ခရီးသွားချစ်သူတို့အတွက် ခရီးသွားဗဟုသုတပေါင်းချုပ်လေး (သို့မဟုတ်) ခရီးသွား Blogger မနော်ထိုက်နှင့် တွေ့ဆုံခြင်း

blank

မင်္ဂလာပါ စာချစ်သူတို့ရေ…။

ဘာပဲလိုလို ဖုန်းစကရင်မ်လေးပေါ် လက်ညှိုးလေးနဲ့ တို့ထိပြီး သိလိုသမျှ ရှာဖွေနေကြတဲ့ ယနေ့ခေတ်ကြီးမှာ ခရီးသွားအတွေ့အကြုံလေးတွေကို စေတနာနဲ့ ဝေမျှကြတဲ့ travel blogger တွေရဲ့ Facebook Page လေးတွေလည်း အလျှိုလျှိုပေါ်လာပါတယ်။ အဲ့ဒီထဲက လူကြိုက်များပြီး အောင်မြင်နေတဲ့ Page လေးတစ်ခုကတော့ ဘလော့ကာမနော်ထိုက်ရဲ့ Travel By Naw Htike Page လေးပဲ ဖြစ်ပါတယ်။ ဂန္ထဝင်အနေနဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်တဲ့ မိန်းမသားတွေကို အပတ်စဉ် တွေ့ဆုံမေးမြန်းပေးနေရာမှာ စာချစ်သူတို့အတွက် ခရီးသွား အတွေ့အကြုံတွေကိုလည်း တင်ဆက်ပေးချင်တာကြောင့် မနော်ထိုက်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ မနော်ထိုက် ဝေမျှပေးတဲ့ ခရီးသွားအတွေ့အကြုံလေးတွေအကြောင်းကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ မင်္ဂလာပါ အစ်မရေ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ကိုယ်ရေးအကျဉ်းလေးနဲ့ ပရိသတ်ကြီးကို မိတ်ဆက် ပေးပါဦးနော်။

အစ်မနာမည်အပြည့်အစုံကတော့ နော်ထိုက်ထိုက်ထွန်းပေါ့နော်။ နော်ထိုက်ထိုက်ထွန်းဆိုတော့ အစ်မကို ကရင်လို့တော့ သိတယ်။ တကယ်တော့ အစ်မက ကရင် ၅ဝ၊ ရှမ်း ၅ဝနဲ့ ကပြားတိုင်းရင်းသူပေါ့။ အသက်က အခု (၂၈) နှစ်ရှိပြီပေါ့နော်။ အစ်မရန်ကုန်မှာပဲ အစ်မရဲ့ မိသားစုနဲ့နေတယ်။ အစ်မရဲ့ ဇာတိလို့ပြောလို့ရတာကတော့ မိုးကုတ်ပေါ့။ မိုးကုတ်သူအစစ်တော့ မဟုတ်ဘူး။ ရန်ကုန်မှာမွေးပေမဲ့ ကိုယ့်ရဲ့ ဘဝတစ်ဝက်လောက်က မိုးကုတ်မှာပဲ အချိန်ကုန်နေတာ။

၂။ အစ်မရဲ့ပညာအရည်အချင်းလေးကိုလည်း သိပါရစေ။

အစ်မ အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ ပညာက Architect (ဗိသုကာ) နဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်။ နောက်အစ်မ ဗိသုကာနဲ့ ကျောင်းပြီးပြီး တစ်နှစ်အကြာမှာ Urban Planning Design လုပ်တယ်။ Town planning ကို Post-Graduate Diploma ရထားတယ်။ နောက်ကျတော့ အစ်မ အဲ့ဟာပြီး နောက်ထပ်တစ်နှစ်က အစ်မ MBA တက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က MBA ဘွဲ့ရထားတယ်ပေါ့နော်။

၃။ အစ်မရဲ့ငယ်အိပ်မက်လေးကိုလည်း ပြောပြပေးပါဦး။

ငယ်ဘဝအိပ်မက်ဆိုရင် ငယ်ငယ်တုန်းကတော့ အစ်မ စိတ်ကူးတစ်ခုရှိတယ်။ ငါ တစ်ရက်ကမ္ဘာပတ်နိုင်ရမယ်။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံနဲ့ မဟုတ်ဘဲ ငါကမ္ဘာတော့ ပတ်မယ်ပေါ့။ အဲ့ဒီ့လိုစိတ်ကူးလေးတော့ရှိခဲ့တယ်။

၎။ Travel By Naw Htike Page လေးကို ဘယ်နှခုနှစ်မှာ စတည်ထောင်ဖြစ်ခဲ့တာလဲ။ တည်ထောင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲဆိုတာလေးကိုလည်း သိပါရစေ။

အစ်မရဲ့ page က ၂ဝ၁၆ ဇန်နဝါရီ ၁၈ရက်နေ့မှာ မှတ်မှတ်ရရပဲ။ အစ်မ အရင်တုန်းကလည်း ခရီးတွေသွားရတယ်။ ခရီးသွားပြီးတော့ အစ်မ architect အလုပ်နဲ့ပဲ ဗိသုကာဆိုတဲ့အခါကျ volunteer တွေသွားရတယ်။ ဘုရားတွေတိုင်းရတယ်ဆိုတော့ ခရီးတွေသွားရတယ်။ နောက် အစ်မတို့ရဲ့ client တွေကလည်း နယ်တွေ၊ အခြားမြို့တွေမှာလည်း ရှိတဲ့အခါကျတော့ အစ်မက အဲ့လို ကိုယ်သွားခဲ့တာတွေ ဓာတ်ပုံရိုက်တင်တယ်။ ကိုယ်စားခဲ့တာလေးတွေ တင်တယ်။ အစ်မ personal account မှာပဲတင်တယ်။ အဲ့ဒီ့လိုနဲ့ သူတို့က ဘာပြောလဲဆိုတော့ အသိညီမလေး တစ်ယောက်က အစ်မ အဲ့လို လျှောက်မရေးနဲ့ပေါ့နော်။ Account မှာရေးရင် ရှာရတဲ့သူလည်း ခက်တယ်။ Page တစ်ခုထောင်လိုက် page မှာရေးလိုက် ရှာရတဲ့လူလည်း လွယ်တယ်ပေါ့။ အဲ့ဒါနဲ့ page မှာရေးဖြစ်တာ။ သူပြောတဲ့ နေ့မှပဲ အစ်မက “အင်း ဟုတ်သားပဲ” ဆိုပြီး page လေးထောင်ပြီးရေးဖြစ်သွားတာ။ အဲ့ကနေပြီးစတာ။

