စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာတစ်ဖြစ်လဲ မော်ဒယ်လ် ဂျက်ဆီကာဒါဒါ (Jessica DaDa) နှင့် တွေ့ဆုံမေးမြန်းခြင်း။

blank

ယနေ့နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရဖို့ကြိုးစားနေတဲ့ ထူးချွန်ထက်မြက်သူမြန်မာအမျိုး သမီးတွေ အများအပြားရှိနေပါပြီ။ တချို့တွေက နယ်ပယ်တစ်ခုတည်းမှာ ထူးချွန်ကြပြီး တချို့တွေ ကတော့ အားကျစရာကောင်းလောက်အောင် ဘက်စုံအရည်အသွေးတွေ ပြနိုင်ကြတာလည်း တွေ့ရပါတယ်။ အဲ့ဒီလိုဘက်စုံထူးချွန်သူမိန်းမသားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်စီကာဒါဒါ (စာရေးဆရာမ၊ ဇာတ်ညွှန်းရေးဆရာ၊ မော်ဒယ်လ်၊ MC) နဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို ကြိုးစားလိုသူမိန်းမသားများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ မင်္ဂလာပါ အစ်မ။ အစ်မရဲ့ အကြောင်းလေးကို ပရိသတ်ကြီးသိအောင် အရင်ဆုံးမိတ်ဆက်ပေးပါဦး။

အစ်မအကြောင်းကတော့ အစ်မနာမည်အရင်းက သဒ္ဓါကြည်ဖြူပါ။ ဒါပေမဲ့ အနုပညာအလုပ် တွေစလုပ်တော့ နာမည်က အရမ်းမိန်းမဆန်လို့၊ ပြီးတော့ ဘယ်သူမှလည်း စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်တော့ Jessica Dada ဆိုပြီးတော့ အဘွားပေးထားတဲ့နာမည်လေးနဲ့ အစ်မရဲ့ Nickname လေး Dada ဆိုတာလေးနဲ့ ပေါင်းပြီးတော့ Jessica Dada ဆိုပြီး လုပ်ဖြစ်သွားတာပေါ့။

၂။ အစ်မရဲ့ မိသားစုဝင်တွေအကြောင်းရော၊ အစ်မရဲ့ Education Background လေးကိုပါ ပြောပြ ပေးပါဦးနော်။

အစ်မ မိသားစုဝင်ကတော့ အဖေကတော့ စာရေးဆရာ ဗျူး။ စာလည်းရေးတယ် ပြီးတော့ စာအုပ်ထုတ်ဝေသူလည်းဟုတ်တယ်။ အမေကကျတော့ အဖေနဲ့တူတူပဲ စာအုပ်ထုတ်ဝေတယ်။ အမေက အဖေ့ခြေလှမ်းလိုက်တာ။ ပြီးတော့ အစ်ကိုကကျတော့ ဆရာဝန် Australia မှာ။ အစ်မ Education Background ကတော့ အစ်မ ဒဂုံ(၁) ကနေပြီးတော့ ကျောင်းပြီးတယ်။ ၅ ဘာသာ ဂုဏ်ထူးနဲ့ ကျောင်းပြီးတယ်။ ကြွားလိုက်ဦးမယ်။ (ရယ်လျက်) ပြီးသွားတော့ အစ်မ College က National Management College လုပ်ပြီးတော့ အဲဒါ EPP (English for Professional Purposes) ဆိုတဲ့ BA ဘွဲ့ရထားပါတယ်။

၃။ အစ်မ အခုလက်ရှိဘာအလုပ်တွေကို လုပ်ဖြစ်နေလဲ။

အစ်မ အခုလက်ရှိကတော့ အဓိကလုပ်ဖြစ်နေတာက MC လုပ်နေတယ်။ အစ် မ နောက်ထပ်လုပ်ဖြစ်နေတာက  Radio show host အဲဒါက အစ်မ ကိုယ့်ဘာကိုယ်ပဲ အိမ်မှာ Produce လုပ်တာပေါ့။ ကိုယ့်ဘာကိုယ်ရေးတယ်။ ကိုယ်ဘာကိုယ် အိမ်မှာပဲ အသံသွင်းတယ်။ ပြီးသွား လို့ရှိရင် Radio Station တွေကို အစ်မပို့ပေးတယ်။ အဲဒီအလုပ်လေးတွေ အစ်မလုပ်နေတယ်။

၎။ အနုပညာလောကထဲကို စတင်ဝင်ရောက်တာက မော်ဒယ်လ်တစ်ယောက်အနေနဲ့လား။ စာရေးဆရာမတစ်ယောက်အနေနဲ့လား။

