အလန်းစားဖက်ရှင်များနဲ့ ပရိသတ်အချစ်တော် အေးမြတ်သူနှင့် အင်တာဗျူး

blank

မင်္ဂလာပါ စာချစ်သူတို့ရေ…

မြန်မာ့နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှားပြီး ထက်မြက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမေး မြန်းနေတဲ့ဂန္ထဝင်မဂ္ဂဇင်းရဲ့အင်တာဗျူးကဏ္ဍကနေ ကြိုဆိုပါတယ်ရှင်။ ဒီတစ်ကြိမ်တွေ့ဆုံမေးမြန်း ထားတဲ့ ထူးချွန်သူအမျိုးသမီးကတော့ အနုပညာလောကမှာ ခန္ဓာကိုယ်အလှကော၊ စိတ်ထားအလှကို ပါ ထိန်းထားနိုင်တဲ့၊ အလန်းစားဖက်ရှင်များနဲ့ ပရိသတ်အချစ်တော် အေးမြတ်သူပဲဖြစ်ပါတယ်။ ပါးချိုင့် လေးနဲ့ ချစ်စရာကောင်းသလို စကားပြောလည်းကောင်းတဲ့ အေးမြတ်သူရဲ့ အဖြေစကားလေးတွေကို ဖတ်ကြည့်ကြရအောင်နော်။

၁။ မမြတ်လေး … မင်္ဂလာပါ။ ပထမဆုံးအနေနဲ့ ပရိသတ်ကြီးကို အစ်မရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ နည်းနည်းပါးပါးမိတ်ဆက်ပေးပါဦး။

အေးမြတ်သူရဲ့ နာမည်အရင်းကလည်း အေးမြတ်သူပါပဲ။ အဖေကတော့ ဦးအောင်မြင့် အမေကတော့ ဒေါ်မူမူစိန်ပါ။ အရောင်းအဝယ်သမား ကုန်သည်တွေပါ။ အစ်ကိုတစ်ယောက်ရှိပါတယ် အစ်ကိုကတော့ ကိုအောင်ကျော်မျိုး သဘောင်္သားပေါ့ Single ပါပဲ အစ်မလိုSingle ပါပဲ။

၂။ အစ်မကိုဆိုရင် နာမည်ကျော်မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း အသိအမှတ်ပြုထားကြတယ် ပေါ့နော်။ မော်ဒယ်လ်လောကထဲ စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးလည်း ပြောပြပေးပါဦး။

Model လောကထဲ အစ်မစတာက ကုန်စည်ပြပွဲတွေ Super Star ဦးချိုကြီးဆိုတာရှိတယ်လေ Super Star Agency ပေါ့နော်။ အဲ့ဒီမှာ အစ်မ နယ်ကုန်စည်ပြပွဲတွေမှာ လျှောက်တယ်။ အစ်မကိုသူ အကုန်မှတ်မိတယ် မိုးကုတ်တို့၊ ဗန်းမော်တို့၊ မြစ်ကြီးနား၊ မန္တလေး၊ ပြင်ဦးလွင်တို့ အဲ့ဒီက မြို့တော်ခန်းမတွေမှာ ကုန်စည်ပြပွဲတွေ လျှောက်ရတယ် အစ်မတို့တုန်းက။ အဲဒီကနေစတာပဲ။  အဲဒီမှာလျှောက်ရင်းနဲ့မှာပဲ ဦးချိုကြီးရဲ့သူငယ်ချင်း ဆရာဂျွန်ကနေ အစ်မကိုတွေ့သွားပြီးတော့ အဲ့ဒါသူ့ရဲ့ ပွဲကြီးတွေသူ့ရဲ့ရန်ကုန်က She Shines လိုပွဲမျိုးတွေ Revlon တို့  အရင်တုန်းကဆို ပွဲကြီးတွေ အဲဒီလိုပွဲတွေမှာ ခေါ်လျှောက်တယ်။ အဲ့ဒီလိုနဲ့ နာမည်ကြီးပွဲတွေ မှာလျှောက်ရင်းနဲ့ပေါ့နော် ဒီအစ်မရဲ့ အဓိက လက်ဦးဆရာက ဦးချိုကြီး ပြီးရင်ဆရာဂျွန်ပေါ့။ ပြီးတော့အစ်မ အဲ့ဒီလို နယ် Show ပွဲတွေသွားရင်းနဲ့ Miss တွေဝင်ပြိုင်သေးတယ်။ ဆရာ Bryan ပေါ့ Miss Romance ပွဲကို အစ်မအရင်ဝင်ပြိုင်ဖြစ်တယ်။ အဲဒီမှာအစ်မ Miss Romance ရတယ်ပေါ့နော်။  အဲလိုမျိုးလေးပေါ့။ ဆိုတော့အစ်မ Model လောကကို အစ်မ ကုန်စည်ပြပွဲတွေမှာ လျှောက်ရင်းနဲ့ ပြီးတော့ Miss ပြိုင်ပွဲတွေပြိုင်ရင်းနဲ့ အဲဒီလိုပြိုင်နေရင်းမှာပဲ အစ်မခုနကလိုပေါ့နော် ဆရာဂျွန်ရဲ့ နာမည်ကြီးပွဲတွေ Show ပွဲတွေလျှောက်ရင်းနဲ့ Model တစ်ယောက်ဖြစ်လာတာပါ။

၃။ မော်ဒယ်လ်လောကထဲစဝင်ခါစက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိခဲ့ရင်လည်း သိပါရစေ အစ်မ။

၂ဝဝ၄ ခုနစ်ပေါ့။ အခက်အခဲတော့မရှိဘူး။ အဲတုန်းကအစ်မကလေနယ် Show ပွဲတွေလျှောက်ရင် တစ်ရက် ၅ဝဝဝ ရတယ်။ အစ်မနေ့တိုင်းသွားရတယ်။ ဒါပေမဲ့ တစ်ပတ်မှာ ၅ ရက် ရတယ် စနေ၊ တနင်္ဂနွေ ၂ ရက်ကခရီးသွားလို့ ပိုက်ဆံမရဘူးပေါ့နော်။ စရိတ်ငြိမ်း အပြီးငြိမ်းပေါ့နော်။ အစ်မတို့ တစ်ခါကုန်စည်ပြပွဲတွေမှာ Pamphlet တွေဝေရတယ်။ အစ်မကတော့ အစက အဲဒီလိုစခဲ့ရတယ်။ ဒီဘက်ခေတ် Model တွေလိုမျိုး ပွဲကြီးတွေလျှောက် Social မှာနာမည်ကြီးပြီးတော့ Model Show အဲဒီလိုမျိုးလျှောက်ရတာမဟုတ်ဘူး။ အစ်မ Model လောကစတဲ့အချိန်မှာ အစ်မကလေ ကုန်စည်ပြပွဲတွေလျှောက်ရင်းနဲ့ ပြီးတော့ Trade ပွဲတွေ၊ ကုန်စည်ပြပွဲတွေမှာ Pamphlet ဝေ၊ ဒီ Promotion Area မှာ မတ်တပ်ရပ်နေရတာ အဲလိုမျိုးတွေကနေ အစ်မစခဲ့တာပဲ အဲဒီကနေစ Miss ပြိုင်ပွဲတွေပြိုင်၊ နာမည်ကြီး Show ပွဲအကြီးတွေလျှောက်ရင်းနဲ့ အစ်မ Model တစ်ယောက်ဖြစ်လာတယ်။