၅။ ခရီးသွားလမ်းညွှန် Page လေးကို တည်ထောင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကိုလည်း သိပါရစေ။

ပထမဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အစ်မသွားခဲ့တဲ့ ခရီးတွေကို အမှတ်တရဖြစ်အောင် သွားစုမယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်း ရည်ရွယ်ချက်တစ်ခုက ဘာဖြစ်လာလဲဆိုတော့ အစ်မရှာနိုင်တဲ့ ပိုက်ဆံအနေအထားအရ အစ်မ local ကိုပဲသွားနိုင်သေးတယ်။ ပြီးတော့ အစ်မတို့ travel blogger ဆိုတာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားရတာကလည်းများတယ်။ ဘာလို့ဆို အခြားသူတွေက ဖိတ်ရင် ရေးရတာ နည်းနည်းခက်တယ်ဆိုတော့ အစ်မက local ကို ကိုယ့်ဘာသာကိုယ်ပဲ သွားဖို့ရည်ရွယ်ထားတယ်။ ကိုယ့်ဘာသာပဲသွားဖြစ်တယ်။ အစ်မတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ခရီးသွားရင် ပြည်တွင်းက data ယူရတာ အရမ်းခက်တယ်။ data မရှိဘူး။ နိုင်ငံခြားမှာဆိုလို့ရှိရင် ဘယ်နိုင်ငံသွားချင်လည်း data အကုန်ရှိတယ်။ Google မှာ English လိုတတ်တာနဲ့ ရှာလို့ရတယ်။ အစ်မတို့မြန်မာနိုင်ငံမှာ ရှာလို့မရဘူး။ နိုင်ငံခြားသားတစ်ယောက်က မြန်မာနိုင်ငံအကြောင်း ရေးထားတာပဲရှိတယ်။ အဲ့ဒါကလည်း data အပြည့်အစုံမဟုတ်ဘူး။ knowledge လည်းအပြည့်အစုံမရှိဘူး။ information လည်း ပြည့်ပြည့်စုံစုံ မရှိဘူး။ ဘယ်နေရာမှာ ဘာစားရမလဲဆိုတာလည်း မရှိဘူး။ အဲ့ဒီ့တော့ အစ်မက အဲ့လိုဆိုရင် ငါ ဒါလေးလုပ်ချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံဆိုတာကလည်း အစ်မသွားရင်းသွားရင်းနဲ့ ဘာတွေ့ခဲ့လဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံက အခြားနိုင်ငံထက်အများကြီးပိုလှတယ်ပေါ့နော်။ အဲ့ဒါကိုလည်း မသိကြဘူးဆိုတဲ့အခါကျ အစ်မ အဲ့ဒါကို ဖော်ထုတ်ချင်တယ်၊ Promote လုပ်ပေးချင်တဲ့အခါကျတော့ အစ်မခရီးတွေသွားတယ်။ နံပါတ် ၁ ရည်ရွယ်ချက်က မြို့တွေကို promote လုပ်ပေးချင်တယ်။ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် အဲ့ဒီ့မှာရှိတဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွား တစ်နည်းတစ်ဖုံ တက်လာတယ်ပေါ့နော်။ အဲ့လိုမျိုးကြောင့် အစ်မ ဒီ page လေးကို ရည်ရွယ်ပြီးလုပ်ဖြစ်ခဲ့တယ်။ အစ်မ စရေးတုန်းက travel blogger ဆိုတာလည်း မကြားဖူးဘူးပေါ့နော်။ ကိုယ့်ဟာနဲ့ကိုယ်သာ အဲ့ဒီ့လိုရည်ရွယ်ချက်လေးနဲ့ စရေးခဲ့တာပေါ့နော်။

၆။ Page လေးစထောင်ချိန်မှာ ဘယ်လိုအခက်အခဲလေးတွေ ကျော်ဖြတ်ခဲ့ရသေးလဲ အစ်မ။

Page ထောင်တုန်းက အခက်အခဲဆို သိပ်မရှိဘူး။ အစ်မတို့ negative comment တွေ ဘာတွေလည်း မရှိဘူး။ မရှိဘူးဆိုတာကလည်း အစ်မ စာရေးတာ ၁ဝဝ% အာမခံတယ်။ အစ်မတာဝန်ယူတယ်။ အစ်မ စာတွေကို အစ်မ စိတ်တိုင်းကျတယ်။ ဥပမာဆိုပါဆို့ အခုခေတ်စားနေသလို ဂျင်းထည့်တာတွေ မရှိဘူး။ အစ်မ စာတွေကို သန့်ရှင်းအောင်ထားတဲ့ အခါကျတော့ သူတို့ဒါကိုဖတ်တဲ့အခါကျ သူတို့ကိုယ်တိုင် နားလည်တယ်။ မနော်ထိုက်က ဘာလုပ်နေပါလား၊ သူတို့ကို ဘာတွေပေးနေပါလား၊ ဆိုတာကို သူတို့နားလည်တဲ့အခါကျတော့ တိုက်ခိုက်တာမျိုးတွေဆိုတာအစ်မအတွက် အတော်ရှားတယ်။ မရှိသလောက်ပေါ့နော်။ ဒါပေမဲ့ အခက်အခဲဆိုတာကတော့ ကိုယ်ရေးလိုက်တဲ့ဟာကို သူတို့က အစ်မ ပထမရေးတုန်းကဆို အချက်အလက်တွေ မပြည့်စုံတာတွေ ရှိတယ်။ အဲ့ဒီအခါကျ သူတို့က လာလာမေးတယ်။ အဲဒီ့ကျမှ သူတို့က ဘာတွေသိချင်တာ၊ သူတို့မေးတာတွေကို တဖြည်းဖြည်းနဲ့ စုစုထားပြီးတော့မှ အစ်မ review တွေပြန်ပြန်ပြီးတာ့ ချောလိုက်တာပေါ့နော်။ ချောတဲ့အခါကျတော့မှ အစ်မစာတွေက တော်တော်လေး အဆင်ပြေတဲ့အနေအထားရောက်သွားတာ။