အစ်မပြောရရင်တော့ စာရေးဆရာအနေနဲ့ရောက်လာတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အစ်မဒါလုပ်နေတယ်ဆိုတာ မပြောဘူး။ အဲဒီတုန်းက အစ်မ ၁၆ နှစ်ပဲရှိသေးတာကိုး။ အစ်မက စာရေးဆရာဆိုတာ လုပ်မယ်လို့ ရည်ရွယ်ချက် လုံးဝမရှိဘူး။ အဖေက မလုပ်နိုင်လောက်ပါဘူးဆိုပြီးတော့ အဲဒီလိုမျိုး ဇကို လာဆွပေးပြီးတော့ အဲဒီတော့ အစ်မကလည်း မခံချင်စိတ်က နည်းနည်းများတယ်။ ဘာလို့မလုပ်နိုင်ရမှာလဲ လွယ်တယ်လုပ်ပြမယ် ဆိုပြီးတော့။ လွယ်တယ်ဆိုတာကကွာ အချစ်ဝတ္ထုရေးရတာ သာမန် ဟိုအရမ်း Classic ကြီးတွေ ရေးရတာထက်စာလို့ရှိရင်တော့ သက်သာတာပေါ့။ အစ်မရေးတဲ့ဥစ္စာက အပျော်ဖတ်ပေါ့။ အပျော်ဖတ်ဆိုတော့ အေးအေးဆေးဆေးရေးလိုက်တာ။ အဲဒီမှာ ပထမတစ်အုပ်ရေးတော့ “ဟ ရေးတတ်တယ်ဟ” ဆိုပြီး သိသွားတော့ အဖေက ခိုင်းတော့တာပဲ။ နည်းနည်းဒုက္ခရောက်သွားတယ်ပေါ့။ အခုဆိုရင် အုပ်ရေ ၉ဝ ကျော်ပြီ။ ဒါပေမဲ့ အခုကကျတော့ စာမဖတ်ကြတော့ဘူး။ ပြီးတော့ စာအုပ်လောက ဈေးကွက်မှာ အချစ်ဝတ္ထုတွေက တော်တော်လေး ဈေးကွက်က ပျက်နေပြီဆိုတော့ အဲဒီ ၉ဝ ကျော်မှာ အစ်မတို့ရပ်လိုက်တယ်။ အစ်မလည်း ဆက်မရေးတော့ဘူး။  အစ်မကလည်း အလုပ်က အရမ်းရှုပ်နေပြီ။ ၉ဝ ကျော်ဆိုတော့ အရမ်းလည်း ပျင်းနေပြီ။ အဲဒီတော့ အစ်မကလည်း အစ်မတစ်ယောက်တည်း ရေးရတာ မဟုတ်ဘူး။ အစ်မကရေးပြီးလို့ရှိရင် အဖေက Edit လုပ်ပေးရတာပေါ့။ တစ်ချို့ဟာတွေကျတော့ အစ်မ နည်းနည်းများလာတဲ့အချိန်မှာ ဖြစ်သလိုတွေဘာတွေ ဖြစ်သွားလို့ရှိရင် အဖေကနည်းနည်းတော့ “ဟမ်း…ဟမ်း နည်းနည်းတော့ လက်ကပျက်ချင်နေပြီ” တို့ဘာတို့ သူနည်းနည်းပြင်ပေး အဲလိုဟာလေးတွေတော့ရှိတာပေါ့။ အဲဒီတစ်အုပ် တစ်အုပ်ရေးလို့ရှိရင် တကယ်တော့ အဖေက deadline ပေးထားတယ်။ တစ်လကို တစ်အုပ်လောက် ရေးရတာ။ ဟို နိုင်ငံခြားမှာလို ၄ နှစ်တို့၊ ၆ နှစ်တို့ အဲဒီလိုမျိုး ရေးလို့မရဘူး။ အဲဒီလိုမျိုးဆိုရင် ငတ်သွား လိမ့်မယ်။

၅။ အစ်မ အဲဒီလို Writing inspiration တွေ ဘယ်လိုရလဲ ပြောပြပေးပါဦး။

Writing inspiration ဘယ်လိုရလဲဆိုတော့ ရုပ်ရှင်တွေဘာတွေတော့ အရမ်းကြည့်တယ်။ ပြီးသွားလို့ရှိရင် လူတွေကြိုက်တာကဘာလဲဆိုတာ သိတယ်လေ။ အချစ်ဝတ္ထုက ဘာရှိမလဲ တွေ့မယ်၊ ညားမယ် ပြီးရင် ခဏကွဲမယ်၊ မိဘတွေ သဘောမတူဘူးပေါ့ သိတယ်မလား။ ဒီလောက်လောက်ပဲ ရှိမှာပဲ။ အဲဒီလိုမျိုး ပုံစံတွေပဲသွားတာပဲ ဆိုတော့ ကိစ္စတော့သိပ်မရှိဘူး။ ဒီလိုပဲ ကြုံရာကျပန်း တစ်ခါ တစ်လေကျလို့ရှိရင် တစ်ချို့ Korea Drama လေးတွေ ကြည့်လို့ရှိရင် သြော် ငါဒီဥစ္စာနဲ့ ဒီဥစ္စာနဲ့ ဟိုဥစ္စာနဲ့ အဲဒီလို ပေါင်းလိုက်ပြီးတော့ ဒီတစ်ခုတော့ရတယ်။ အဲလိုမျိုးတွေနဲ့ လုပ်ဖြစ်တာလည်း ရှိတယ်။

၆။ မော်ဒယ်လ်တစ်ယောက်ဖြစ်လာဖို့ အဓိက အလိုအပ်ဆုံးအရာက ဘာလို့ထင်ပါသလဲ။

အစ်မအထင်ကတော့ Confidence ရယ်၊ Style ရယ်လို့ထင်တယ်။ ကိုယ့်ကိုယ်ကို ယုံ ကြည်မှုရှိတာရယ်။ ပြီးသွားလို့ရှိရင် Style ကလေ Style ဆိုတာ အစ်မပြောပြမယ်။ အင်္ကျီအကောင်း ကြီးတွေ ဘာတွေ ဝတ်နေမှ မဟုတ်ဘူးကွာ သိတယ်မလား။ ကိုယ်နဲ့လိုက်တာ ကိုယ့်ပုံစံနဲ့ စပ်ဟပ်တဲ့ ဥစ္စာမျိုးကို ဝတ်တာနဲ့ ပုံစံကပေါ်ပြီးတော့ အထာကျနေလို့ရှိရင် Model တစ်ယောက်ဖြစ်မယ်လို့ အစ်မကတော့ ထင်တယ်။ အဲဒါကတော့ လိုအပ်တယ်ပေါ့နော်။

၇။ Modeling ဘက်ကိုရော အစ်မ ဘယ်တုန်းကရောက်တာလဲ။ ဘယ်လိုရောက်လာတာလဲ ပြောပြပေးပါဦးနော်။