၎။ မော်ဒယ်လ်လောကကနေ သရုပ်ဆောင်ဘက်စတင်ခြေလှမ်းချဲ့ဖြစ်ခဲ့ပုံလေးကိုလည်း သိပါရစေ။

အဲဒါက အဓိကအားဖြင့် ကျေးဇူးရှင်ကတော့ ဆရာဦးချိုကြီးပါ။ ဆရာဦးချိုကြီးက နေပြီးတော့ပေါ့နော် သူ Super Star Agency မှာနေနေရင်းနဲ့  ဒါရိုက်တာအာရုဏ်သစ် (ဦးကျော်ဟိန်း) ကနေပြီးတော့ မင်းသား၊ မင်းသမီးငယ်လေးတွေလိုချင်တယ် သူရဲ့ အာရုဏ်သစ် ဆိုတဲ့ နာမည်နဲ့ သူ ဒါရိုက်တာအနေနဲ့ ကားရိုက်တဲ့ချိန်မှာလိုတယ်ဆိုတော့ အစ်မတို့ဆရာဦးချိုကြီးကိုကမ်းလှမ်းတယ်ပေါ့နော်။ ဒီ Model Agency မှာ ကလေးတွေဝါသနာပါတယ်ဆိုလို့ရှိရင် သူ့ဆီကိုလွတ်လိုက် ဆိုပြီးပြောတော့ အစ်မကအဲလို Show ပွဲတွေလျှောက်နေတာ အစ်မ Playback ကတယ်။ Playback ကတယ်ဆိုတာ အဲလို သီချင်းတွေဖွင့်ထားပြီးတော့လေ ရန်ကုန်သားနဲ့ မန္တလေးသူတို့ သိတယ်မလား Example ရဲ့ ဆရာမလေး သိတယ်မလား အဲလို Rap တွေရွတ်တဲ့ဟာမျိုးလေ အဲလို ကုန်စည်ပြပွဲတွေမှာ အစ်မအဲလို Playback တွေအမြဲတမ်းကတယ်။ သီချင်းနဲ့အဲလို ဟာသဆိုလည်း ဟာသပေါ့နော်။ ငိုစရာဆိုလည်း ငိုစရာပေါ့ အဲလိုလေးလုပ်တော့ အစ်မရဲ့ ပုံသဏ္ဍန်ကို ကြည့်ပြီးတော့ Talent ရှိတယ်ဆိုပြီးတော့ ဆရာဦးချိုကြီးကနေပြီးတော့ သူကိုယ်တိုင်ပဲ အစ်မရယ် နောက်ထပ် Model တစ်ယောက်ရယ် Model Boy တစ်ယောက်၊ Model Girl နှစ်ယောက်ပေါ့နော် အစ်မအပါအဝင် ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက်၊ သုံးယောက်ကို သူလိုက်အပ်ပေးတယ်။ သူ့တပည့်တွေပါ စောင့်ရှောက်ပေးပါဆိုပြီးတော့။ မှတ်မှတ်ရရ အဲဒီတုန်းက အစ်မ ငါးသောင်းရတယ်။ အရမ်းပျော်တာပေါ့နော်။ Show လျှောက်ရင် တစ်နေ့ ငါးထောင်ကနေပြီးမှ ရုပ်ရှင်တစ်ကားကိုရိုက်ရင် ငါးသောင်းရတယ်ဆိုပြီးတော့။ အစ်မတို့ အဲဒီကား စစရိုက်ချင်းတုန်းက ဒါရိုက်တာ အာရုံသစ်က အစ်မတို့ကို ငါးသောင်းပေးတယ်။ ဒီကားမှာပါဝင်သရုပ်ဆောင်ကြေး၊ အနုပညာကြေး ငါးသောင်းရတယ်။ ဆရာကလည်း လိုက်ပြီးအပ်ပေးတဲ့အခါကျတော့ ဒီဆရာအာရုံသစ် ဦးကျော်ဟိန်းကလည်း အေးမြတ်သူတို့ကို သေချာကို သင်ပေးပါတယ်။ သူကသဘာဝမင်းသားဆိုတော့ မိတ်ကပ်လိမ်းတာတွေ သိပ်မကြိုက်ဘူး။ အဲလိုမျိုး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်၊ အိုက်တင်လုပ်နေသလိုမျိုးတောင် သူမကြိုက်ဘူး။ လွတ်လွတ်လပ်လပ်နေပြီးတော့ သဘာဝအိုက်တင်မျိုးဆို သူကြိုက်တယ် ဆိုတော့ မိတ်ကပ်တွေဘာတွေ မလိမ်းရဘူး။ ဘီးတွေဘာတွေဆိုလည်း သူ့ရှေ့မှာကိုင်ရင်မကြိုက်ဘူး ဆိုတော့ အစ်မဒီမှာသရုပ်ဆောင်ပေါ့နော် Talent ရှိတယ်ကွာ သိပ်မသိဘူး။ ဒါပေမဲ့ ဦးကျော်ဟိန်းရဲ့ တပည့်ဖြစ်ခွင့်ရတော့ မိတ်ကပ်တွေဘာတွေမကြိုက်တော့ဘူး၊ ဘီးတွေဘာတွေမကြိုက်တော့ဘူး။ Shooting မှာ အိုက်တင်လုပ်ဖို့ကိုပဲ ပိုပြီးတော့ ဦးစားပေးပြီး ပိုပြီးအားသန်တဲ့ Actor တစ်ယောက်ဖြစ်လာတာပေါ့နော်။ အဲဒါကတော့ အိုက်တင်ကတော့ ပြီးတော့ အဲဒီမှာ ဦးမီးပွားတို့၊ ဦးမိုးဦးတို့၊ဦးမျိုးမင်း တို့ အဲလိုဆရာတွေအများကြီးနဲ့တွေ့ဆုံပြီးတော့ ဒီလိုလုပ်ခွင့်ရခဲ့တာပေါ့နော်။

၅။ သရုပ်ဆောင်လောကထဲဝင်ရောက်တဲ့အချိန် အစ်မကြုံတွေ့ခဲ့ရတဲ့အဓိကအခက်အခဲတွေက ဘာ များဖြစ်မလဲ။

နေရာတိုင်းမှာတော့ အခက်အခဲရှိပါတယ်။ သရုပ်ဆောင်ရယ်လို့တော့မဟုတ်ပါဘူး။ လုပ်ငန်းခွင်တိုင်းမှာ အခက်အခဲဆိုတာရှိတယ်။ အဲဒီ အခက်အခဲတွေကို ဖြတ်ကျော်ရင်းနဲ့ပဲ ကိုယ်က ပို၍ကောင်းမွန်တဲ့ ဘဝတစ်ခု၊ ပို၍ကောင်းမွန်တဲ့ အတွေ့အကြုံအသစ်တွေရလာတာလေနော်။ ဆိုတဲ့ခါကျတော့ လောကကြီးမှာ အခက်အခဲမရှိဘဲနဲ့ ချောမွေ့တဲ့ အရာဘယ်ဟာမှ မရှိပါဘူး။ ဆိုတော့ အဲဒီအခက်အခဲတွေကို စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းတတ်ဖို့ပဲလိုတာ။ အဲဒီကမှ တစ်ဆင့် ကိုယ့်ကို Promotion ပေးသွားတာပါပဲ။ အဲဒီအခက်အခဲတွေက ကိုယ့်ကို Promotion ပေးတာပဲလေ။ တဖြည်းဖြည်းနဲ့ ကိုယ်ကဖြေရှင်းတတ်လာတယ်၊ ကျွမ်းကျင်လာတယ် အလုပ်မှာပိုပြီးစီမံနိုင်တယ်ပေါ့နော်။ ဒီဟာတွေကျော်လွှားနိုင်ရင်ပေါ့။ အရှုံးပေးလိုက်ရင်တော့ အောင်မြင်မှုဆိုတာလည်းမရသလို ကောင်းမွန်တဲ့အရာတွေလည်း မရနိုင်တော့ဘူး။ ဒီနေရာကနေ ရွေ့မှာ မဟုတ်ဘူးလေ။ ဒါတောင်ကိုယ် အကောင်းဆုံးကျော်လွှားနိုင်ရင် ကိုယ့်အတွက် Promotion ပေးလို့ ကိုယ်ရလို့ကိုယ်ခံစားရတာဆိုတော့အခက်အခဲတွေက အနည်းနဲ့အများတော့ရှိတာပေါ့။ အကောင်းဆုံးတော့ ကျော်ဖြတ်ခဲ့တယ်လေ။ တစ်ချို့အရာတွေမှားခဲ့တာတွေလည်း ရှိကောင်းရှိနိုင်တယ်။ မှန်တဲ့ဟာတွေလည်း ရှိကောင်းရှိနိုင်တယ်။ မှားရင်သင်ခန်းစာယူတယ်။ မှန်ရင်ပိုကောင်းအောင်လုပ်တယ်။

၆။ အဲ့ဒီထဲမှာ ပရိသတ်လည်း အရမ်းကြိုက်ခဲ့ပြီး အစ်မကိုယ်တိုင်အတွက်လည်း အမှတ်တရဖြစ်ခဲ့တဲ့ ဇာတ်ကားလေးတွေကို ပြောပြပေးပါဦး။

