“ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း အခက်အခဲ ပေါင်းစုံ ရင်ဆိုင်ရတာပါပဲ။” လို့ ဆိုတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခြင်း

blank

မင်္ဂလာပါ ဂန္ထဝင် ပရိသတ်ကြီးရေ။

နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်တဲ့ မိန်းမသားတွေနဲ့ တွေ့ဆုံမေးမြန်းနေကျ 5 minutes biography of successful women  ကဏ္ဍကနေ ဒီတစ်ပတ်တွေ့ ဆုံမေးမြန်းထားသူကတော့ ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့ မလိုက်အောင် အောင်မြင်မှု အလီလီ သိမ်းပိုက် ဆွတ်ခူးထားတဲ့ ကစ်ကစ်တစ် ဖြစ်လဲ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ အနုပညာ ခရီးလမ်းလျှောက် အတွေ့အကြုံလေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်နော်။

၁။ မင်္ဂလာပါ ကစ်ကစ်ရေ။ ပထမဆုံးအနေနဲ့ ကစ်ရဲ့ မိသားစု အကြောင်းနဲ့ ပညာရေး အကြောင်းလေးကို မေးပါရစေ။

ညီမလေးရယ်၊ ပြီးရင်  မိဘနှစ်ပါးနဲ့ နေဖြစ်တယ်။ မိသားစုကတော့ ကစ်ရဲ့ အနုပညာ အလုပ်တွေကို တတ်နိုင်တဲ့ ဘက်က ကူညီပေးကြတယ်။ အဝေးသင် E မေဂျာတက်နေပါတယ်။

၂။ ကစ်ကို ပရိသတ်စပြီးရင်းနှီးခဲ့တာက ကြော်ငြာတွေမှာ ပေါ့နော်။ ကြော်ငြာတွေလည်း လက်မလည်အောင် ရိုက်ကူးနေရတာဆိုတော့ လက်ရှိ အချိန်ထိ ကစ်လက်ခံ ရိုက်ကူးခဲ့တဲ့ ကြော်ငြာ အရေအတွက် ဘယ်လောက်  ရှိပါပြီလဲ။

ကြော်ငြာတွေကတော့ ရိုက်ဖြစ်တယ်။ အခုဆိုရင် တော်တော်များနေပြီ ဆိုတော့ သိပ်တောင် မမှတ်မိတော့ဘူး။ အများကြီးတော့ ရိုက်ဖြစ်ခဲ့တယ်။ ပြီးရင် အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပါတယ်။

၃။ ဇာတ်ကားတွေ စတင်ရိုက်ကူးချိန်မှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ရှိရင်လည်း ပြောပြပေးပါရှင်။

အခက်အခဲတွေကတော့ အမျိုးမျိုး ရှိတာပေါ့နော်။ လူတိုင်းကတော့ ကိုယ့်ဖြစ်ချင်တဲ့ အိပ်မက်ကို လွယ်လွယ်ကူကူနဲ့  ရတာမျိုး မဟုတ်ဘူးလေ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း အခက်အခဲ ပေါင်းစုံ ရင်ဆိုင်ရတာပါပဲ။ အချို့ ကာရိုက်တာတွေဆိုရင် ကစ်ရဲ့ ကာရိုက်တာနဲ့ မတူတာမျိုး ရှိတယ်။ အဲ့ဒီလို ကားမျိုးရိုက်တော့မယ်ဆိုရင် ကစ်အနေနဲ့ ကားမရိုက်ခင်ထဲက ကြိုတင်ပြင်ဆင်တယ်၊ လေ့လာတယ်။ အနီးစပ်ဆုံး တူအောင် သရုပ်ဆောင်တယ်။

၎။ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လို စိတ်ဓာတ်မျိုး မွေးပြီးရင်ဆိုင် ကျော်ဖြတ်လဲ။