Modeling က အသက် ၂ဝ ကျော်လောက်ဖြစ်လိမ့်မယ်။ ဘယ်လိုရောက်လာလဲဆိုတော့ ဒီတိုင်း Model ဖြစ်ချင်တာ။ အရမ်းဖြစ်ချင်တာ ငယ်ငယ်က။ ဒါပေမဲ့ အဲဒီတုန်းက ကိုဂျွန်ဆီမှာသွားပြီးတော့ တက်လိုက်တယ်။ တကယ်တမ်းကျတော့လေ သူ့ကျေးဇူးလည်း အများကြီးပါတယ်။ Modeling ဘက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ MC ဘက်မှာ သူ့ကျေးဇူးချည်းပဲ။ MC ဖြစ်လာတာ သူ့ကြောင့်ဖြစ်လာတာ။ Modeling ကအရမ်းဝါသနာပါတယ်။ ဒါပေမဲ့ အစ်မလုပ်တဲ့ အချိန်မှာ မြန်မာနိုင်ငံက အစ်မရုပ်ကို လုံးဝလက်မခံဘူး။ လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ဆိုတော့ အဲဒီအချိန်မှာ အရမ်း cutie လေးတွေ သိတယ်မလား အရမ်းချစ်ဖို့ကောင်းတဲ့ဟာလေးတွေကို သူတို့တွေက ကြိုက်တာ။ အဲဒီတော့ အစ်မက ဆံပင်က အဲဒီတုန်းကလည်း အရမ်းတိုတာကိုး။ ဒါပေမဲ့ ဓာတ်ပုံရိုက်တဲ့သူတွေက သဘောကျကြတယ်။ Designer ဦးပြည်တို့ဘာတို့ ဆိုရင်လည်း သဘောကျကြတယ်။ သူတို့ Show တွေဆို အစ်မကို Book လုပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့် Model လုပ်တယ်ဆိုရင် အဲဒီခေတ်တုန်းက နည်းနည်း နာခေါင်းရှုံ့ချင်တယ်။ အဲဒီတုန်းက အစ်မအဲဒါတွေ လုံးဝမခံနိုင်ဘူး။ အဲဒီတော့ မခံနိုင်တော့ မလုပ်တော့ဘူးဆိုပြီးတော့ လုံးဝမလုပ်တော့ဘူး။ ရပ်လိုက်တာ။ အခုမလုပ်တော့ဘူး လုံးဝ။ ဒါပေမဲ့ အရမ်းခင်တဲ့ Stylists တွေ၊ ပြီးသွားလို့ရှိရင် Magazine တွေကနေပြီးတော့ ဓာတ်ပုံလေးတွေ ရိုက်ပေးပါလို့ပြောရင်တော့ ရိုက်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်နေတာကိုး။ ပြောလို့မကောင်းဘူးလေ။ ပြီးတော့ Makeup Artist ကျတော့ သူတို့ Creation အရမ်းခင်နေတဲ့ အန်တီနှင်းတို့ ဝိုင်းတို့ဆို လုံးဝငြင်းလို့မရတဲ့လူတွေထဲမှာပါတယ်။ အဲဒီလိုမျိုးဆို အမြဲတမ်းလုပ်ပေးတယ်ပေါ့နော်။

၈။ ဘာသာပြန်တွေလည်း ရေးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ့အကြောင်းလေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဘာသာပြန်ရေးဖြစ်တာ အဓိကရေးဖြစ်တာက ဖုန်းရွှေစာအုပ်။ “မင်္ဂလာအပေါင်းနှင့် ပြည့်စေသော်” စာအုပ် ဟိုအရင်တုန်းကလေ Reader’s Digest တို့ဘာတို့ကနေပြီးမှ သူက သေးသေးသေးသေးလေးတွေ ကိုယ့်ဘာကိုယ် ကတ်ကြေးလေးနဲ့ ညှပ်ပြီးတော့ သိမ်းသိမ်းထားတယ် အဲဒီ ဖုန်းရွှေဟာလေးတွေ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အစ်မ အင်္ဂလိပ်စာ နည်းနည်း ဘာသာပြန်လို့ရလောက်ပြီဆိုတာ သိတဲ့အချိန်မှာ ဖေဖေက ရော့ ဒါလေးတွေဘာသာပြန်ဆိုတော့ အစ်မ အဲဒီမှာ ပြန်ပေးလိုက်ပြီးတော့ ဖေဖေက အကုန်သူ့ဘာသူ ပြန်ပြီးတဲ့ဟာတွေ ဖတ်ပြီးသူ့ဘာသူပြန်ရေးရတာ။ ပြောရလို့ရှိရင်တော့ စကားပြေပိုချောသွားအောင်လို့ပေါ့။ အစ်မက ဘာသာပြန်လို့ရှိရင် အင်္ဂလိပ်ကနေ ဗမာလိုဘာသာပြန်လို့ရှိရင် အစ်မ အင်္ဂလိပ်လေသံအရမ်းပါတယ်။ ဗမာတွေကျတော့ အဲဒါကို ဖတ်တာသိပ်ကြိုက်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ ဗမာလေသံလေး ပါသွားအောင်လို့ ဗမာမူလေးပိုဖြစ်သွားအောင်လို့ ဖေဖေပံ့ပိုးပေးတယ်။ အဲဒီစာအုပ်လုပ်ဖြစ်တယ်။ ပြီးတော့ တစ်ခြား ဘာသာပြန်တာ ဖေဖေ့ရဲ့စာအုပ်တွေမှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာစာအုပ်လေး တွေကို ဗမာကနေ အင်္ဂလိပ်လို ပြန်ပေးတယ်။ ဒါပေမဲ့ အဲဒီဥစ္စာ အခုနောက်ပိုင်းတော့ မလုပ်ဖြစ် တော့ဘူး။ ဖေဖေ့ကို လူရှာခိုင်းလိုက်ပြီ။ မအားတော့လို့။

၉။ ကြော်ငြာတွေ၊ MTV တွေအတွက် ဇာတ်ညွှန်းတွေရေးတယ်လို့လည်း သိရပါတယ်။ ဘယ်လိုကနေ စပြီး ရေးဖြစ်သွားတာလဲ အစ်မ။