အစ်မကလေ အဲလိုမျိုးကြီးတွေ တစ်ခုကြီး ဝုန်းခနဲ ဖြစ်သွားတာမျိုးမရှိဘူး။ ဖြည်းဖြည်းချင်းနဲ့ တော့အစ်မကို ပရိသတ်အားပေးပြီးအသိအမှတ်ပြုလာတာရှိတယ်။ ဆိုတော့ အဲလိုမျိုးပရိသတ် သိတယ်ဆိုတော့ “မမေ့မယ့်မိုး” မှတ်မှတ်ရရပဲ။ ပြီးတော့နောက် မင်းဒင်ကိုကိုနဲ့ ချယ်လိုကြီးနဲ့ ထိုးတဲ့ဟာလေ၊ လရောင်ဆိုနာတာ အများကြီးပါပဲ။နောက်ပြီးတော့သူထူးဆန်နဲ့ဆိုလည်း Action ကားတွေ အဲလိုမျိုးတွေဆိုတော့လေ တစ်ကား ထီးထီးတည်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ အစ်မကို တော်တော်များများကလေ ဖြည်းဖြည်းချင်းနဲ့ သဘောကျလာတယ်လို့တော့ ခံစားရတယ်။

၇။ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လာရင်လည်း အစ်မကိုအားပေးနေတဲ့ ပရိသတ်အခိုင်အမာရှိတယ်ပေါ့နော်။ ဖက်ရှင်နဲ့ပတ်သက်တဲ့ အစ်မရဲ့ခံယူချက်ကိုလည်း ပြောပြပေးပါဦး။

အစ်မကတော့လေ ဖက်ရှင်ကို ငယ်ငယ်တုန်းကတော့ တအားရူးသွပ်ခဲ့တယ်။ အဲလို နားကပ်အကြီးကြီးတွေဆွဲ၊ Fancy အကြီးကြီးတွေဝတ်တယ်ပေါ့နော်။ အခု အသက်အရွယ်တွေကြီးလာတော့ ဖက်ရှင် ကိုအဲ့လောက်ကြီး မကြိုက်တော့ဘူး။ ဒါပေမဲ့လည်း ခေတ်ရေစီးကြောင်းအရ ပေါ်လာတဲ့ ဖက်ရှင်ပုံစံတွေကို ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုယ့် Body နဲ့ လိုက်ဖက်မှုရှိအောင်တော့ အစ်မဝတ်တယ်။ အဲလိုပေါ့နော် ဟိုပေါ်တိုင်းလည်း ဖက်ရှင်အသစ်အသစ်ပေါ်တိုင်း အစ်မ မဝတ်ဘူး။ အစ်မနဲ့ မလိုက်ရင်မဝတ်ဘူး ဆိုတော့အစ်မအတွက် ဖက်ရှင်ဆိုတာကတော့ ခေတ်တစ်ခေတ် အချိန်တစ်ခုရဲ့ ပြယုဂ်ပေါ့၂ဝ၁၇ နှစ်တစ်နှစ်ရဲ့ ပြယုဂ်ပေါ့နော်။ နှစ်တစ်နှစ်မှာဘာတွေခေတ်စားတယ်၊ ဘယ်လိုတွေဖြစ်နေတယ်ပေါ့နော် အဲဒါတွေကို အစ်မက ကိုယ်နဲ့လိုက်မယ့်ဟာ အစ်မပြန်ဝတ်တယ်။ အရင်တုန်းကဆို အောက်ရှူးတွေခေတ်စားတယ်။ အစ်မနဲ့ လိုက်တော့မလိုက်ဘူး ဒါပေမဲ့ အစ်မ ဝတ်ဖြစ်တယ်။ ပြီးတော့ ခါးတပ် Flare (ဖလဲ) တွေ ကြိုက်တယ်ပေါ့နော်။ အဲလိုအစ်မ ဝတ်ဖြစ်တယ်ဆိုတော့ ပေါ်လာတဲ့ ဖက်ရှင်ပေါ်မူတည်ပြီး အစ်မနဲ့လိုက်ဖက်မယ့်ဟာကို ပြန်ပြီးရွေးပြီးဝတ်တယ်။

၈။ အနုပညာရှင်ဖြစ်စေ၊ သာမန်မိန်းမသားဖြစ်စေ မိန်းမသားတွေအနေနဲ့ ဘဝမှာ ဖက်ရှင်ပိုင်းကို ဂရု စိုက်ဖို့က ဘယ်လောက်ရာခိုင်နှုန်း အရေးပါတယ်ထင်ပါသလဲ။ ဘာကြောင့်ပါလဲ။

ဘဝမှာတော့ ဖက်ရှင်က အဲလောက်အရေးမပါဘူး။ လုပ်ငန်းခွင်မှာတော့ အရေးပါလိမ့်မယ်။ ဘဝနဲ့လုပ်ငန်းနဲ့ မတူဘူးလေနော်။ ဘဝအတွက်ဆိုရင်တော့ အစ်မက ဖက်ရှင်ကို အရေးပါတယ်လို့မထင်ဘူး။ ဘဝမှာ ဖက်ရှင်ဆိုတဲ့အရာထက် အရေးကြီးတဲ့ အရာတွေအများကြီး ရှိတယ်။ စိတ်နေစိတ်ထားတွေ၊ ကိုယ်ဖြတ်သန်းရတဲ့ ကိုယ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပေါ့နော် ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့တွေ၊ ကိုယ့်ရဲ့ အခြေခံစိတ်အယူအဆတွေရှိတယ် ဆိုတော့ ဘဝနဲ့ယှဉ်လိုက်ရင် ဖက်ရှင်ဆိုတာအစ်မအတွက် ဘာမှအရေးမပါပါဘူး။ လုပ်ငန်းခွင်လို့ပြောရင်တော့ ဒီဖက်ရှင်ကအရေးပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်မှာ တစ်ဖက်သားကကိုယ့်ကိုယုံကြည်မှုရှိဖို့ ဖက်ရှင်ကျနေရမယ်။ ခေတ်အမြင် ရှိနေရမယ်။ ကိုယ့်အလုပ်ပေါ်မှာ ကိုယ့်စကားကို လူတစ်ယောက်က စိတ်ဝင်စားလာစေဖို့ အာရုံစိုက်လာစေဖို့ ကိုယ့်ရဲ့ First look က ကြည့်ကောင်းနေဖို့လိုတာနော်။ အဲဒီကိုယ့် Look ကြည့်ကောင်းနေမှ ဖက်ရှင်ဖြစ်နေတယ် တစ်ကိုယ်ရည် သန့်ရှင်းရေးရှိနေတယ်။ ခေတ်အမြင်ရှိတဲ့ ပုံစံမျိုးဆို ကိုယ့်စကားက မပြောရသေးဘဲ ၂ဝ% ကအောင်မြင်နေပြီ။ အစ်မအဲလိုမျိုးခံစားရတယ်ကွာ။ (ဥပမာ ညီမလေး နွမ်းနွမ်းဖက်ဖက်ကြီးနဲ့ ညီမလေးသွားနေရင် ညီမလေးဘယ်သူလဲမသိဘူးနော် အစ်မမအားသေးဘူးလို့ ပြောလိုက်မှာပေါ့နော်။ ညီမလေးက သပ်သပ်ရပ်ရပ်ဝတ်စားလာပြီးတော့ မေးတော့ အော် ညီမလေး ဘာပြောမှာလဲ မသိဘူး ပြောညီမလေး ဆိုပြီးတော့ အဲလိုမျိုးပေါ့နော်။ လုပ်ငန်းခွင်မှာတော့ ဖက်ရှင်က အရေးပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းအတွက်ပေါ့နော် ကိုယ်ပြောတဲ့စကားအောင်ဖို့ ကိုယ့်လုပ်ငန်းမှာ အစစအရာရာ အဆင်ပြေဖို့အတွက် ဖက်ရှင်ကတော့ အရေးပါတယ်လို့ ခံစားရတယ်။ အဲဒါမှတစ်ဆင့် ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ပေါ့နော်။)

၉။ ပရိသတ်တွေက အစ်မကို သရုပ်ဆောင်မော်ဒယ်လ်အနေနဲ့အပြင် ပရဟိတလုပ်ငန်းတွေမှာ တက် တက်ကြွကြပါဝင်လုပ်ဆောင်သူအနေနဲ့လည်း သိကြတယ်ပေါ့နော်။ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင် ဖြစ်နေတဲ့အပေါ် အစ်မရဲ့ခံယူချက်လေးကို သိပါရစေ။