၇။ Page လေးက အချိန်တိုအတွင်း followers တွေအများကြီးနဲ့အောင်မြင်လာတော့ အစ်မအတွက် လည်း review ရေးခြင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေလည်း အများကြီးရခဲ့မယ် ထင်ပါတယ်။ ဥပမာ- review ရေးတဲ့အခါ ဆောင်ရန်၊ ရှောင်ရန်လေးတွေပေါ့။

အစ်မတို့ရေးတုန်းက အခုလို travel blogger အများကြီးမများသေးဘူး။ ဒီ boost တွေဘာတွေလည်း မလုပ်ဘူး။ အစ်မတို့ရဲ့ စလုပ်ကတည်းက ရည်ရွယ်ချက်က နာမည်ကြီးဖို့လုပ်တာလည်း မဟုတ်ဘူး။ အစ်မဆို followers တွေလည်း အဲ့လောက် ခေါင်းထဲမှာကို မရှိဘူး။ followers တွေများဖို့လည်း အစ်မ အာရုံမရှိဘူး။ အစ်မ အာရုံရှိတာက မြန်မာနိုင်ငံကလူတွေ လွယ်လွယ်ကူကူ ခရီးသွားရပါစေဆိုတဲ့စိတ်တစ်ခုပဲ ရှိတယ်။ အဲဒီ့အတွက် သူတို့ကိုရေးပေးတယ်။ ရေးပေးတဲ့အခါကျတော့ ဆောင်ရန်၊ ရှောင်ရန်ဆိုလို့ရင် information ကို data တွေ မှန်တာကိုပဲပေးရမယ်။ ပြီးတော့ မှန်တဲ့အကြောင်းအရာသိတာတောင်မှ အစ်မတို့စာရေးရင် စကားလုံးရွေးရတယ်ပေါ့နော်။ ဥပမာထားပါတော့ အစ်မတို့ တောင်ပိုင်းဆို အစ်မတော့ မရောက်ဖူးဘူးပေါ့နော်။ ဆောင်ရန်၊ ရှောင်ရန်တွေ အများကြီးရှိတယ်။ ရေးတဲ့သူတွေကို အပြစ်ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ တောင်ပိုင်းသည် အရမ်းတက်ရတယ်။ ၃ နာရီလောက် တက်ရတာကိုထည့်ရေးဖို့လိုတယ်။ လှေကားတွေ အရမ်းကြမ်းတယ်ဆိုတာလည်း ထည့်ရေးဖို့လိုတယ်။ ဆိုးတာ၊ ကောင်းတာလည်း ထည့်ရေးဖို့လိုတယ်။ research ထုတ်လုပ်သလိုပဲ အဓိကက တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို အသေအချာထည့်ရေးဖို့လိုတယ်။ အဲ့လိုရေးတဲ့အခါ စကားလုံးအသုံးအနှုန်းတွေကို မကောင်းဘူး။ မသွားနဲ့ဆိုတာမျိုးကို အစ်မတို့ မသုံးရဘူးပေါ့။ ကိုယ့် ethic နဲ့ကိုယ် အဲ့ဒီလိုမျိုးတွေ ထည့်ရေးပေးဖို့လိုတယ်။ ကိုယ်သည်ကိုယ်ရေးတဲ့စာမှာ လိပ်ပြာလုံပါစေပေါ့နော်။ ကိုယ့်ထဲမှာ မှားတာမပါဘူး။ ကိုယ်သူများကို မကောင်းဖြစ်တာမျိုးမပါဘူး။ လိပ်ပြာသန့်ပါစေ။ စေတနာမှန်ပါစေပေါ့နော်။ အဲ့ဒါလေးတွေတော့ အဓိက လိုတာပေါ့။ အဲ့ဒါတွေပေါ်မှုတည်ပြီးတော့မှ လူတွေက စာဖတ်ရင်း စာဖတ်ရင်းနဲ့ စာဖတ်တဲ့သူတွေဆိုတာလည်း ငတုံးတွေမဟုတ်ဘူးလေ။ ဒီလူဟာ ဘယ်လိုလဲဆိုတာ စာမှာအကုန်ပေါ်တယ်။ အဲ့ဒီ့အခါကျတော့မှ သူတို့က ဖတ်ရင်း ဖတ်ရင်းနဲ့မှ သူတို့ကသဘောကျပြီး follower တွေတိုးလာတာပေါ့။

၈။ Page ကလည်း အမြဲဝင်ဖတ်နေသူတွေများတော့ အလုပ်တစ်ဖက်လည်းရှိနေတဲ့အစ်မအနေနဲ့ ပို့စ် လေးတွေ အမြဲတင်နိုင်အောင် ဘယ်လိုစီမံထားပါသလဲ။ ကွန်မန့်တွေကလည်း အများကြီးဆိုတော့ အ ဆက်မပြတ်အောင် ဘယ်လိုစီမံလဲ အစ်မ။