အစ်မက Director လည်းအရမ်းဖြစ်ချင်တာ။ အစ်မ စစချင်းတော့ Model ဖြစ်ချင်တာရယ်၊ Director ဖြစ်ချင်တာရယ် အဲဒီနှစ်ခုက အရမ်းဖြစ်ချင်တာ။ အဲဒီတော့ အစ်မ Director ဖြစ်ဖို့အတွက် ဦးမျိုးမင်းတို့ သရုပ်ဆောင် နေမင်းတို့နဲ့ အစ်မ Singapore မှာသွားပြီးတော့ Directing သင်တန်း Director Crash Course တစ်လပဲ Crash Course တိုတိုလေး ဒါပေမဲ့ Director ပညာ ဒီလောက်ကျယ်ပြန့်တာ တစ်လနဲ့ဘာတတ်မှာလဲနော်။ အဲဒါ တစ်လနဲ့ သွားသင်လိုက်သေးတယ်။ သွားသင်လိုက် ပြီးတော့ ပြန်လာတဲ့အချိန်မှာ အဲဒီမှာဘာလဲ သရုပ်ဆောင် ကိုခန့်နဲ့ကလည်း ခင်တော့ သူက Music video လေးတွေရိုက်လေတဲ့။ ရော့တဲ့။ အဲဒီမှာ ရိုက်ဖို့ ချပေးတာ။ ဒါပေမဲ့ နောက်ကျတော့ အစ်မ တစ်ခြားဖက်ကလည်း နည်းနည်း ဟို Connection လေးတွေနည်းနည်းရှိတော့ အစ်မကို ဆေးကုမ္ပဏီတစ် ခုကနေပြီးတော့ အစ်မကို ရိုက်ခိုင်းတယ်။ Video ကြော်ငြာရတာ အဲဒီကြော်ငြာလေးနဲ့ အစ်မရိုက်ဖြစ် တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အစ်မ အဲဒီတုန်းက ၁၈ နှစ်လောက်ပဲ ရှိဦးမယ်။ ရိုက်တုန်းက အစ်မ အရမ်း ငယ်သေးတဲ့အချိန် Crew ကို အစ်မ Command ပေးရတာ အဆင်မပြေဘူး။ Crew က “ဟုတ် လား သေချာလို့လား” အဲဒီလိုမျိုး သူတို့က အရမ်း Experience များတာကိုး။ အစ်မက ပထမဦးဆုံးလေ။ သူတို့ဘက်ကကြည့်ရင်လည်း ဟုတ်တယ် နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ အစ်မက အစ်မကြိုက်တဲ့ပုံစံ အစ်မသွားချင်တာ။ သူတို့ရဲ့အရောင်တွေ သူတို့ကတောက်တောက်တွေ ကြိုက်တာ။ အဲဒီကတည်းက အစ်မက အမှိုင်းဘက် ကို သွားချင်တာ။ “မဟုတ်ဘူး၊ မှားဦးမယ်၊ သေချာလို့လား”ဆိုပြီး ပြန်ပြန်ပြီးတော့ Question အရမ်းလုပ်တဲ့အချိန်မှာ အစ်မက အဲဒီ ဥစ္စာ အစ်မ အဲဒီတုန်းက အရမ်းလည်းငယ် သေးတယ် ကလေးဆိုတော့လေ တော်ရုံတန်ရုံဆိုလို့ရှိရင် အရမ်းစိတ်ထိခိုက်လွယ်တယ်။ သြော်… ငါ့စကားလည်း ဘယ်သူမှနားမထောင်ကြဘူး။ အဲဒီလိုမျိုးဆိုပြီးတော့ အဲဒီမှာ အစ်မ အဲဒီ Directing အလုပ်ကို အစ်မ မလုပ်တော့ဘူး။ ဒါပေမဲ့ ဇာတ်ညွှန်းရေးတာကကျတော့ ဟို ရုပ်ရှင်တွေအတွက် ဖေဖေ့ ဝတ္ထုတွေကို Director တွေက ဝယ်လို့ရှိရင် အစ်မက ဇာတ်ညွှန်းနှစ်ယောက် အတူတူရေးမယ်ဆိုပြီးတော့ အဲဒီမှာ ဇာတ်ညွှန်းရေးတယ်။ ဇာတ်ညွှန်းရေးတယ်ဆိုတာကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဇာတ်ညွှန်းရေးတဲ့ သင်တန်းမှာ အစ်မတက်ဖူးတယ်။ အဲဒီမှာ အစ်မ ဇာတ်ညွှန်းရေးရတာ မလွယ်ဘူး။ လေးငါးခေါက်လောက် အစ်မရေးဖူးတယ်။ ဒါပေမဲ့ အစ်မက ဇာတ်ညွှန်း တစ်ခေါက်ရေးပြီးလို့ရှိရင် လူက အူကြောင်ကြောင်ဖြစ်ပြီးတော့ ဟမ် ဟမ်တွေ အဲဒီလိုတွေဖြစ်လာတော့ လေးငါးကားအပြီးမှာ တော်လိုက်တော့ အဲဒီလိုဖြစ်သွားတယ်။ အရမ်း Pressure များတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော် အဲဒီဟာတွေလုပ်တဲ့အချိန်မှာ လူကလေ ငယ်သေးတယ်ဆိုတော့ ၂၁၊ ၂၂ လောက် အဲဒီလောက် အရွယ်တွေမှာဆိုတော့လေ ကျောင်းကလည်းတစ်ဖက်၊ ဒီအချိန်ပြီးအောင်ရေးရမယ်ဆိုပြီး လူကြီးတွေနဲ့ အလုပ်လုပ်ရတော့လေ deadline ကကျော်လို့လည်း မရဘူးလေ သိတယ်မလား။ အဲဒီတော့ အရမ်းစဉ်းစားတာ Camera angle တွေ ပြီးတော့ တစ်ခုခုလုပ်လို့ရှိရင် စိတ်ကို အရမ်းနစ်ပြီး လုပ်တဲ့အတွက်ကြောင့်မို့လို့ အမှန်ဆိုလို့ရှိရင် Director တွေက တော်ရုံတန်ရုံ ဆိုလို့ရှိရင် Camera angle ဘယ်ဖတ်မလဲ သိတယ်မလား။ သူတို့က စကားပြောတာလောက်ပဲ သူတို့က ယူမှာပေါ့။ သူတို့ရိုက်ချင်တဲ့ Angle က သူတို့ရိုက်တာလေ။ အဲဒီတော့ ကိုယ်ကဘယ်လောက် ကြိုးစားစားပြီးတော့ရေးရေး သူတို့ရိုက်ချင်တာရိုက်တာဆိုတော့ နောက်ပိုင်းကျတော့ စကားပြောနေတဲ့သူတွေတောင်မှ သိပ်နားမလည်တော့ဘူး။ ရေးရတာ အရမ်း ဦးနှောက်တွေက ခြောက်သွားတာ။ အဲဒါနဲ့ ရပ်လိုက်တော့မယ်ဆိုပြီး ရပ်လိုက်တာ။ အစ်မကပြောရရင်တော့ မပေါက်မြောက်တာပေါ့လေ။ လုပ်တာတော့ အများကြီးပဲ။ ဒါပေမဲ့ ပြီးဆုံးအောင် ဘယ်တော့မှ မလုပ်ဘူး အဲဒီတစ်ခုတော့ရှိတယ်။

