တန်ဖိုးအတွက် အလုပ်လုပ်ပါဆိုတဲ့ မဝေသစ်လွင်နှင့် အမေးအဖြေ

blank

လတ်တလောမှာ သင့်တင့်တဲ့ဈေးနှုန်း၊ ကောင်းမွန်တဲ့အရည်အသွေး၊ ကြော်ငြာအားကောင်းကောင်းနဲ့ ပျိုမေတွေကြားမှာ တရှိန်ထိုးနာမည်ရလာတဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုလို့ ပြောလိုက်ရင် “Bella Cosmetics” ဆိုတာ အားလုံးသိကြမှာပါ။ Bella ကို သိရင် Bella ရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ရဲ့ အကြောင်းလေးကိုလည်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ Bella ကို စတင်တည်ထောင်ခဲ့သူဟာ ငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်ပါ။ အသက် ၂၉နှစ်နဲ့ Bella Cosmetics၊ ABC Convenience Store၊ TMW Enterprise စတဲ့ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ပြီး အောင်မြင်မှုကို ရယူထားနိုင်တဲ့ ထက်မြက်သူအမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းကို ဒီအမေးအဖြေကဏ္ဍလေးမှာ ဖတ်ရှုလေ့လာကြည့်ရအောင်။

၁။ မင်္ဂလာပါအစ်မ။ အစ်မရဲ့ အကြောင်းလေးနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦး။

ကျွန်မနာမည်က ဝေသစ်လွင်ပါ။ ဖေဖေက ဦးဝေလွင်ပါ။ SONY ကို တည်ထောင်ခဲ့ပြီးတော့ ဒီချိန်ထိ run နေပါတယ်။ မေမေက ဒေါက်တာဝင်းမင်းသစ်ပါ။ မေမေကတော့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ဌာနရဲ့ ပါမောက္ခဌာနမှူးပါ ။ ကျွန်မမှာ ညီမလေးတစ်ယောက်ရှိပါတယ်။ သူကတော့ မခိုင်သစ်လွင်ပါ။ သူက အခု TMW Enterprise မှာ Electronic retail နဲ့ Wai Yan ပိုင်းကို တာဝန်ယူထားတဲ့အပြင် mds Myanmar ကိုလည်းလုပ်နေပါတယ်။ များမကြာခင်က မင်္ဂလာဆောင်ထားပါတယ်။ ကျွန်မအမျိုးသား နာမည်က ဦးဇော်လတ်ပါ။ ဦးဇော်လတ်ကတော့ MIB Group ရဲ့ ဥက္ကဋ္ဌပါ။ ကျွန်မမှာ သမီးနှစ်ယောက်ရှိပါတယ်။ သစ်ဇော်လွင်နဲ့ ဇော်သစ်လွင်ပါ။ သမီးအကြီးက (၅) နှစ် နဲ့သမီး အငယ်လေးက (၄) နှစ်ပါ။

၂။ အစ်မရဲ့ education background လေးကိုပါ ပြောပြပေးပါဦးနော်။

ကျွန်မ ငယ်ငယ်တုန်းက ဗမာကျောင်းတက်ခဲ့ပါတယ်။ အ.မ.က (၃) ဗဟန်းမှာ  သူငယ်တန်း ကနေ လေးတန်းထိ နေပြီး (၅)တန်း၊ (၆)တန်းကို အ.ထ.က (၂) ဗဟန်း မှာ တက်ခဲ့ပါတယ်။ (၆)တန်းက နေ (၁၂)တန်းကိုတော့ ISY မှာတက်ခဲ့ပါတယ်။ အဲ့ဒါပြီးတော့ ကျွန်မ Haas School of Business, University of Berkeley, California မှာ Business Administration နဲ့ Bachelor’s Degree ရခဲ့ပါတယ်။ ကျွန်မလွန်ခဲ့တဲ့ (၂)နှစ်လောက်က ရန်ကုန်တက္ကသိုလ်မှာ Business Law တက်ပါတယ်။ ခုလောလောဆယ်မှာ ကျွန်မ Harvard university မှာ MBA YBA program တစ်ခုလုပ်နေပါတယ်။

၃။ အစ်မ အခုလက်ရှိ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေတာလဲဆိုတာ ပရိသတ်ကြီးကို အသေးစိတ် ပြောပြပေးပါဦး။

ကျွန်မ ခုနပြောတဲ့ဟာတွေပေါ့နော်။ ကျွန်မတို့ ကုန်စုံဆိုင် ဖွင့်ပါတယ်။ ABC Convenience Store တွေပေါ့နော်။ ပြီးတော့ ကုန်စုံဆိုင် ဖွင့်ချင်တဲ့သူတွေကိုလည်း Franchised သဘောမျိုးနဲ့ ကုန်စုံဆိုင်လေးတွေ ရောင်းပါတယ်။ အဲ့ဒါပြီးလို့ရှိရင် ကျွန်မ Inax အိမ်သာတွေ ရောင်းပါတယ်။ T.home ကျောက်ပြားတွေကို ထုတ်လုပ်ပါတယ်။ ရောင်းလည်းရောင်းပါတယ်။ ပြီးတော့ ကျွန်မအခု Bella Cosmetics တွေကို Korea မှာ ထုတ်လုပ်ပြီးတော့ မြန်မာနိုင်ငံမှာ ရောင်းပါတယ်။

၎။ အစ်မအနေနဲ့ ဒီ ABC လုပ်ငန်းကို စတင်တည်ထောင်ဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦးနော်။ ဘယ်လိုစိတ်ကူးနဲ့ စတင်ပြီး တည်ထောင်ဖြစ်ခဲ့တာလဲ။

ABC က ကျွန်မတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ အမျိုးသားတည်ထောင်တာပါ။ (၂ဝဝ၆) ခုနှစ်မှာ စတင်တည်ထောင်တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ Lifestyle စတင် ပြောင်းလဲလာပြီပေါ့နော်။ ပြောင်းလဲလာပြီ ဆိုတဲ့အတွက်ကြောင့်မို့လို့ ညဘက်ကို လူတွေက အပြင် ပိုထွက်လာကြတယ်လေ။ အဲ့ဒါကြောင့်မို့လို့ လူတွေကို ညဘက်ပါ အပါ 24 hour service လုပ်ပေးဖို့ ကုန်စုံဆိုင်တွေ လိုအပ်လာတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့လို့ သူစလုပ်ခဲ့တာပါ။ (၂ဝဝ၇) ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှာစပြီးတော့ ကျွန်မတို့ ဆိုင်စဖွင့်ခဲ့တယ်။ အဲ့တော့ (၂ဝ၁၁)ခုနှစ် သြဂုတ်လ မှ ကျွန်မတာဝန်ယူပြီး လုပ်ခဲ့တာပါ။ ကျွန်မ စလုပ်တုန်းက ဆိုင်(၁၈)ဆိုင်ပဲရှိပြီးတော့ အခုတော့ ဆိုင် (၁ဝဝ) ကျော်ရှိပါပြီရှင့်။ အဲ့ဒါတွေကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ရှိပါတယ်။ Franchised လည်း ပေးပါတယ်။ ကျွန်မ Wholesale လည်း ရောင်းပေးပါတယ်။ Wholesale ရောင်းတယ်ဆိုတာ ဒီလိုပါ။ အကယ်၍ ကိုယ့်မှာအိမ်မှာ ကုန်စုံဆိုင်ရှိတယ်၊ သို့သော်လည်း franchised မယူချင်ဘူး။ ဒါပေမဲ့ ပစ္စည်းတွေကို တစ်နေရာတည်းကနေဝယ်ချင်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ဒီပစ္စည်းဝယ်တဲ့ service ပေးပါတယ်။ ကျွန်မတို့ ပစ္စည်းရောင်းပေးပါတယ်။ အဲဒီတော့ Wholesale market တွေ သွားစရာ မလိုတော့ဘူးပေါ့နော်။ ကျွန်မတို့ carry လုပ်တဲ့ပစ္စည်းတွေထဲကမှ သူတို့မှာချင်တဲ့ ပစ္စည်းတွေကို မှာယူ နိုင်ပါတယ်။ ကျွန်မတို့ကရောင်းပြီး အပတ်တိုင်းပို့ပေးတာပေါ့နော်။

၅။ ABC စတင်တည်ထောင်တော့ အခက်ခဲတွေအနည်းနဲ့ အများတော့ ရှိမှာပေါ့နော်။ အဲဒီအခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ။

ABC တည်ထောင်တဲ့အချိန်မှာ အခက်ခဲတွေကတော့ အများကြီးရှိပါတယ်။ ဒီအချိန်ထိလည်း အခက်ခဲတွေ အများကြီးရှိတုန်းပါပဲ။ ဘယ် business မဆို အခက်အခဲကတော့ အမြဲရှိပါတယ်။ ဘယ်လိုကျော်ဖြတ်လည်းဆိုတော့ ဒီလိုပါပဲ။ အဓိကကတော့ ကျွန်မရဲ့ team တွေက အရမ်း အဆင်ပြေတယ် ပေါ့နော်။ ဒါပေမဲ့ problem တွေကတော့ အမျိုးမျိုးရှိနေတုန်းပေါ့နော်။ တစ်နေ့ကို တစ်မျိုးထူးခြားတယ်ပေါ့နော်။ သူခိုးအသစ်တွေ တွေ့တာတို့၊ ခိုးနည်းအသစ်တွေ တွေ့တာတို့ အမျိုးမျိုးပေါ့နော်။ ဘယ်လိုကျော်ဖြတ်သွားလည်းဆိုတော့ ဒီလိုပါပဲ၊ team နဲ့ တိုင်ပင်တာပေါ့နော်။ ကိစ္စတစ်ခုဖြစ်လာခဲ့လို့ရှိရင် ကျွန်မတို့ စုံစမ်းပါတယ်။ အကြောင်းရင်းကို ရှာတာပေါ့။ ပြီးတော့ အဲဒီ အကြောင်းရင်းပေါ်မှာ မူတည်ပြီး ရင်ဆိုင်ဖြေရှင်းပါတယ်။ ချက်ချင်းကြီး လက်တန်း ဖြေရှင်းတာ ထက်စာရင် ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ဖြစ်တဲ့အကြောင်းရင်းကဘာလဲ၊ နောက်ဒီလိုမဖြစ်အောင် ဘယ်လိုကြိုးစားမလဲပေါ့နော်။ အဲဒါကို အဓိကထားပါတယ်။