Comments တွေဆိုလည်း အစ်မ နိုင်ရင်ပြန်ဖြေတယ်။ အရင်တုန်းကဆို အစ်မက မသိဘူး။ မသိတဲ့အခါကျတော့ အစ်မ တစ်ခါတစ်လေကျရင် နှစ်လလောက်မရေးဘူး ပစ်ထားတယ်။ နောက်ပိုင်းကျတော့ ခရီးစဉ်မဟုတ်လည်း ခရီးသွားတဲ့ဆောင်းပါးပုံစံမျိုးရေးလို့ရတယ်ဆိုတာ သိလာတယ်။ ဘာလို့ဆို ကိုယ်ကခရီးကအမြဲမသွားနိုင်ဘူးလေ။ အဲ့ဒီ့အခါကျတော့ သူတို့ကို ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗဟုသုတရမယ့်ဟာတွေကို သုတ၊ ရသလေးတွေကို အစ်မကမျှမျှပြီးတော့ ရေးရေးဖြစ်တယ်။ နောက်တစ်ခုကျတော့ အစ်မက comment တွေကိုအမြဲတမ်းပြန်ကြည့်တယ်။ အစ်မနိုင်သလောက်တော့ ပြန်ကြည့်တယ်။ အရမ်းကြာတဲ့ဟာမျိုးတွေတော့ ပြန်မကြည့်ဖြစ်တော့ဘူး။ ဥပမာ – ပုဂံလိုမျိုးဆို အစ်မမကြည့်နိုင်တော့ဘူး။ Comment တွေက အရမ်းများနေပြီ။ အစ်မ အဲ့ဒါတွေကို များသောအားဖြင့်က အရမ်းအချက်အလက်ခိုင်တဲ့ဟာတွေဆို အစ်မနည်းနည်းလည်း ကြာပြီဆို အစ်မ comment တွေကို သိပ်မဖြေဖြစ်တော့ဘူး။ အစ်မ အသစ်ရေးတယ်ဆို အဲ့ဒီအသစ်ရေးတဲ့ဟာကို တစ်လအတွင်းကို အမြဲတမ်း ကွန်မန့်တွေပြန်ဖတ်တယ်။ ပြန်ဖတ်ပြီး သူတို့မေးတဲ့ဟာတွေ အစ်မပြန်ဖြေဖြစ်တယ်။ ဘာလို့ပြန်ဖြေဖြစ်လဲဆိုတော့ သူတို့ဘာပြောလဲဆိုတဲ့ feedback ကိုပြန်သိချင်လို့။ သူတို့ဘာလိုလဲဆိုတာသိမှ နောက်အခါကိုယ်ကစာရေးတဲ့အခါ အဆင်ပြေမှာလေ။ အဲ့ဒီအခါကျတော့ အစ်မက comment တွေ ပြန်ဖတ်တယ်။ အဲ့လိုမျိုးတွေတော့ လုပ်ဖြစ်တယ်။ တစ်နှစ်လောက်ကြာသွားတဲ့ post တွေတော့ အစ်မ မဖြေဖြစ်တော့ဘူး။

၉။ Review ရေးမယ်ဆိုရင် အစ်မအနေနဲ့ ဘယ်လိုပြင်ဆင်ပါသလဲ။ ဥပမာ- ခရီးမသွားခင်ကတည်းက review ရေးဖို့အတွက် အချက်လေးတွေစုသွားတာလား။ ဒါမှမဟုတ် ပြန်လာမှ အတွေ့အကြုံတွေကို စီကာပတ်ကုံးချရေးတာလား။ ဘယ်လိုအချက်လေးတွေ ထည့်မယ်ဆိုတာကော ကြိုတွေးထားတာ လား အစ်မ။

အစ်မ အချက်အလက်တွေတော့ ကြိုမတွေးထားဘူး။ အစ်မရေးတဲ့ပုံနဲ့ သူများရေးတာနဲ့လည်း မတူဘူး။ မတူဘူးဆိုတာက အခြား blogger တွေကရေးသားလို့ရင် ဒီဒေသကို အစတုန်းက လေ့လာထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်၊ ဘာရှိတယ်ဆိုတာတွေကို လေ့လာထားကြတယ်။ စာတွေအများကြီး ဖတ်ထားကြတယ်။ အစ်မက အဲ့ဒီလိုမဟုတ်ဘူး။ အစ်မက ဘာစာအုပ်မှ ကြိုမဖတ်ထားဘူး။ ကြိုမလေ့လာထားဘူး။ ဥပမာ – ဘယ်နေရာလည်လို့ကောင်းလဲ ဆိုတာလောက်ပဲ လေ့လာထားတယ်။ အခြား details ကိုအစ်မ မသွားဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စာလွှမ်းမိုးမှုက အစ်မဆီရှိလာမှာမို့လို့၊ အစ်မတို့ ရှာချင်တဲ့ဟာမတွေ့ပဲ သူတို့ရေးထားတာကို သွားရှာသလိုဖြစ်နေမှာစိုးလို့ မဖတ်ဘူး။ ဟိုရောက်မှ အဲ့ဒီဒေသအလှကို အစ်မ ခံစားတယ်။ အစ်မဘယ်လိုခံစားရလဲ ခံစားတယ်။ ခံစားပြီးတော့မှ အချက်အလက်တွေကို အစ်မမေးတယ်။ ဒေသခံတွေကို မေးရင်မေးတယ်။ အစ်မ များသောအားဖြင့်က local ရေးတာများတဲ့အခါကျတော့ ဒီဒေသခံတွေကိုပဲ အားကိုးရတယ်။ အချက်အလက်တွေကို အဲ့ဒီကနေပြန်ရှာရတယ်။ ပြီးသွားတော့ ခရီးတစ်ခုသွားပြီးမှ ဒါကိုဘယ်လိုရေးရမလဲဆိုတာ အစ်မကခေါင်းထဲကထွက်တာ။ အစ်မ ခရီးမသွားခင် မစဉ်းစားဘူး။

၁ဝ။ အစ်မရဲ့ Page လေးကို ဝင်ကြည့်လိုက်ရင် ခရီးသွားမယ့်လူတစ်ယောက်အနေနဲ့ တော်တော် ဗဟု သုတစုံနေအောင် အားထုတ်ထားတာတွေ့ရပါတယ်။ ဥပမာ- ရာသီဥတုအလိုက် ခရီးထွက်ရင် ဆောင် ရန်၊ ရှောင်ရန်လို အချက်လေးတွေက အစပေါ့။ ဒီလိုမျှဝေပေးရတဲ့အတွက် အစ်မရဲ့ပီတိစကားလေး ကိုလည်း ကြားပါရစေ။

