“ကြိုးစားအားထုတ်မှုဆိုတာ တစ်ပြားတစ်ချပ်မှမကုန်တဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ”လို့ ဆိုတဲ့ စာရေးဆရာမလွန်းထားထား(ဆေးတက္ကသိုလ်) နှင့် တွေ့ဆုံခြင်း

blank

မင်္ဂလာပါ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ မြန်မာနိုင်ငံက အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီး တွေရဲ့ စိတ်နေစိတ်ထား၊ ဘဝခံယူချက်နဲ့ ကြိုးစားမှုတွေကို ဖတ်ရှုသိမြင် အတုယူနိုင်ဖို့ အမေးအဖြေ ကဏ္ဍလေးကို ဂန္ထဝင်မှ အပတ်စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ စာပေလောက မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီး အောင်မြင်မှုကို ရှည်ကြာတည်တံ့အောင် ထိန်းသိမ်းထားနိုင်သူ၊ ဝတ္ထုတွေကို ဇာတ်အိမ်ဆန်းဆန်း၊ ဇာတ်ကောင်စရိုက်ဆန်းဆန်းလေးတွေနဲ့ ရသမြောက်အောင် ရေးဖွဲ့ ဖန် တီးနိုင်သူ စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) နဲ့ အမေးအဖြေကဏ္ဍလေးကို တင် ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မင်္ဂလာပါ ဆရာမ။ အရင်ဆုံး ဆရာမရဲ့အကြောင်းလေးနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေး ပါဦး။

မင်္ဂလာပါ ညီမလေးရေ။ မထားအကြောင်းမိတ်ဆက်ရရင်တော့ မထားရဲ့နာမည်ရင်းက မထားထားလင်းပါ။ ကလောင်နာမည်ကတော့ လွန်းထားထား(ဆေးတက္ကသိုလ်)ပါ။

၂။ ဆရာမရဲ့ ပညာအရည်အချင်းနဲ့ မိသားစုဝင်တွေ အကြောင်းလေးလည်း ပြောပြပေးပါဦး။

ပညာအရည်အချင်းက ၁၉၉၉ မှာ MBBS ဘွဲ့ ရခဲ့ပါတယ်။ မထား ဖေဖေက ဦးစိုး နောင်ပါ။ ကလောင်နာမည်က ဦးစိုးသွေးပေါ့။ စာရေးဆရာတစ်ယောက်ပါ။ ဖေဖေက အင်္ဂ လိပ်-မြန်မာအဘိဓာန်တွေ ပြုစုခဲ့ပါတယ်။ တခြားဘာသာပြန်စာအုပ်တွေလည်း ရေးခဲ့ပါတယ်။ မေမေကတော့ ဒေါ်မြရီပါ။ အငြိမ်းစား ကာကွယ်ရေးဝန်ကြီးဌာနကပါ။ မောင်နှမသုံးယောက် ရှိပါတယ်။ မထားက အလတ်ပေါ့။ အစ်ကိုက ကိုပြည့်လင်း။ Grand View Travel and Tours လုပ်နေပါတယ်။ ညီမလေးကတော့ သစ်သစ်လင်း။ သူကတော့ မထားစာအုပ်တွေ ထုတ်ဝေ ဖြန့်ချိရေးအတွက် ကူညီလုပ်ပေးပါတယ်။

၃။ ဟုတ်ကဲ့ပါ။ ဆရာမအနေနဲ့ စာပေလောကထဲကို စတင်ဝင်ရောက်တာကကော ဘယ်နှခုနစ် ကပါလဲ။ ဆရာမရဲ့ စာပေဖြတ်သန်းမှုခရီးအစလေးကိုလည်း သိပါရစေ။

မထား စာပေလောကကို စဝင်ဖြစ်တာ ဆယ်တန်းအောင်ပြီးချိန်ပေါ့။ ၁၉၈၇ လောက်က ပါ။ ၁၉၈၈ မှာ အရေးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်ထားချိန်မှာ မထားအတွက် စာရေးချိန်ပို ရသွားပြီး ဝတ္ထုတိုလေးတွေရေးပြီး မဂ္ဂဇင်းတော်တော်များများဆီ လိုက်ပို့ပါတယ်။ အဲဒီကနေ ဝတ္ထုတိုလေးတွေ မဂ္ဂဇင်းတော်တော်များများမှာပါလာပြီး လုံးချင်းထုတ်ပေးမယ့် ထုတ်ဝေသူ ပေါ်လာပါတယ်။ မထားလက်ထဲမှာ ရေးပြီးသားဝတ္ထု ငါးအုပ်လောက်ရှိနေပြီမို့ စေတနာစာပေ နဲ့ စာချုပ်ချုပ်ပြီး လုံးချင်းတွေစထွက်ဖြစ်ပါတယ်။ ပထမဆုံးစာအုပ်က ၁၉၉ဝ မှာ စထုတ်ဖြစ်ပါ တယ်။ “အကြင်နာသူစိမ်း”ပါ။