၆။ ABC စတင်တည်ထောင်အချိန်တုန်းက မြန်မာနိုင်ငံမှာ 24 နာရီဖွင့်တဲ့ convenience store တွေ သိပ်ခေတ်မစားသေးဘူးပေါ့နော်။ အဲဒီအချက်က ABC အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့သလဲ။

အစတုန်းကတော့ အဲဒီလိုမရှိခဲ့ပါဘူး။ ဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတော့ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ convenience စတိုးတွေ မရှိခဲ့ဘူးပေါ့နော်။ ဒီ ABC ပဲ ရှိတယ်ဆိုတော့ လူတွေကလည်း ဈေးမဝယ်ရဲသေးဘူး။ မဝင်ရဲတာရှိမယ်။ ပြီးလို့ရှိရင် used to မဖြစ်တဲ့ဟာတွေပေါ့နော်။ ဘယ်လို ခေါ်မလဲဆိုတော့ ဒီ ၂၄ နာရီ ဖွင့်တဲ့ဟာဆိုတော့ ဒီအချိန်ထိလည်း used to မဖြစ်သေးတာ ရှိသေးတယ်။ နောက်တစ်ခုက အကျိုးသက်ရောက်မှုကကျတော့ ကျွန်မတို့ ဒီ Shift တွေထဲမှာ အရောင်းရဆုံး Shift က ဒီညနေ shift ၊ ည shift ပေါ့နော်။ ဆိုင်တော်တော်များများက ည (၈) နာရီခွဲ၊ (၉)နာရီဆို ပိတ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျ ကားတွေပိုကြပ်လာတာရော၊ ပြီးတော့ လူတွေက လမ်းမတွေပေါ်မှာ ပိုပြီးတော့ နေတာများလာတာအတွက်ကြောင့်ရော အိမ်ပြန်နောက်ကျတာပေါ့နော်။ အိမ်ပြန်နောက်ကျတဲ့အတွက် လိုအပ်တဲ့အချိန် လိုအပ်တဲ့ပစ္စည်းတွေကို ညဘက်မှာ ထွက်ပြီးတော့ ဝယ်နိုင်တယ်ပေါ့နော်။ ပြီးလို့ရှိရင် လူတွေက ပိုပြီးတော့ မအားလာကြတယ်။ ဘယ်လိုမအားတာလည်း ဆိုလို့ရှိရင် အရင်တုန်းကတော့ မိန်းမက အလုပ်မလုပ်ဘူး အိမ်မှာနေတယ်။ ယောင်္ကျားပဲ အလုပ် လုပ်တာဆိုတော့ ပစ္စည်းဝယ်စရာရှိရင် မိန်းမတွေက နေ့လည်ဆိုသွားဝယ်တယ်။ အခုကကျတော့ မိန်းမရော ယောင်္ကျားရော အလုပ်လုပ်တယ်။ ရုံးကပြန်လာရင် အချိန်က ပုံမှန် ည (၇)နာရီ၊ (၈)နာရီ။ အဲ့ဒါပြီးရင် ရေမိုးချိုးပြီး တစ်ခုခုစား၊ နောက်ပြီးတော့ တစ်ခုခုပြန်ပြီးထွက်ဝယ်မယ်ဆိုရင် ည (၉)နာရီ၊ (၁ဝ)နာရီ ဖြစ်နေပြီ။ အဲ့အချိန်ကျ အခြားဆိုင်တွေ ပိတ်သွားပြီဆိုတော့ တော်တော်များများ အဲ့ဒီနောက်ပိုင်းမှာမှ လာဝယ်ကြတာရှိမယ်။ နောက်တစ်ခုက အရင်တုန်းက entertainment တွေမရှိတဲ့ အတွက်ကြောင့်မို့လို့ ညဘက်ဆိုရင် စောစောအိပ်ကြတာပေါ့နော်။ အခုကကျတော့ ညဘက်ကို ကိုရီးယားကား ပြတာ ဘာညာရှိတဲ့အတွက်ကြောင့်မို့ လူတွေက ဆက်ကြည့်နေတာပေါ့။ အခုနောက်ပိုင်းကြတော့ ဖုန်းပွတ်နေကြတာပေါ့နော်။ ဖုန်းပွတ်နေကြရင်းနဲ့ လူတွေညအိပ်တဲ့ အချိန်တွေက ပိုနည်းလာတဲ့အတွက်ကြောင့်မို့လို့ ဗိုက်ဆာတဲ့အချိန်ရှိကြတယ်၊ လိုအပ်တဲ့ပစ္စည်းတွေ ထွက်ဝယ်ကြတော့ ကျွန်မတို့အနေနဲ့ ဒီဈေးကွက်ကို ရတာပေါ့နော်။ ပြီးတော့ လူနေမှု ပြောင်းလဲတဲ့ အချိန်မှာ first effective အနေနဲ့ရတဲ့အတွက်ကြောင့်မို့လို့ တော်တော်များများက ညဘက်ဆို ABC မှာဝယ်တယ်။ အဲဒီအကျိုးကျေးဇူးကို ရပါတယ်။ မကောင်းတာကတော့ အရက်မူးသမားတွေ ကလေး (အရောင်းဝန်ထမ်းလေး)တွေကို လာရစ်ကျတာပေါ့နော်။ အဲ့ဒါကတော့ တော်တော်လေး ဆိုးပါတယ်။ နောက်တစ်ခုကတော့ နေ့လည်တွေ၊ နေ့ခင်းဘက်တွေကားပိတ်တော့ ကျွန်မတို့က 24 hour service လုပ်တယ်ဆိုတဲ့အတွက်ကြောင့် ကျွန်မတို့ ပစ္စည်းပို့တာတွေကျတော့ ကားမပိတ်တဲ့အချိန် ည (၁ဝ) နာရီလောက်ကျမှ ပစ္စည်းပို့တယ်။ မနက် (၆) နာရီလောက်ဆိုရင် ဆိုင်အစုံ ပြီးတယ်ပေါ့နော်။ အဲ့ဒီအကျိုး သက်ရောက်မှုတွေ ရှိတာပေါ့နော်။

၇။ Bella Cosmetics လုပ်ငန်းကို စတင်အကောင်ထည်ဖော်ဖြစ်ခဲ့ပုံလေးကို ဝေမျှပေးပါဦး အမ။