၁ဝ။ MC လုပ်တာကရော ဝါသနာအရပဲလား။ MC လုပ်တဲ့ အမှတ်တရလေးတစ်ခုလောက် ပြောပြပေးပါဦး။

MC လုပ်တာက အစ်မက စကား၊ အသံအောင်တယ်ဆိုလို့ အစ်မစဉ်းစားနေတာ အစ်မ မမိုးတို့ ကိုဆန်းထွဋ်တို့ဆို အစ်မအရမ်းအားကျတာ။ ဒီအလုပ်တော့ရှိတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုပြီးတော့ စဉ်းစားနေတဲ့အချိန် အသိုင်းအဝိုင်း ရှိပေမဲ့ ဒီ MC ဘက်ကိုကျတော့ ဝင်ဖို့ ဘယ်ကနေစဝင်ရမလဲမသိဘူး ဖြစ်နေတဲ့အချိန်မှာ Model အလုပ်အတွက် ပွဲတစ်ခုလုပ်ရင်း ကိုဂျွန်ကနေပြီးတော့ အစ်မ အင်္ဂလိပ်လို ပြောတတ်တယ်ဆိုတာသူသိသွားတာ။ အစတုန်းက သူလုံးဝ မသိဘူး။ ဒါပေမဲ့ အစ်မ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတာတွေ့ပြီးတော့ အင်္ဂလိပ်လိုပြောတတ်တာလားတဲ့။ ဟုတ်တယ်လို့ ပြီးတော့ သူကပြောတတ်ပြီး နားထောင်လို့လည်းကောင်းတယ်ပေါ့နော်။ အဆင်လည်းပြေတယ်ပေါ့နော် အဲဒီလိုမျိုးကျတော့သူက နောက်နေ့ကျတော့ သူ့ရုံးခန်းကိုခေါ်ပြီး ဘာဖြစ်ချင်တာလဲတဲ့။ MC အရမ်းလုပ်ချင်တာလို့ အဲဒီလိုမျိုးပြောတော့ ပြီးတော့ သူကလည်းဗြောင်ပဲ။ MC လုပ်မယ်ဆိုလုပ်ပေးမယ်တဲ့။ နင့်ရုပ်နဲ့က ဒီမှာ Model ဖြစ်ဖို့က တော်တော်ကြာဦးမှာတဲ့။ လက်ခံမှာမဟုတ်ဘူးတဲ့။ သိတယ်လို့ အဲဒါကြောင့်လို့ အစ်မကလည်း ဗြောင်ပဲ  အရမ်းအဆင်ပြေတယ် ကိုဂျွန်နဲ့က။ အဲဒီတော့ MC လုပ်ချင်တယ်ဆရာလို့ ဆိုတော့ အဲဒါဆိုရင် ဖြစ်အောင်လုပ်ပေးမယ်တဲ့။ အဲဒီမှာ သူတကယ် Risk အရမ်းယူတာ။ Dada ကိုသူ ပွဲအကြီးကြီးမှာ စသုံးတာ။ အဲဒီ Mercedes Benz က မြန်မာနိုင်ငံကို ပထမဦးဆုံး ဝင်လာတဲ့အချိန်မှာ ဘာပဲပြောပြော Mercedes လိုမျိုး ပထမဦးဆုံးဝင်လာတာ အရမ်းကြီးတယ်။ အဲဒီဥစ္စာကို သူလုံးဝ Risk ယူပြီး Dada ကို ကိုဆန်းထွဋ် နဲ့ တွဲပြီးတော့ တင်ပေးတာ။ အဲဒီကနေပြီးတော့ Master of Ceremonial (MC) ဖြစ်သွားတာပေါ့။

၁၁။ ဘဝမှာ Career တစ်ခုကိုပဲ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အစ်မအနေနဲ့ ဘယ် career ကို ရွေးမှာလဲ။ ဘာ့ကြောင့်လဲ။

အစ်မဒီဟာကို အရမ်းကြိုက်တယ် အဲဒီ MC လုပ်ရတာအရမ်းကြိုက်တယ်။ ပြီးတော့ သီချင်း ဆိုရတာလည်း အစ်မကြိုက်တယ်။ ဒါပေမဲ့ သီချင်းဆိုရတာက အချိန်ပေးပြီးတော့ အရမ်းလေ့ကျင့်မှရတာလေ။အခုအလုပ်ကလည်း နည်းနည်းများတော့ အစ်မအဲဒီဘက်ကိုအရမ်း မလှည့်နိုင် သေးဘူး။ ပြီးတော့ ပိုက်ဆံကလည်း အရမ်းကုန်တော့ အစ်မအခုလောလောဆယ်ကတော့ MC ကိုပဲ အရမ်း ဦးတည်ဖြစ်နေတယ်။ ဒါပေမဲ့ အစ်မ တကယ်အရမ်းလုပ်ချင်တာ သီချင်းလည်း အရမ်းဆိုချင်တယ်။ အစ်မ အင်္ဂလိပ်သီချင်း အရမ်းဆိုချင်တာ။ ပြီးတော့ အဲဒီ MC လုပ်ရတာလည်း အစ်မကြိုက်တယ်။

၁၂။ အစ်မအဲဒီ Radio မှာလုပ်တယ်ဆိုတာကျတော့လေ Content တွေက ဘယ်အပိုင်းတွေ ပြောတာလဲ။ 

Radio မှာကျတော့ Show က နှစ်ခုရှိတယ်။ နှစ် Show လုပ်တာ။ တစ်ပတ်ကို ၅ ရက်။ ပထမ Show ကကျတော့ စာအုပ်တွေ ဖတ်ပြတာ။ Aesop Fables တွေဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ်လို့ရှိရင် တစ်ခြား short stories လေးတွေ၊ fairy tales လေးတွေပေါ့။ ပုံပြင်လေးလို ပုံစံမျိုးလေးတွေသွားတဲ့ ဥစ္စာလေးဖတ်တယ်။ နောက်တစ်ခုကကျတော့ Food for Thought။ အဲဒီ Food for Thought ကကျတော့ ခေါင်းစဉ်တစ်ခုအောက်မှာ စကားပြောရတာ။ ဥပမာ ထားပါတော့ Women Empowerment အကြောင်းပြောရမယ်ဆိုလို့ရှိရင် အဲဒါနဲ့ ပတ်သက်တဲ့ နိုင်ငံကျော်တွေပြောထားတဲ့ Quotes တွေ၊ ပြီးသွားလို့ရှိရင် အဲဒါနဲ့ ပတ်သက်တဲ့ Poems တွေ၊ ပြီးသွားလို့ရှိရင် Articles ထဲက ဘယ် Article ကောင်းမလဲ။ အဲဒီတော့ အကုန်လုံး အရမ်းကို ရှာပြီး Research အများကြီးလုပ်ပြီး ရေးရတာဆိုတော့ အဲဒီဥစ္စာအရမ်းပင်ပန်းတယ်။ Bookshelf က ဘာမှမပင်ပန်းဘူး ကိုယ့်ဘာကိုယ် ဖတ်စရာလေးကိုရှာပြီး Type လုပ်လိုက်ရုံပဲ။ ဒီဥစ္စာကျတော့ အကုန်လုံး ကြည့်ပြီးတော့မှ ဘယ်ဟာအဆင်ပြေတယ်၊ ဘယ်ဟာကြိုက်လောက်မလဲ အဲဒီလိုမျိုးပြန်ရွေးပြီးတော့ ပြန်လုပ်ရတယ်။ အဲဒီနှစ်ခုစလုံးကတော့ အင်္ဂလိပ်လိုပဲ။ အခုရန်ကုန်မှာ 96.1 MHz ကနေနားထောင်လို့ရပြီ၊ မန္တလေးက 96.5 MHz။ MI Radio ဆိုပြီးတော့ Myanmar International Radio အဲဒီ station နဲ့ တွဲလုပ်နေတာ။ သူက အင်္ဂလိပ်နဲ့ပဲဖြစ်မယ်။ MI Radio ဆိုတော့လေ အကုန်လုံး DJ တွေ အဲဒီက DJ တွေက အင်္ဂလိပ်လိုပဲသွားတာ။