၎။ စာပေလောကမှာ “လွန်းထားထား(ဆေးတက္ကသိုလ်)” ဆိုတဲ့ နာမည်တစ်လုံးနဲ့ အခုလို အောင်မြင်မှုတွေရရှိဖို့ ဘယ်လိုကြိုးစားခဲ့ရသလဲ ဆရာမ။

စာပေလောကမှာ လွန်းထားထားဆိုတဲ့ ကလောင်နာမည်တစ်ခု သက်ဝင်တောက်ပ လာဖို့ အောင်မြင်လာဖို့အတွက် မထားဘက်က သူများတွေထက်ပိုပြီး ကြိုးစားအားထုတ်ခဲ့ရ ပါတယ်။ ဘာလို့လဲဆိုတော့ မထားက ဆေးကျောင်းသူတစ်ယောက်လည်းဖြစ်နေတော့ စာ တွေလည်း များတယ်လေ။ စာရေးချိန်ကို မထား အိပ်ချိန်ထဲကနေ ဖဲ့ယူခဲ့ရပါတယ်။ ငယ်ရွယ် သူလည်းဖြစ်၊ စိတ်ဓာတ်ကလည်း သိပ်ပြင်းပြထက်သန်နေတော့ အိပ်ရေးမဝလည်း ပျော်နေ တာပဲ။ တစ်ခါတစ်ခါဆို ညလုံးပေါက်လည်း စာထိုင်ရေးနေတာပဲ။ သူများတွေ အိပ်နေချိန်၊ ကမ္ဘာလောကကြီးတစ်ခုလုံး အိပ်မောကျနေချိန် မထားက ညအမှောင်ထဲမှာ ဇာတ်ကောင် တွေနဲ့ ကခုန်လို့ကောင်းတုန်း၊ ပျော်မွေ့နေတုန်းပေါ့လေ။ အဲဒီအချိန်ကဆို စိတ်ကဦးဆောင် နေတော့ ပရိတ်သတ်ကလည်း အားပေးနေတော့ စာရေးနေရရင်ကို ပျော်နေတော့တာ။ ဘယ်မှာရေးရေး ဖြစ်တယ်။ နေ့လယ်မုန့်စားဆင်းချိန်လည်း အတန်းထဲမှာ စာထိုင်ရေးတယ်။ ကားပေါ်မှာ ထိုင်ရေးတယ်။ ကင်န်တင်းမှာတောင် စာရေးလို့ရတယ်လေ။ ပြီးတော့ မထား အောင်မြင်ခါစက အတိုက်အခိုက်တွေ တော်တော်ခံခဲ့ရပါတယ်။ ဝေဖန်တာတွေလည်း ခံရ တယ်။ ပွဲဆူစွာ အောင်မြင်ခဲ့ရတယ်ဆိုရမယ်။ အဲဒီအချိန်က ကိုယ်ကလည်း ကလေးသာသာ အရွယ်ပဲရှိသေးတော့ စိတ်ဓာတ်ခိုင်မာဖို့၊ အရှုံးမပေးဖို့ စိတ်ဓာတ်ခွန်အားတွေကို မထား ဖေဖေ က ပေးခဲ့ပါတယ်..။ ပြန်တွေးတိုင်း ဖေဖေ့ကို ကျေးဇူးတင်မိတယ်။ ဖေဖေက မထားအတွက် တံတိုင်းကြီးတစ်ခုပါပဲ။ ရန် ဟူသမျှကို သူ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေး ခဲ့ပါတယ်။ စိတ်ဓာတ်က အရေးအကြီးဆုံးပါပဲ။

၅။ ဆရာမရဲ့ ကလောင်အမည်ကို ဘယ်လိုစိတ်ကူးလေးနဲ့ “လွန်းထားထား” ဆိုပြီးတော့ ဖန်တီးဖြစ်တာလဲ။

မထားရဲ့ နာမည်ရင်းက ထားထားလင်းပါ..။ ကလောင်နာမည်ရွေးတော့ မထားက ဆရာဝန်ဘက်မှာကော၊ စာရေးဆရာဘက်မှာပါ နှစ်ဖက်စလုံး ထူးချွန်ထက်မြက်အောင်မြင် အောင်ဆိုပြီး လွန်းဆိုတဲ့ နိမိတ်ပုံကလေးကိုယူပြီး ရှေ့ပို့လိုက်တာပါ။ အဲဒါနဲ့ လွန်းထားထား ဖြစ်သွားတာပါ..။