Bella Cosmetics ကိုဘယ်လို အကောင်ထည်ဖော်ခဲ့လဲဆိုတော့ အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရင်ပေါ့နော်၊ သူ့အနေနဲ့ သူဖြစ်ချင်တာ၊ သူ့အတိုင်းအတာနဲ့ သူ လုပ်နိုင်တာ အကုန်လုံးကို လုပ်နိုင်တယ်။ မြန်မာအမျိုးသမီးတွေက အရမ်းတော်ကြတယ်။ အရမ်း လည်း အင်အားရှိတယ်ပေါ့။ ဒါကို ဘယ်သူ့ကိုကြည့်လို့ရလဲဆိုတော့ ကျွန်မတို့ အခု နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ အန်တီစုလိုသာ မြန်မာအမျိုးသမီးတိုင်း ဖြစ်နိုင်တယ်ဆိုရင် မြန်မာ ပြည်ကြီးသည် ကမ္ဘာမှာ developed country အလျင်အမြန် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအမျိုးသမီးတွေမှာ ဘာဖြစ်နေလဲဆိုတော့ မြန်မာပြည်မှာ discrimination တွေများနေတယ်။ ဘာဖြစ်နေလဲဆိုတော့ အမျိုးသမီးတွေက အမေနေရာရောက်လာတယ်။ အဲဒီအချိန်မှာ ပထမဦးဆုံး စဉ်းစားပေးရာမှာက ကိုယ့်သားသမီးပညာရေး၊ ဘာပဲပြောပြော ဗမာပြည်က သူများနိုင်ငံတွေ ထက် စာရင် ဝင်ငွေကနည်းတယ်ပေါ့နော်။ ဒီတော့ ပထမဦးဆုံးစဉ်စားရမှာက စားဝတ်နေရေး၊ ပြီးရင် သားသမီးပညာရေး၊ ပြီးလို့ရှိရင် အိမ်ဦးနတ်ယောင်္ကျားးပေါ့နော်၊ နောက်ဆုံးကကျမှ မိန်းမတွေရဲ့ needs and wants ရောက်လာတယ်။ အဲ့အချိန်မှာ ဝင်ငွေကိုကနည်းတဲ့အပြင် သုံးနိုင်တဲ့ ပိုက်ဆံ ကလည်း နည်းတာကြောင့် မိန်းမတွေအနေနဲ့ အလှအပအတွက် သုံးနိုင်တဲ့ငွေက ပိုပြီးတော့ နည်းနည်းသွားတာပေါ့နော်။ အဲဒီတော့ သူတို့ဘာသုံးရလဲဆိုတော့ သိပ်ပြီးမကောင်းတဲ့ cosmetics တွေသုံးရတယ်။ ပြီးတော့ cosmetics တွေအဆန်းတွေတောင်မှ သုံးချင်မှသုံးရမယ်။ အလှကုန် ပစ္စည်းဖိုးကို အလွန်ဆုံး ငါးထောင် ကနေ တစ်သောင်းကြားပဲ သုံးရတယ်ဆိုတော့ အလှကုန် ပစ္စည်း အတုတွေသုံးရတယ်။ အဲ့ဒီအတုတွေသုံးရတော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သွားတဲ့အခါ skin တွေထိတယ်ပေါ့နော်။ နောက်ပြီး အရေပြားကင်ဆာတွေ ဖြစ်စေနိုင်တယ်ပေါ့နော်။ အတုဆို ကတည်း က မကောင်းအောင်လုပ်တာဆိုတော့ မကောင်းတဲ့ဟာတွေ ပိုထည့်မှာပေါ့နော်။ ကိုယ့်ပစ္စည်းကောင်း တယ်ဆိုရင် ကိုယ့်နာမည်နဲ့ကိုယ် ထုတ်မှာပေါ့နော်။ အဲဒီလိုအတုတွေက အရေပြားရောဂါတွေ ဖြစ်တယ်ဆိုတော့ ဗဟုသုတကြွယ်ဝတဲ့အမျိုးသမီးတွေက မသုံးကြတော့ဘူး။ ဒီတော့ မသုံးဘဲနဲ့နေပြီး သနပ်ခါးလောက်ပဲလိမ်းကြတယ်။ မိတ်ကပ်ဆိုတာက မိန်းမတစ်ယောက်ကို confidence ဖြစ် စေပါတယ်။ မိန်းမတစ်ယောက်ကို confidence ဖြစ်စေနိုင်တဲ့အရာ သုံးခုရှိတယ်။ နံပါတ်တစ်က ပညာပေါ့နော်။ ပညာတတ်ဆိုတာ ကျောင်းပညာကိုပဲ ပြောတာမဟုတ်ဘူး။  ကိုယ်တတ်တဲ့ ပညာ တစ်ခုခုပေါ့နော်။ မိန်းမတစ်ယောက်က ပညာရပ်တစ်ခုခုကို ကျွမ်းကျင်သွားပြီဆိုရင် အဲဒီအလုပ်နဲ့ ဘဝရပ်တည်နိုင်ပြီဆိုတဲ့ အတွက်ကြောင့် confidence ရှိတယ်ပေါ့နော်။ ဒုတိယအနေနဲ့က အောင်မြင် ခြင်း၊ အောင်မြင်တယ်ဆိုတာ အမေတစ်ယောက်အနေနဲ့လည်း အောင်မြင်လို့ရတယ်၊ နောက် ဈေးသည် တစ်ယောက်အနေနဲ့လည်း အောင်မြင်တယ်ပေါ့နော်။ နောက်ဆုံး တစ်ခုကကျတော့ လှပတာ၊ တောရွာတွေမှာဆိုရင်  ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လေးတွေ၊ ကလေးမလေးတွေ ဘာဖြစ်လို့လဲဆိုတော့ သူတို့ငယ်ငယ်လေးနဲ့ လှတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကိုယ်သူတို့ confidence အပြည့်ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ Bella စလုပ်ရခြင်းဖြစ်ပါတယ်။ Bella က အဓိကဘာပေးချင်တာလဲဆိုတော့ မိတ်ကပ်နဲ့အလှအပကို confidence ပေးချင်တယ်ပေါ့နော်။ ဒီတော့ သုံးနိုင်တဲ့ ငွေပမာဏနဲ့ ပစ္စည်း သုံး၊ လေးခုလောက် ဝယ်နိုင်အောင် Bella ရဲ့ ဈေးနှုန်းတွေကို များသောအားဖြင့် နှစ်ထောင်ကျပ် ကနေ ငါးထောင် ကြားမှာ သတ်မှတ်ထားပါတယ်။ အခု ဒီမတ်လမှာ မိတ်ကပ်ကို ငါးရာတန်လောက်ကနေ စထုတ်ဖို့ရှိပါတယ်။ သနပ်ခါးမိတ်ကပ် ဆိုပြီးတော့ပေါ့။ ဒါက တစ်ခါတလေမှ လိမ်းတတ်တဲ့သူတွေအတွက် အထုပ်လေးနဲ့လာတာဆိုတော့ ဒီတစ်ထုပ်ကို တစ်ပတ် လောက်တော့ အလိမ်းခံမှာပေါ့နော်။ အဲဒီဟာကို ငါးရာကျပ် လောက်နဲ့ စပြီးတော့ ထုတ်ဖို့ရှိပါတယ်။ ပြီးတော့ ဒါက အလှအပပိုင်းဆိုင်ရာပေါ့နော်။

နောက်တစ်ခုက ပညာပိုင်းပါ။ နောက်နှစ်မှာ အစ်မတို့ Bella ကနေ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို သင်ပေးမယ့်အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အလှအပကို သိပ်မတတ်ကြဘူး။ အလှပြင်လုပ်ငန်းတွေကို မိန်းမလျာတွေက လုပ်တာများတယ်။ ဒီမိန်းမလျာ တွေက ပညာတတ်တတ်၊ မတတ်တတ် သူတို့ဘဝမှာ ဒီမိတ်ကပ်ပညာကို တတ်လို့ရှိရင် ဘဝမှာ အာမခံချက်တစ်ခုရှိတယ် လို့မြင်ကျတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ မိတ်ကပ်ပညာဆိုင်ရာ သင်တန်းကျောင်းဖွင့်မယ်။ အဲ့အတွက်ကြောင့် မိန်းမတစ်ယောက်က သူ့အနေနဲ့ မိတ်ကပ်ပညာ တတ်တယ်ဆိုရင်ပဲ အိမ်မှာပဲ မိတ်ကပ်ဆရာမအနေနဲ့ အလုပ်လုပ်လို့ရတယ်ပေါ့နော်။ အဲဒီအတွက် ကြောင့်မို့လို့ အိုးမကွာအိမ်မကွာနဲ့ အလုပ်လုပ်လို့ရတယ်၊ ပြီးတော့ တခြား အပိုဝင်ငွေလည်း ရတယ်ပေါ့။ နောက်ဆုံးတစ်ခုကကျတော့လည်း အောင်မြင်မှုပေါ့နော်။ ဒီ Bella ကနေ ဘယ်လို အောင်မြင်မှုတွေပေးနိုင်မလဲဆိုလို့ရှိရင် ဘဝကိုအောင်မြင်တဲ့ မိတ်ကပ်ပညာရှင်အဖြစ်နဲ့ နေနိုင်သလို  ဒီ Bella ပစ္စည်းတွေ သုံးရင်းနဲ့ပဲ Confidence ရှိပြီးတော့ အောင်မြင်တဲ့မိန်းမတစ်ယောက် ဖြစ်နိုင်တာ ပေါ့နော်။ အဲဒီလိုရည်ရွယ်ပြီး လုပ်ထားပါတယ်။

၈။ Bella Cosmetics လေးတွေက Quality ကောင်းပြီး Fair Price ဖြစ်တယ်၊ ပြီးတော့ လူကြိုက်လည်းများတယ်။ အဲဒီလိုဖြစ်လာအောင် Product အပိုင်းမှာ ဘယ်လို အားစိုက်ထုတ်ခဲ့ရလဲ အစ်မ။

ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ စစချင်းပြောမယ်ဆိုရင် ဒီ Bella လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အလှကုန်ဆိုရင် ကိုယ့်စက်ရုံနဲ့ကိုယ်ထုတ်တဲ့သူနည်းတယ်။ တော်တော်များများက contract manufacturing ပြန်အပ်တယ်။ ဒီ cosmetics market ရဲ့ ၇ဝ % လောက်ပေါ့။ အဲ့ အတွက် ကြောင့်မို့လို့ ကိုယ်ကဘာလုပ်ရလဲဆိုတော့ ကိုယ့်ဘာသာကိုယ် research လုပ်ရတာ ပေါ့နော်။ ပြီးတော့ ကမ္ဘာပေါ်မှာ အခုလောလောဆယ်က အလှကုန်တွေထုတ်ပြီး တင်ပို့တဲ့ နံပါတ် တစ်နိုင်ငံက ကိုရီးယားနိုင်ငံဖြစ်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ Korea မှာရော ကမ္ဘာပေါ်မှာပါ Cosmetic contract manufacturing မှာ အကြီးဆုံး Company ဖြစ်တဲ့ Cosmax နဲ့ ဆက်သွယ် ခဲ့ပါတယ်။ ကျွန်မကံကောင်းတာက အဲ့ဒီ Cosmax က regional director တစ်ယောက်နဲ့ ကျောင်း တက်ရင်းနဲ့ ခင်ခဲ့ဖူးတယ်။ ပြီးတော့ ပိုင်ရှင်မိသားစုက LG ပိုင်ရှင်မိသားစုနဲ့ သိပ်ကိုရင်းနှီးတယ်။ အရင်က LG က ကျွန်မကို သူတို့အလှကုန်တွေကို ကိုယ်စားလှယ် လုပ်ဖို့ပြောသေးတယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ခဲ့ဘူး၊ အဲဒီအလှကုန်တွေက မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ အသားအရေရော ၊ အသား အရောင်ရောအတွက် ထုတ်လုပ်ထားတာ မဟုတ်ဘူး။ အဓိက သူတို့က Korea အသားအရေ၊ အသားအရောင်အတွက် ထုတ်လားတာ။ အဝါရောင်သမ်းတဲ့ Korea အသားအရောင်ကို အခြေခံပြီး ထုတ်ထားတာပေါ့နော်။ မြန်မာတွေရဲ့ အသားအရောင်က golden၊ ရွှေရောင်သမ်းတယ်။ အဝါနဲ့ အနီနဲ့ရောပြီး နည်းနည်း ပိုရင့်တဲ့ အရောင်ပေါ့နော်။ အကယ်၍  Korea Cosmetics တွေကို သုံးမယ် ဆိုရင် သူတို့အတွက် ထုတ်ထားတော့ ဖွေးဖွေးကြီးဖြစ်သွားတယ်။ မိတ်ကပ်ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲဖို့ မဟုတ်ဘူး။ ရှိရင်းစွဲအလှကို ပိုလှသွားမယ် ဆိုတဲ့အတွက်ကြောင့်ပေါ့နော်။ မိတ်ကပ် လိမ်းလိုက်လို့ လူနောက်တစ်ယောက်အဖြစ် ပြောင်းသွားမယ်ဆို ဒါ ကိုယ်မဟုတ်တော့ဘူး၊ ကိုယ်မဟုတ်ဘူး ဆို ကိုယ့်အနေနဲ့လည်း confidence ရှိမှာမဟုတ်တော့ဘူး။  အဲဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ မလုပ်ခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်မလုပ်မယ်လို့ပြောတဲ့ အခါကျတော့ LG ကလူတွေက Cosmax နဲ့ မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်ပေးတဲ့အချိန်မှာလည်း ဒီ regional director တစ်ယောက်နဲ့ ကျောင်းတက်ကတည်းက ခင်ခဲ့ဖူးတဲ့အတွက်ကြောင့်မို့လို့ ကိုယ်က သူတို့ဆီကနေ ဝန်ဆောင်မှု ပိုရတယ်။ ကျွန်မက လုပ်မယ်ဆိုတဲ့အချိန်ကတည်းက သူတို့ကို ဒီအလုပ်ဟာ မြန်မာနိုင်ငံရဲ့ social business အနေနဲ့လုပ်တာပါ။ အကျိုးအမြတ်အတွက် လုပ်တာမဟုတ်ပါဘူး။ အဓိကက မြန်မာ အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတာပေါ့နော်။ အဲဒီလိုဆိုတဲ့အတွက်ကြောင့်မို့လို့ အသားအရောင်၊ မိတ်ကပ်အရောင်ရွေးတာကအစ အဲဒီ Cosmax နဲ့ မိတ်ဆက်ပေးတယ်ပေါ့။ အဲ့ Cosmax နဲ့ သိသွားတဲ့အချိန်မှာ သူတို့ (၆) လလောက်ထိ research လုပ်တယ်။ နံပါတ်တစ်က ရာသီဥတု၊ ပူပြင်းပြင်းနဲ့ စိုစွတ်တဲ့ရာသီဥတုဆိုတဲ့အတွက်ကြောင့် ဗမာတွေက သနပ်ခါးကို ကြိုက်တာပေါ့။ စိုစွတ်တဲ့အတွက်ကြောင့် သူက matt မဖြစ်ဘူး၊ glory ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ကိုယ်က matt ကို အဓိကသွားထုတ်ရတယ်ပေါ့နော်။ မြန်မာတွေက သနပ်ခါး လိမ်းနေကျဆိုတော့ liquit to powder ကြိုက်တယ်။ သနပ်ခါးဆိုလဲ အရည်ကျဲကနေ ပေါင်ဒါ ဖြစ် သွားတယ်ဆိုတဲ့အတွက်ကြောင့် မိတ်ကပ်မှုန်မှုန်လေးဖြစ်သွားတယ်။ ဘာလို့ မှုန်မှုန်လေးကို ကြိုက်လဲဆိုရင် စိုစွတ်တဲ့အတွက်ကြောင့် ချွေးထွက်တာကိုခံနိုင်တယ်ပေါ့နော်။ Oil control လည်းရတယ်။ ပြီးတော့ မြန်မာပြည်မှာက နေအရမ်းပူတဲ့အတွက်ကြောင့်မို့လို့ နေလောင်ဒဏ် ကာကွယ်ဖို့အတွက်ကို SPF ထည့်ထားရတယ်။ ပြီးတော့ ရွှေရောင်အသားအရောင်ဆိုတဲ့ အတွက် ကြောင့်မို့လို့ အန်တီပေါက်(မိုးကုတ်ပေါက်ပေါက်) ကလည်း အရောင်တွေကို သေချာရွေးပေး ပါတယ်။ မဟုတ်လို့ရှိရင် အဝါရောင်အတွက်ထုတ်တာကို သုံးလိုက်တယ်ဆိုလို့ရှိရင် မျက်နာကြီးက ပိုဖွေး သွားမှာပေါ့နော်။ သဘာဝအတိုင်း မလှတော့ဘူးလေ။ ရွှေရောင်ဘက်သမ်းတဲ့ အသားအရောင်နဲ့ လိုက်တဲ့အတွက် နဂိုအလှကို ပိုပြီးတော့လှသွားစေနိုင်ပါတယ်။ အဲ့လိုမျိုး သုတေသနတွေ ပြုလုပ် ခဲ့ပါတယ်။

ကျွန်မတို့ (၆)လ လောက် စမ်းသပ်မှုတွေ လုပ်တယ်။ အရောင်တွေရွေးတယ်။ Textures တွေရွေးတယ်။ ပြီးတော့ ဒီမှာ မိန်းကလေး အယောက် (၁ဝဝ) ကျော်လောက်နဲ့ စမ်းသပ်တယ်။ အဲ့ဒါပြီးတော့ အဆင်ပြေတယ်ဆိုတော့မှ စထုတ်တာပေါ့နော်။ သူတို့ကလည်း ကျွန်မက ဒီဟာကို social business အနေနဲ့ လုပ်တယ်ဆိုတဲ့အတွက်၊ ကျွန်မကိုယ်တိုင်တောင်အမြတ်မယူဘဲနဲ့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့လည်း အမြတ်မယူဘဲနဲ့ လုပ်ပေးပါတယ်။ ကုန်ကျစရိတ်တွေကို သက်သာ အောင် လုပ်ပေးတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို မြန်မာအမျိုးသမီးတွေ တတ်နိုင်တဲ့ဈေးနဲ့ ရောင်းပေးနိုင်တယ်ပေါ့နော်။ နောက်တစ်ခုက မြန်မာ မိန်းကလေးတော်တော်များများရဲ့ Role model က မင်းသမီးတွေဖြစ်ကြတယ်။ ဒါဟာနိုင်ငံရဲ့ အခြေ အနေကြောင့်မို့ ပဲပြောရမှာပေါ့နော်။ အခုခေတ်မှာတောင်မှ မြန်မာပြည်မှာက သိတဲ့မိန်းမဆိုလို့ရှိရင် အန်တီစု ပဲရှိတာလေ။ အရင်ခေတ်တွေတုန်းက စာရေးဆရာမတွေကိုတော့ သိတယ်။ ဒါပေမဲ့ စာရေး ဆရာမတွေက ရုပ်မမြင်တဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်မှာ Influence အလုပ်နိုင်ဆုံးက မင်းသမီး တွေပေါ့နော်။ အသားညိုတယ်ဆိုရင် မခိုင်လေးနဲ့ တူတယ်၊ နဲနဲထွားရင် မစိုးကြီး နဲ့တူတယ်ပေါ့နော်။ အဲဒီတော့ သူဝတ်တာနဲ့၊ သူဆိုးတဲ့အရောင်လေးနဲ့ကိုယ်နဲ့ လိုက်မှာပဲဆိုပြီးတော့ စဉ်းစားကြတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ မင်းသမီးတွေနဲ့ တွဲပြီးတော့ထုတ်ဖြစ်ခဲ့တာပါ။ သူတို့ ကိုလည်း ကျွန်မက ရှင်းပြတယ်၊ ဘာလို့လုပ်ချင်တာလဲဆိုတဲ့ အကြောင်းပေါ့။  မေတ္တာရပ်ခံတော့ သူတို့တွေလည်း အကုန်လုံး အပင်ပန်းခံပြီး လုပ်ပေးကြတယ်။ အဓိက ကူညီပေးတဲ့သူကကျတော့ အန်တီပေါက် ပါ။ အန်တီပေါက်က ဂိုက်လိုင်းပေးပါတယ်။ နောက်ပြီးလို့ရှိရင် ဒါ product မန်နေဂျာပေါ့နော်။ နောက်ပြီး တော့ ဒီမှာက ဒီလိုမျိုး product တွေ တွေ့တယ်။ တစ်နေ့တစ်နေ့ ထိုင်စမ်းနေရင်း အဆင်ပြေမယ် ဆိုလို့ရှိရင် ဘာပြောင်းရမလဲပေါ့နော်။ ပြောင်းပြီးလို့ရှိရင် ဗမာပြည်နဲ့ ပိုပြီးတော့သင့်တော်မယ့် သင့်တင့်မျှတအောင် လုပ်ပြီးရင် ထုတ်ဖြစ်သွားတယ်ပေါ့နော်။ အဲ့လိုမျိုး research တွေလုပ်ပါတယ်။ မထုတ်ခင်ကလည်း product တစ်ခုကို sample ရလာပြီဆိုလို့ရှိရင် သူတို့ Company group တစ်ခုလုံးမှာ လူ (၈ဝဝဝ) ကျော်ရှိတော့ မိန်းကလေးတွေကများတာပေါ့နော်။ များတော့ ဒီ product တွေကို သူတို့နဲ့ test လုပ်လို့ရတာပေါ့နော်။ အဲဒီတော့ အကုန်လုံးကလည်း volenteerly test လုပ်ပေးကြတယ်။ အဲ့ဒါကြောင့်မို့လို့လဲ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ အကုန်လုံးနဲ့ test လုပ်ပြီးမှထုတ်တာများပါတယ်။ ပြီးတော့ ရုံးခွဲကအခု (၃၈) ခု ရှိတာပေါ့နော်။ (၃၈) နေရာမှာ (၃၈)ခု ရှိတဲ့အတွက်ကြောင့်မို့လို့ပါ။ ပစ္စည်းတွေ test လုပ်တဲ့အခါမှာလည်း ရန်ကုန်တစ်မြို့ တည်းမဟုတ်ဘဲနဲ့ နယ်ရုံးတွေရောပေါ့နော်။ ဒီအနယ်နယ်အရပ်ရပ်က အလုပ် လုပ်နေတဲ့ မိန်းကလေး တွေကိုပါ test လုပ်တာပေါ့။ သူတို့အနေနဲ့ကကျတော့ ဒီအဲ့လိုနဲ့ လုပ်ဖြစ်သွားတာပါ။ Bella team က (၁ဝ) ယောက်တောင်မရှိပါဘူး။ စလုပ်ဖြစ်တာကလည်း လေးလလောက်ပဲ ရှိပါသေးတယ်။