အဲဒီပရဟိတ လုပ်တယ်ဆိုတာကလည်း အစ်မကို ပရိသတ်ကသင်ပေးတာပါ။ အစ်မအသက် ၂၃၊ ၂၄၊ ၂၅၊ ၂၆ မှာ အစ်မ ပရဟိတ ဘာမှမလုပ်ဖြစ်ဘူး။ ပိုက်ဆံရှာမယ် သိတယ်မလား အစ်မကအဲလိုလောကဇောတွေကြိုက်တာ များတာကိုးနော်။ဒီ ၂၇ လောက်မှာ အစ်မ ပရဟိတ လုပ်ရမယ်ဆိုတာသိလာတယ်။ ဘာလို့သိလာလည်းဆိုတော့ လူငယ်တွေက စပြီးတော့ ပရဟိတလုပ်ကြတဲ့ခါကျတော့ အဲဒီမှာဘာဖြစ်လည်းဆိုတော့ သူတို့ဆီက ကိုယ်ကပြန်သင်ရတာ။အော်… ကြည့်ဦး ကလေးတွေတောင်လုပ်တာ ငါတို့ဘာလို့ မလုပ်မိတာလဲပေါ့နော်။ ၁၈၊ ၁၉ ကလေးတွေလုပ်နေကြတာ ငါတို့ ၂ဝ ကျော်တုန်က ငါတို့မလုပ်ခဲ့မိဘူး အခုမှငါတို့ လုပ်ရမှာ ဒီပရဟိတလို့ပြောရင် အစ်မ ဒီပရိသတ်ဆီက ခေတ်လူငယ်တွေဆီကသင်တာပါ။ သူတို့လုပ်တာအားကျပြီးတော့ လုပ်ချင်စိတ်တွေပေါ်လာတာပေါ့နော် ဆိုတော့ အစ်မအဲဒီကနေ လုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်တာအတွက် အစ်မအဓိက ပြောရရင်တော့ လုပ်ဖြစ်သွားတာ  ပရိသတ်ကြောင့်ပါ။ ခေတ်လူငယ်တွေကြောင့်ပါ။ အဲဒီအတွက် အစ်မအရမ်းကျေးဇူးတင်ပါတယ်။ အစ်မကလည်း ကိုယ့်ရဲ့ပေါ့နော် ကိုယ့်ဆီမှာပေါ့နော် အဲလို အားလပ်ချိန်ရှိတဲ့ချိန်ကျရင် ပရဟိတအလုပ်ကို လုပ်ဖို့အမြဲ အဆင်သင့်ပါပဲ။ အစ်မကို လုပ်ဖို့ကမ်းလှမ်းလာရင်လည်း အစ်မအားတဲ့ချိန်ကို ပေးဖို့အမြဲအဆင်သင့်ပါပဲ။

၁၀။ အစ်မရဲ့ခန္ဓာကိုယ်အချိုးအစား အခုလို ကျနလှပနေအောင်ကော ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်း သိမ်းပါသလဲ။ ပရိသတ်တွေ အတုယူနိုင်အောင် အစ်မရဲ့နည်းလမ်းလေးကိုလည်း မျှဝေပေးပါဦး။

အစ်မ Gym  ဆော့တယ်။ အဲဒါကလည်း အစ်မထင်တာက ၂၆၊ ၂၇ လောက်ကအစ်မ အရမ်းဝလာတယ် တော်တော်ဝလာတယ်။ ဝလာတယ်ဆိုတော့ မိန်းမကြီးနဲ့သွားတူနေတယ် ပြီးတော့ လုပ်ငန်းခွင်မှာအဆင်မပြေဘူး။ အစ်မပုံစံက ကြည့်လိုက်ရင် လူကြီးနဲ့တူနေတယ် ခန္ဓကိုယ်ဝတဲ့အခါကျတော့ လူက ဘယ်လိုပဲကြည့်ကြည့် ရှေ့ကကြည့်ကြည့် နောက်ကကြည့်ကြည့် လူထွားထွားကြီးနဲ့တူနေတာ။ လူကြီးကြီးနဲ့တူနေတာကွာ ဆိုတဲ့ခါကျတော့ အစ်မအလုပ်မှာ အဆင်မပြေတော့ဘူး။ အစ်မ အလုပ်က အစ်မငယ်ရွယ်နေရမယ်၊ နုပျိုနေရမယ်၊ Fresh ဖြစ်နေရမယ် အဲလိုမျိုးပေါ့နော် အဲလိုမျိုးဖြစ်နေရမယ်ဆိုတော့ အစ်မခန္ဓာကိုယ်က ဝတ်စားရတာ သိပ်အဆင်မပြေတော့ဘူး မိန်းမကြီးနဲ့တူလာတော့ အစ်မကြာရင် မင်းသမီးနေရာမဟုတ်ဘဲ မင်းသားအစ်မတို့ ဘာတို့ဖြစ်တော့မှာ ဆိုတဲ့ခါကျတော့ အစ်မလေ ဒီအလုပ်ကိုလုပ်နေတုန်းပဲ Professional လုပ်မယ်ဆိုရင်ပေါ့နော် အစ်မရဲ့ခန္ဓာကိုယ်ကို အစ်မပြန်ပြီးတော့ ကြည့်ရမယ်၊ Changes လုပ်ရမယ်။ အစ်မ မင်းသမီးဆိုတဲ့နေရာမှာ နေချင်သေးတယ်ဆိုရင်ပေါ့နော် ဆိုတဲ့ခါကျတော့ အဲဒါနဲ့ ခန္ဓာကိုယ်ကို အစ်မပြောင်းရတယ်။ (အစ်မဝသွားတယ်။ ဝသွားတော့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူး။ အစ်မလုပ်နေတာကလည်းပေါ့နော် ဒီ Model သရုပ်ဆောင်တစ်ယောက်ဖြစ်တော့ အစ်မ ခန္ဓာကိုယ်ကို အစ်မထိန်းမှရမယ်ဆိုတာကို အစ်မသွားပြီး သတိထားမိတယ်ပေါ့နော် ဆိုတော့အစ်မ တစ်နှစ်ကျော်လောက် Gym ကိုသေချာဆော့ လိုက်တယ်။အစ်မနည်းနည်းပြည့်လာတော့ Pose တွေဘာတွေလုပ်တဲ့အခါမှာ ဗိုက်ခေါက်တို့ဘာတို့ ထွက်လာတဲ့အခါကျတော့ အစ်မက ငါ့အလုပ်အတွက်ဆိုရင်တော့ငါဝိတ်ချမှဖြစ်မယ်ဆိုပြီးတော့ စဉ်းစားပြီးတော့ အဲဒါနဲ့ အစ်မက တစ်နှစ်လောက် တစ်နေ့ကို နှစ်နာရီခွဲလောက် Gym ဆော့လိုက်တယ် မှန်မှန်လေးပေါ့နော် Trainer တွေဘာတွေနဲ့ တကယ့်ကို နည်းပြတွေနဲ့ ဆော့လိုက်တော့ အစ်မ ကိုယ်ရည်တော်တော်စစ်သွားတယ်။ခန္ဓာကိုယ် အချိုးအစားလည်း ပိုကြည့်ကောင်းလာတယ်၊ ခန္ဓာကိုယ်ပေါ့ပါးသွားအခါ အဆီတွေဘာတွေမရှိတော့ Pose တွေဘာတွေလုပ်တဲ့အခါလည်း မိုက်နေတယ် ကြည့်ရတာမျက်စိထဲမှာ အဆင်ပြေနေတယ် အဲဒါနဲ့ အစ်မကိုထပ်ပြီးတော့ သတိထားမိကြတယ်ပေါ့နော်။ အစ်မအသက် ၂၉၊ ၃၀ လောက်မှာပေါ့။ ဆိုတဲ့ခါကျတော့ အစ်မ ခန္ဓာကိုယ် အချိုးအဆစ် နည်းနည်းပြောင်းသွားတဲ့အခါကျတော့ အစ်မကိုကြည့်ရတာ ပေါ့ပါးသွားတယ် ၂၈၊ ၂၉ မှာသေချာဆော့ပြီး ၃ဝ မှာသတိထားမိလာကြတယ်ပေါ့နော် ဆိုတဲ့ခါကျတော့ မိုက်တယ်ပေါ့နော် အသက်ကြီးပေမဲ့ ခန္ဓာကိုယ် အချိုးအစားမိုက်တယ်ပေါ့နော် ဆိုတဲ့ဟာမျိုးဖြစ်သွားတော့ အရင်ကထက်အစ်မကို ပိုပြီးသတိထားမိလာကြတယ်ပေါ့နော်။ အဲဒီမှာလည်း ခုနကလိုမျိုး မြန်မာဝတ်စုံလေးတွေဝတ်ပြီးတော့မှ နေတဲ့ခါကျတော့ တစ်မျိုးလေးပေါ့နော် ကြည့်လို့ကောင်းတယ်ပေါ့နော်။ ဗမာဝတ်စုံနဲ့ တအားလိုက်တာပဲ ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်။ အဲဒီလိုမျိုးဖြစ်သွားတော့ ပိုပြီးတော့ပေါ့နော် အရင်ထက် အစ်မကို အာရုံကျလာကြတယ်၊ ပိုပြီးစိတ်ဝင်စားလာကြတယ်။ အဲလိုမျိုးလေးတွေပေါ့နော်။ အဓိက ကတော့ အစ်မ ခန္ဓာကိုယ်ဆော့တယ်ဆိုတာ အသက် ၂ဝ ကျော်မှာ ခန္ဓာကိုယ်ဝလာတဲ့ဟာကို ပြန်ပြုပြင်တော့ သေချာ Gym တွေဆော့တော့ ခန္ဓာကိုယ် State က ပြောင်းသွားတယ်။ မိန်းမတွေကပြောတယ်  ခန္ဓာကိုယ် Body အချိုးအစားက ပြောင်းလဲမှုရှိတယ်လို့ပြောတယ် အသက် ၁၈၊ ၁၉ မှပြောင်းတယ်ပေါ့နော်။ အဲလိုမျိုးလေးပေါ့နော် အစ်မလည်း ဆော့တဲ့အချိန်မှန်သွားတယ်ထင်ပါတယ်။ အဲဒီမှာ အစ်မ ခါးသေးတာတွေဘာတွေ ပိုပြီးတော့ မိုက်လာတယ်။ တင်တွေဘာတွေပိုကားလာတယ်ပေါ့နော် ဆိုတဲ့ခါကျတော့ ကြည့်ရတာပိုအဆင်ပြေတယ်ပေါ့နော်။ အဲဒီကတည်းကစပြီးတော့ အစ်မအခု တောက်လျှောက် Gym ဆော့ဖြစ်တယ်ပေါ့နော်။ နေ့ညအလုပ် ရှိတာကလွဲရင် နယ်သွားတာတွေဘာတွေကလွဲရင် Gym သွားဆော့ဖြစ်တယ်။