၆။ စာရေးဆရာကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေက ဘာတွေလဲဆိုတာ ဆရာမအမြင်နဲ့ ပြောပြပေးပါဦးနော်။

စာရေးဆရာကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကတော့ မထားရဲ့ အတွေ့အကြုံအရ ပြောရရင် ပထမဆုံးက စာဖတ်နာရပါမယ်။ မထားဆို လေးတန်းကျောင်းသူ ဘဝကတည်းက စာအုပ်တွေဖတ်ရခြင်းမှာပျော်မွေ့နေပြီ။ နွေရာသီကျောင်းပိတ်ချိန်ဆို စာအုပ် ဆိုင်တကာပတ်ပြီး ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ စုံနေအောင်ဖတ်နေပြီ။ မဖတ်ရသေးတာ မကျန် စေရအောင် list နဲ့ ရှာဖွေပြီးဖတ်တယ်။ ဘာသာပြန်စာအုပ်တွေ၊ စာရေးဆရာ၊ ဆရာမကြီး တွေရဲ့စာအုပ်တွေဆို မထားက list နဲ့ သေချာမှတ်ထားပြီး ရှာဖွေဖတ်တာပါ။ မဖတ်ရသေး တာ တစ်အုပ်မှမကျန်စေရအောင် ရှာဖွေဖတ်ပါတယ်။ ဖေဖေကလည်း စာအုပ်စုဆောင်းတာ ဝါသနာပါတော့ ညနေဖက် မြေနီကုန်းစာအုပ်အဟောင်းဈေးတန်းကနေ ရှာဖွေဝယ်တတ် တယ်။ ပြီးတော့ တက္ကသိုလ်စာကြည့်တိုက်မှာ သွားရှာဖတ်တယ်။ စာဖတ်ရတာကို တော် တော်ဝါသနာပါခဲ့တာက စာရေးချင်စိတ်ဖြစ်ပေါ်စေခဲ့တဲ့တွန်းအားတစ်ခုပါပဲ။

ဒုတိယကတော့ ကိုယ်ရေးချင်တဲ့အကြောင်းအရာကို ရဲရဲဝံ့ဝံ့နဲ့ ရိုးသားပွင့်လင်းစွာ ရေးပြတတ်ဖို့ပါပဲ။ မထား ဖေဖေ အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ စာရေးခြင်း အတတ်ပညာဆိုတာ လှပစွာ လိမ်ညာပြရခြင်းပါပဲတဲ့။ တကယ်မရှိတဲ့ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို တကယ်ရှိနေ သယောင်၊ ဖြစ်နေသယောင် ရေးဖွဲ့ဖန်တီးပြရတဲ့အလုပ် ဟာ လွယ်တော့မလွယ်လှပါဘူး။ ဒါပေမဲ့ စာဖတ်ပရိတ်သတ်က တကယ်ရှိနေတယ်၊ တကယ့် အဖြစ်အပျက်လို့ထင်လေ၊ စာရေးသူအောင်မြင်လေပါပဲ..။

တတိယအချက်ကတော့ စာဖတ်ပရိတ်သတ်အပေါ် စေတနာထားရပါမယ်။ ကိုယ်ရေး လိုက်တဲ့ဝတ္ထုတိုင်းကို ကိုယ်တာဝန်ယူရပါမယ်။ ဖြစ်နိုင်ရင် ကိုယ့်စာကိုဖတ်နေတဲ့ လူငယ်လေး တွေအတွက် ကောင်းမွန်တိုးတက်စေမယ့် စိတ်ခွန်အားကိုဖြစ်စေမယ့် message လေးတစ်ခု တော့ ပါရပါမယ်။

စတုထ္ထအချက်ကတော့ ခေတ်ကို အမြဲမျက်ခြေမပြတ်အောင် လေ့လာရပါမယ်။ စာရေးသူဟာ ခေတ်ကို မျက်ခြေပြတ်လို့မဖြစ်သလို ခေတ်နောက်မှာ ကျန်ရစ်ခဲ့လို့မရပါဘူး။ ခေတ်ကို အမြဲပုံဖော်နိုင်စွမ်းရှိရပါမယ်။

၈။ ဆရာမရေးခဲ့တဲ့ စာအုပ်တွေထဲက ကိုယ့်ကိုယ်ကို အားအရဆုံး၊ အကောင်းဆုံးလို့ ထင်ရတဲ့ ဝတ္ထုက ဘယ်ဝတ္ထုလဲ။ အဲဒီဝတ္ထုဇာတ်လမ်းလေးအကြောင်းကို အတိုချုံးပြောပြပေးပါလား။

