အမျိုးသမီးများနေ့မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုကတိတွေပေးချင်လဲ။

blank

သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတုန်း သူ့ရဲ့မောင်လေးရောက်လာတယ်။ သူ့မောင်လေးရဲ့ ချစ်သူဟာ သူနဲ့တွဲနေတုန်းမှာပဲ အခြားတစ်ယောက်နဲ့ ရုတ်တရက်ခိုးရာလိုက်သွားတဲ့အကြောင်း လာရင်ဖွင့်နေတာပေါ့။ ပြီးတော့သူ့ကောင်မလေးမကောင်းကြောင်းတွေကို ပြောနေခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မသူငယ်ချင်းက ချက်ခြင်းပဲ လက်ကာပြပြီး “ မပြောနဲ့တော့” တဲ့။ ပြီးတော့ သူကဆက်ပြောတယ် “ငါကမိန်းကလေးတစ်ယောက်ဖြစ်နေလို့ အခြားမိန်းကလေးတစ်ယောက်ရဲ့ မကောင်းကြောင်းကို နားထောင်မပေးနိုင်ဘူးတဲ့။ သူ့ဖာသာသူကောင်းချင်ကောင်းမယ်။ မကောင်းချင်မကောင်းလိမ့်မယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် အခြားမိန်းကလေးတစ်ယောက်ရဲ့ မကောင်းကြောင်းကို နားထောင်မပေးနိုင်ဘူး” တဲ့။

ကျွန်မသူငယ်ချင်းပြန်သွားတဲ့အချိန်မှာ ကျွန်မရင်ထဲ အတွေးတွေအများကြီးကျန်ခဲ့တယ်။ ကျွန်မကိုယ်တိုင်ကကော အခြားမိန်းကလေးတစ်ယောက်ရဲ့ အတင်းအဖျင်းတွေကို နားထောင်ဖို့ ငြင်းဆန်နေပြီလား။ အခြားမိန်းကလေးတစ်ယောက် ထိခိုက်နစ်နာစေမယ့် အဖြစ်မျိုးတွေကို ရှောင်ကြဉ်နေပြီလား။ အခြားမိန်းကလေးတစ်ယောက် လဲကျတဲ့အခါ ဟားတိုက်ရယ်မောဖို့ထက် အရင်ဆုံးပြေးထူတတ်ဖို့ အလေ့အကျင့်လေးကို မွေးမြူပြီးပြီလား။ စတာတွေကို ကျွန်မကိုယ်ကျွန်မမေးမိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မတို့ မိန်းကလေးတွေအတွက် စိန်ခေါ်မှုတွေ၊ အတိုက်အခိုက်တွေ၊ အတားအဆီးတွေ များစွာရှိနေတယ်။ အဲ့ဒီအရာတွေထဲမှာ မိန်းကလေးတွေအတွက် မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်လာရတဲ့ အခက်အခဲအတားအဆီးတွေကော ဘယ်လောက်ရှိနေပြီလဲ။ လောကဓံတရားနဲ့ အခက်အခဲဒုက္ခတွေက ကျွန်မတို့ကို ယိမ်းယိုင်စေဖို့ရောက်လာတဲ့အခါ ကျွန်မတို့အချင်းချင်း ညီညွတ်ကြရင် မိန်းကလေးတွေ အခုရင်ဆိုင်နေရတဲ့အရာတွေ နည်းနည်းလေးများ ပေါ့သွားမလား။

လောကကြီးမှာ ကြုံတွေ့နေရတဲ့ ဒုက္ခပေါင်းများစွာ ရှိနေတယ်။ အဲ့ဒီထဲက မိန်းကလေးချင်းပေးတတ်တဲ့ ဒုက္ခတွေ၊ မကောင်းပြောဝေဖန်တဲ့ စကားတွေ၊ စိတ်တွေကိုယိမ်းယိုင်စေမယ့် လက်ညှိုးတွေကို လျှော့လိုက်ရင်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အားပေးကြမယ်ဆိုရင် ကျွန်မတို့ဘဝတို့ ဘယ်လောက် သာယာလှပလာလိမ့်မလဲတဲ့။

ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့တဲ့။ အမျိုးသမီးများနေ့မှာ အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ကတိတစ်ခုပေးလိုက်မိတယ်။ ဒီနေ့ကစပြီး အမျိုးသမီးအချင်းချင်း အဆိုးမြင်တဲ့အတွေးတွေ၊ မကောင်းပြောဝေဖန်မှုတွေ မပြုလုပ်တော့ဘူး။ တတ်စွမ်းသလောက် ကူညီဆွဲထူပေးမယ်လို့ပေါ့။

သင်ကော… ဘယ်လိုကတိတွေပေးမိမလဲ။