ပျော်တာပေါ့။ သူတို့ကကြိုက်ကြတယ်ဆိုတာထက် သူတို့ကလာလာပြောတယ် message မှာ အများကြီးပဲ။ ဘာပြောလဲဆိုတော့ “မနော်ထိုက် အစ်မရေးလို့ ကျွန်တော်တို့ ဒီခရီးကို ရောက်ဖူးသွားခဲ့ပြီ။ မနော်ထိုက်ကြောင့် အစစအရာရာ အရမ်းအဆင်ပြေခဲ့တယ်။ ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အရမ်းကျေးဇူးတင်ပါတယ်။” ကိုယ့်မှာ အဲ့ဒါလေးတွေနဲ့ပဲ ပီတိဖြာပြီး နောက်ခရီးတစ်ခုသွားမယ်ဆိုပြီး အဲ့ဒီလိုတွေဖြစ်တာ။ နောက်တစ်ခုက အစ်မရေးပေးလိုက်တဲ့ local food ဆိုင်လေးတွေပေါ့နော်။ သူတို့ကလည်း လာလာပြောတယ်။ အစ်မရေးပေးလိုက်လို့ ကျွန်တော်တို့ဆိုင်ရောင်းကောင်းတယ်ပေါ့နော်။ သူတို့ဆိုတာက သူတို့ကိုသူတို့ promote မလုပ်နိုင်တဲ့သူတွေလေ။ အဲ့ဒီ့အခါကျတော့ ကိုယ်ကအများကြီးပီတိဖြစ်ရတာပေါ့နော်။ ကိုယ်ရေးလိုက်တဲ့စာတစ်ပုဒ်က လူတွေအများကြီးအတွက် အကျိုးရှိတယ်ပေါ့နော်။ အဲ့ဒီပီတိက ဘာနဲ့မှလည်းလို့မရဘူး။ ပြီးတော့ အစ်မရေးတဲ့ထဲမှာဆို ခရီးလမ်းကြောင်းပါတယ်။ တည်းခိုဖို့ပါတယ်။ လည်ဖို့၊ ပတ်ဖို့၊ စားသောက်ဖို့၊ လက်ဆောင်ပစ္စည်းဝယ်ဖို့ပါတယ်။ အစ်မ အဲ့ဒါကို စဉ်းစားဖြစ်တာက ဘာလို့လဲဆိုတော့ ခရီးတစ်ခုသွားရင် ဘာလိုလည်းဆိုပြီး အစ်မက စဉ်းစားဖြစ်တယ်။ စဉ်းစားဖြစ်တဲ့အခါ ဒါတွေလိုပါလားဆိုပြီး အစ်မ အပိုဒ်ခွဲပြီးရေးဖြစ်သွားတာပေါ့နော်။ အဲ့ဒီ့အခါကျတော့ သူတို့စာဖတ်ကတာလည်း အရမ်းအဆင်ပြေတာပေါ့နော်။ သူတို့ အဆင်ပြေတယ်ကြားရင် ကိုယ်ကပျော်ပြီး ပီတိဖြစ်ရတာပေါ့နော်။

၁၁။ အစ်မခရီးသွားအတွေ့အကြုံလေးတွေကို စုစည်းထားတဲ့ စာအုပ်လေးလည်း ထွက်ရှိထားတယ်လို့ သိရပါတယ်။ အဲ့ဒီစာအုပ်လေးနဲ့လည်း စာချစ်သူတွေကို မိတ်ဆက်ပေးပါဦး။

အဲ့ဒီ့စာအုပ်က အစ်မ မိုင်တိုင် ၁ ထွက်ထားတာ။ အခုက အကုန် ရောင်းကုန်သွားပြီ။ ဒုတိယအကြိမ်ထုပ်ဖို့ အစ်မအခုလုပ်နေတယ်။ နောက်တစ်ခုကကျတော့ ဒုတိယအကြိမ် ထပ်ထုတ်မယ်။ ပထမအကြိမ်ထုတ်တုန်းကကျတော့ ကိုယ်ကဖြန့်ချိရေးကို ကိုယ်တိုင်နားမလည်တဲ့အခါကျတော့ ရတဲ့သူကရ၊ မရတဲ့သူကမရနဲ့ အခုထက်ထိလည်း တောက်လျှောက် မေးနေတယ် “စာအုပ်ဘယ်မှာ ဝယ်လို့ရမလဲ”ပေါ့နော်။ အမှန်တကယ် အဲ့ဒါကလည်း ရယ်ရတယ်။ ကိုယ့်ဟာနဲ့ကိုယ်ဆိုလုပ်ဖြစ်မှာ မဟုတ်ဘူး။ ထုတ်ဝေသူကလာပြောတာ။ သူထုတ်ချင်တယ်။ စိတ်ဝင်စားလားဆိုတော့ “ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုပြီးတော့မှ ထုတ်ဖြစ်သွားတာ။ အရမ်း ရယ်ရတယ်။ ဘဝရဲ့ အမှတ်တရပေါ့နော်။ ပြီးတော့ မြန်မာပြည်မှာလည်း ခရီးသွားဆောင်းပါးကို သီးသန့်ရေးတဲ့သူက မရှိသလောက်ရှားတယ်လေ။ ရှိတော့ ရှိတယ်။ နည်းနည်းရှားတယ်ဆိုတော့ အဲ့ဒါနဲ့ စာအုပ်လေး ထုတ်ဖြစ်သွားတယ်။ အစ်မက စာပေနဲ့ ပတ်သတ်ပြီး ပိုဝါသနာပါတယ်။ အဲ့လိုမျိုးဆိုတော့ ပျော်တာပေါ့နော်။ အခုလည်း ဒုတိယအကြိမ်ထုတ်ဖို့လုပ်နေတယ်။ ၂ဝ၁၈ နှစ်စပိုင်းဆိုရင် ဒုတိယအကြိမ်ထပ်ထွက်မယ်။

၁၂။ နောက်ထပ်စာအုပ်သစ်ထွက်ဖို့ကော အစီအစဉ်ရှိလား အစ်မ။

မိုင်တိုင် ၂ ကို ထွက်ဖို့လုပ်ထားတယ်။ မိုင်တိုင် ၂ ကို အစအဆုံးဒီဇိုင်းပြန်စီရပြီး မိုင်တိုင် ၂ ကိုလည်း လုပ်ဖို့ရှိတယ်။ မိုင်တိုင် ၁ က ၂ဝ၁၆ စာ။ မိုင်တိုင် ၂ က ၂ဝ၁၇ စာလုပ်ဖို့တော့ စဉ်းစားထားတယ်။