၁၃။ အစ်မ ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တွေ၊ ဘာသာပြန်တွေ၊ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ TVC တွေ၊ MTV တွေ ဘယ်လောက်ရှိသွားပြီလဲ အစ်မ။

TVC က အစ်မ တစ်ခုပဲရှိတယ်။ MTV ကတော့ သုံးခုလောက်ရှိမယ်။ အစ်မက Director လုပ်ပြီးရိုက်တာ နှစ်ခု၊ သုံးခုလောက် ရှိမယ်။ ပြီးသွားလို့ရှိရင် ဘာသာပြန်တဲ့စာအုပ်ကတော့ ကလေးစာအုပ်တွေကတော့ အစ်မ မမှတ်မိတော့ဘူး။ ဒါပေမဲ့ အကြီးကြီး Best-selling ဖြစ်သွားတာကတော့ အဲဒီ “မင်္ဂလာအပေါင်းနှင့်ပြည့်စေသော်”။ Skynet မှာတောင်မှ အစ်မသွားပြီး Interview လုပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ် အရောင်းရဆုံးစာအုပ်ဆိုပြီးတော့ ဖြစ်သွားလို့။ အရမ်းအကြီးက အဲဒီတစ်အုပ်ပဲ။

၁၄။ အဲဒီ Best-seller hit ဖြစ်သွားတော့ အစ်မ ဘယ်လိုခံစားရလဲ။

အဲဒီတုန်းက မထင်ဘူး။ အဖေကတော့ ပျော်တာပေါ့။ မသိဘူး။ ဘာသာပြန်တာလေ။ ဘာမှစဉ်းစားစရာမှ မလိုတာ။ သူရေးတဲ့စာတွေက အင်္ဂလိပ်လိုရေးထားတာ။ ကိုယ့်ဘာသာကိုယ် ဗမာလိုပြန်ရေးတယ်လေ ဒါပဲလေသိလား။ ပြီးတော့ ဖုန်းရွှေတွေဘာတွေက အယုံအကြည်မရှိဘူး။ ရောင်းရမလား မရောင်းရဘူးလားလည်းမသိဘူး။ ဒါပေမဲ့ အဖေက ဈေးကွက်ကိုသိတယ်။ အဲဒီတော့ အဖေက လုပ်မယ်ဆိုပြီးတော့လုပ်တာ Best-selling ဖြစ်သွားတာ။ ပျော်လားဆိုတော့ ပုံမှန်ပဲ။ အဲဒီတုန်းက အသက် ၂ဝ ကျော်ပဲဖြစ်လိမ့်မယ်။ အကုန်လုံးက တော်တော်များများကျောင်းပြီးမှ လုပ်ဖြစ်တာ။ ဝတ္ထုရေးတာကတော့ ကျောင်းစကတည်းကရေးတာ ဒါပေမဲ့ ကျောင်းပြီးမှ အဲဒီ Best-selling တွေဘာတွေဖြစ်တာ။ သေချာတော့ မမှတ်မိတော့ဘူး။ ဦးနှောက်က သိပ်မကောင်းဘူး။ (ရယ်လျက်)

၁၅။ ဒီလို အဖက်ဖက်မှာ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ အားပေးကူညီခဲ့တဲ့သူက ဘယ်သူဖြစ် မလဲ အစ်မ။

အဖေနဲ့အမေပေါ့။

၁၆။ အောင်မြင်မှုဆိုတာ ရဖို့ခက်ခဲပါတယ်။ အစ်မအနေနဲ့ ကိုယ်လျှောက်လှမ်းနေတဲ့ အောင်မြင်မှု လမ်းကြောင်းမှာ ကြုံရသမျှ အဟန့်အတားတွေ၊ အခက်အခဲတွေကို ဘယ်လို ကျော်လွှားခဲ့သလဲ။

အစ်မကိုယ့်ကိုယ်ကိုကတော့ အောင်မြင်တယ်လို့တော့ မခံယူပါဘူး။ ပုံမှန်လောက်ပါပဲ။ အစ်မလုပ်တာ သူများထက် နည်းနည်းလေး အလုပ်ပိုလုပ်ရတယ် ဒီလောက်ပါပဲ။ အဟန့်အတားကတော့ အစ်မ အကြီးကြီး အဲဒီလိုမျိုး မကြုံဖူးဘူး ဘဝမှာလေ။ ဒါပေမဲ့ အဲဒီလို အခုနကပြောသလိုပေါ့ ဒါရိုက်တာလုပ်တုန်းက နည်းနည်းလေး ကိုယ့်ကိုနှိမ်ချင်တာနဲ့ Director မလုပ်တော့ဘူးဆိုပြီး ရပ်ပစ်လိုက်တာ။ ဆိုတာက အဟန့်အတား အကြီးကြီးကြုံလာရင်တော့ ဘယ်လိုဖြစ်ဦးမလဲ မသိသေးဘူး။ အကြီးကြီးတော့ အစ်မ မကြုံဖူးသေးဘူး။

၁၇။ အလုပ်အရမ်းများတဲ့သူတစ်ယောက်အနေနဲ့ အချိန်တွေကို ဘယ်လို စီမံခန့်ခွဲဖြစ်သလဲ အစ် မ။