မထားရေးခဲ့သမျှထဲမှာ မထားကိုယ်တိုင်ရော စာဖတ်ပရိတ်သတ်ပါ အားရကျေနပ်ကြတဲ့ စာအုပ်ကလေးတွေ တော်တော်များများရှိပါတယ်။ အဲဒီထဲက တစ်အုပ်ဆွဲထုတ်ပြရမယ်ဆိုရင် အများသိပြီးတဲ့ “ရင်ခွင်နန်းတော်” စာအုပ်လေးပဲ ရွေးလိုက်ပါ့မယ်။ အဲ့ဒီစာအုပ်လေးကိုရေး တော့ မထားတော်တော် ဈာန်ဝင်စားခဲ့တာပါ။ ဇာတ်ကောင်တွေနေရာမှာ ကိုယ်တိုင်ပူးဝင် ခံစားခဲ့ရပါတယ်။ ဒိုင်ယာလော့ခ်လေးတွေကအစ ခံစားချက်တွေကို ပီပြင်အောင် ပုံဖော်ခဲ့ပါ တယ်။ ဇာတ်အကျဉ်းလေးကတော့ သိပ်ချစ်တဲ့ချစ်သူလေးနှစ်ယောက်ကြားမှာ မိဘတွေရဲ့ အာဃာတတွေရယ်၊ သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်မာနတွေရယ်ကြောင့် ရင်နင့်စရာလေးတွေဖြစ်ခဲ့ တဲ့ဇာတ်လမ်းလေးပါ..။

၉။ အခုအချိန်ထိ ဆရာမရေးသားထားတဲ့ လုံးချင်းဝတ္ထုစာအုပ်ပေါင်း ဘယ်နအုပ်ရှိသွားပြီလဲ။ ရုပ်ရှင် ဇာတ်ကားတွေ၊ ဗီဒီယိုကားတွေအဖြစ် အသက်သွင်းခဲ့တာရော ဇာတ်လမ်းဘယ်နှပုဒ် ရှိသွားပြီလဲ။

ခုချိန်ထိ မထားရေးပြီးခဲ့တာ စာအုပ်ပေါင်း၂၃၂ အုပ်ထွက်ခဲ့ပြီးပါပြီ။ ရုပ်ရှင်ကားကြီး ၂၅ ကားနဲ့ ဗွီဒီယိုက ၂ဝဝလောက် ရိုက်ကူးဖြစ်ခဲ့ပါတယ်။

၁ဝ။ ဆရာမအနေနဲ့ ဝတ္ထုတစ်ပုဒ်ရေးတော့မယ်ဆိုရင် ဇာတ်လမ်းကို ဘယ်လိုစဉ်းစားတယ်၊ mood ဘယ်လိုသွင်းတယ်၊ ဘယ်လိုရေးတယ်ဆိုတာကို ပြောပြပေးပါဦးရှင်။

မထား ဝတ္ထုတစ်ပုဒ်စရေးတော့မယ်ဆို ရင် ဇာတ်အကျဉ်းအရင်ရေးပါတယ်။ ပြီးတော့ တစ်ခန်းချင်းစီအတွက် plots တွေစဉ်းစားရပါ တယ်။ ပြီးတော့ ကိုယ်သိချင်တဲ့အချက်အလက်တွေ ရှာဖွေစုဆောင်းရပါတယ်။ mood ကတော့ စရေးပြီး ဇာတ်ကောင်တွေ အသက်ဝင်လာပြီဆိုရင်တော့ အလိုလို ဝင်လာပါတယ်။ အခုနောက်ပိုင်းတော့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာသားတွေ messageတွေ ပိုပြီးထည့်ဖြစ်လာပါတယ်..။

၁၁။ ကလောင်စွမ်းအမြဲတမ်း ထက်မြက်နေအောင် ဘယ်လိုနည်းလမ်းတွေနဲ့ သွေးပါသလဲ ဆရာမ။

ကလောင်စွမ်းထက်နေဖို့အတွက်တော့ မထားအနေနဲ့ နေ့တိုင်းစာရေးဖြစ်အောင်ကြိုး စားပါတယ်။ နေ့စဉ် စာရေးခြင်း၊ စာဖတ်ခြင်းတွေကပဲ ကလောင်သွေးနေသလိုပါပဲ။

၁၂။ စာပေခရီးလမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။  အခက်အခဲ တွေကိုကော ဘယ်လိုကျော်ဖြတ်ခဲ့ပါသလဲ။