၁၁။ အောင်မြင်နေသူတိုင်းရဲ့နောက်ကွယ်မှာ အခက်အခဲတွေ၊ အတိုက်အခိုက်တွေ ရှိခဲ့ကြတယ်ပေါ့ နော်။ အခုလို အွန်လိုင်းပေါ် လူတိုင်းပြောရေးဆိုခွင့်ရှိနေတဲ့ခေတ်မှာ အမျိုးမျိုးသောပုံစံနဲ့ ဝေဖန်မှုတွေ ကို နာမည်ကျော်ကြားတဲ့အနုပညာရှင်တိုင်းလိုလို ကြုံနေရတာ ညီမတို့လည်း မြင်နေရပါတယ်။ အဲ့ဒီ အပေါ်မှာကော အနုပညာရှင်တစ်ယောက်အနေနဲ့ အစ်မရဲ့ သဘောထားခံယူချက်လေးကို သိပါရစေ။

အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်မှရယ်လို့တော့မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်လည်းဝေဖန်ခံရတာပဲ။ Blogger တွေလည်းဝေဖန်ခံရတာပဲ။ ဒါကြီးက အနုပညာရှင်မှသီးသန့် ဝေဖန်ခံရတာလို့မထင်တော့ဘူး။ အစ်မတို့ ပရိသတ် အာရုံကျခြင်းခံရတဲ့ လူထုကစိတ်ဝင်စားခြင်းခံရတာမျိုးတို့ ဆိုရင် ဝေဖန်ခံရတာပါပဲ။ ကိုယ်လည်းအများထဲက တစ်ယောက်ပဲလေနော်။ အစ်မကတော့ဘာမှမဖြစ်ဘူး။ အစ်မက အဲဒီလို ဝေဖန်ခံရလို့ လိမ္မာသွားတယ်လို့ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မအဲ့လို ဝေဖန်တိုင်း ဟိုဟာဝတ်တာမလှဘူး ဒီဟာဝတ်တာမလှဘူးပေါ့နော် နို့တွေပေါ်နေတာ မကြိုက်ဘူး မလှဘူးဆိုတော့ အဲလိုနဲ့အစ်မ တဖြည်းဖြည်းပြောင်းလာတဲ့အခါကျတော့ အစ်မ လိမ္မာလာတယ်၊ပိုပြီးယဉ်ကျေးလာတယ် ပိုရင့်ကျက်လာတယ်ဆိုတော့ အစ်မကတော့ ဝေဖန်ခံရတာကို သဘောကျပါတယ် ဆိုတဲ့ခါကျတော့ ဝေဖန်တဲ့ထဲမှာ အစ်မအတွက် ပြင်ဆင်သင့်တဲ့ဟာတွေ ပြုပြင်သင့်တဲ့ဟာတွေပါတယ် ဆိုရင် အစ်မပြုပြင်တယ်။ အဲ့ဒီတော့အစ်မက ဝေဖန်မှုတွေကို ယူလို့ရမှယူတယ်။ မယူသင့်တဲ့ဟာဆို အစ်မထားခဲ့တယ် အစ်မအဲလိုမျိုးပဲ ဖြတ်သန်းလာတယ်။

၁၂။ အစ်မအကြိုက်ဆုံး ဘဝဒဿနလေးရှိရင် ပရိသတ်ကြီးကို မျှဝေပေးပါဦး။

အစ်မအကြိုက်ဆုံးက ဒီနေ့အကောင်းဆုံး ဖြစ်အောင်လုပ်တာက အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင် ပုံဖော်တာနဲ့ တူတူပဲ။ အစ်မ အဲလိုပဲစဉ်းစားတယ်။ အစ်မ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်နေတာက အစ်မအခုကောင်းဖို့မဟုတ်ဘူး အနာဂတ်ကောင်းဖို့ အစ်မလုပ်နေတာ ဆိုတော့ အစ်မပေါ့နော် မနက်ဖြန်စားဖို့ ဒီနေ့အပင်စိုက်နေတာပေါ့နော်။ အစ်မကတော့အဲလိုပဲခံစားရတယ် ကိုယ့်ကိုယ်ကို ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိအလုပ်ကို အကောင်းဆုံးလုပ်တာဟာ အနာဂတ်ကို အကောင်းဆုံးပုံဖော်တာပဲ။ ဘာ့ဖြစ်လို့လဲဆိုတော့ အစ်မတို့ အတိတ်ကပြီးသွားပြီ ပြန်မရနိုင်တော့ဘူးဆိုတော့ ဒီအချိန်မှာအစ်မတို့ အချို့ကအကောင်းဆုံး ဆက်ဆံကြတယ် အချို့ကျတော့လည်း ကောင်းသွားတယ်။ ဒီအနာဂတ်မှာ ဟာဒီအစ်မက သဘောကောင်းတယ် အဆင်ပြေတယ် အဲလိုလေးတွေဖြစ်လာတာ ဆိုတော့ အစ်မကလက်ရှိအချိန်ကိုအကောင်းဆုံး လုပ်ခြင်းက အနာဂတ်ကိုအကောင်းဆုံး ပုံဖော်ခြင်းနဲ့တူတယ်။

၁၃။ အခုချိန်ထိ လက်တွဲဖော်မရှာဘဲ တစ်ကိုယ်တည်းရပ်တည်နေတဲ့ မိန်းမသားတစ်ယောက်အနေနဲ့ အချစ်နဲ့အိမ်ထောင်ရေးအပေါ် သဘောထားအမြင်လေးကိုလည်း သိပါရစေ။

