မချိုဝတ်ရည်နဲ့ ၅ မိနစ် အမေးဖြေ

blank
Photo Credit: Wutyee FoodHouse

ဒီအပတ်မှာတော့ မြန်မာ့ချက်ပြုတ်မှုလောကထဲ ထိပ်တန်းရောက်အောင်မြင်နေပြီဖြစ်တဲ့ Wut Yee FoodHouse က မချိုဝတ်ရည်ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မချိုဝတ်ရည်ရဲ့ အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။

၁။ ဂန္တဝင်စာဖတ်ပရိသတ်တို့ မချိုဝတ်ရည်ရဲ့ အကြောင်းအနည်းငယ် သိပါရစေ။

  • ၀တ်ရည် မိဘတွေက ဒေါက်တာထွန်းသန်းထွန်းနဲ့ ဒေါ်ချိုကျော်စိုးပါ။ အစ်ကို နှစ်ယောက်နဲ့ အစ်မွှာညီမ တစ်ယောက်ရှိပါတယ်။ ၀တ်ရည် ကျောင်းကို အ.ထ.က(၂) ကမာရွတ်မှာ တက်ခဲ့ပြီး ကွန်ပြူတာနဲ့ ဘွဲ့ရရှိထားပါတယ်။ အိမ်ရှင်မ တစ်ယောက်ဖြစ်တာမို့ နေ့စဉ်လိုလို ဟင်းလျာများကို ချက်ပြုတ်လေ့ရှိပါတယ်။

၂။ မချိုဝတ်ရည်ရဲ့ အားလပ်ချိန်မှာ လုပ်လေ့ရှိတဲ့ ဝါဒနာလေးတွေ Share ပေးပါအုံး။

  • အားလပ်ချိန်တွေမှာ ဆိုရင် သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်ကြည့်တာ၊ စားသောက်ဆိုင် ကောင်းကောင်းမှာ သွားရောက် စားသောက်တာတွေ လုပ်လေ့ ရှိပါတယ်။

၃။ မချိုဝတ်ရည် ချက်ပြုတ်မှုလောကထဲကို ဘယ်လို ရောက်ရှိလာခဲ့တာလဲ။

  • ၀တ်ရည် ကျောင်းပြီတော့ အချက်အပြုတ် သင်တန်းလေးတစ်ခု တက်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါနဲ့ပဲ  Star Resources Culinary Course မှာ ၂၀၀၈ ခုနှစ်လောက်က သင်တန်းစတက်ဖြစ်တယ်။ သင်တန်းတက်ရင်းနဲ့ပဲ အချက်အပြုတ်ကို အရမ်းဝါသနာ ပါလာတယ်။ သင်တန်းပြီတော့ ၀ါသနာအရ ဆက်ပြီ လေ့လာဖြစ်သွားတာပါ။

၎။  WutYee FoodHouse စတင် ပေါ်ပေါက်လာပုံလေး သိပါရစေရှင်။

  • ၀တ်ရည် သိသမျှ ဟင်းချက်နည်းတွေကို သူငယ်ချင်းတွေအတွက် အီးမေးက တဆင့် မျှဝေလေ့ရှိတယ်။ သူငယ်ချင်းတွေက အကြံပေးပါတယ်။ ဘလောက်လေး လုပ်ပေါ့၊ အဲဒါဆိုရင် သူငယ်ချင်းတွေမကဘူး၊ အားလုံးကို ဟင်းချက်နည်းတွေ ရှယ်လို့ ရတာပေါ့လို့ ပြောကြပါတယ်။ ဒီလိုနဲ့ပဲ Wutyee Food House ဟင်းချက်ဘလောက်ကို ၂၀၀၉ခုနှစ်မှာ စပြီလုပ်ဖြစ်ခဲ့တာပါ။

၅။ မချိုဝတ်ရည် WutYee FoodHouse ကို ထူထောင်ရခြင်း၏ ရည်မှန်းချက်လေး ပြောပြပါအုံး။

  • အဓိက ရည်ရွယ်ချက်က ဟင်းချက်ဝါသနာပါသူ မြန်မာတွေ အတွက်ပါ။ မြန်မာဟင်းချက်နည်းတွေ သာမက၊ နိုင်ငံတကာ ဟင်းချက်နည်းတွေကိုပါ ချက်ပုံအဆင့်ဆင့်နဲ့တကွ အရသာရှိရှိ အလွယ်တကူ ချက်ပြုတ်နိုင်အောင်ပါ။

၆။ ချက်ပြုတ်နည်းလေးတွေနဲ့ ပတ်သက်ပြီး ဘာစာအုပ်လေးတွေ ရေးထားတာရှိပါသလဲ။ စာဖတ်ပရိသတ်တွေကို ဘာလေးဖတ်ဖို့ recommend လုပ်ချင်လဲ။ မချိုဝတ်ရည် ဘာတွေထပ်ရေးဖို့ အစီစဉ် ရှိသေးလဲ။

  • ၀တ်ရည် ခုလက်ရှိ Wutyee Food House ဟင်းလက်ရာ (၁၀၁)မျိုး နဲ့ Wutyee Food House ဟင်းလက်ရာ(၁၀၂)မျိုး ဟင်းချက်စာအုပ် ၂အုပ် ထုတ်ထားပါတယ်။ ၂၀၁၄ နှစ်ကုန်လောက် ဟင်းချက်စာအုပ်သစ် ထွက်ဖို့ အစီအစဉ်ရှိပါတယ်။

