ဝန်းကျင်နဲ့ ရင်းနှီးတာ။ တကယ်ဝါသနာပါတာက ပန်းချီပညာရပ်ပါ။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင် မိသားစုက ပန်းချီကို သိပ်အားမပေးဘူး။ ဒါရိုက်တာနဲ့ ပက်သက်တာကြတော့ မိသားစုက ပိုအားပေးတယ်။ အဖိုးရဲ့အမွေလည်း ဖြစ်တာတစ်ကြောင်းပေါ့။ ပန်းချီဆိုတာတော့ သက်မဲ့တွေ ဖန်တီးတဲ့ အနုပညာ၊ ဒါရိုက်တာဆိုတာကျတော့ သက်ရှိတွေဖန်တီးတာပေါ့။ ဖန်တီးတာကို ဝါသနာပါတယ်။ ဆယ်တန်းပြီးတော့ ဒါရိုက်တာ လုပ်မယ်ဆိုတာ ပိုပြီးတော့ ခိုင်မာသွားခဲ့တယ်။ တက္ကသိုလ်စတက်တဲ့ အချိန်မှာ အရေးအခင်းဖြစ်ပြီးကျောင်းတွေ ပိတ်သွားတယ်။ အဲဒီမှာဒါရိုက်တာ စလုပ်ဖြစ်တယ်။ အဲတုန်းကအသက်က (၂၁) နှစ်။

(၃) – ဒီလုပ်ငန်းကို အမ စလုပ်ခါစက ဒါရိုက်တာလောကထဲမှာ အမျိုးသမီးတွေ သိပ်မရှိသေးဘူးဆိုတော့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းခဲ့တယ် ဆိုတာလေးကို သိပါရစေ။

– အဓိကက အမျိုးသမီးဒါရိုက်တာတွေ တော်တော်ရှားတယ်။ အမ ရှေ့မှာ မီသလောက်က (၃) ယောက်လောက်ပဲ။ ဒါရိုက်တာ အိအိခိုင်ပေါ့။ သူ့ရှေ့မှာဆို ဒါရိုက်တာ သင်းသင်းယုတို့၊ မင်းသမီးကြီးဒေါ်ဝါဝါဝင်းရွှေတို့တွေပေါ့။ မေမေလည်း ဒါရိုက်တာလုပ်ခဲ့တယ်။ ဒါပေမယ့် ဇာတ်ညွှန်းဘက်ကို  ဇောက်ချသွားခဲ့တယ်။ ဒါရိုက်တာ မဖြစ်ခင်တုန်းကတော့ ပတ်ဝန်းကျင်က ဒီအလုပ်ကကောင်းတယ်ပေါ့ အကုန်လုံးက အားပေးကြတယ်။ တကယ်တန်းလက်တွေ့ ရိုက်တဲ့ အချိန်ကြတော့ အခက်အခဲ ဆိုတာတွေ တွေ့ရတယ်။ အခက်အခဲဆိုတာက အမျိုးသမီးတစ်ယောက်အနေနဲ့ သီးသန့်ကြုံရတာမျိုး မဟုတ်ဘူး။ ဒါရိုက်တာတိုင်းပေါ့ အသစ်တိုင်းကြုံရတဲ့ အခက်အခဲတွေပါ။ ဝါရင့်သရုပ်ဆောင်ကြီးတွေ ယုံကြည်မှုရှိအောင် တည်ဆောက်ရတယ်။ သူတို့နားလည်အောင် သေချာပြောရတယ်။ နောက်တစ်ခုက ကြည်ဖြူဒါရိုက်တာ စလုပ်တဲ့ အချိန်တုန်းက မင်းသားမင်းသမီးတွေဆိုတာ တကယ့်စူပါကြီးတွေ။ ပြောရမယ်ဆို ဝါရင့်သရုပ်ဆောင်တွေကို ဒါရိုက်တာ အသစ်ကလေးကကိုင်ရတာပေါ့နော်။ အရမ်းခက်ခဲတယ်။ ငွေပေးတိုင်းလည်း မရဘူး။ အဲဒီခေတ်က အနုပညာသမားတွေက အနုပညာ မာနရှိတယ်။ သူတို့ကို အသစ်တစ်ယောက်က ရိုက်ဖို့ဆိုတာ အရမ်းခက်တယ်။ နောက်တစ်ခုက  ဗီဒီယိုအနေနဲ့ဆိုရင်လည်း အဲဒီခေတ်တုန်းက အခုလိုစက်တွေကလည်း မကောင်းဘူး။ Editing ဆိုရင်လည်း စက်ပစ္စည်းပိုင်းဆိုင်ရာ အားနည်းချက်လေးတွေ ကြုံတွေ့ခဲ့ရတယ်။ (၅) နှစ်လောက်တော့ တော်တော်ရုန်းကန် ခဲ့ရတယ်။ မိန်းကလေးဖြစ်တဲ့အတွက် ကြုံရတာတစ်ခုကတော့ မိန်းကလေးဆိုတာထက် အသက်ငယ်တာလည်း ပါတာပေါ့။တစ်ချို့တွေက ဒါရိုက်တာ လုပ်နိုင်တယ်ဆိုတာကို မယုံကြည်ကြဘူး။ ကြည်ဖြူသျှင်က ရှဲဒိုးပေါ့။ ကြည်ဖြူသျှင်က နာမည်ပဲခံတာပေါ့။ သူ့နောက်ကွယ်မှာ သူ့ကို လုပ်ပေးတဲ့သူရှိတယ်ပေါ့။ မိန်းကလေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတွေလုပ်တယ်ဆိုတဲ့ အပေါ်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ မယုံကြည်မှုတွေကတော့ အများကြီး ကြုံတွေ့ခဲ့ရတယ်။အဲဒီ ရှေးရိုးစွဲ အမြင်တွေကြောင့် ရှဲဒိုးဆိုတဲ့နာမည်ကြီးကို အတပ်ခံခဲ့ရတယ်။(၅)နှစ်လောက်ကြာတဲ့အခါမှာ တော့ “ဟုတ်တယ်” သူကတကယ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက် ဆိုပြီးတော့ အမကို အသိအမှတ်ပြုခဲ့ကြတာ။