စာပေခရီးလမ်းတလျှောက်မှာ ကြုံရတဲ့အခက်အခဲတွေကတော့ ဝေဖန်တိုက်ခိုက်ခံရ တာတွေရှိခဲ့တာပါပဲ။ အဲ့ဒီအခက်အခဲတွေကိုတော့ မထားဖေဖေပေးတဲ့ စိတ်ဓာတ်ခွန်အားတွေ နဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တာပါပဲ။ မထားက တော်ရုံနဲ့အရှုံးမပေးတတ်သူပါ။ ဇွဲကောင်းတဲ့နေရာ မှာ လူတိုင်းလက်မြှောက်ရလောက်တယ်။ ကိုယ့်အပေါ် ဝေဖန်ထိုးနှက်မှုတွေကို ရင်ဆိုင်ရတိုင်း သာ စိတ်ဓာတ်ကျနေရရင် မထားအတွက် နေစရာနေရာတောင် ရှိမှာမဟုတ်ဘူးလေ။ လောက ဓံဆိုတာ ကြောက်စရာလည်းမဟုတ်ဘူး။ အရှုံးပေးစရာလည်းမဟုတ်ဘူး။ ရင်မဆိုင်ရဲစရာ လည်း မဟုတ်ဘူး။ ဒါဟာ သဘာဝတရားတစ်ခုပဲ။ ဒါကို ရင်ဆိုင်ကျော်ဖြတ်နိုင်သူဟာ အောင် မြင်သူပဲလို့ မထားက ခံယူထားပါတယ်။ နောက်တစ်ခုက မထားက ကိုယ့်ဘဝကို သူတစ်ပါးရဲ့ နှုတ်ဖျားပေါ်မှာ အစတေးမခံတတ်ဘူး။ သူတစ်ပါးရဲ့ ထင်မြင်ဝေဖန်ချက်တွေကြောင့် ကိုယ့် ရည်ရွယ်ချက်၊ ဦးတည်ချက်ကို ပြောင်းလဲမပစ်ခဲ့ဘူး။ အဲဒီအချက်ကပဲ မထားကို ရင့်သန်မာ ကျောစေခဲ့တာပါ။

၁၃။ ဆရာမဘဝမှာ စံထားလေးစားရတဲ့ စာရေးဆရာကြီးတွေအကြောင်းကို ပြောပြပါဦး။

မထားဘဝမှာ စံထားလေးစားရတဲ့ စာရေးဆရာ၊ ဆရာမကြီးတွေက အများကြီးပါပဲ။ ဆရာမကြီး ဂျာနယ်ကျော်မမလေး၊ ဆရာမကြီး ကြည်အေး၊ ဆရာကြီးမြသန်းတင့်၊ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ ဆရာမ မစန္ဒာ၊ ဆရာမ ဂျူး စသဖြင့် အများကြီးပဲရှိပါတယ်။

၁၄။ ဆရာမအနေနဲ့ရော ဘယ်လို စာအုပ်မျိုးတွေ ဖတ်ရတာ သဘောကျပါသလဲ။ ဘာစာအုပ် လေးတွေ ဖတ်ဖြစ်နေပါသလဲ။

မထားအနေနဲ့ စာကတော့အစုံပဲ ဖတ်ဖြစ်ပါတယ်။ ဘဝနေနည်း၊ စိတ်ထားနည်းအတွက် ဆရာတော်ကြီးတွေရဲ့ တရားဓမ္မစာအုပ်တွေ ဖတ်ပါတယ်။ ပြီးတော့ စိတ်ဓာတ်ခွန်အားဖြစ်စေ မယ့်စာအုပ်တွေ သုတ၊ ရသ စုံအောင်ဖတ်ဖြစ်ပါတယ်။

၁၅။ ပရိသတ်တွေအတွက် စာအုပ်ကောင်းတွေ တစ်အုပ်ပြီးတစ်အုပ် အလျဉ်မီအောင် ရေးသား ရင်း မိသားစုအတွက်ကော အချိန်ပေးနိုင်အောင် အချိန်တွေကို ဘယ်လိုစီမံနေပါသလဲ။

မထားအတွက်တော့ မိသားစုအတွက်က ပထမဦးစားပေးဖြစ်သွားပါပြီ။ သမီးလေး အတွက် လိုလေသေးမရှိအောင် သူ့အနားမှာ အမြဲအဆင်သင့်ရှိနေအောင် ဖြည့်ဆည်း ပေးရပါတယ်။ ခင်ပွန်းကတော့ သိပ်ချေး(ဂျီး) မများတတ်ဘူး။ စားတာသောက်တာ၊ နေတာ ထိုင်တာ၊ ဝတ်တာစားတာကအစ မထားစိတ်တိုင်းကျ လုပ်ပေးသမျှခံတယ်။ ဘာမှ မတောင်း ဆိုတတ်ဘူး။ အိမ်မှုကိစ္စတွေလည်း သူ ကူညီပေးတတ်ပါတယ်။ မထားရဲ့ စာရေးချိန်ကတော့ အရင်ကဆို library သွားပြီး အချိန်မှန် စာသွားရေးဖြစ်တယ်။ အခုတော့ နေ့လယ်ဖက် အိမ်မှာပဲ ရေးဖြစ်ပါတယ်။ သမီး ကျောင်းသွားချိန်ပေါ့။ သူပြန်လာရင်တော့ သူ့အတွက်ပဲ အချိန်ပေးဖြစ်ပါတယ်။