အစ်မက အိမ်ထောင်မကျသေးတာပေါ့နော်။ အိမ်ထောင်ပြုဖို့ စဉ်းစားပါတယ်။ အချိန်တော်တော်များများ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ စဉ်းစားရင်းနဲ့ အစ်မတို့မှာ အကောင်အထည်ဖော်ဖို့ အချိန်အခါတွေရှိသေးတာကိုး ဆိုတဲ့ခါကျတော့ အစ်မကတော့ အိမ်ထောင်ရေးကို ၃၅ လောက်မှပဲ စဉ်းစားမယ်လို့ မျှော်မှန်းထားတယ်။ အခုချိန်မှာတော့ လက်ရှိရှိတဲ့ အချိန်မှာ အကောင်းဆုံး နေထိုင်မယ် အကောင်းဆုံး တည်ဆောက်မယ် အနာဂတ် အတွက်ပေါ့နော် အစ်မ အဲလိုပဲ စဉ်းစားထားပါတယ်။ အိမ်ထောင်မပြုဘူးလို့ အစ်မ မပြောပါဘူး။ လက်တွဲဖော် မရှာဘူး ရှာတယ် တော့မဟုတ်ဘူး။ ဒါပေမဲ့ အစ်မက အစ်မရဲ့ အိမ်ထောင်ဖက်ကို ၃၅ လောက်မှပဲ မျှော်လင့်တယ်ရှင့်။

၁၄။ အစ်မကို စောင့်မျှော်အားပေးနေတဲ့ ပရိသတ်ကြီးအတွက် အစ်မရဲ့လတ်တလော အနုပညာလှုပ် ရှားမှုလေးတွေကို ပြောပြပေးပါဦး။

အစ်မ အခုဒီနှစ်ပိုင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ပရိသတ်ရဲ့မေတ္တာတရားတွေကြောင့် အစ်မဒီ TV Series တွေ၊ ကားကြီးတွေ လုပ်ခွင့်ရတယ်ပေါ့နော်။ ကားကြီးတွေပိုရိုက်ရတယ်။ ကြော်ငြာတွေလည်းရိုက်ရတယ်။ ပရိသတ်တွေ အစ်မကို ပိုချစ်လာကြတဲ့အခါကျတော့ ကြော်ငြာရှင်တွေ၊ စီးပွားရေးသမားတွေကလည်း အစ်မကို ပိုမြင်လာကြတယ်။ဘာဖြစ်လို့လဲဆိုတော  အစ်မကို ပရိသတ်တွေကချစ်တော့ သူတို့က ပရိသတ်အသံတွေ Public သံ ကိုနားထောင်နေတာလေ ဘယ်သူကဘာဖြစ်တယ်၊ အေးမြတ်သူက ချစ်ဖို့ကောင်းတယ်၊ ဘာဖြစ်တယ် ဘယ်လိုဖြစ်တယ် အဲလိုမျိုးတွေသူတို့က ကြားရတော့ အော် ဒါဆိုငါ့ကုန်ပစ္စည်းအတွက် ပရိသတ်တွေသဘောကျတဲ့ ဒီမင်းသမီးနဲ့ ကြော်ငြာလိုက်ရင်ကောင်းမယ် ဆိုတဲ့ခါကျတော့ ပရိသတ်ရဲ့ ပံ့ပိုးမှုအားကြောင့် အေးမြတ်သူ ကြော်ငြာ တော်တော်များများရိုက်ရတယ်။ Brand ambassador ဆိုလည်းအစ်မ အများကြီးဖြစ်တယ်ပေါ့နော် အခုဆို Vaselline လိုမျိုး၊ ပြီးတော့နောက်ဒီ Samsung လိုမျိုးပေါ့နော် အားလုံးက ပရိသတ်ရဲ့ မေတ္တာတရားနဲ့ အာရုံစိုက်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက အစ်မကို ဒီလိုအလုပ်လေးတွေပေးတာ။ ပရိသတ်ကပေးတာ ပရိသတ်ကပေးတဲ့အလုပ်ပါ။ အစ်မတကယ် ကျေးဇူးတင်ပါတယ်။ အစ်မဒီ အသက် ၂၉၊ ၃ဝ မှာ ထပ်ပြီးတော့ အစ်မကို ပိုချစ်လာပေးကြတဲ့အတွက် အစ်မကဒီ ၃၁ နှစ်မှာ အလုပ်တွေအများကြီး လုပ်ရတယ်။ Series တွဲတွေ အစ်မတော်တော်များများ ရိုက်ရတယ်။ ကားကြီးတွေလည်း အစ်မရိုက်ခွင့်ရတယ်ပေါ့နော်။ အဲဒီအတွက် အစ်မကျေးဇူးတင်ပါတယ်လို့။ အစ်မကပေါ့နော် အစ်မအခုအလုပ်ကို ပရိသတ်ကပေးတဲ့ မေတ္တာ၊ ခွန်အားတွေကြောင့် အစ်မက အစ်မ မိဘကို လုပ်ကျွေးနိုင်တာ ပရိသတ်ရဲ့ကျေးဇူးကြောင့်ပါ။ အစ်မအတွက်က အစ်မအသက်မွေးဝမ်းကျောင်း နဲ့ အစ်မဝါသနာ တစ်ထပ်တည်း ဖြစ်နေတယ်။ အစ်မကဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ရတယ်။ ဒါလည်းအစ်မ ဝါသနာပဲဆိုတော့ အဲဒါတွေအားလုံးက ပရိသတ်ကြောင့် အစ်မကပေါ့နော် အသက် ၃ဝ ကျော်မှာ အစ်မနေလို့ကောင်းတဲ့ Life ကိုအစ်မရတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။

၁၅။ အနုပညာလောကထဲကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတွေကို စီနီယာတစ်ယောက် အနေနဲ့ အကြံပြုချင်တာလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