အချိန် အစ်မ ဘယ်လိုစီမံခန့်ခွဲလဲဆိုတော့ အစ်မက ညမအိပ်ဘူး။ မနက် ၆ နာရီမှ အိပ်တတ်တဲ့သူ ဘာဖြစ်လို့လဲဆိုတော့ အစ်မ အဲဒီ Radio Show Script တွေ ဘာတွေရေးလို့ရှိရင် ဦးနှောက်က Creative အဖြစ်ဆုံးအချိန်က စဉ်းစားလို့ရတဲ့အချိန်က ၁၂ နာရီနောက်ပိုင်းမှာမှ စဉ်းစားလို့ရတယ်။ အဲဒီတော့ အစ်မ အဲဒီအချိန်ကျမှ အလုပ်စလုပ်တယ်။ ပြီးတော့ MC တစ်ယောက်အနေနဲ့ကလည်း ပွဲတွေက ညပိုင်းတွေများတယ်။ အဲဒီတော့ အစ်မနဲ့က အံကိုက်ပဲ။ နေ့လယ် ၁၁ နာရီလောက်မှထ။ ထပြီးသွားလို့ရှိရင် ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာလုပ်ပြီးတော့ ပွဲလေးသွားတက်ရုံ။ အဲဒီလိုမျိုးလေးဆိုတော့ အဆင်တော့ပြေတယ်။ အချိန်တော့ ဘယ်လိုခန့်ခွဲလဲဆိုတော့ ဥပမာ တစ်ပတ်ကို တစ်ရက်ပဲ အပြင်ထွက်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ အပြင်ထွက်ပြီးသွားပြီဆိုရင် ဆက်တိုက်သွားချင်တာ။ အိမ်မပြန်ချင်ဘူး။ အဲဒီတော့ အစ်မ အဲဒီလို တစ်ပတ်ကို တစ်ရက်အချိန်ပေးထားတယ်။ ကျန်တဲ့ရက်တွေကတော့ ကိုယ့်ဘာသာကိုယ် ညှိပြီးတော့အလုပ်လုပ်ရတယ်ပေါ့နော်။ ဒါပေမဲ့ MC အလုပ်က အမြဲရှိတာမဟုတ်ဘူးလေ။ အရမ်းကိုအလုပ်များတဲ့လမှာဆိုလို့ရှိရင်တော့ တစ်လကို ၁၂ ပွဲလောက်တော့ ရှိရင်ရှိမယ်။ ဒါပေမဲ့ အလုပ်နည်းတဲ့ဟာမှာဆိုရင် တစ်လကို ၃ ပွဲလောက်ပဲ ဖြစ်ဖြစ်သွားတာပေါ့နော်။့  အချိန်လေးတွေ အပိုလေးတွေထွက်လာတာပေါ့။ အဲဒီလိုမျိုးလေးတော့ရှိတယ်။

၁၈။ ဝါသနာပါတဲ့အလုပ်တွေကိုလည်း လုပ်နေရတယ်။ အဆင်လည်း ပြေတယ်။ အောင်လည်း အောင်မြင်နေတယ်။ ဒီလိုမျိုး ဘဝတစ်ခု ပိုင်ဆိုင်ရတဲ့အတွက် ဘယ်လိုခံစားရလဲ အစ်မ။

ဝါသနာပါတာကို လုပ်ခွင့်တကယ်ရတဲ့အတွက် ပြီးတော့ ကိုယ့်အတွက် အဲဒါလေးနဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့အတွက်ကြောင့်မို့လို့ အရမ်းကို Blessed ဖြစ်သလိုခံစားရတယ်။ အရမ်းကို ကံကောင်းတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့တွေအများကြီးရှိတယ်လေ လုပ်ချင်ပေမယ့် လုပ်ခွင့်မရတာမျိုးတွေ အများကြီးရှိတယ်။ အဲဒီတော့ ဒီဥစ္စာအရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ ပြီးတော့ အောင်မြင်တာကတော့ ဒါလိုချင်တဲ့အဆင့်မရောက်သေးပါဘူး။ အရမ်းလည်း မအောင်မြင်သေးဘူး။ ဒါအောင်မြင်တယ်လို့လည်း ကိုယ့်ကိုယ်ကို မခံယူပါဘူး။ ကြိုးစားတုန်းပါပဲ။ အဲဒီတော့ ဘာပဲပြောပြော တော်တော်တော့ ပျော်ပါတယ်။

၁၉။ ဘဝပန်းတိုင်တွေဆီ အရောက်လှမ်းရာမှာ အစ်မခံယူထားတဲ့ ခံယူချက်က ဘာများပါလဲ။

ခံယူချက်ကတော့ သူများတွေ ကိုယ့်ကို အသိအမှတ်မပြုချင်ပေမဲ့လည်း ကိုယ်အရမ်းတော်လို့ရှိရင် အသိအမှတ်ပြုရမှာပဲဆိုတဲ့ဟာ အဲဒီခံယူချက်လေး။ “Be so good, they can’t ignore you” အဲဒီလိုမျိုးလေးပေါ့။ အဲဒီလို ခံယူပါတယ်။

၂ဝ။ အခုခေတ်လူငယ်တချို့မှာ ဝါသနာပါတာနဲ့ တကယ်လုပ်နေရတဲ့အလုပ် ထပ်တူမကျတာတွေကို တွေ့နေရပါတယ်။ အဲဒီ့အပေါ် အစ်မရဲ့အမြင်လေးကို သုံးသပ်ပေးပါဦး။