၉။ Bella Cosmetics တွေကို ကြော်ငြာအားကောင်းကောင်းနဲ့ မီဒီယာတွေမှာ ကြော်ငြာနေတာကိုတွေ့ပါတယ်။ Product တစ်ခုပေါက်ဖို့ advertising နဲ့ media က ဘယ်လောက်ထိအရေးပါတယ်လို့ ထင်ပါသလဲ။ အစ်မ အမြင်လေးကို မျှဝေပါဦး။

Product တစ်ခုပေါက်ဖို့က နံပါတ်တစ်က ကြော်ငြာအားကောင်းရင်လည်း ပေါက်နိုင်ပေမဲ့ introduction stage မှာပေါ့နော်။ အကယ်၍ product ကမကောင်းခဲ့လို့ရှိရင် ဒါသူတို့ ကြော်ငြာတာ တွေ့တယ် သုံးကြည့်မယ်ပေါ့နော်။ သုံးကြည့်တဲ့အချိန်မှာ product မကောင်းဘူးဆိုလို့ရှိရင်က ဆက် မသုံးတော့ဘူးပေါ့နော်။ အဲဒီတော့ Marketing က အဓိကအရေးကြီးတယ်ဆိုပေမယ့်လည်း product quality ပေါ့နော်၊ နောက် quality ထက်စာရင် product က fit  ဖြစ်ဖို့ပေါ့နော်။ ကိုယ့်ရဲ့ costumer နဲ့ product နဲ့ fit ဖြစ်ဖို့ လိုပါတယ်။ Product ကလည်း right product ဖြစ်ရမယ်။ Right price ဖြစ်ရမယ်။ Channel က right channel ဖြစ်ရမယ်။ ပြီးလို့ရှိရင် ဒီ promotion ကလည်း media ပေါ့နော်။ Right media ဖြစ်မယ်။ သူတို့အဓိက သုံးတာကကျလို့ရှိရင် social မီဒီယာပဲ သုံးတာ များတယ်ပေါ့နော်။ အပြင်က Main stream မီဒီယာကိုတော့ သိပ်မသုံးဘူး။ အခုမှ Main stream မီဒီယာစသုံးတာ။ အဲ့ ဒီနှစ်အကယ်ဒမီ စပွန်ဆာပေးထားတဲ့ အတွက်ကြောင့်မို့လို့ပေါ့။ ဒါဆိုရင် Main stream ပေါ့နော်။ ပြီးတော့ အခု တီဗီကပြနေတဲ့ ကိုရီးယားကားတစ်ကားမှာလည်း title sponsor ယူထားပါတယ်။

၁ဝ။ Bella Cosmetics ကနေ ကုန်ပစ္စည်းဘယ်နှစ်မျိုးထုတ်ပြီးပြီလဲ၊ ပြီးတော့ ဘယ်လို Products တွေ ဆက်ထုတ်ဖို့ရှိသေးလဲဆိုတာလေးကို Bella ချစ်သူတွေအတွက် ပြောပြပေးပါဦး။

ကျွန်မတို့ နှစ်ပတ်တစ်ခါ ပစ္စည်းအသစ်တစ်ခုထွက်ဖို့ရှိမယ်။  ဒီလထဲမှာဆိုရင် ဘာထွက်လဲ ဆိုတော့ ပထမဦးဆုံး စစချင်းထွက်တဲ့အချိန်မှာ cushion ဘူးအသေးကို တစ်ရောင်တည်းနဲ့ ထွက်ဖြစ်သွားတာ။ နှစ်ရောင်ထွက်ဖို့လုပ်ထားတာ ဒုတိယအရောင်က အချိန်နည်းနည်း နောက်ကျပြီးမှ ဒီကိုရောက်လာတာ။ အဲဒီတော့ တစ်ရောင်ထဲစမ်းပြီးတော့ ထွက်ဖြစ်သွားတာ။ အခုတော့ ကူရှင်က ဘူးကြီး၊ ဘူးသေး နှစ်ရောင်ပေါ့နော်။ အဲ့လိုရှိပါတယ်။ ကူရှင် နောက်နှစ်ရောင် ထပ်ထွက်ပါမယ်။ ပိုဖြူတဲ့အရောင်ရယ်၊ နည်းနည်းလေးပိုညိုတဲ့အရောင်ရယ် နှစ်ရောင် ထပ်ထွက်ဖို့ရှိပါတယ်။ နောက် တစ်ခုကကျလို့ရှိရင် Lipsticks ၊ Lipsticks က ပထမ (၅)ရောင်ပေါ့နော်။ နောက် CreamSticks နဲ့ (၅)ရောင်၊ ပြီးလို့ရှိရင် Red Carpet (၅)ရောင်ရှိပါမယ်။  အဲ့ဒါတွေက ထွက်သွားပြီ။ နောက်ထပ် (၅)ရောင်က March ထဲမှာထွက်ဖို့ရှိတယ်။ ပြီးရင် အန်တီပေါက်ကလည်း colour platte ရှိတယ်။ ပြီးရင် eyebrow လည်း ထွက်ဖို့ရှိတယ်။ပြီးရင် သနပ်ခါးနဲ့ Liquid Foundation ထွက်ဖို့ရှိတယ်။ ဒီ April မှာ ထွက်ဖို့ရှိတယ်ပေါ့နော်။ ပြီးရင် Mascara ရှိတယ်၊ ပြီးတော့ EyeLiner ရှိတယ်။ ဒီ March မှာ eyebrow ရှိမယ်၊ EyeLiner ရှိမယ်ပေါ့နော်။ ပြီးရင် အကယ်ဒမီ collection ထွက်ဖို့ရှိမယ်။ ပြီးရင် သနပ်ခါး Liquid Foundation ထွက်ဖို့ရှိပါ့မယ်။ ပြီးရင် April ထဲမှာကျရင်က cleansing wipes ပေါ့နော်။ ပြီးရင် blush ရှိမယ်ပေါ့နော်။ Contouring Kit နဲ့ Blush ရှိမယ်ပေါ့နော်။ Mascara ရှိမယ်။ နှစ်ပတ်တစ်ခါ ပစ္စည်းအသစ်တစ်ခုတော့ ထွက်ဖို့တော့ရှိပါတယ်။ အဲဒီမှာ ကြော်ငြာတွေလည်း တက်မှာပါ။ နောက်တစ်ခုကကျ မိတ်ကပ်ပေါ့နော်။ မိတ်ကပ်ကကျလို့ရှိရင် ယောင်္ကျားတွေက confidence ဖြစ်ဖို့ဆိုတဲ့ အတွက်ကြောင့်မို့လို့ သူတို့က အခု collection တစ်ခု လုပ်ထားတာ ရှိ ပါတယ်။ ဒါ လက်ဆောင်ပေးဖို့ပေါ့နော်။ အချင်းချင်း လက်ဆောင်ပေးဖို့ collection တစ်ခု လုပ်ထားပါတယ်။ ဒါက ယောင်္ကျားတွေဆိုလို့ရှိရင်လည်း တစ်ယောက်ကိုတစ်ယောက် ချစ်တယ် လို့ပြောတဲ့ဟာကကျတော့ မြန်မာပြည်မှာ အရမ်းအားနည်းတယ်ပေါ့နော်။ နိုင်ငံခြားမှာ ဆိုလို့ရှိရင်တော့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ card မှာရေးပြီး ပေးကြတာပေါ့။ ဒီတော့ အခု အချင်းချင်း ပေးဖို့ပေါ့နော်၊ မိန်းမဆိုလည်းမိန်းမ အချင်းချင်းပေးဖို့ ယောင်္ကျားဆိုလို့ရှိရင်လည်း ကိုယ့်မိန်းမကို ပေးဖို့ဆိုပြီး Love Collection ဆိုပြီး ထုတ်ဖို့ရှိပါတယ်။ ဒါအခု ကြော်ငြာကို နိုင်းနိုင်း၊ သူ့အမျိုးသမီး စန္ဒီ တို့နဲ့ စတင်ကြော်ငြာမှာပေါ့နော်။

အဲ့ဒါကဘယ်လိုလည်းဆိုတော့ ချစ်စရာစာလေးတွေရေးပြီး လက်ဆောင်ပေးလို့ရတာပေါ့။ နောက်တစ်ခုကကျတော့ ချစ်သူများနေ့ပေါ့နော်။ ချစ်သူများနေ့ကို တိုက်ခိုက်ချင်တာတော့ မဟုတ် ပါဘူး။ တော်တော်များများကလေ ချစ်သူများနေ့ တစ်ရက်ထဲမှာပဲ လက်ဆောင်ပေးတာတို့၊ ချစ်တယ် တို့ဖြစ်ကြတယ်ပေါ့နော်။ အမှန်တော့ တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာ နေ့တိုင်းချစ်တာ။ အဲဒီနေ့တစ်ရက်တည်း ချစ်တာလည်းမဟုတ်ဘူး၊ အဲဒီနေ့တစ်ရက်တည်း ချစ်ပြစရာမလိုဘူးဆိုတဲ့ အတွက်ကြောင့်မို့လို့။ ပထမတော့ ဒီ Collection ကို ချစ်သူများနေ့မှာ မလုပ်ဘဲ တမင်တကာ delay လုပ်လိုက်တာ။

