ကလေးတွေရဲ့ ဘာသာစကားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် application တီထွင်ခဲ့သူ (၁၂) နှစ်အရွယ် ဟေလာရီ ရစ်ပ် (Hillary Yip)

blank

ဟေလာရီ ယစ်ပ် ယင်န် ဟေး (Hillary Yip Ying-hei) လို့ခေါ်တဲ့ (၁၂) နှစ်အရွယ်ကောင်မလေးဟာ နည်းပညာကို စိတ်ဝင်တစား လေ့လာနေသူတစ်ဦးပါ။ သူမဟာ မန်ဒရင်းဘာသာစကားကို အသက်(၁ဝ)နှစ်အရွယ်မှာ စတင်သင်ကြားခဲ့ပါတယ်။ သင်ကြားရေး နှစ်နှစ်တာမှာ သူမကြုံတွေ့နေရတဲ့ အခက်အခဲတွေကု ဘာသာစကား application တစ်ခု တီထွင်ဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။

သူမဟာ သာမန် (၁၂) နှစ်အရွယ်ကလေးတစ်ယောက်မဟုတ်တာတော့ အသေအချာပါပဲ။ အတန်းရဲ့ အတော်ဆုံးကလေးတစ်ယောက်ဖြစ်ပြီး ကျောင်းသင်ခန်းစာတွေနဲ့လည်း ရုန်းကန်နေရသေးတဲ့ ခြောက်တန်းကျောင်းသူလေး ယစ်ပ်ဟာ လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

“ထိုင်ဝမ်မှာ မန်ဒရင်းဘာသာစကားသင်ယူနေတဲ့အချိန် ၂ဝ၁၅ ခုနှစ်လောက်မှာပဲ မိုင်နာမိုင်းနပ်စ် (MinorMynas) ကို တီထွင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျွန်မ ဒီကိုစတင်ရောက်ရှိခါစတုန်းက ကျွန်မရဲ့ ဘာသာစကားအခြေအနေဟာ တော်တော်ကိုဆိုးရွားခဲ့တာပါ။ ဒါပေမဲ့ ဒီအရာတွေကပဲ ကျွန်မဘယ်လောက်တိုးတက်လာခဲ့တယ်၊ ကျွန်မကို ဘယ်အရာတွေက နှောင့်နှေးနေစေခဲ့တယ်ဆိုတာတွေ သိရှိစေခဲ့ပါတယ်” လို့ ယစ်ပ်ကဆိုပါတယ်။

“မိုင်နာမိုင်းနပ်စ် (MinorMynas)ဟာ အသက်အရွယ်တူကလေးငယ်တွေတိုင်းကို ဘာသာစကားအခက်အခဲတွေကို ကျော်လွှားပြီး အချင်းချင်း ဆက်သွယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ စာတွေ့ထက် လက်တွေ့ကသာ အကောင်းဆုံး သင်ကြားပေးနိုင်တာမလား”လို့ ယစ်ပ်က ဆိုပါတယ်။

ဒီလိုမျိုး ကြီးမားတဲ့ရည်ရွယ်ချက်တွေနဲ့ သူမဟာ ၂ဝ၁၅ မှာပဲ AIA Emerging Entrepreneur Challenge ဆုကို ရရှိခဲ့ပါတယ်။ ထုတ်လုပ်သူတစ်ယောက်က သူမရဲ့စိတ်ကူးတွေကို သဘောကျပြီး မိုင်နာမိုင်းနပ်စ်ကို ထုတ်လုပ်ပေးဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာတော့ သူမရဲ့ စိတ်ကူးတွေအားလုံးက အမှန်တကယ်ဖြစ်လာပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“လူကြီးတွေကို နည်းပညာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာ ဘာမှမရှိလို့ သူတို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းကနေ ဆက်သွယ်နိုင်ဖို့ဆိုတာ မခက်ခဲပါဘူး။ ဒါပေမဲ့ ကလေးတွေအတွက်ကျတော့ အကန့်အသတ်တွေရှိတာမို့ ကျွန်မတို့အားလုံးဟာ ကျောင်းကသူငယ်ချင်းတွေ၊ ဗွီဒီယိုဂိမ်းတွေနဲ့ပဲ ပိတ်မိနေပါတော့တယ်။ ဒါကြောင့် ကျွန်မတို့အတွက် လုံခြုံစိတ်ချရတဲ့ ဘာသာစကား application တစ်ခုလိုအပ်ပါတယ်”

ယစ်ပ်ဟာ ဒီ application ကို သုံးစွဲမှုပိုမိုကျယ်ပြန့်လာအောင် အစီအစဉ်တွေချခဲ့ပါတယ်။ အခုဆိုရင် မိုင်နာမိုင်းနပ်စ်ကို Apple ရဲ့ App Store မှာပါရရှိနိုင်ပါပြီ။

သူမငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကို မေးလိုက်တဲ့အခါမှာတော့ သူမအမေ လော (Law) ကြောင့်ပါလို့ ပြောပြခဲ့ပါတယ်။

လောက “ဟေလာရီရဲ့အဖေနဲ့ ကျွန်မဟာ ဘာသာစကားအခက်အခဲတွေကြောင့် အရမ်းပင်ပန်းခဲ့ရတာပေါ့။ ကျွန်မရဲ့ ကလေးတွေကိုတော့ ဒီအခက်အခဲတွေ မကြုံတွေ့စေချင်ဘူး”လို့ သူမပြောပြခဲ့ပါတယ်။

“မိဘတွေအားလုံးကတော့ ကိုယ့်သားသမီးကိုယ် ဘာသာစကားတွေ မြောက်များစွာတတ်ကျွမ်းတဲ့သူတွေ ဖြစ်စေချင်တာပါပဲ။ ဒါပေမဲ့ ဒီလိုဘာသာစကား နှစ်ခု၊ သုံးခုသင်ကြားရခြင်းကတော့ သူတို့အတွက် မလွယ်ကူလှပါဘူး။ သင်ကြားမှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် လက်တွေ့အသုံးချနိုင်တဲ့ အခွင့်အရေးမရှိတဲ့အတွက် ကျွမ်းကျင်သွားနိုင်ဖို့ ခက်ပါတယ်။”

“နောက်ဆုံးအနေနဲ့ ကျောင်းသားမိဘတွေကို သိစေချင်တာက ကျောင်းဟာ ကျွန်မတို့ကလေးတွေကို သင်ကြားပေးနိုင်တဲ့ တစ်ခုတည်းသောနေရာမဟုတ်ပါဘူး။ တစ်ခါတလေမှာ သူတို့ယုံကြည်တဲ့အရာကို လုပ်ကိုင်နိုင်ဖို့ တွန်းအားပေးခြင်းက သူတို့ကို ပိုအထောက်အကူဖြစ်စေမှာပါ” လို့ လောက ပြောဆိုသွားပါတယ်။

စာချစ်သူတို့လည်း ဒီစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။