၁၃။ ခရီးတွေအမြဲသွားနေသလို ခရီးသွားချစ်သူတွေအတွက်လည်း အတွေ့အကြုံလေးတွေ ဝေမျှနေတဲ့ အစ်မအနေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဒီထက်ပိုဖွံ့ဖြိုးတိုးတက်လာအောင် ဘာတွေလုပ်သင့်တယ်လို့ အကြံပြုချင်ပါသလဲ။

အစ်မတို့ရေးပေးတယ်ဆိုတာ အစ်မတို့က local ကလူတွေကို ဦးစားပေးတယ်။ local ကလူတွေကပဲ ကိုယ့်ပြည်တွင်းထဲကလူတွေကို ခရီးသွားစေချင်တဲ့အတွက်ကြောင့် အဲ့ဒီသူတို့သွားခဲ့တဲ့ ခရီးမှာရှိတဲ့ နေရာဒေသရဲ့ စီးပွားရေးက၊ ရောင်းဝယ်ဖောက်ကားရေးက တစ်နည်းတစ်ဖုံ မြင့်တက်စေတယ်။ ဒါက local ဦးစားပေးပေါ့။ တကယ်တမ်းလုပ်ရမှာ အစ်မတို့က နိုင်ငံခြားက လူတွေကို အစ်မတို့ပြည်တွင်းကို ခေါ်ရမှာပေါ့နော်။ ခေါ်တဲ့အခါ အစ်မတို့ နိုင်ငံခြားဝင်ငွေရမယ်။ Tourism တွေလည်း ဖွံ့ဖြိုးတိုးတက်မယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံဆို သူတို့စီးပွားရေးက tourism တစ်ခုတည်း။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံလောက် မလှဘူး။ သူတို့အရမ်းလုပ်တတ်တယ်။ နိုင်ငံခြားသားတွေလည်း အများကြီးသွားတယ်။ local ကလည်း သွားတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း သွားတယ်။ နိုင်ငံခြားသားတွေကလည်း လာတယ်ဆိုတော့ ကိုယ်တွေက အဲ့ဒါကို အားကျအတုယူပြီး လုပ်သင့်တာပေါ့နော်။ အစ်မတို့ အဲ့ဒါလုပ်ဖို့လည်း စီစဉ်နေတယ်ပေါ့နော်။ Foreign blogger တွေ ဖိတ်ပြီးတော့ ဘာလို့လဲဆိုရင် အစ်မတို့ဆိုလို့ရှိရင်လည်း ထိုင်းနိုင်ငံက Thai Tourism Authority ကဖိတ်တဲ့ သူတို့ဆို အစိုးရအဖွဲ့အစည်း ကိုးရီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ စင်္ကာပူ သူတို့ရဲ့  tourism authorize board တွေကဖိတ်တာ။ မြန်မာနိုင်ငံမှာရှိတဲ့ travel blogger တွေကို ဖိတ်ပြီးတော့ သူတို့နိုင်ငံကို လာလည်ခိုင်းတယ်။ လာလည်ခိုင်းတဲ့အခါကျတော့ အစ်မတို့က ရေးပေးတယ်။ အစ်မတို့နိုင်ငံက လူတွေက သိပြီးသွားချင်ရင် သူတို့နိုင်ငံကလူတွေ ပိုက်ဆံရတယ်။ အစ်မတို့က အခုအဲ့ဒီနည်းအတိုင်း ပြန်လုပ်ဖို့လည်း လုပ်နေကြတယ်ပေါ့နော်။ Travel blogger တွေစုပြီးတာ့ နိုင်ငံခြားက travel blogger တွေကို ဖိတ်မယ်။ ဖိတ်ပြီးတော့ ဖွံ့ဖြိုးဖို့အတွက် အစ်မတို့စလုပ်မယ်ပေါ့နော်။ အစ်မတို့နိုင်ငံမှာက အများကြီးလှတယ်။ ဘာတွေလှလဲဆိုရင် အစ်မတို့နိုင်ငံမှာ သူများနဲ့မတူတဲ့ beach တွေလည်းရှိတယ်။ ရေခဲတောင်ရှိတယ်။ တောင်တွေလည်း အများကြီးရှိတယ်။ ပြီးတော့ ancient cities တွေလည်း ရှိတယ်။ Tourism အနေနဲ့ လုပ်ရင်တောင် အစ်မတို့ နိုင်ငံက အရမ်းချမ်းသာသွားမယ့်နိုင်ငံဖြစ်တယ်။ အဲ့လိုမျိုးဆိုတော့ အခုလုပ်ရင် မီသေးတာပေါ့နော်။ မြိတ်ဘက်က ကျွန်းတွေဆို  5 stars အဆင့်မီတယ်။ ဖူးခက်တို့ထက်လည်း ပိုလှတယ်။

၁၄။ အပန်းဖြေခရီးလေးတွေ မကြာခဏထွက်ပေးဖို့က လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်လောက်ရာခိုင်နှုန်း အရေးပါတယ်လို့ မြင်ပါသလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လို့လဲ။