အစ်မက အစ်မရဲ့အတွေ့အကြုံအရ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခြင်းက ပရိသတ်အချစ်ကို ရအောင်ကြိုးစားတာနဲ့ အတူတူပါပဲ။ အစ်မကတော့ အဲလိုမျိုး သီအိုရီနဲ့ ဖြတ်သန်းလာခဲ့တယ်။ ဥပမာကွာ အစ်မတို့ Photoshoot တစ်ခုရှိမယ် အဲဒါကြီးကို ခပ်ပေါ့ပေါ့မထားပဲနဲ့ ငါဘာတွေဝတ်ရမလဲ၊ ငါဘယ်လို လုပ်ရမလဲ၊ ငါဘာတွေပြင်ဆင်ရမလဲ အဲဒါတွေကို အဲလိုမျိုးအားထုတ်ခြင်းက ကိုယ့်ပုံထွက်တဲ့အခါ ပုံကောင်းတဲ့အခါ ပရိသတ်က ကိုယ့်ကိုသဘောကျလာကြတယ်။ ဟာရပါတယ် ၂ စုံလောက်ပဲ ငါပြီးပြီးရော ဘာမှမဖြစ်ပါဘူး အရေးမကြီးပါဘူး ရှိတဲ့ဖိနပ် ငါကောက်ယူသွားလိုက်မယ်။ အဲလိုလုပ်တဲ့ အခါမှာပုံက ပုံထွက်တဲ့ Result မကောင်းခဲ့ဘူးဆိုရင် ပရိသတ်က ကိုယ့်ကိုသဘောမကျနိုင်ဘူးဆိုတော့ အစ်မကတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းက ပရိသတ် ကိုယ့်ကိုချစ်ဖို့အတွက် လုပ်တာနဲ့ အတူတူပဲလို့ ခံစားရတယ်။ ပြီးတော့ ကွဲပြားကွဲလွဲချင်တာလား၊ အောင်မြင်ချင်တာလား၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာလားနော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခေတ်မှာ Social Network တအား ခေတ်စားလာတဲ့အခါကျတော့ လူတစ်ယောက် နာမည်ကြီးဖို့က အရမ်းလွယ်တယ်။ အစ်မတို့ ခေတ်တုန်းကလိုမျိုး မဟုတ်ဘူး။ အဲချိန်တုန်းကဆို Social Network တအားကြီး ခေတ်မစားသေးဘူး ဆိုတော့ ကိုယ့်မှာ မဂ္ဂဇင်း Cover တစ်ခု ပါဖို့အရေးကို အားလုံးနဲ့ ကိုယ်ကလေ ကိုယ့်ကိုလူချစ်လူခင်ပေါအောင်နေရတယ်။ သိတယ်မလားဒီကြော်ငြာရှင်တွေ ကိုယ့်ကို သဘောကျအောင် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ ဆက်ဆံရတယ်။ ဒီဘက်ခေတ်မှာ ကိုယ်ပုံတစ်ပုံလောက် Hot တာမျိုး၊ ကိုယ့်ကိစ္စတစ်ခုလောက် Hot တာမျိုးဆို ခဏချက်ချင်းပဲ ဟုန်းခနဲ နာမည်ကြီးလာတာပေါ့နော်။ ဒါပေမဲ့လည်း ကိုယ့်ထက် Hot တဲ့လူ၊ ကိုယ့်ထက် သတင်းထွက်လာရင် ကိုယ်ကချက်ချင်း ပျောက်သွားတာပေါ့နော်။ ဆိုတဲ့ခါကျတော့ ကိုယ်ကအောင်မြင်ချင်တာလား၊ ဒီအလုပ်ကို ဝါသနာပါတာလား သေချာသုံးသပ် ဆုံးဖြတ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ အစ်မအထင်တော့ လွယ်လွယ်နဲ့တော့ မဖြစ်ဘူး ပင်ပန်းခံရတယ်။ အမ်….ပင်ပန်းလိုက်တာ မလုပ်ချင်ဘူးဆိုရင် မဖြစ်နိုင်ဘူး။ ကြည့်ရင်တော့ မင်းသား၊ မင်းသမီးတွေပေါ့နော် ကိုယ့်ရှေ့က စီနီယာတွေ ပေါ့နော် မကြီးစိုးတို့၊ ကိုရန်လေးတို့ အကုန်လုံးကလေ အလုပ်ကို သေချာအပင်ပန်းခံပြီးမှ သူတို့ဒီလိုမျိုး တကယ့်ကို ဆယ်စုနှစ် ၂ စုတွေ၊ ဆယ်စုနှစ် ၃ စု ၄ စုတွေ အစ်မဆိုဘာမှမရှိဘူး သူတို့နဲ့ယှဉ်လိုက်ရင် အစ်မတို့ကဒီ ဆယ်နှစ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို ရုန်းနေတုန်းပဲ ရှိသေးတာလေ။ အဲတော့ မကြီးစိုးတို့၊ မို့မို့မြင့်အောင်၊ ထွန်းအိန္ဒြာဗိုလ်တို့၊ အခုလက်ရှိ မအူဝဲ အထိ အကုန်လုံးက အရမ်းကို အပင်ပန်းခံထားရတယ်။ အလုပ်ကို အရမ်းကြိုးစားလာပြီးမှ ဒီဆယ်စုနှစ် ၂ စုတွေ၊ ၃ စုတွေ၊ ၄ စုတွေ ဖြတ်သန်းလာခဲ့ကြရတယ်။ အဲလိုမျိုးလုပ်ဖို့ဆိုရင်တော့ အပင်ပန်းခံ၊ အနွံတာခံနိုင်မှရမယ်။ ဆိုတဲ့ခါကျတော့ အစ်မက အဲလိုမျိုး ပြောချင်တာကတော့ ကိုယ်ကဘာဖြစ်ချင်တာလဲ၊ ကိုယ်က သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တာလား ဒါမှမဟုတ် Photo Model တစ်ယောက်ဖြစ်ချင်တာလား၊ ကိုယ်က Cele ဖြစ်ချင်တာလား၊ ဘယ်လိုဖြစ်ချင်တာလဲ အဲဒီပေါ်မူတည်တယ်။ ဆိုတော့ဒီသရုပ်ဆောင် ဝါသနာပါတယ်ဆိုရင်တော့ ဒေါင်ကျကျ ပြားကျကျ ဒူးပေးဓားပေးခံမှရမယ်။ အစ်မတို့တုန်းကလည်း တစ်ခန်းစ၊ နှစ်ခန်းစနဲ့ စခဲ့ရတာပဲပေါ့နော်။ ငါလုပ်ကွက်မှ မရတာ မလုပ်တော့ဘူး၊ မဟုတ်ဘူး အဲဒီ တစ်ခန်း နှစ်ခန်းမှာ ကိုယ်ပါသလောက်ကို သေချာလေး ကြိုးစားမယ် ဆိုလို့ရှိရင် Director တွေ၊ ဘေးကပါဝင်တဲ့ Actor တွေက ကိုယ့်ကိုမျက်စိကျလာမယ်။ အော်… သူ အဆင်ပြေသားပဲ နောက်ကားရိုက်ရင် ခေါ်ရမယ်ပေါ့ အဲလိုမျိုးလေးတွေပေါ့နော်။ အစ်မဆိုလည်း အဲလိုပဲလေ ဟိုဥပမာပေါ့နော် မင်းသမီးနေရာ တန်းရိုက်တာမှ မဟုတ်တာ၊ မင်းသားရဲ့ညီမနေရာ၊ မင်းသားကြီးရဲ့တူမနေရာ၊ အိမ်မှာ ခပ်ဆိုးဆိုးမိန်းမကြီးနေရာ အဲလိုမျိုးလေးတွေပါရတာ။ ပါတဲ့နေရာမှာ ကိုယ်က ဒီအလုပ်ကို လုံးဝစိတ်ဝင်စားပြီးတော့ သေချာကြိုးစားတဲ့ခါကျတော့ ကိုယ်လုပ်တာကို ပါတဲ့ Actor တွေ၊ ပါတဲ့ Director တွေ၊ Cameraman တွေ အကုန်လုံးက ကိုယ်ကိုပေါ့နော် အော် ဒီကောင်မလေး မဆိုးဘူး ခိုင်းလို့အဆင်ပြေတယ် အိုက်တင်လုပ်သားပဲ၊ မလုပ်တတ်တာ အသာထား မလုပ်တတ်တာ သင်ပေးလို့ရတယ် လုပ်ချင်စိတ်မရှိတာကို သင်လို့မရဘူး။ မလုပ်တတ်တာကို လုပ်တတ်အောင် သင်ပေးလို့ရတယ် လုပ်ချင်စိတ်မရှိတာကို ရှိလာအောင်လုပ်လို့မရဘူးပေါ့နော်။ ဆိုတော့ အဲလိုမျိုးမှ အစ်မ သူ့ကိုခေါ်ခိုင်းလိုက်ပါလား မဆိုးဘူး တစ် Scene ပါပါ၊ နှစ် Scene ပါပါ အစ်မဝင်ရိုက်တာပဲ။ အဲလိုမျိုးလေးတွေ ကိုယ့်နေရာရတဲ့ဟာလေးတွေ ပေးလာတယ် အဲဒါကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုအသိအမှတ်ပြုလာပြီးနေရာလေးတွေ ဒုတိယ မင်းသမီးနေရာလေး ကိုယ့်ကိုခေါ်ရိုက်တယ်။ အဲဒီကနေမှ ကိုယ်ကျွမ်းကျင်လာတော့ ခေါင်းဆောင်မင်းသမီးနေရာလေး ခေါ်ရိုက်တယ်။ အဲလို ရိုက်ရင်းနဲ့မှ အစ်မလည်း ကြိုးစားလာခဲ့တာ။ အစ်မဆိုလုံးဝ ဒီထဲမှာ အစ်မ အသိမိတ်ဆွေ လုံးဝမရှိဘူး။ ဒါပေမဲ့ အစ်မကံကောင်းတာက ဆရာကောင်း သမားကောင်းတွေ့ရတယ်။ ဦးချိုကြီးတို့၊ ဆရာဂျွန်တို့လိုမျိုးပေါ့နော် ဆရာကောင်း သမားကောင်းတွေ့တယ် Modeling ပိုင်းမှာပေါ့နော်။ ဒီဘက်မှာကျတော့လည်း ဦးကျော်ဟိန်းတို့၊ ဦးမျိုးမင်း၊ နောက် ဦးမီးပွား အများကြီးပါ သင်ဆရာ၊ မြင်ဆရာတွေ အစ်မကိုသင်ပေးတယ်။ အစ်မကလည်းလိုချင်တာကိုး ကိုယ်ကတောင်းတယ်လေ ဘယ်သူမှ ရော့ဆိုပြီးလာမပေးဘူး။ တောင်းရတာ ဘယ်လိုလုပ်ရတာလဲ၊ အိုက်တင်ဘယ်လိုလုပ်ရမှာလဲဟင်၊ ဘယ်လိုလေးလုပ်ရင် ကောင်းမှာလဲ၊ သမီးဘယ်လိုလေးလုပ်ရမှာလဲရှင့် ပေါ့နော်။ ပညာဆိုတာ ကိုယ်ကတောင်းမှရတာ၊ ကိုယ်ကရှာမှရမှာလေ။ ဘယ်သူမှ ထိုင်ယူရော့ပညာဆိုပြီး ဘယ်သူမလည်း မပေးဘူး။ ဒါရှင်းရှင်းပြောပြတာပေါ့နော် ဆိုတဲ့ခါကျတော့ ကိုယ်ကလိုချင်စိတ်ရှိဖို့လည်းလိုတယ်။ ကိုယ်လိုချင်စိတ်ရှိရင် ကိုယ်ကရိုကျိုးရတယ်။ အစ်မဆို ကောင်းကောင်းမွန်မွန် ရိုရိုကျိုးကျိုးပဲ။ ကိုယ်မလုပ်တတ်တာတွေ့ရင် ဘာလေးလုပ်ရမလဲ၊ ကိုယ့်ထက် စီနီယာ အစ်ကိုတွေ၊ အစ်မတွေ တွေ့ရင် ခုနကလိုပေါ့ လေးလေးဦနေအောင်တို့လိုဆို အော် ဟုတ်ကဲ့ သိတယ်မလား အဲလိုမျိုးလေးတွေ လုပ်ရတယ်၊ ရိုကျိုးရတယ်။ မရိုကျိုးရင်မရဘူး။ ဆိုတဲ့ခါကျတော့လေ ပြောရမှာစကားက ရှည်သွားမှာကွာ အများကြီးဖြစ်သွားမှာ ဆိုတော့လေ ဖြစ်စေချင်တာကတော့ပေါ့ ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် သေချာလေးအာရုံစူးစိုက်ပြီးလုပ်စေချင်တယ်။ ဘယ်အလုပ်မဆို သရုပ်ဆောင်မှမဟုတ်ဘူးရှင့်၊ စီးပွားရေးပဲလုပ်လုပ်၊ စာနယ်ဇင်းအလုပ်ပဲလုပ်လုပ်၊ ဥပမာကွာ ကိုယ်ဒီနေ့ Interview မဲ့မင်းသမီးတစ်ယောက် သူ့အကြောင်း ကိုယ် ဃဂနဏ မသိဘဲနဲ့ဘာတွေမေးမှာလဲ။ ဟုတ်တယ်မလား ပလိန်းကြီးသွားမေးလို့မှ မရတာ ဟုတ်တယ်ဟုတ် သူဒီလက်တလောမှာ သူဘာလုပ်နေလဲ အဲဒါတွေသိမှ ကိုယ်ကအဲဒါတွေ စကားကောက်ပြီးတော့ Interview လို့ရမှာလေ။ အော် ရပါတယ် လွယ်ပါတယ် Mic ထိုးပေးလိုက်မယ် မရဘူး အဲဒါဆိုလေ စကားထွက်လာမှာ မဟုတ်ဘူးလေ။ အဲလိုမျိုးပေါ့ ဘယ်အလုပ်မျိုးမှာမဆို သရုပ်ဆောင်မှမဟုတ်ဘူး လုပ်ငန်းတစ်ခုမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်အလုပ်ကို အပြည့်အဝ အာရုံစူးစိုက်မှုရှိမှရမယ်။ အပြည့်အဝ အာရုံစူးစိုက်မှု မရှိဘူးဆိုရင် ဘယ်လိုမှအောင်မြင်မှာ မဟုတ်ဘူး။ ကိုယ်မေးမယ်ဆို အကုန်လုံးသမိုင်းကြောင်းကို သိထားမှ အစ်မဟိုဟာလေးရှိတယ် အော် အော် သူငါ့ကိုသိတာပဲ အဲတော့ခါကျတော့ ပြန်ပြီး ပိုပြီး စကားပြောချင်လာတယ်လေ။ မေးတစ်ခွန်း ဖြေတစ်ခွန်း အစ်မဘာအရောင်ကြိုက်လဲ၊ အနီရောင်။ အစားအစာဘာကြိုက်လဲ….. အစပ်၊ အဲလိုမျိုးလေ အဲလိုမဟုတ်ဘူးလေနော်။ အဲတော့ ကိုယ်လုပ်တဲ့လုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင် အဲ့အလုပ်ပေါ်ကို တစ်ရာ ရာခိုင်နှုန်း အာရုံစူးစိုက်မှုအပြည့် ရှိမှရမှာ။