ဒီလကုန် ၂၈ ရက်နေ့မှာမှ launch လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်တယ်ဆိုတဲ့ဟာလေးက 24/7 တစ်နှစ်ပတ်လုံးချစ်နေရမှာ ချစ်သူများနေ့တစ်ရက်တည်း ချစ်ရမှာမဟုတ်ဘူးဆိုတဲ့ အတွက်ကြောင့် မို့လို့ပေါ့။ ဒါ feminist ပေါ့နော်။ ပြီးတော့ ချစ်သူများနေ့ဆိုတာက ချစ်သူနှစ်ယောက်တည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူးပေါ့နော်။ သူငယ်ချင်း အချင်းချင်းနဲ့လည်း သက်ဆိုင်တယ်။ မိဘ၊ သားသမီးနဲ့လည်း သက်ဆိုင်တယ်ပေါ့နော်။ ကိုယ့်အမေကို ကိုယ်ချစ်တယ်လို့ပြောချင်ရင် ဒါလေး ပေးလိုက်ရုံပေါ့။ ကိုယ်ချစ်တယ်လို့ပြောချင်တဲ့သူကို ဒါလေးပေးလိုက်ပေါ့။ အဲ့လိုလေး သွားထား ပါတယ်။

၁၁။ TMW Entreprise Ltd မှာရော ဘယ်အပိုင်းကို တာဝန်ယူပြီး လုပ်ဆောင်နေပါသလဲ။

ဟုတ်ကဲ့ – ကျွန်မ Sony တာဝန်ယူပေးထားပါတယ်။ နောက်တစ်ခုကကျတော့ Inax ပါ။ construction material တွေအားလုံး ကျွန်မတာဝန်ယူထားပါတယ်။ အဲ့ဒါတွေက ကျတော့ Inax ရယ်၊ T.Home ရယ် ပြီးတော့ Production ကကျလို့ရှိရင် ဒီ manufacturing ကနေ ရောင်းတဲ့အထိကျွန်မ အကုန်တာဝန်ယူပေးထားပါတယ်။

၁၂။ အမ အမျိုးသားရဲ့လုပ်ငန်းတွေကိုရော ဘယ်လို ကူညီပံပိုးမှုတွေ ပေးဖြစ်ပါသလဲ။

ကျွန်မလား – ကြုံမှပေါ့။ ဘယ်လိုတာဝန်ယူပေးလည်းဆိုတော့ Marketing တွေမှာ လုပ်ပေးပါတယ်။ အခု ပျိုမေတို့၊ Happy Mommy တို့ ဒီ Products Development ကို အဓိက လုပ်ပေးပါတယ်။ ပြီးလို့ရှိရင် Marketing ရယ်ပြီးတော့ overall stragety အဲ့အပိုင်းကို ကျွန်မ လုပ်ပေးပါတယ်။ နောက်ပြီးတော့ ဒီ မဟာတို့ဘာတို့ဆိုလို့ရှိရင် ဒီ stragetic အပိုင်းကို ကျွန်မ လုပ်ပေး ပါတယ်ရှင့်။

၁၃။ သမီးလေးနှစ်ယောက်အတွက်ရော ဘယ်လိုဘဝမျှော်မှန်းချက်တွေထားရှိထားပါသလဲ။

သူတို့လေးတွေကို ဘဝမှာ သူတို့ဖြစ်ချင်တာတွေ ဖြစ်ရပြီး ပျော်မယ်ဆို တော်ပါပြီ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့တုန်းက ကျွန်မဘာလုပ်ချင်လဲဆိုတာကို ကျွန်မအသက် (၂၃) နှစ် လောက်မှ ကျွန်မသိတာ။ တစ်သက်လုံးက ပေါ့နော် ကျွန်မအမေနဲ့ အဖေက ကျွန်မကိုအဖေ့ အလုပ် လုပ်စေချင်တယ် ပေါ့နော်။ ကျွန်မအသက် (၅) နှစ်လောက်မှာ အိမ်ပြန်လာတဲ့တစ်ရက်လောက်ကကျ (၁၉၉၂) မှာ အဖေကပြောတယ် ညနေကျရင်တဲ့ သတင်းမလာခင် ကြော်ငြာလာလိမ့်မယ်ကြည့်တဲ့။ အဲ့ကြော်ငြာကို ကြည့်လိုက်တဲ့။ ပြီးရင် အဖေအချိန်မှီပြန်လာခဲ့မယ်တဲ့ အချိန်မှီပြန်မလာခဲ့ရင်တောင် သူကို ပြန်ပြောပြပေါ့နော်။ ပင်ဂွင်းလေးတွေနဲ့ကြော်ငြာ ပေါ့နော်။ အဲ့တော့ အဖေပြန်လာတော့ သူက သမီးကြော်ငြာကြည့်လိုက်လားတဲ့၊ “ဟုတ်ကြည့်လိုက်တယ်” ဆိုတော့ သူက “ကြိုက်လား” တဲ့။ ဟုတ်ကြိုက်တယ်ပေါ့နော် ချစ်စရာလေးလို့ပြောလိုက်တော့ “ဘာဖြစ်လို့လဲ အဖေ” လို့ မေးလိုက်တော့ အဖေက အဲ့ဒါသမီးလုပ်ရမယ့်အလုပ်ပေါ့နော်။

အဖေက ကျွန်မငယ်ငယ်လေးကတည်းက သူ့အလုပ်ကို လုပ်ဖို့အတွက် Train ခဲ့တာပေါ့နော်။ အဲ့ဒီတော့ ကျွန်မအနေနဲ့က ကျွန်မဘာလုပ်ချင်လဲဆိုတာကို မသိခဲ့ဘူး။ စိတ်လည်းသိပ်မဝင်စားခဲ့ဘူး။ ကျွန်မ အိမ်ထောင်ကျပြီးတော့ ကျွန်မတို့ ဒီအဖေ့အလုပ်ဖြစ် စလုပ်ပေးခဲ့တယ်။ ပြီးတော့ အဲ့ဒီအချိန်မှာ ကျွန်မ ဆေးရုံမှာ run လုပ်ခဲ့ပြီးတော့ ကျွန်မ First year မှာ run လုပ်ခဲ့တဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီဆရာဝန် တွေအဖို့ကကျရင် ဒီ ခွဲခန်းဝင်တဲ့ဟာမှာက ကျလို့ရှိရင် ဒါလူ့အသက်နဲ့ဆိုင်တယ်လေ။ အဲ့ဒီအချိန်မှာ nursing team နဲ့ လာခွဲတဲ့ surgeon နဲ့ တသားတည်းကျရမယ်ဆိုတဲ့ ဟာကို ကိုယ်က လေ့လာဖို့က ကျွန်မတာဝန်တစ်ခုဆိုတဲ့အတွက်ကြောင့် ခွဲခန်းကို ဆရာဝန်ကြီးတစ်ယောက် အသစ် လာခွဲရင် သူ use to ဖြစ်သွားပြီဆိုတဲ့အထိပေါ့နော် အနည်းဆုံး ကျွန်မသူနဲ့ ခွဲခန်း အခေါက် (၁ဝ) နဲ့ အခေါက် (၂ဝ)ကြားဝင်ပြီးလို့ရှိရင် သူနဲ့ ကိုယ့် team နဲ့ Use to မဖြစ်တာ ဖြစ်တာတွေကိုလေ့လာရင်း၊  သူအတွက်ကိုယ်လုပ်ပေးတဲ့ အတွက်ကြောင့် ကျွန်မ surgeon ဖြစ်ချင်တယ်ဆိုတာသိခဲ့တာ။ ဘာပဲပြောပြောနောက်ကျပြီပေါ့နော် ကလေးနှစ်ယောက်ကလည်းမွေးပြီးပြီဆိုတော့ ။ ကျွန်မမှ အသက် (၂၂)နှစ်မှာ အိမ်ထောင်ကျခဲ့တာ ။  ပြီးတော့ ဟို ကျွန်မအမေက ဆရာဝန်ပေါ့နော်။ အဲ့တော့ ကျွန်မ ညီမလေးကိုကျတော့ ကျွန်မမိဘတွေပါ ဆရာဝန်ဖြစ်စေချင်တယ်။ သူက ဆေးကျောင်းတက် ခါနီးအချိန်ကျမှ သူဆေးကျောင်းမတက်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုပြီး ကျွန်မတို့က မေးတော့ သူ ဆရာဝန်မဖြစ်ချင်ဘူးလို့ သူကငြင်းလိုက်တော့ သူ gap year တစ်နှစ်ယူပြီးတော့ ဒီမှာ နေတယ် ပါတယ်။