အများကြီးအကျိုးကျေးဇူးရတာပေါ့။ အစ်မ အမြဲတမ်းပြောဖြစ်တယ်။ အစ်မတို့ ဖုန်းသုံးတယ်ဆိုလို့ရင် အစ်မတို့ clean ပြန်ပြန်လုပ်ပေးရတယ်။ restart ပြန်ပြန်ချပေးရတယ်။ Computer သုံးတယ်ဆိုလည်း refresh ပြန်လုပ်ပေးရတယ်။ ဘာလို့လဲဆိုတော့ စက်က လေးလာတယ်။ သူ့ကို အနားပေးရတယ်။ အဲ့ဒီလိုပဲ အစ်မတို့ အသက်ရှင်နေတဲ့ လူမှုပတ်ဝန်းကျင်မှာလည်း ရန်ကုန်မှာဆိုလို့ရှိရင်လည်း လူတွေကအရမ်းမွန်းကျပ်တယ်။ အရမ်းမွန်းကျပ်တဲ့အခါမှာ အစ်မတို့က ခရီးထွက်ရတယ်။ အစ်မတို့ရဲ့ ပင်ပန်းနေတဲ့ စိတ်ရော၊ လူရောက ပြေပျောက်သွားတယ်။ ပြီးသွားလို့ရှိရင် အစ်မတို့ကို မသိတဲ့ပတ်ဝန်းကျင်၊ အဲ့ဒီမှာရှိတဲ့လူတွေကိုလည်း အစ်မတို့ကမသိဘူး။ သူတို့ကလည်း အစ်မတို့ကိုမသိဘူး။ အဲ့ဒီရဲ့ စိတ်လွတ်လပ်မှုက တအားကောင်းတယ်။ စိတ်ပေါ့ပါးသွားတယ်ပေါ့နော်။ အစ်မဆိုလို့ရှိရင် အရမ်းသိသာတယ်။ အစ်မ ခရီးကို နှစ်နှစ်ထွက်လိုက်တဲ့အခါမှာ အစ်မရဲ့  professional အလုပ်မှာ အရမ်းအကျိုးရှိတယ်။ အစ်မတို့ကျတော့ ဒီဇိုင်းစဉ်းစားတဲ့အခါမှာ အခြားနိုင်ငံတွေလည်း လေ့လာတယ်။ ကိုယ့်ပြည်တွင်းလည်းသွားရတဲ့ အခါကျတော့ စိတ်ကူးတွေက အရမ်းကောင်းလာတယ်။ လုပ်တတ်လာတယ်။ မြင်လာတယ်။ အစ်မရဲ့ အလုပ်မှာတော့ ခရီးသွားခြင်းက အရမ်းကို အထောက်အကူဖြစ်စေတယ်။ အခြားလူတွေကိုလည်း အဲ့ဒီလိုပဲ ခရီးသွားခြင်းအားဖြင့် refresh ပြန်ပြန်လုပ်ပေးဖို့လိုတာပေါ့နော်။

၁၅။ ခရီးသွားခြင်းအပြင် အစ်မရဲ့တခြားဝါသနာလေးတွေကိုလည်း သိပါရစေ။

အစ်မရဲ့ တခြားဝါသနာဆိုရင် စာရေးတာ၊ စာဖတ်တာ၊ နောက်တစ်ခုက sharing လုပ်ရတာလေ။ အစ်မက sharing လုပ်ချင်တာ၊ အစ်မရဲ့ ဆုံးသွားတဲ့အသိအစ်ကို တစ်ယောက်ပြောသွားတာပေါ့နော်။ ကိုယ့်နိုင်ငံကလူတွေ မသိဘူး၊ မတတ်ဘူးဆိုရင် မဆူနဲ့။ သူတို့ကို သိအောင်၊ တတ်အောင်ပြောပြပေးရမှာက သိတဲ့သူတွေရဲ့ တာဝန်ပေါ့နော်။ အဲ့ဒီစကားလုံးကို အခုထိစိတ်ထဲစွဲတယ်။ အဲ့ဒီအခါကျတော့ sharing လုပ်ရတာကို ကြိုက်တယ်။ အဲ့ဒီလို လုပ်ရတာ အစ်မရဲ့ သမိုင်းပေးတာဝန်လိုပဲ အစ်မကတော့ ထင်တယ်။ sharing လုပ်ချင်တာ။ လူတွေက မသိဘူးဆိုရင် နှိမ်ချင်တယ်။ အမှန်တော့ အဲ့ဒီလို မလုပ်ရဘူး။ မသိတဲ့လူတွေကို သိလာအောင် နားလည်အောင်ရှင်းပြရမယ်။ ကောင်းကောင်းမွန်မွန် ရှင်းပြရမယ်။ ဒီခေတ်ကြီးမှာ အကုန်လုံးက မျက်စိပွင့် နားပွင့်ဖြစ်လာပြီဆိုတော့လေ။ အစ်မ sharing လုပ်ရတာကို ကြိုက်တယ်။ စာရေးရတာ ကြိုက်တယ်။ အေးအေးဆေးဆေး နေရတာ ကြိုက်တယ်။

၁၆။ အစ်မရဲ့ Travel By Naw Htike Page လေးကို အမြဲဝင်ရောက်ဖတ်ရှုအားပေးနေတဲ့ ပရိသတ် တွေအတွက် ခရီးသွားခြင်းနဲ့ပတ်သက်ပြီး အစ်မနှစ်သက်တဲ့ ဒဿနလေးရှိရင် မျှဝေပေးပါဦး။

ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ ဒဿနတော့ မရှိဘူး။ ဘဝနဲ့ ပတ်သက်တဲ့ ဒဿနတော့ ရှိတယ်။ အစ်မက ဗုဒ္ဒဘာသာလည်း ဟုတ်တယ်။ ဘုရားရဲ့ အဆုံးအမတွေကို လက်ခံတဲ့သူလည်း ဟုတ်တယ်ဆိုတော့ အစ်မ ဒဿန တစ်ခုပဲရှိတယ်။ အဲ့ဒါက အစ်မတို့ မြတ်စွာဘုရားဟောခဲ့တဲ့ “အကြင်သူသည် မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏။” အစ်မတို့ဘာပဲလုပ်လုပ် အဲ့ဒီအစ်မတို့ စိုက်ပျိုးလိုက်တဲ့ မျိုးစေ့တွေကို အစ်မတို့ပဲ ပြန်ပြီး ရိတ်သိမ်းရမှာ။ အစ်မတို့ ကောင်းတာလုပ်ရင် အစ်မတို့ပဲ ခံစားရမှာ။ အစ်မတို့ မဟုတ်တာလုပ်ရင် အဲ့ဒီမဟုတ်တာကို အစ်မတို့ပဲ ခံစားရမှာပဲ။ ဒါကဘဝမှာ အမှန်ကန်ဆုံး ဒဿနတစ်ခုပဲ။ အဲ့တော့ အစ်မတို့က ၁ဝဝ ဖိုး လုပ်လိုက်တယ်။ ၁ဝဝ ဖိုးမှာ ၂ဝဖိုး မကောင်းတာလုပ်ရင် ၂ဝဖိုး မကောင်းတာ ပြန်ခံစားရမယ်။ အဲ့တော့ အစ်မတို့သည် ဘယ်ဟာကို စိုက်ပျိုးလိုက်သလဲ။ အဲ့ဒါတွေအကုန်လုံး အစ်မတို့ ခံစားရမယ်။ အခုလိုမျိုး အစ်မဖြစ်လာတယ်ဆိုတာကလည်း အစ်မစိုက်ပျိုးတဲ့အသီးကို ခံစားရတယ်လို့ပဲ။ အစ်မဘာစိုက်ပျိုးလိုက်လဲဆိုတော့ အစ်မရဲ့စေတနာတွေ နဲ့ page လေးတစ်ခုထောင်ပြီးတော့ အစ်မစိုက်ပျိုးလိုက်တယ်။ အစ်မချစ်ခြင်းမေတ္တာတွေ၊ စေတနာတွေကို အစ်မ စာဖတ်တဲ့သူတွေ နားလည်တယ်။ သိသွားတယ်။ သူတို့ရဲ့ အဆင်ပြေတဲ့ဟာတွေကို အစ်မပြန်ခံစားရတယ်။ အဲ့ဒီအတွက်ကြောင့် အတိုက်အခိုက်လည်း အစ်မဆီမှာ အရမ်းနည်းတယ်။ အစ်မဒါကို အစ်မစိုက်ပျိုးတဲ့ အသီးပြန်ရိတ်သိမ်းတာလို့ပဲ အစ်မခံစားရတာပေါ့နော်။