ကစ် အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ပါတယ်။  ကြုံတွေ့လာရမဲ့အခက်အခဲတိုင်းကို ရင်ဆိုင်နိုင်အောင် ဘေးကနေပြီးတော့ ကစ်ကို  ဝိုင်းပြီးတော့ အားပေးကြတဲ့ ကစ်ရဲ့ မိဘနှစ်ပါးနဲ့ ပရိသတ်တွေကြောင့်ပဲ ကစ် ဒီလို အခြေအနေထိ ရောက်လာတာပါ။ သူတို့တွေက ကစ်ရဲ့ ခွန်အားတွေပါပဲ။

၅။ ကစ်ကို အကယ်ဒမီ ဝတ်မှုန်ရွှေရည်လို့ ဖြစ်စေခဲ့တဲ့ ရုပ်ရှင် ကားကြီးတွေနဲ့ ပတ်သက်ပြီးတော့လည်း အမှတ်တရလေးတွေ ရှိခဲ့ရင် ပြောပြပေးပါ။

အမှတ်တရလေးတွေ ကတော့ အများကြီးပဲ။ ကိုယ် အကယ်ဒမီရတဲ့ ကားတွေမှာတော့ ဇာတ်ရုပ်နဲ့ လိုက်ပြီး ကိုယ်စားပြုထားတဲ့ အနုပညာကို အသိအမှတ် ပြုတဲ့အတွက် ထိုက်ထိုက် တန်တန်နဲ့ ရတယ်လို့ ထင်ပါတယ်။ ၂ဝ၁၃ က နင်စေရင် ၊ ၂ဝ၁၄ က Made in Heart နှလုံးသားဖြင့် ပြုလုပ်သည်တွေမှာ အကယ်ဒမီရခဲ့ပါတယ်။

၆။ ပရိသတ်တွေက ကစ်ကို စသိခဲ့တာက နုနုလှလှ ချစ်စဖွယ် ဇာတ်ရုပ်လေးတွေနဲ့ ပေမယ့် တကယ့်ဘဝသမား ဇာတ်ရုပ်တွေမှာလည်း နိုင်နိုင်နင်းနင်း သရုပ်ဆောင်တာ တွေ့ရပါတယ်။

ငယ်ငယ်တည်းက ဝါသနာ ပါတယ်။ မင်းသမီး ဖြစ်ချင်တယ်။ အောင်မြင် ချင်တယ်။ ပရိသတ်တွေ့ရဲ့ အချစ်ခံရတာတွေ ဆိုရင်မိုက်တယ်ပေါ့။ တကယ့် တကယ်ဆို တော်တော် မလွယ်တာ။ ကိုယ်တကယ် ထဲထဲဝင်ဝင် အလုပ် လုပ်တော့မှ မလွယ်ပါလားပေါ့။ တကယ်လည်း ဝါသနာပါမှ ဒီ အလုပ်ကို လုပ်လို့ရတာ။ ဝါသနာ မပါရင် ဘယ်လို့မှ မဖြစ်နိုင်ဘူး။ အစ်မတို့ အလုပ်က အရမ်း ပင်ပန်းတယ်။ ဝါသနာပါတယ်။ ရူးလဲ ရူးလို့။ ကြော်ငြာ ရုပ်ရှင် စရိုက်တုန်းကဆို အစ်မ အိပ်မပျော်ဘူး ရင်ခုန်တာ။ မနက်ကျရင် ဘယ်လို သရုပ်ဆောင်မယ် Shooting အဲလိုလေး လုပ်မယ်။ ဘယ်လိုလေး နေမယ်ဆိုတာကို ညကတည်းက တွေးတာ၊ တော်တော် အိပ်မပျော်ဘူး။ ရင်ခုန်တာ။  ငယ်ငယ်ကတော့ မင်းသမီးဆိုတာ အချစ်ခံရတယ် ကျော်ကြားတယ်လို့ပဲ ထင်တာ။ အခုတော့ ကျော်ကြားတာထက် ဝါသနာပေါ့။ ဒီအလုပ်ကို တကယ် ဝါသနာ ပါဖို့ ရူးသွပ်ဖို့လိုတယ် ဆိုတာ သိသွားတာပေါ့နော်။