(၄) – မကြည်ဖြူသျှင် လုပ်နေတဲ့ ပရဟိတလုပ်ငန်းလေးတွေ အကြောင်းလေးတွေလဲ မျှဝေပေးပါအုံးရှင်။

– ပရဟိတ အနေနဲ့ စလုပ်ဖြစ်တာက ဆရာတော် အရှင်ဆန္ဒာတိကရဲ့ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှာ စပြီးပါဝင်ခဲ့တာပါ။ နယ်လှည့်ပြီး ဆေးကုတဲ့ အခါ ကိုယ်တိုင်လိုက်ဖြစ်တယ်။ နောက် ခွဲစိတ်သူတွေအတွက် ပညာပေးကားအတိုလေးတွေ ရိုက်ဖြစ်တယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးလောကထဲကို ရောက်သွားခဲ့တယ်။ NLD ပါတီထဲ ရောက်သွားတယ်။ ရောက်သွားတဲ့ အကြောင်းအရင်းကလည်း နိုင်ငံရေးဆိုတာ ပရဟိတ တစ်မျိုးပဲ။ ကိုယ့်နိုင်ငံမှာရှိတဲ့  ပြည်သူတွေ ကောင်းကျိုးအတွက် တတ်နိုင်သမျှ ဝင်ကူတဲ့ သဘောမျိုးဖြစ်တယ်။ နိုင်ငံရေးဘက် ရောက်သွားတော့ ကျန်းမာရေးဖောင်ဒေးရှင်းဘက်ကို မလှည့်နိုင်တော့ဘူး။ အချိန်မပေးနိုင်တဲ့ သဘောပါ။ နိုင်ငံရေးဆိုတာမှာလည်း ကျွန်မအမြဲတမ်းပြောတယ် “ကျွန်မက Politician တစ်ယောက်မဟုတ်ဘူး။ policy ပိုင်းကိုသွားတဲ့ နိုင်ငံရေးသမား တစ်ယောက်မဟုတ်ဘူး။ စိတ်မဝင်စားဘူး၊ မကျွမ်းကျင်ဘူး။ ကြည်ဖြုပြောတဲ့ နိုင်ငံရေးဆိုတာ “နိုင်ငံရေးသမားတွေအတွက် ပရဟိတ သင်တန်းကျောင်းထောင်တာမျိုး၊ နိုင်ငံရေး အသိအမြင်ကြွယ်ဝ ဖို့အတွက် နိုင်ငံတကာကဆရာတွေ၊ ပြည်တွင်းက ဆရာတွေနဲ့ သင်တန်းပို့ချပေးတာမျိုး။ တကယ့် နိုင်ငံ့အရေးတွေကို သူတို့ ထိထိရောက်ရောက်လုပ်နိုင်ဖို့ အတွက် သူတို့လိုအပ်မယ့် capacity ဖြည့်ပေးတဲ့ဖက်ကို ကြည်ဖြူက လုပ်ပေးတယ်။ နောက်တစ်ခုကကျတော့ ပြည်သူတွေ လွှတ်တော်တွေနဲ့ ပတ်သက်ပြီးပြည်သူတွေ လွှတ်တော်ကို ဘယ်လိုတိုင်ကြားလို့ ရတယ်ဆိုတာကို ကြည်ဖြူတို့ ဆက်သွယ်ပေးတယ်။ နောက်တစ်ခုက