၁၇။  အစ်မလိုပဲ အွန်လိုင်းပေါ်မှာ ဘလော့ရေးဖို့ကြိုးစားနေတဲ့ လူငယ်လေးတွေရှိရင်လည်း အကြံပြု အားပေးစကားလေးတစ်ခွန်းလောက် ပြောပေးပါဦး အစ်မရေ။

အစ်မတို့တုန်းကကျတော့ အစ်မတို့က ဒါကို အောင်မြင်ပါစေဆိုပြီးလုပ်ခဲ့တာလည်း မဟုတ်ဘူး။ နာမည်ကြီးပါစေဆိုပြီးလုပ်ခဲ့ရတာလည်း မဟုတ်ဘူး။ ယုတ်စွအဆုံး travel blogger ဖြစ်ပါစေဆိုပြီး လုပ်ခဲ့တာလည်း မဟုတ်ဘူး။ အစ်မ စေတနာ၊ အစ်မသွားချင်တဲ့လမ်းကြောင်း ရှင်းပါတယ်။ တစ်ကြောင်းပဲရှိတယ်။ ခရီးသွားချင်တဲ့သူတွေ အဆင်ပြေအောင်သွားလို့ရအောင်၊ ဒါပေမဲ့ အခုနောက်ပိုင်းလူငယ်တွေကျတာ့ ဘာဖြစ်လာလဲဆိုတော့ သူတို့ဆီမှာ ဖြစ်ချင်တာတွေ လိုချင်တာတွေ နည်းနည်းများလာတယ်ပေါ့နော်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်က မတူဘူး။ သူတို့ကိုလည်း အပြစ်ပြောတာမဟုတ်ဘူး။ သူတို့ဆီမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အရမ်းများလာတဲ့အခါမှာ လမ်းကြောင်းလွဲသွားတက်တယ်။ ဥပမာတစ်ခုပြောမယ်ဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်မှာပဲ အစ်မကြားလိုက်ရတယ်။ အဲ့ဒီကောင်လေးတစ်ယောက်က ခရီးအရမ်းသွားချင်တယ်။ Travel blogger အရမ်းဖြစ်ချင်တယ်။ ဒါပေမဲ့ သူသည် အရမ်းငယ်တယ်။ အရမ်းငယ်တဲ့အခါကျတော့ under 20 ပေါ့။ ၂ဝ အောက် အရမ်းငယ်တဲ့အခါကျတော့ ခရီးအရမ်းသွားချင်တာကို သူ့ဟာနဲ့သူ မနိုင်တဲ့အခါကျတော့၊ ပြီးတော့ သူက ကမ္ဘာကိုပတ်ချင်တာ။ မနိုင်တဲ့အခါကျတော့ သူမလုပ်သင့်တာတွေ လုပ်တယ်။ လိမ်လည်မှုတွေ ဘာတွေလုပ်လိုက်တယ်။ အဲ့ဒါကြောင့် ဒါကမဖြစ်သင့်တဲ့ဟာပေါ့နော်။ ကိုယ်က ကိုယ့်အထွာနဲ့ကိုယ်ဘာလုပ်မယ်ဆိုတာကို step-by-step သွားရမယ်ပေါ့နော်။ သမ္မာအာဇီဝနဲ့ သွားရမယ်။ စေတနာသန့်သန့်လေးနဲ့ သွားမယ်ဆိုရင်တော့ ကိုယ်ဘာပဲလုပ်လုပ်၊ အောင်မြင်မှုက ကိုယ့်နောက်အမြဲလိုက်နေမှာပါ။ ကိုယ်ကအောင်မြင်အောင် မရည်ရွယ်ခဲ့သည့်တိုင် အောင်မြင်မှုကကိုယ့်နောက်လိုက်လာမှာပဲ။ နောက်တစ်ခုကကျတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် သွားဖို့လိုတာပေါ့။ နောက်တစ်ခုကကျတော့ ကိုယ်လုပ်လိုက်မယ့် အလုပ်တိုင်းမှာ ဘာလုပ်လုပ်၊ ကိုယ်ပဲပြန်ရိတ်သိမ်းရမှာ။ ကိုယ်စေတနာသန့်ရင် သန့်တဲ့ဟာပဲ ရိတ်သိမ်းရမယ်။ မသန့်ရင် မသန့်တဲ့ဟာပဲ ရိတ်သိမ်းရမယ်။

မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ Travel Blogger မနော်ထိုက်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို အောင်မြင်တဲ့အထိ မဆုတ်မနစ်ပုံဖော်ဖန်တီး နိုင်ခဲ့တဲ့ မနော်ထိုက်ရဲ့ ကြိုးစားမှုလေးတွေကလည်း ပရိသတ်ကြီးအတွက် စိတ်ဓာတ်ခွန် အားတွေရရှိ စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။