တကယ်တမ်းကျတော့လေ ရွေးချယ်ချင်တိုင်း ရွေးချယ်လို့မရဘူး။ အစ်မက ကံကောင်းတယ်လို့ပြောလို့ရတယ်။ အမှန်ဆိုလို့ရှိရင် တစ်ချို့မိသားစုလေးတွေမှာရှိတယ်။ သမီး ဒီအလုပ်လုပ်ချင်တယ်။ ဒါပေမဲ့ လုပ်ခွင့်မရဘူး အသိုင်းအဝိုင်းမရှိဘူး။ အသိုင်းအဝိုင်းမရှိဘူးဆိုတော့ ဥပမာထားပါတော့ အစ်မတောင်မှ ကံကောင်းလို့ MC ဖြစ်လာတယ်။ ကိုဂျွန်နဲ့သိမှ MC ဖြစ်လာတယ်။ မသိဘူးဆိုရင် ဘယ်လိုဝင်ရမလဲဆိုတာ တော်တော်ခဲယဉ်းမှာ။ တစ်ချို့တွေထားပါတော့ ဥပမာ တစ်ခုခုလုပ်ချင်တယ်။ စာရေးဆရာဖြစ်ချင်တယ်ဆိုလို့ရှိရင် အဖေစာရေးဆရာ ဖြစ်နေတဲ့အတွက်ကြောင့် အစ်မက စာရေးဆရာဆိုပြီးတော့ ချက်ချင်းတန်း ဖြစ်သွားတယ်။ ပန်းချီဆရာသမီးက ပန်းချီဆရာဖြစ်ဖို့အတွက် အရမ်းလွယ်တယ်။ ရိုးရိုးဝန်ထမ်းရဲ့သားသမီးလေးတွေက စာရေးချင်တယ်ဆိုလို့ရှိရင် သူတို့မှာ အသိုင်းအဝိုင်းမရှိဘူး။ အရမ်းခက်တယ်ကွာ။ အဲဒီတော့ ရိုးရိုးအလုပ်လေးဝင်လုပ်လိုက်ရတာတို့ ဘာတို့ပေါ့နော်။ အဲဒါတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ တစ်ချို့တွေကကျတော့လေ ရွေးချယ်လို့မှ မရတာနော်။  ပိုက်ဆံရဖို့အတွက် အလုပ်က တစ်ခုခုလုပ်ရမှာကိုး။ အဲဒီတော့လည်း လုပ်လိုက်ရတာမျိုးလည်းရှိတာပေါ့။ တစ်ချို့တွေဆိုရင် Model တွေဆိုရင် ပိုက်ဆံသိပ်မှမရတာ။ ပိုက်ဆံရှိမှ Model လုပ်လို့ရတာဒီမှာက။ အခုခေတ်ကတော့ နည်းနည်းတော့ပြောင်းလာပြီ။ သိတယ်မလား နိုင်ငံခြားမှာဆို Magazine မှာရိုက်ရင် ပိုက်ဆံရတယ်လေ။ ဒီမှာဆို တစ်ပြားမှမပေးဘူးလေ။ ဖိနပ်လည်း ကိုယ့်ဟာကိုယ်ဝတ်ပဲ။ နောက်ပိုင်းတော့ ဖိနပ်လေးဘာလေးပေးလာပြီ။ အရင်တုန်းကဆိုလို့ရှိရင် အင်္ကျီပဲပေးတာ။ ဖိနပ်ကစ ကိုယ့်ဘာကိုယ်ယူရတာလေ။ နိုင်ငံခြားမှာများ တခြားစီ သိတယ်မလား။ လက်သည်းနီကအစ သူတို့ပဲပြင်ပေးတာ။ အဲဒီတော့ ပိုက်ဆံရှိမှ နောက်ကလိုက်နိုင်မှ Model ဆိုတာလုပ်လို့ရတာ။ အဲဒီလိုမျိုးလည်းရှိသေးတယ်။

၂၁။ အားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲ။ ဘယ်လိုစာအုပ်တွေကို ဖတ်ဖြစ်လဲ အစ်မ။

အစ်မ အားလပ်ချိန်မှာလုပ်ဖြစ်တာတော့ အစ်မ Radio အခုနောက်ပိုင်း BBC တို့ဘာတို့ က programme လေးတွေနားထောင်ရတာ ကြိုက်တယ်။ အစ်မ အဲဒီလိုမျိုးအပန်းပြေစေတဲ့ဥစ္စာ စာအုပ်တွေဖတ်ရတာကြိုက်တယ်။ ဥပမာ စာအတိုလေးတွေပဲဖြစ်ဖြစ်၊ တစ်ခါတစ်လေကျလို့ရှိရင် Facebook မှာဆိုလည်း Articles လေးတွေ တက်လာတယ်ဆိုရင် အစ်မဖတ်တယ်။ ဒါမှမဟုတ် The Guardians တို့ဘာတို့ဆို ကိုယ့်ဘာကိုယ် ဖုန်းကနေဖတ်တယ်။ အစ်မ ရိုးရိုးစာအုပ်ကကျတော့ နည်းနည်းပျော်ဖို့ကောင်းတဲ့ဥစ္စာလေးတွေ ဖတ်တာများတယ်။ အစ်မ ဖုန်းထဲကနေတော့ သတင်းတွေကြည့်တယ်။ ရုပ်ရှင်ကြည့်ရတာတော့ အရမ်းဝါသနာပါတယ်။ အဲဒါလေးတွေလုပ်တယ်။

၂၂။ ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း ပထမဆုံးတမ်းတမိတဲ့သူက ဘယ်သူဖြစ်မလဲ။

အမေ ပြီးရင် အဖေ။ အဖေကတော့ သိပ်မတမ်းတပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေက ပို ဂရုစိုက်တယ်။ ဖျားလို့ရှိရင် အဖေကပစ်ထားတာ။ အမေကမဟုတ်ဘူး။ သြော်…သမီးလေး နေကောင်း ရဲ့လားဆိုပြီး သုံးမိနစ်ခြားတစ်ခါ အခန်းပေါ်တက်တက်လာပြီးတော့မေးတယ်။ အဲဒီအတွက် အမေ့ကို ပိုတမ်းတတယ်။

၂၃။ နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ဂန္ထဝင်စာဖတ်ပရိသတ် ညီမငယ်လေး များအတွက် အားပေးစကားလေး ပြောကြားပေးပါဦး။

အားပေးစကားကတော့ ဖြစ်ချင်တာရှိရင် ဖြစ်အောင်လုပ်ပါလို့ပြောချင်ပေမဲ့ အသိုင်းအဝိုင်း မရှိ လို့ရှိရင်လည်း ဒါက မဖြစ်နိုင်ဘူး။ အဲဒီတော့ ပေါင်းတဲ့နေရာမှာ လူကြည့်ပြီးတော့ ပေါင်းတာက နည်း နည်း Smart ဖြစ်မှာပေါ့။ ပြီးသွားလို့ရှိရင် ကိုယ့်ချစ်လို့ ခင်လို့ပေါင်းတာကလည် ပေါင်းပေါ့။ ဒါပေမဲ့ ကိုယ့်အတွက် နည်းနည်းလေး အကျိုးရှိမှလည်း ကိုယ် လုပ်ချင်တာတွေ လုပ်ခွင့်ရမှာကိုး။ အဲဒီတော့ အကယ်၍ မချစ်သော်လည်း အောင့်ကာနမ်းမျိုးတွေ ရှိတယ်ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုးလေးတွေ လုပ်ပေါ့။ အဲဒါလေးတွေ ပြောချင်ပါတယ်။

စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ မဂျက်စီကာဒါဒါကိုလည်း ကျေးဇူးတင်ပါတယ်။ ကြိုးစားမှု တိုင်းမှာလည်း အောင်မြင်မှုသရဖူဆောင်းနိုင်ပါစေလို့ ဂန္ထဝင်ဝိုင်းတော်သားများက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။