၇။ ကျန်းမာရေးနဲ့ သင့်လျော်အောင် ဘယ်လို ချက်ပြုတ်စားသောက်သင့်လဲဆိုတဲ့ အကြံဥာဏ်လေးပေးပါအုံးရှင်။

  • ကျန်းမာရေးနဲ့ ညီညွှတ်အောင် ချက်ပြုတ်ဖို့ဆိုရင် မီးဖိုချောင်က အရေးပါပါတယ်။ ဒါကြောင့် ချက်ပြုတ်တဲ့သူရဲ့ တကိုယ်ရည် သန့်ရှင်းရေးပင်မကပဲ မီးဖိုချောင်ကိုပါ နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။

၈။ ချိုဝတ်ရည်ဆိုတဲ့ နံမည် အောင်မြင်စမှာ အတိုက်ခိုက်တွေကို ဘယ်လို
အနိုင်ယူ ဖြတ်သန်းခဲ့လဲ။

  • ၂၀၀၉- ၂၀၁၀ လောက်ကဆိုရင် မီးကလည်းပျက်၊ ကိုယ် ဟင်းချက် ဘလောက်ထဲ ပြန်ဝင်ဖို့ proxy သုံးရတဲ့ ခေတ်ဆိုတော့လေ။ အဆင်မပြေမှုတွေကတော့ အများကြီးပါပဲ။ ဟင်းသစ် တမျိုးတင်ဖို့ တညလုံး မအိပ်ပဲ အချိန်ပေးပြီ တင်ခဲ့ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် ဘယ်အခက်အခဲပဲ တွေ့တွေ့ ဇွဲတော့ မလျှော့ပါဘူး၊ ကိုယ်ဝါသနာတာကို ဖြစ်အောင် ကြိုးစားခဲ့တာပါ။

၉။ အစားအသောက် ချက်ပြုတ်မှုတွေကို အချိန်မပေးနိုင်သူတွေအတွက် အချိန်တိုအတွင်း အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်မယ့် ကျန်းမာရေးနဲ့ သင့်လျော်တဲ့ ဟင်းလျာလေးတွေကို ဖော်ပြပေးပါအုံး။

  • ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာ ကတော့ ကြက်ဥပဲ ဖြစ်ပါတယ်။ အဟာရပြည့်ဝစေသည့်အပြင် ကြက်ဥကို အချိန်တိုအတွင်းမှာပဲ ကြော်၊ ပြုတ်၊ စသည့် မျိုးစုံလုပ်စားနိုင်ပါတယ်။
  • ဆယ်မွန်ငါးမှာ Omega-3၊ ပရိုတင်း ပါဝင်တာမို့ ကျန်းမာရေး အတွက် အလွန်ကောင်းပါတယ်။ ဆယ်မွန်ကို pan grilled ပဲဖြစ်ဖြစ်၊ ဆလတ်သုတ်၊ စသည့်ဖြစ် လုပ်စားနိုင်ပါတယ်။

၁၀။ မချိုဝတ်ရည်ရဲ့ စိတ်ကူး အိမ်မက်လေးတွေက ဘာတွေလဲ။

  • ၀တ်ရည် မြန်မာပြည်အနှံ့မှာရှိတဲ့ ရိုးရာ ဟင်းချက်နည်းတွေကို လေ့လာပြီး ဖော်ထုတ်သွားချင်တာပါပဲ။

ကဲ… မချိုဝတ်ရည်ရဲ့ 5 Minute Biography လေးကိုဖတ်လိုက်ရတာ စာဖတ်ပရိသတ်ကြီးတို့ ဘာအတုယူဖွယ်လေးတွေ တွေ့လိုက်ရလဲ။ ကျွန်မအနေနဲ့တော့ မချိုဝတ်ရဲ့ ရည်မှန်းချက်ခိုင်မာမှု၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှုနဲ့ အခုလိုရပ်တည်နိုင်ဖို့အတွက် ၆နှစ်ကျော်အချိန်ပေးပြီး ကိုယ်လိုရာ ပန်းတိုင်ဆီသို့ ဇွဲလုံ့လအပြည့်နဲ့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းမှုလေးတွေကို တွေ့လိုက်ရပါတယ်။ စာဖတ်ပရိသက်တို့အနေနဲ့လည်း လုပ်ငန်းခွင်မှာ အခက်အခဲအသေးအဖွဲလေးတွေ ရင်ဆိုင်နေရတယ်ဆိုရင် လွယ်လွယ်နဲ့ လက်မြောက်အရှုံးမပေးဘဲ “အနာခံမှ အသာစံမယ်” ဆိုတာလေးကို အမှတ်ရလိုက်ပါ။ ဂန္တဝင်စာဖတ်ပရိသတ်ကြီးတို့လည်း အခုလို ရှေ့မှာလမ်းခင်းပြသသွားတဲ့ မချိုဝတ်ရည်လိုဘဲ ရည်မှန်းချက်ခိုင်ခိုင်မာမာနဲ့ အားကျိုးမာန်တက် လိုရာပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ဖော်ပြပါ Facebook share button လေးကို တစ်ချက်နှိပ်ပြီး သင့်သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။