၇။  အခုဆို ထူးချွန်ဆုတွေလည်း ဆွတ်ခူးရရှိခဲ့ပြီပေါ့နော်။ ဇာတ်ကား တစ်ကား ရိုက်ကူးမယ်ဆိုရင် ကစ်အနေနဲ့  ဘယ်အချက်တွေကို ကြည့်ပြီးတော့ လက်ခံဖို့ ရွေးလျယ်ပါသလဲ။

ကစ်အနေနဲ ဇာတ်ကား တစ်ကားကို လက်ခံတော့မယ်ဆိုရင် ဇာတ်အိမ်ကို အရင်ကြည့်တာ ပေါ့နော်။ အခြား ဇာတ်အိမ်တွေနဲ့ မတူဘဲ ထူးခြားတာမျိုးလေးတွေ ဆိုရင် ကစ် လက်ခံတယ်။ ပြီးတော့ ကစ် သရုပ်မဆောင်ဖူးသေးတဲ့ ကားရိုက်တာ မျိုးလေးတွေဆိုရင် သရုပ်ဆောင် ကြည့်ချင်တာပေါ့နော်။

၈။ ဖက်ရှင်မှာဆိုလည်း ပရိသတ်တွေ နှစ်သက်သဘောကျတဲ့ သရုပ်ဆောင် အဖြစ်ရပ်တည်နေတာတွေ့ရပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ ကစ်ရဲ့ ခံယူချက်လေးကို သိချင်ပါတယ်။

ကစ်တို့ အနုပညာရှင်တွေက အမြဲတမ်း ဖက်ရှင်တွေကို လေ့လာနေရတယ်။ ရုပ်ရှင် ရိုက်ရင်လည်း ဝတ်ချင်သလို ဝတ်လို့ မရဘူး။ ကိုယ့် ကာရိုက်တာနဲ့ လိုက်တာကို သေချာရွေးပြီး ဝတ်ရတယ်။ ပြီးတော့ ပရိသတ်တွေက ကစ်တို့ကို တီဗွီမှာပဲ ဖြစ်ဖြစ် အပြင်မှာပဲ ဖြစ်ဖြစ် ကစ်တို့ဝတ်တဲ့ ဒီဇိုင်းလေးတွေကို တွေ့ပြီးတော့ သဘောကျပြီး လိုက်ဝတ်တာ မျိုးလည်း ရှိတယ်။ ဒါကြောင့် ကစ်တို့အနုပညာရှင်တွေက ဖက်ရှင်ကို အထူး ဂရုစိုက်ရပါတယ်။ နောက်ပိုင်းမှာ stylist တွေ အကူအညီလည်း အများကြီး ပါတာပေါ့။

၉။ ကစ်ရဲ့ ကိုယ်ပိုင် ဒီဇိုင်းနဲ့ ထုတ်တဲ့ အမှတ်တရ ပစ္စည်းလေးတွေဆိုရင် ပရိသတ် နှစ်သက်အားပေး ကြတာတွေ့ ရပါတယ်။ အဲဒီလို စိတ်ကူးလေးကို ဘယ်လို အကောင်အထည်  ဖော်ဖြစ်ခဲ့ တယ်ဆိုတာလေးလည်း ပြောပြပေးပါဦး။

ကစ်ကို ချစ်တဲ့ ပရိသတ်တွေကြောင့် ကစ်ဒီနေရာမှာ အခု အချိန်အထိ ရပ်တည်နေနိုင်တာပါ။ အဲဒါကြောင့် တစ်နေနဲ့ ပရိသတ်တွေအတွက် စဉ်းစားပေးတဲ့ အခါကြရင်လည်း သေသေချာချာကို ကစ်ဘေးမှာ ရှိတဲ့ သူတွေနဲ့ တိုင်ပင်ပြီး စီစဉ်ပေးတာပါ။