၁၆။ အစ်မကို အစဉ်တစိုက်အားပေးလာခဲ့တဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း ခွန်အားဖြည့်ပေးတဲ့ စ ကားလက်ဆောင်လေးတစ်ခွန်းလောက် ပါးပေးပါဦး။

အမှန်တော့ ပြောရရင်လေ ပရိသတ်တွေက အစ်မတို့ကို ခွန်အားဖြည့်ပေးနေတာ။ အစ်မတို့ ခွန်အားက ပရိသတ်ဆီကလာတာ။ အစ်မတို့ကတော့ ပရိသတ်ကို ခွန်အားပေးတယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်တွေမှာ အစ်မတို့ကို ချစ်လို့ သူတို့ရဲ့ ဒီရှိတဲ့ ရတဲ့ ပိုက်ဆံထဲကနေ အစ်မတို့အတွက်ကိုသုံးရတယ်။ အစ်မတို့ကြော်ငြာတဲ့ဟာတွေ ဝယ်ပြီးအားပေးကြတယ်။ အစ်မတို့ပါတဲ့ကားကို ငှားကြည့်တယ်၊ ရုပ်ရှင်ရုံတွေမှာ သွားတန်းစီပြီး လက်မှတ်တွေဝယ်ပြီး ကြည့်ကြတယ် ဆိုတဲ့ခါကျတော့လေ အမှန်အတိုင်းပြောရရင်လေ ပရိသတ်တွေက အစ်မတို့ကို ခွန်အားပေးနေကြတာပါ။ အဲလိုပဲ အစ်မပြောချင်ပါတယ်။ အစ်မဘက်ကတော့ အဲလိုမျိုးဘာမှ အများကြီးမပြောတတ်ဘူး ဒါပေမဲ့ အစ်မရှေ့လျှောက်ပြီး ပရိသတ်အတွက်ကော အစ်မအတွက်ကော၊ အစ်မကိုချစ်ခင်တဲ့သူတွေအတွက် ပေါ့နော် အစ်မတတ်နိုင်သလောက်လေး အစ်မကြိုးစားပါ့မယ်။ အစ်မကိုလည်းမှားတာရှိရင် ပြင်ပေးကြပါ။ ဘဝမှာပေါ့နော် ဟိုဘယ်လိုမျိုးပြောမလဲ အစ်မကျတော့ စာတွေ့မများဘူး၊ မရှိဘူး။ လက်တွေ့ပဲရှိတယ်။ အစ်မဘဝမှာက အစ်မက လက်တွေ့ဖြတ်သန်းလာရတာများတာကိုးနော် ဆိုတဲ့ခါကျတော့ ပရိသတ်တွေအားလုံး ကိုယ့်ထက်လည်းစိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ ရှိပါတယ်။ ဆိုတော့ ပြောချင်တာက ဘယ်အရာမဆိုပေါ့ ကိုယ်တစ်ယောက်တည်း ကံဆိုးနေတာမဟုတ်ပါဘူး။ လူတိုင်းမှာတော့ အနည်းနဲ့အများ ကံဆိုးမှုလေးတွေ၊ စိတ်ညစ်စရာတွေက ရှိတာပါပဲ။ မင်းသမီးမှ အမြဲတမ်းပျော်ရွှင်နေတယ် မဟုတ်ပါဘူး။ မင်းသမီးမှာလည်း အခက်အခဲ မရှိဘူး အားလုံးချောမွေ့တယ်လို့ မဟုတ်ပါဘူး။ ဆိုတော့ လူတိုင်းဟာ ကိုယ်စီကိုယ်စီ အခက်အခဲ ရှိတတ်ပါတယ်။ ပရိသတ်ကြီး စိတ်ညစ်လာတယ်ဆိုရင်လည်း အဲဒီအခက်အခဲကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းရင်းနဲ့ စိတ်ဓာတ်ကို အကောင်းဆုံးဖြစ်အောင် ကြံ့ခိုင်အောင် ထားရင်းနဲ့ အနာဂတ်ကို အကောင်းမွန်ဆုံး ပုံဖော်နိုင်ပါစေလို့ အေးမြတ်သူ ဆုတောင်းပေးပါတယ်။

မအေးမြတ်သူရဲ့ အဖြေစကားသံလေးတွေထဲကနေ စာချစ်သူများအတွက် ခွန်အားသစ်တွေရ ရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မမြတ်လေးလည်း အနုပညာလောကမှာ မှတ်တိုင်လေးတွေ ဆက် လက်စိုက်ထူရင်း ထပ်ဆင့်အောင်မြင်မှုသရဖူတွေ ဆောင်းသွားနိုင်ပါစေလို့ ဂန္ထဝင်ဝိုင်းတော်သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။