နူးညံ့ခြင်းဆိုတာ မိန်းကလေးတွေရဲ့ အကြီးဆုံးခွန်အား

blank

မိန်းကလေးတွေကို နူးညံ့တယ်လို့ ပြောကြတယ်။  ပန်းကလေးတွေနဲ့ တင်စားကြတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ထိ စိတ်ဓာတ်သန်မာတယ်ဆိုတာ သင်သိလား။ မိန်းကလေးတစ်ယောက် ပိုးဟပ်တစ်ကောင်ကို မြင်ရင် ကြောက်ရွံ့စွာ ထွက်ပြေးကောင်း ထွက်ပြေးလိမ့်မယ်။ ဒါပေမဲ့ သူမချစ်ခင်ရတဲ့သူတစ်ယောက် အခက်အခဲ ကြုံတွေ့ရတဲ့အခါမှာတော့ ထိပ်ဆုံးက ကူညီဖြေရှင်းပေးတတ်ကြတယ်။ သွေးစက်တွေကို ကြောက်ရွံ့တဲ့ မိန်းကလေးတစ်ယောက်ဟာ မီးဖွားခြင်းဆိုတဲ့ နာကျင်မှုတွေကို သားသမီးဆိုတဲ့ ပီတိတွေနဲ့ လဲလှယ်နိုင်ကြတယ်။

မိန်းကလေးတွေဟာ ထိခိုက်လွယ်တယ်၊ အားနွဲ့တယ်လို့ ပြောစမှတ်ပြုကြပေမယ့် အရေးကိစ္စကြုံလာတဲ့အခါမှာ အားကောင်းမောင်းသန်ယောက်ျားလေးတစ်ယောက်ကို စိတ်ဓာတ်ကြံ့ခိုင်လာအောင် အားပေးနိုင်စွမ်းရှိကြသူတွေပါ။ မိန်းကလေးတွေဟာ မျက်ရည်လွယ်ကြတယ်။ ဒါပေမဲ့ မျက်ရည်တွေကို လွန်မြောက်ပြီးသွားပြီဆိုရင် ဘဝကို ပြန်လည်တည်ဆောက်နိုင်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပါသည်။

အခက်အခဲတွေ၊ ဒဏ်ရာတွေ၊ နာကျင်မှုပေါင်းများစွာကို ခံနိုင်ရည်ရှိကြပြီး ချစ်ရသူတွေအတွက်ဆိုရင် အရာရာကို အေးဆေးတည်ငြိမ်စွာကျော်ဖြတ်နိုင်ကြသူတွေပါ။ မိန်းကလေးတစ်ယောက်ဟာ သမီးအဖြစ်နဲ့ ဖခင်အတွက် ထီးလိုအုပ်မိုးပေးတတ်ကြသူတွေ၊ ဇနီးအဖြစ်နဲ့ အိမ်ဂေဟာကို အလှဆင်ပေးတတ်ကြပြီး မိခင်အဖြစ်နဲ့ အလှဆင်ပေးတတ်ကြတဲ့ အာဂနှလုံးသားပိုင်ရှင်တွေပါ။

ဘဝမှာ မိမိအရေးထက် အခြားသူတွေရဲ့ အရေးကို ဆောင်ရွက်ပေးရင်း မိမိဘဝရဲ့ အချိန်တွေကို ကျေနပ်စွာ ကုန်ဆုံးတတ်ကြတယ်။ အသိအမှတ်ပြုမူတွေရခဲ့ချိန်မှာကော၊ ဥပေက္ခာတရားတွေကို ပိုင်ဆိုင်ချိန်မှာကော မိမိရဲ့ တာဝန်ဝတ္တရားတွေကို အကောင်းဆုံး ထမ်းဆောင်ရင်း လုပ်စရာရှိတာကို လုပ်နိုင်စွမ်းရှိကြတယ်။

ရေဟာ အမြင့်ကနေ အနိမ့်ကို စီးဆင်းတတ်ပြီး နူးညံ့ပေမယ့် ဘယ်သူကမှ ခုတ်ထစ်လို့မရတဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသလိုပဲ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့ပေမယ့် သူတို့ကို လဲပြိုကျသွားအောင် လွယ်လွယ်နဲ့လုပ်လို့မရနိုင်ပါဘူး။ သင့်ဘဝမှာ ပုံစံမျိုးစုံနဲ့ ရှိနေတဲ့ သံမဏိစိတ်ဓာတ်ပိုင်ရှင် အမျိုးသမီးတွေကို လေးစား၊ တန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ဖို့က သင့်တာဝန်ပါ။ သင့်ကို စိတ်ဓာတ်ခွန်အားတွေ မြင့်တင်ပေးဖို့ အကြံဉာဏ်ပေးဖို့ သူမတာဝန်ယူပါလိမ့်မယ်။

နူးညံ့ခြင်းဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ အကြီးဆုံးခွန်အားဆိုတာကို သင်လည်းလက်ခံတယ်ဆိုရင် ဒီစာစောင်လေးကို ဝေမျှပေးလိုက်ပါနော်။