ပါမောက္ခစတက်ဖန် ဟော့ကင်းရဲ့ စိတ်ဓာတ်ခွန်အားပေး အမှာစကား

blank

ထူးချွန်ထက်မြက်တဲ့ ရူပဗေဒပညာရှင် စတက်ဖန် ဟော့ကင်း (Stephen Hawking) ရဲ့ အကြောင်းကို အင်တာနက်ပေါ်မှာ မကြာခဏ တွေ့နေကြားနေရပါတယ်။ သူဟာ ဒီခေတ်လူငယ်တွေအတွက် အတုယူစရာ စံပြလူသားတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ဘဝဇာတ်ကြောင်းဟာ တကယ်ကို စိတ်ဓာတ်တက်ကြွစရာကောင်းပြီး မျှော်လင့်ချက်တွေကို ရှင်သန်စေနိုင်ပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ သူဟာ ASL (amyotrophic lateral sclerosis) ဆိုတဲ့ အာရုံကြောရောဂါလက္ခဏာတွေကို စတင်ခံစားလာရပြီး ဆရာဝန်တွေက အလွန်ဆုံး ၃နှစ်အထိပဲ အသက်ရှင်မယ်လို့ ပြောခဲ့ပါတယ်။ နှစ်ပေါင်း ၅ဝ အကြာမှာတော့ ဟော့ကင်းဟာ ထူးချွန်တဲ့သိပ္ပံပညာရှင်ဖြစ်လာပြီး လူတိုင်းအတွက် အတုယူစရာ ဖြစ်လာခဲ့ပါတယ်။

ရောဂါဆိုးကြီးက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေပေမဲ့လည်း သူ့စိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ပါဘူး။ ကံဆိုးမှုတွေက သူ့ဦးနှောက်ရဲ့ ထက်မြက်မှုကို မလွှမ်းမိုးနိုင်ဘူးလေ။ လောကကြီးကနေ ဘာကိုမှ မျှော်မှန်းမထားပေမဲ့ စိတ်အားထက်သန်မှုနဲ့ သူ့အလုပ်ကို ဆက်လုပ်ခဲ့တယ်။ အဓိကကတော့ မျှော်လင့်ချက်ပါပဲ။ လုံးဝထင်မှတ်မထားလောက်အောင်ထိ သူ့ဘဝကို အကောင်းဆုံး ကြိုးစားနိုင်ခဲ့ပါတယ်။

တစ်ချိန်လုံး ဝှီးချဲလ်ပေါ်မှာ ထိုင်နေရပြီး လှုပ်လည်းမလှုပ်နိုင်၊ စကားလည်း မပြောနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လူတိုင်းအတွက် မှတ်သားစရာအကြောင်းအရာတွေ အများကြီးချန်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သင်တန်းတစ်ခုမှာ စိတ်ဓာတ်ကျခြင်းနဲ့ဆိုင်တဲ့ အကြောင်းအရာကို ပြောခဲ့ပါတယ်။

“စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော့်အတွက်ကတော့ တွင်းနက်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ တွင်းနက်ကြီးတွေဟာ ထင်ထာသလောက် နက်ချင်မှနက်မယ်၊ ပြီးတော့ ဘယ်တော့မှ ပြန်မတက်နိုင်မယ့် တွင်းတွေလည်း မဟုတ်ဘူး။ တွင်းနှုတ်ခမ်းပေါ် ပြန်တက်ချင်တက်နိုင်သလို တွင်းထဲခုန်ချပြီး တခြားဂြိုဟ်ပေါ်ရောက်သွားတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင်၊ တွင်းနက်ကြီးထဲရောက်နေသလို ခံစားရတယ်ဆိုရင် လက်မလျှော့ပါနဲ့။ ထွက်နိုင်မယ့်နည်းလမ်းကို ရှာပါ။

အောက်ကို ငုံ့မကြည့်ပါနဲ့။ အပေါ်ကိုပဲ မော့ကြည့်ပါ။ အလုပ်ကို လက်မလျှော့ပါတဲ့။ အလုပ်တိုင်းက သင့်ဘဝအတွက် ရည်ရွယ်ချက်တွေကို ပေးနေပါတယ်။ ချစ်ခြင်းမေတ္တာကို တွေ့ရှိနိုင်လောက်အောင် ကံကောင်းတယ်ဆိုရင် ချစ်ခြင်းမေတ္တာကို ခံစားပါ။

ကံမကောင်းတဲ့သူတွေမှာ သူတို့ဘဝကို အဆုံးသတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီလိုအဆုံးသတ်လိုက်တာဟာ မဟာအမှားကြီးလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လောက်ပဲ ဘဝကြီးက ဆိုးနေပါစေ၊ လုပ်နိုင်တဲ့အရာ တစ်ခုခုတော့ ရှိနေဦးမှာပါ။ အဲဒီအရာကို ဖြစ်အောင်လုပ်ပါ။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေပါတယ်။” လို့ ပါမောက္ခဟော့ကင်းက ပြောခဲ့ပါတယ်။

ဒါကြောင့် စာချစ်သူတို့ရဲ့ဘဝမှာ ဘယ်လောက်ပဲ ကံဆိုးမှုတွေ ကြုံရပါစေ၊ လက်မလျှော့ပါနဲ့။ မျှော်လင့်ချက်ထားပြီး အကောင်းဆုံးကြိုးစားပါလို့ တိုက်တွန်းလိုက်ပါရစေ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။