၁၆။ ထက်မြက်ပြီး ပြည့်စုံတဲ့ အိမ်ရှင်မကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေသင့်တယ်လို့ မြင်ပါသလဲ။

ထက်မြက်ပြီးပြည့်စုံတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးက မေတ္တာတရားနဲ့ ကိုယ့်ဘက်သူ့ဘက် မျှမျှတတတွေးပေးတတ်ဖို့၊ ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်လိုအင်ဆန္ဒတွေကို ရှေ့တန်းမတင်တတ်တော့ဘဲ ကိုယ်ချစ်ခင်တဲ့ကိုယ့် မိသားစုဝင်တွေ စိတ်ချမ်းသာဖို့၊ ပျော်ရွှင်ဖို့ ကိုယ်ကဦးဆောင်ပြီး နေတတ်အောင် ကြိုးစားရ ပါတယ်။ ကိုယ်ဖြစ်ချင်တာရှိရင်လည်း တစ်ဖက်သတ်မပြောဘဲ ညှိညှိနှိုင်းနှိုင်းပေါ့။ သားသမီး ကို ဆုံးမသွန်သင်တာကအစ ကိုယ်ဖြစ်ချင်တာကိုပဲ one way မပြောဘဲ သူ့ဆန္ဒ၊ သူ့ခံစား ချက်တွေကိုပါ နားထောင်ပေး၊ ထည့်တွက်ပေးပြီး ညှိနှိုင်းပေးရပါတယ်။ အဓိကကတော့ ကိုယ် တိုင်ကျန်းမာပြီး စိတ်ချမ်းသာပျော်ရွှင်မှ ကိုယ့်ဘေးနားကလူတွေကိုပါ စိတ်ချမ်းသာပျော်ရွှင် အောင် လုပ်ပေးနိုင်မှာပါ။

၁၇။ ဆရာမရဲ့ သမီးလေးအပေါ်မှာကော မိခင်တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ မျှော်မှန်း ထားပါသလဲရှင်။

သမီးလေးအပေါ်မှာထားတဲ့ မိခင်တစ်ယောက်ရဲ့မျှော်လင့်ချက်ကို ပြောရရင် သမီး လေးကို တရားသိမြင်ပြီး ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစေချင်ပါတယ်။ ငြိမ်းချမ်းစွာနေတတ်ဖို့ပဲ သင်ပေးထားပါတယ်။ မရနိုင်တာတွေကို လက်လွှတ်တတ်ဖို့၊ သူတစ် ပါးအပေါ် စိတ်ကောင်းစေတနာကောင်းထားဖို့ လေးလေးစားစား ပေါင်းသင်းဆက်ဆံတတ်ဖို့ သွန်သင်ပေးထားပါတယ်။ သူငယ်ချင်းကောင်းတွေကို တန်ဖိုးထားတတ်ဖို့လည်း ပြောပြထား ပါတယ်။ သမီးလေးကို ဘာကြီးဖြစ်ရမယ်လို့ အမြင့်ကြီးမျှော်လင့်မထားပါဘူး။ ကိုယ့်ဘဝကိုယ် ကျေနပ်နှစ်သိမ့်ရောင့်ရဲစွာ ပျော်ရွှင်နေတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ရင် ကျေနပ်ပါပြီ။

၁၈။ လိမ္မာရေးခြားရှိတဲ့ သားသမီးတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ မိဘတွေမှာ ရှိနေသင့်တဲ့ အရာက ဘာလို့ထင်ပါသလဲ။

လိမ္မာရေးခြားရှိတဲ့ သားသမီးတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့အတွက် မိဘ တွေမှာရှိနေသင့်တဲ့အရာကတော့ မိဘသည် သားသမီးရဲ့ စံပြပုဂ္ဂိုလ်ဖြစ်နေရပါမယ်။ ဖြစ်နေ အောင်လည်း ကိုယ်က ရှေ့ဆောင်လမ်းပြ ကျင့်ကြံနေထိုင်ပြရပါမယ်။ သားသမီးကို မဖြစ်စေ ချင်တဲ့အရာတွေကို မိဘကလည်း ရှောင်ရပါမယ်။ နောက်ပြီး မိဘနဲ့သားသမီးကြားမှာ ချစ်ခြင်း မေတ္တာနဲ့ နားလည်ယုံကြည်မှု အပြန်အလှန်လေးစားမှု ရှိရပါမယ်။ ကိုယ့်သားသမီးကိုလည်း ကိုယ်က လေးစားယုံကြည်မှုထားပေးရပါမယ်။ သမီးလေး က မထားကို ပြောဖူးတယ်။ “I’m so proud of you, May May.” တဲ့..။ အဲ့ဒီစကားလေးအတိုင်း တည်မြဲနေအောင် မထားကြိုးစား ပါတယ်။