ပြည်သူတွေ ကြုံတွေ့ရတဲ့ အခက်ခဲတွေကို သူတို့ဘယ်လိုမျိုး လွှတ်တော်ကို တင်ပြလို့ရမလဲဆိုတာတွေ၊ နောက်လွှတ်တော်အမတ်တွေ လိုအပ်တဲ့ အကူညီတွေရှိရင်လည်း ကြည်ဖြူတို့ တတ်နိုင်တဲ့ဘက်က အကုန်ကူညီပေးတယ် ဆိုတော့ ကြည်ဖြူတို့သွားတဲ့ နိုင်ငံရေးက ပြောရမယ်ဆိုရင် ကူညီတဲ့ နိုင်ငံရေးပေါ့။ ရှေ့ဆက်ပြီးလည်း ကြည်ဖြူအမြဲတမ်းပြောတယ်။ ကျွန်မသည် political လိုမျိုး နိုင်ငံရေး လမ်းကြောင်းတွေ သွားမှာ မဟုတ်ဘူး။  ပရဟိတဆန်သော နိုင်ငံရေးလမ်းကြောင်းကို သွားမယ်။ နိုင်ငံရေး အသိုင်းအဝိုင်းက လုပ်တဲ့ ပရဟိတတွေကိုတော့ ကြည်ဖြူတို့ တတ်နိုင်သလောက် လုပ်ပေးတယ်။ အဲလိုပုံစံမျိုးနဲ့ လက်ရှိ ပရဟိတတွေ လုပ်နေပါတယ်။

(၅) – အနုပညာ အလုပ်ရော၊ ပရဟိတ လုပ်ငန်းတွေပါ မအားမလပ် လုပ်ဆောင်နေတယ်ဆိုတော့ တခါတရံ အားတာလေးများရှိရင် အဲဒီအချိန်ကို ဘယ်လိုအသုံးချဖြစ်လဲ။ အစ်မရဲ့ အခြားဝါသနာလေးတွေလဲ သိပါရစေရှင်။

– အရင်တုန်းကဆိုရင်တော့ အားတဲ့ အချိန်ဆိုတာရှိတယ်။ အခုက အားတဲ့ အချိန်ဆိုတာ လုံးဝမရှိတော့ဘူး။ ခုနကပြောသလိုပေါ့ ခေါင်းစဉ်တွေကများ နေတဲ့ အခါကြတော့ အားတဲ့ အချိန်ဆိုတာ ကိုယ်အိပ်တဲ့ အချိန်ပဲရှိတော့တာပေါ့။ ကြည်ဖြူသွားတဲ့ လမ်းကြောင်းက ပရဟိတဆန်တဲ့ လမ်းကြောင်းဆိုတော့ နေရာတိုင်းက ကူညီစရာတွေက များနေတယ်။ အဲလိုမျိုးတွေပဲပရဟိတ အလုပ်တွေနဲ့ အနုပညာအလုပ်တွေ အတွက်ပဲအချိန်က ပြည့်နေတာပေါ့လေ။

မကြည်ဖြူသျှင်ရဲ့ အားကျအတုယူဖွယ် အင်တာဗျူး အပိုင်း-၂ ကို နောက်အပတ်မှာ ဆက်လက် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုကြပါနော်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အားကျသူများ Share ကြပါ။