ဒီမှာနေတဲ့အချိန်မှာ သူအဖေ့အလုပ်ကို စကူပြီးတဲ့အချိန်ကြတော့ စီးပွားရေးပဲ လုပ်တော့ မယ်ဆိုပြီး စီးပွားရေးလုပ်တယ်။ အဖေနဲ့အမေနဲ့ ကျွန်မက mixed up ပေါ့နော်။ သူတို့နှစ်ယောက်က တစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်တယ်။ တစ်ယောက်ကို စီးပွားရေးသမားဖြစ်စေချင်တယ်။ ကျွန်မကို သူတို့က ဆရာဝန်မဖြစ်ချင်လောက်ဘူး စီးပွားရေးလုပ်လိမ်မယ်လို့ ထင်ပြီး ညီမလေးကိုကျ ဆရာဝန် ဖြစ်ချင်တယ်လို့ ထင်လိုက်တာပေါ့နော်။  အမှန်က  ကျွန်မကဆရာဝန်ဖြစ်ချင်ပြီး အဲ့တော့ ညီမလေးလဲအခု  စီးပွားရေးလုပ်ချင်သွားခဲ့တယ်။  အဲဒီတော့ ကျွန်မနေနဲ့ သမီးနှစ်ယောက်ကို သူတို့ ဖြစ်ချင်တာကို ဖြစ်စေချင်တယ်။ သူတို့ဖြစ်ချင်တာကို ကြိုးစားပြီးတော့ ဖြစ်ပြီးတော့ ပျော်ရွှင် စေချင်တယ်ပေါ့နော်။ ကျွန်မမှာ ကျွန်မသမီးနှစ်ယောက်အတွက် မျှော်လ့င်ထားတဲ့ဟာ မရှိဘူးပေါ့နော်။ ကျွန်မတို့ဆိုလို့ရှိရင်လည်း ကျွန်မအဖေနဲ့အမေနဲ့က ငယ်ငယ်လေးကတည်းက ဘာပြောခဲ့လဲဆိုရင် သူတို့အနေနဲ့ ဘာအမွေမှမပေးဘူး။ စာသင်ပေးမယ်၊ ကျွန်မအမေဆို ဘွဲ့ (၈) ခုလောက် ရခဲ့တယ်။ အဲဒီဘွဲ့တွေ အကုန်လုံးကိုလည်း ဖိုးဖိုးကပဲ အမေ့ကိုသင်ပေးခဲ့တာပေါ့နော်။ အဖေနဲ့ယူပြီးတဲ့ နောက်ပိုင်း ဖေဖေဘယ်လောက်ချမ်းသာချမ်းသာ ဖိုးဖိုးကပဲ အကုန်ပေးချင်တယ်ဆိုပြီးတော့ ဒီကျောင်း တွေကို ထားတာပေါ့နော်။ ကျန်သုံးတဲ့ဟာတော့ အဖေပေးတာပေါ့။ အဲ့လိုပေးခဲ့တယ်ဆိုတဲ့ အတွက် ကြောင့် သူတို့ဆီက အမွေမမျှော်နဲ့ စာဘယ်လောက်သင်ချင်သင်ချင် သူတို့သင်ပေးမယ်။ အဲဒါကြောင့် ကျွန်မတို့လဲ တစ်သက်လုံးဘာမှ မမျှော်ခဲ့ဘူးပေါ့နော်။ အဲ့ကြောင့်မို့လို့ ညီမနှစ်ယောက်စလုံး ယောင်္ကျားရပြီးတဲ့အချိန်မှာလည်း ကိုယ့်အလုပ်ကို လုပ်ကြတာလည်းပါတာပေါ့နော်။  ကျွန်မသမီး နှစ်ယောက်ကိုလည်း သူတို့ လုပ်ချင်တဲ့အလုပ်ကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ဖို့မျှော်လင့်ပါတယ်။ သူတို့ကို ကျွန်မတခြား ဘာမှမမျှော်လင့်ပါဘူး။ ကျွန်မအလုပ်လုပ်ဖို့လဲ မမျှော်လင့်ပါဘူး။

၁၄။ အစ်မတို့မိသားစုဝင်အားလုံးက အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘယ်လိုအချိန်တွေမှာ ဆုံဖြစ်ခဲ့ကြသလဲ။ Family time သီးသန့်ပေးထားတာမျိုးရှိသာလား။

ကျွန်မတို့ usually  ညဆိုလို့ရှိရင် အကုန်လုံးက အိမ်ပြန်ရောက်တာနဲ့ အကုန်လုံးအမေနဲ့ အဖေအခန်းထဲမှာ ကျွန်မမိသားစုတွေ အကုန်လုံးပေါ့နော်။ ကျွန်မညီမနဲ့ သူ့အမျိုးသားရော ကျွန်မရဲ့ အမျိုးသားနဲ့ကလေးနှစ်ယောက်လုံး အကုန်လုံးပေါ့ အမေနဲ့အဖေနဲ့အတူတူနေတာဆိုတော့ ညအိမ်ပြန် ရောက်လို့ရှိရင် အကုန်လုံး အဖေနဲ့အမေအခန်းထဲမှာပဲနေကျတယ်ပေါ့နော်။ တစ်ယောက် ပြီး တစ်ယောက်ပြန်လာရင်းနဲ့ အိပ်ခန်းထဲမှာဘဲ တူတူနေကြတယ်။ အခန်းထဲမှာ ကိုယ့်မိသားစု ရှစ်ယောက်ပေါ့နော်။ အဲ့ဒါပြီးတော့ အကုန်လုံးအဲ့မှာ အိပ်ငိုက်ပြီးတော့ အိပ်ပျော်သွားပြီဆိုတော့မှ နိုးပြီး တော့ ကိုယ့်အခန်းကိုပြန်ကျတာပေါ့နော်။ နောက်ပြီး ကျွန်မတို့မနက်ဆို breaksfast ကို တစ်ခုခု စားဖြစ်တယ်။ ခပ်စောစောထပြီးတော့ အကုန်လုံးအတူတူစားဖြစ်ပါတယ်။ ကျွန်မတို့ တစ်နှစ်ကို Holiday သွားတယ်၊ အမြဲတမ်း တစ်နှစ်ကို ရက်တွေအကုန်ပေါင်းလိုက်လို့ရှိရင် တစ်လလောက်ရှိမှာ ပေါ့နော်။ မိသားစုတစ်ခုလုံး Holiday တူတူသွားတယ်။ အဲ့လိုတော့ အချိန်ပေးပါတယ်။

၁၅။ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့အစ်မအတွက် အလုပ်နဲ့ မိသားစုဘဝကို မျှတအောင်ဘယ်လိုထိန်းညှိဖြစ်ပါသလဲ။

Work Life က balance တော့မရှိပါဘူး။ WorkLife က Integaration နဲ့သွားပါတယ်။ ကလေးတွေဆိုရင် ညနေဆိုလို့ရှိရင် သူတို့ကျောင်းပြန်လာတယ်။ ပြီးရင် ညနေဆိုလို့ရှိရင်က စောစောပြန်ပြီးလို့ရှိရင် ရုံးကလူတွေအိမ်ခေါ်သွားတာပေါ့နော်။ ကလေးတွေနဲ့ အချိန်ခဏပေးတယ်။

၁၆။ အားလပ်ချိန်တွေကို ဘယ်လိုကုန်ဆုံးလေ့ရှိပါသလဲ။ အစ်မရဲ့ ဝါသနာလေးတွေကို ဝေမျှပါဦး။

ဘာမှဝါသနာမပါတော့တာ တော်တော်ကြာသွားပြီ။ ကျွန်မအကြိုက်ဆုံးက ကျွန်မက ဗမာ ဖြစ်ရတာ အရမ်း proud ဖြစ်တော့လေ ကျွန်မရဲ့ ဝါသနာက နံပါတ်တစ်က ချိတ် ပေါ့နော်။ ချိတ်အရမ်းကြိုက်တယ်။ Fashion ဝါသနာပါတယ်၊ ပြီးတော့ကျွန်မ Fashion block တစ်ခု ရေးခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ မရေးဖြစ်တော့ပါဘူး။ အသက်တွေလည်းကြီးလာပြီဆိုတော့ ဗမာချိတ်ကို အန်တီပေါက်လုပ်တဲ့ဟာတွေ ထိုင်ကြည့်ပြီးတော့ ပျော်ရွှင်တာပေါ့နော်။ နောက်တစ်ခုက ယွန်း လည်းအရမ်းဝါသနာပါတယ်။ ယွန်းဆိုလို့ရှိရင်လည်း ယွန်းဆိုင်သွား ယွန်လုပ်တဲ့နေရာတွေကစ သွားပြီးတော့ တကယ့်ကိုလေ့လာတယ်။ လေ့လာပြီးလို့ရှိရင် ကျွန်မ ရှေးဟောင်းယွန်းတွေကျရင် ကိုယ်က ပြန်လုပ်ခိုင်းတာတို့ပေါ့နော်။ ကျွန်မ Ancient တော့သိပ်ဝယ်လေ့ မရှိဘူးပေါ့။ ပြီးရင် ကျွန်မ Jewallry design ပေါ့နော်။ ဗမာဆိုတော့ ဗမာမိန်းကလေးဆိုတဲ့အတွက်ကြောင့်မို့လို့ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးကျောက်မျက်ရတနာတွေက ဗမာပြည်မှာပဲရှိတာလေ။ အဲ့တော့ ဗမာကျောက်ကိုတော့ ဝါသနာပါတယ်။ အားတဲ့အချိန်တော့ ကျောက် ဒီဇိုင်းလေးဆွဲဖြစ်တယ်ပေါ့နော်။ ကျွန်မလုပ်ချင်တဲ့ လက်ဝတ်လက်စားပုံစံ အဲ့လိုလေးတွေတော့ လုပ်ဖြစ်ပါတယ်။

၁၇။ ABC မှာရော၊ TMW မှာရော၊ Bella မှာရော ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ရာမှာ ဘယ်လိုနည်းမျိုးနဲ့ အုပ်ချုပ်ပါသလဲ။

ဘယ်လိုအုပ်ချုပ်လဲဆိုတော့ ရည်းစားပေးမထားဘူး၊ အဓိက Development ပိုင်းသွားတယ်။ Training နဲ့ Development အပိုင်းသွားပါတယ်။ နောက်ပြီး ကျွန်မဘယ်လိုခံစားရလဲဆိုတော့ ကျွန်မ ငယ်ငယ်ကတည်းကလေ ကံကောင်းတယ်။ ဒီမိဘဆီမှာ မွေးရတာပေါ့နော်။ ကျွန်မရခဲ့တဲ့အခွင့်ရေးက ဗမာတစ်ယောက်ရဲ့ birth right မဟုတ်ပါဘူး။ အဲ့တော့ ကျွန်မဘဝလိုမျိုး ကျွန်မအကုန်လုံးကို ရစေချင်တယ်။ ဗမာပြည်က တော်တော်များများက မရနိုင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်က သူတို့ သားသမီးတွေကို သူတို့ပေးနိုင်အောင် သူတို့ဘဝတွေကို ကျွန်မ Train ပြီး Development ပိုင်းသွား ပါတယ်။ ABC မှာဆို ကျွန်မ 4 year plan ရှိပါတယ်။ ဒီ 4 year plan ကကျလို့ရှိရင် ဆယ်တန်း အောင်တဲ့အချိန်က စဝင်ကတည်းက (၄)နှစ်ဆို ဘွဲ့ရတာဆိုတော့ executive တစ်ယောက် အနေနဲ့ ကောင်းကောင်းဖြစ်အောင် လုပ်ပါတယ်။