၁၉။ စာပေရဲ့ စွမ်းအားက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်အတိုင်းအတာထိ ပြောင်းလဲပစ်နိုင် တယ်လို့ ယုံကြည်ပါသလဲ ဆရာမ။

စာပေရဲ့စွမ်းအားက လူတစ်ယောက်ရဲ့ ဘဝကို အတိုင်းအတာတစ်ခုထိ ပြောင်းလဲပေး နိုင်စွမ်းရှိတယ်ဆိုတာ မထားယုံကြည်ပါတယ်။ သူဖတ်တဲ့ စာပေက သူ့ဘဝကို လွှမ်းမိုးမှု ရှိတတ်ပါတယ်။ စာကြောင်းလေးတစ်ခုကလည်း လူတစ်ယောက်ကို စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားစေနိုင်တာပါပဲ။ မထားတို့ရဲ့ ခေါင်းဆောင် အန်တီစုပြောခဲ့တဲ့စကားလေး တစ်ခွန်းဆို မထား အရမ်းသဘောကျပါတယ်။ ” If you’re feeling helpless, help someone.” တဲ့..။ အဲ့ဒီစကားလေးက မထားကို တော်တော်လွှမ်းမိုးခဲ့ပါတယ်။

၂ဝ။ ယနေ့ခေတ်လူငယ်တွေ စာဖတ်နည်းသွားရတဲ့အကြောင်းကို ဆရာမအမြင်နဲ့ သုံးသပ်ပြီး ပြောပြပေးပါဦး။

ယနေ့ခေတ်လူငယ်တွေ စာဖတ်နည်းသွားရတဲ့ အကြောင်းရင်းကတော့ မထားတို့ ခေတ်တုန်းကတော့ စာအုပ်ကလွဲပြီး တခြားစိတ်ဝင်စားစရာ ဖျော်ဖြေရေးမှ မရှိခဲ့တာနော်။ ဒီဘက်ခေတ်မှာတော့ internet, games, phones, social network စတဲ့ စိတ်ဝင်စားစရာ အာရုံတွေပိုများလာတာလည်း အဓိက အကြောင်းတစ်ခုဖြစ်လိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ကလေးငယ်တွေကို ကျောင်းနေချိန်ကစပြီး ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲ အပြင်စာအုပ် တွေ ဖတ်တတ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးသင့်တယ်လို့ မထား ထင်ပါတယ်။ သမီးလေးတို့ဆို ကျောင်းမှာ library ကနေ စာအုပ်တစ်နေ့တစ်အုပ်ငှားပြီးတော့ ဖတ်ရပါ တယ်။ ဖတ်ရမယ့်စာအုပ် list ကို ထုတ်ပေးထားတယ်။ စာအုပ်များများဖတ်နိုင်သူကို ဆုချတယ်။ ချီးမြှောက်တယ်။ စာအုပ်တွေကို မဖတ်ဖတ်ချင်အောင်ကို ပြုစုပျိုးထောင်ပေးတာ မထားတော့ အရမ်းသဘောကျတာပဲ။

၂၁။ ဆရာမအနေနဲ့ စာရေးတာအပြင် အခြားဘာကို ဝါသနာပါသေးသလဲ။

မထားက စာရေးတာအပြင် တခြားဝါသနာကတော့ မထားက Oprah Winfrey ကို အရမ်းသဘောကျပါတယ်။ သူ့လို talk show တွေ၊ interview တွေလုပ်ရတာမျိုး လုပ်ချင် တယ်။ မထားစိတ်ဝင်စားတဲ့၊ လေးစားအားကျမိတဲ့သူတွေနဲ့ စကားတွေပြောချင်တယ်။ သူတို့ ဆီက လေ့လာသင်ယူစရာတွေ လေ့လာချင်မိတယ်။

၂၂။ ဆရာမ သတ်မှတ်ထားတဲ့ “အောင်မြင်တဲ့ဘဝ” ဆိုတာ ဘယ်လို ဘဝမျိုးလဲဆိုတာ ပြောပြပေးပါဦး။