၁ဝ။ ကစ်က အလှူအတန်းလည်း ဝါသနုာ ပါတာတွေ့ ရပါတယ်။

အလှူအတန်းကတော့ ပိုလုပ်ဖြစ်တာပေါ့။ ပရဟိတ ဆိုရင်တော့ ကစ်အနေနဲ့ ကိုယ်တနိုင်တပိုင် ဆိုရင်တော့ လုပ်ဖြစ်ပါတယ်။

၁၁။ ဝါရင့် သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်နေပြီ။ အကယ်ဒမီ နှစ်ထပ်ကွမ်းဆုရှင်လည်း

ဖြစ်နေပြီဆိုတော့ ရှေ့ဆက်လျှောက်မယ့် ကစ်ရဲ့ အနုပညာ အိပ်မက်တွေကိုလည်း သိချင်ပါတယ်။

ကစ်မှာ ပရိသတ်တွေ အားပေးနေသရွေ့ ၊ ပြည်သူတွေ  ပိုပိုပြီး ချစ်လာအောင်၊ ပိုပိုပြီး ကြိုးစားအားထုတ်နေမှာပါ။

၁၂။ အနုပညာအပြင် ကစ်အနေနဲ့ တခြား ဝါသနာပါတဲ့ အလုပ်တွေ ရှိရင်လည်း ပြောပြပေးပါဦး။

အနုပညာအပြင် နောက်ပိုင်း ကစ်အနေနဲ့ စီးပွားရေး တစ်ခုခု လုပ်မလားလို့။ အားလပ်တဲ့ အချိန်တွေဆိုရင်တော့ သူငယ်ချင်းတွေနဲ့  ငယ်ငယ်က ရယ်စရာလေးတွေ ပြော၊ ရုပ်ရှင်ကားတွေကြည့်၊ တစ်ခါတလေလည်း ရရင် ရသလို ပျော်အောင် နေရတယ်လေ။

၁၃။ အခုမှ အနုပညာ လောကထဲကို စတင်လျှောက်လှမ်းမဲ့ မျိုးဆက်သစ်ဝါသနာ

ရှင်လေးတွေကိုလည်း အကြံပြု အားပေး စကားတွေ ပြောပြပေးပါရှင်။

ကစ်အနေနဲ့ အဓိက ပြောချင်တာကတော့ ကိုယ့်တကယ် ဒီအလုပ်ကို ဝါသနာပါတယ်။ ဒါက ကိုယ့်ရဲ့ တကယ့် အိမ်မက် ဖြစ်တယ်ဆိုရင် ဘယ်လို အခက်အခဲပဲဖြစ်ဖြစ် ရင်ဆိုင်ပြီးတော့ ကိုယ်လိုချင်တဲ့ နေရာတစ်ခုကို ရောက်တဲ့အထိ နောက်မဆုတ်ဘဲ ကြိုးစား သွားပါလို့ ပြောချင်ပါတယ်။ ကစ်အနေနဲ့လည်း အခုလိုမျိုး အနုပညာ လောကကို မျိုးဆက်သစ် လူငယ်တွေ စိတ်ဝင်စားပြီး အားတက်သရော ရှိလာတာကိုလည်း ဝမ်းသာပါတယ်။ အခွင့်အရေး ရရင်လည်း လက်တွဲ ခေါ်သွားမှာပါ။

အခုလို ဖြေကြားပေးတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကို ကျေးဇူး အထူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကယ်ဒမီများရှင် ဝတ်မှုန်ရွှေရည် အဖြစ်နဲ့ အောင်မြင်တဲ့ ဆွတ်ယူ သိမ်းပိုက်နိုင်ပါစေလို့ ဂန္ထဝင် မဂ္ဂဇင်းမှ ဆုမွန်ကောင် တောင်းပေးလိုက်ပါတယ်ရှင်။