ပထမနှစ်မှာ English နည်းနည်းသင်ပေးတယ်။ Computer နည်းနည်းသင်ပေးတယ်။ နောက်တစ်နှစ်ကျတော့ computer office နဲ့ ပြီးလို့ရှိရင် Business Management နည်းနည်းစသင်ပေးတယ်။ တတိယနှစ်ကျတော့ Business Management ရယ် cash management   သင်ပေးတယ်။ စတုတ္ထနှစ်ကျတော့ people management ပါသင်ပေးတယ်ပေါ့နော်။ သူတို့ဘွဲ့ရတဲ့အချိန်ကျတော့ proper executive ဖြစ်နိုင်အောင် Train development ပိုင်းနဲ့ သွားပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့မိသားစုအရမ်းနည်းတယ်။ မေမေ့ဘက်မှာက အစ်မတစ်ယောက် ပဲရှိတယ်။ အဲ့ဒါဆိုတော့ ကျွန်မက ရုံးမှာကြီးတာ ။ အဲ့အတွက်ကြောင့်မို့ ရုံးကလူတွေကပဲ ကျွန်မ မိသားစုပေါ့နော်။ အကုန်လုံးကို မိသားစုလိုပဲဆက်ဆံတယ်။

၁၈။ အစ်မတို့ရဲ့ အိမ်ထောင်ရေးဟာ အရမ်းကိုပျော်ရွှင်စရာကောင်းတယ်လို့ ထင်ရတယ်နော်။ ပျော်ရွှင်စရာ အိမ်ထောင်ရေးတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ဘယ်အရာက အဓိကအလိုအပ်ဆုံးလို့ ထင်ပါသလဲရှင်။

အိမ်ထောင်ရေးဆိုတဲ့ဟာက အစတုန်းကတော့ အချစ်နဲ့ စခဲ့တာပေါ့နော်။ ဒါပေမဲ့ အဓိကက companionship ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် companionship understanding ရှိနေတော့ ကျွန်မအတွက်တော့ ဘာ worry မှမရှိဘူး။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကြိုက်တာနဲ့ အိမ်ထောင်သက်နဲ့ နှစ်ခုပေါင်း (၁၅) နှစ်ရှိပြီပေါ့နော်။ အဲဒီတော့ အတွင်းကျကျ အကုန်သိပြီပေါ့နော်။ သူနဲ့က (၁၄)နှစ်မှာစကြိုက်တာ အခုကျွန်မအသက် (၂၉)နှစ်ဆိုတော့ (၁၅)နှစ်ရှိပြီပေါ့နော်။ အဲ့အတွက်ကြောင်မို့လို့ သူအားနည်းတဲ့ဟာလေးတွေကို ကိုယ်နားလည် ပေးလိုက်တယ်။ ကိုယ်အား နည်းတဲ့ ဟာလေးတွေကို သူနားလည်ပေးလိုက်တယ်။ ပြီးရင်နှစ်ယောက်လုံးကလည်း ကိုယ့်အလုပ်ကို ရှုပ်နေကြတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် နားလည်းမှုနဲ့ပဲ သွားလိုက်တယ်။

၁၉။ အစ်မ အမြဲတမ်းလက်ကိုင်ထားတဲ့ ဘဝအောင်မြင်မှုအတွက် ခံယူချက်က ဘာများပါလဲ။

“Life is about making choice” တဲ့ ဘဝဆိုတာက ကျွန်မခံယူထားတဲ့ဟာက ဘာလည်းဆိုတော့ ကျွန်မက ဗုဒ္ဓဘာသာဆိုတော့  ဒါလောကနီတိပေါ့ လောကဓမ္မတာပေါ့နော်။ သေတစ်နေ့မွေးတစ်နေ့ပေါ့။ ကိုယ်ဘယ်နေ့မွေးမယ်ဆိုတာလည်းကိုယ်မသိဘူး။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာလည်း ကိုယ်မသိဘူး။ ဒါကိုလည်းထိန်းချုပ်လို့ရလားဆိုတော့ ထိန်းချုပ်လို့မရဘူး ဆိုတဲ့ အတွက်ကြောင့် ကိုယ်မသေခင်မှာ သေဖို့ထိုင်စောင့်နေမယ့်အစား ကိုယ်နေတဲ့အသိုင်းဝိုင်းနဲ့ လောက ကြီးကို အကျိုးရှိတဲ့ဟာကို လုပ်ပေးဖို့ပါပဲ။ ပိုက်ဆံထက်စာလို့ရှိရင် အလုပ်တစ်ခု လုပ်မယ်ဆိုလို့ရှိရင် အဓိက ပိုက်ဆံရှာတဲ့အတွက်မဟုတ်ဘဲနဲ့ ငါဒီအလုပ်လုပ်ရင် ဘယ်လောက်အကျိုးရှိနိုင်လဲ ဆိုတဲ့ ဟာဖြစ်ဖို့ အဓိက စဉ်းစားပြီးလုပ်ဖို့ပါပဲ။ အကယ်၍ ကိုယ့်အနေနဲ့ အလုပ်တစ်ခုလုပ်ရင် ကိုယ်ပိုက်ဆံ ရနိုင်မယ်။ ဒါပေမဲ့ အများအတွက် Value မရှိဘူး အကျိုးမရှိနိုင်ဘူးဆိုလို့ရှိရင် မလုပ်သင့်တဲ့အရာတွေ ပေါ့နော်။ အဲ့ဒါပါပဲ။ ကျွန်မရဲ့ assumption တိုင်းကိုလည်း ငါဒါလုပ်ရင် လူဘယ်နှစ်ယောက်ပိုပြီး အကျိုးဖြစ်သွားမလဲဆိုပြီး အဲ့တာကို တိုင်းတာပါတယ်။ အကျိုးရှိတာကိုလုပ်တာပါပဲ။

ကြိုးစားမယ်ဆိုရင် လူတိုင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အလုပ်ကို ကိုယ်တစ်ခုဖြစ်ချင်ရင် ဒါကြီးကကိုယ့်ဘဝလိုမျိုး ကိုယ်ရည်မှန်းချက်ရဖို့ဆိုရင် ကိုယ်အကောင်းဆုံး၊ ကိုယ်အတတ်နိုင်ဆုံး၊ ၁ဝဝ % Give ပေးဖို့ပေါ့။ ဒီဟာကိုပေါ့။ ဘဝနဲ့ အလုပ်နဲ့တစ်ထပ်တည်း ဖြစ်အောင်ကြိုးစားနိုင်ရင် အောင်မြင်နိုင်ပါတယ်။ မအောင်မြင်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးပေါ့နော်။

၂၀။ဂန္ထဝင်စာဖတ်ပရိသတ်ညီမငယ်များအတွက် အောင်မြင်မှုကို ရယူနိုင်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ၊ အားပေးစကားလေးတွေကို ဝေမျှပေးပါဦးရှင်။

အလုပ်ပေါ့လေ။ ဘာအလုပ်ဖြစ်ဖြစ် ဥပမာ- facebook ပေါ်မှာ status တစ်ခုရေး တာပဲဖြစ်ဖြစ် မလုပ်ခင်စဉ်းစားရမှာ။ ငါဒါရေးလိုက်လို့ ငါ့အတွက် ဘာအကျိုးရှိမလဲ ငါကစိတ်တိုတဲ့ အချိန်ကျ ရေးလိုက်တယ် ဒါပေမဲ့ ငါဒီလိုရေးလိုက်လို့ရှိရင် ဘယ်သူတွေဘာအကျိုးရှိသွားမလဲ ဘယ်သူတွေ ဘာ နစ်နာသွားမလဲဆိုတဲ့ဟာကို စဉ်းစားပြီးတော့မှ ဘာအလုပ်မဆို လုပ်သင့်တယ် လို့ထင်ပါတယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင် ဒီအလုပ်ကနေ ငါပိုက်ဆံဘယ်လောက်ရမလဲ ဆိုတာထက်စာရင် ငါလူတွေဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို စဉ်းစားပြီးလုပ်သင့်ပါတယ်။ ပြီးတော့ ဘာအလုပ်လုပ်ပေါ့နော် အတတ်နိုင်ဆုံး ကိုယ့်ဘဝရဲ့ 100% ကို ပေးဆပ်ပြီး လုပ်ဖို့ ပြောချင်ပါတယ်။ ပိုက်ဆံဆိုတာ အရေးမကြီးဘူးလို့တော့ မဟုတ်ဘူးပေါ့နော် အရေးကြီးပါတယ်။ ဒါပေမဲ့  value ဆိုတာပိုအရေးကြီးပါတယ်။

ဂန္ထဝင်ညီမငယ်တို့ရေ…

ဝါသနာကိုအရင်းခံ၊ စေတနာသန့်သန့်ကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင် နေတဲ့ မဝေသစ်လွင်အကြောင်းလေးကတော့ အားကျအတုယူစရာပါပဲ။ ညီမငယ်တို့အနေနဲ့လည်း ယုံကြည်ချက်ခိုင်မာစွာလျှောက်လှမ်းပြီး ဘဝရည်မှန်းချက်တွေ ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။