မထားသတ်မှတ်ထားတဲ့ အောင်မြင်တဲ့ဘဝဆိုတာ ကိုယ့်ဘဝအပေါ် ဘယ်လောက်ထိ နှစ်သိမ့်ရောင့်ရဲ ကျေနပ်မိသလဲ၊ ဘဝနေနည်းကို ဘယ်လောက်ထိ လေ့ကျင့်ပြင်ဆင်ထားပြီးပြီ လဲ၊ သူတပါးအကျိုးအတွက် ကိုယ်တတ်နိုင်သမျှ ဘယ်လောက်ထိ ကူညီဆောင်ရွက်ပြီးပြီလဲ ဆိုတဲ့စံတွေနဲ့ပဲ တိုင်းတာချင်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ်တိုင်လည်း စိတ်ချမ်းသာ ပျော်ရွှင်နေမယ်၊ သူ့ပတ်ဝန်းကျင်မှာ သူနဲ့ဆက်နွှယ်နေသူတွေကိုလည်း စိတ်ချမ်းသာပျော်ရွှင် အောင် ဆက်ဆံနိုင်မယ်ဆိုရင် သူဟာ အောင်မြင်တဲ့သူတစ်ယောက်ပါပဲ။ ဘယ်လောက်ပဲ ချမ်းသာအောင်မြင်ကြီးကျယ်ခမ်းနားနေပေမဲ့ ကိုယ့်ကိုယ်လည်း စိတ်ချမ်းသာအောင် မထားနိုင်ဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေအပေါ်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှု မပေးနိုင်ဘူး။ သူနဲ့ ပတ်သက်ရသမျှ သူ့ကို ကြောက်နေရွံ့နေရမယ်ဆိုရင် သူဟာ ဘယ်လောက်ပဲ ကြီးမြတ်နေသူဖြစ်ပါစေ၊ အောင်မြင်တဲ့ ဘဝပိုင်ရှင်မဟုတ်ပါဘူး။

၂၃။ နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် အကြံပေး စကားလေးတွေ။ အားပေးစကားလေးတွေ ပြောပေးပါဦးရှင်။

နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် စကားလက်ဆောင်ပေးရမယ်ဆိုရင် မထားသမီးလေးကို အမြဲပြောနေကျစကားလေးပဲ ပြောပြချင်ပါတယ်။ သမီးလေးဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင် ပထမဆုံး အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ လေးစားမှုရှိရမယ်လို့။ ကိုယ့်ကိုယ်ကိုယ်မှ မလေးစားရင် မယုံကြည်ရင် တခြားဘယ်သူတွေကမှ လေးစားယုံကြည်တော့မှာ မဟုတ် ဘူးလေ။ ကိုယ်ဖြစ်ချင်တဲ့ ဘဝပန်းတိုင်တစ်ခုထားရှိရမယ်။ ငါ ဖြစ်အောင်လုပ်မယ်၊ လုပ်နိုင် တယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောပါလို့။ စိတ်ရဲ့စွမ်းအင်ဟာ အရမ်းတန်ခိုးရှိတယ်။ ကိုယ့်စိတ်က ပြင်းပြထက်သန်မှုရှိရင် အဲ့ဒီစိတ်ရဲ့ မောင်းနှင်အားနဲ့ပဲ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိလာတာကို တွေ့လာရလိမ့်မယ်။ ဘယ်တော့မှ ဆင်ခြေမပေးပါနဲ့ လို့။ ဆင်ခြေဆိုတာ မလုပ်နိုင်သူတွေက ကိုယ့်ကိုယ်ကိုယ် သက်ညှာမှုပေးလိုက်တဲ့ မုသား တစ်ခုပါပဲ..။ ကိုယ်တကယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့ အစွမ်းသတ္တိတွေဟာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ မွေးရာပါ ပါလာပြီးသားပါ။ ကိုယ်က ထုတ်မသုံးမိရင် နှမြောဖို့ကောင်းတာပေါ့ နော်။ ကြိုးစားအားထုတ်မှုဆိုတာ တစ်ပြားတစ်ချပ်မှမကုန်တဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲလို့ ပြောချင်ပါ တယ်။

မှတ်သားစရာတွေအများကြီးနဲ့ ဆရာမလွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ အင်တာဗျူး လေးကို ဖတ်ခွင့်ရတဲ့အတွက် ဂန္ထဝင်ရဲ့ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော် လင့်ပါတယ်။ မေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ဖြေဆိုပေးခဲ့တဲ့ ဆရာမ လွန်းထားထားကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆရာမချစ်တဲ့ စာပေ ခရီးလမ်းမှာ ဆရာမချစ်တဲ့မိသားစုနဲ့အတူ သက်ရှည်ကျန်းမာပျော်ရွှင်စွာနဲ့ ဆက်လက်လျှောက် လှမ်းနိုင်ပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။