မြန်မာလူငယ်တွေရဲ့ စိတ်ဓာတ်နှင့်ဘဝကို ကြိုးစားမြှင့်တင်ပေးနေသူ Ms Eileen Lui

blank

          နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ မြန်မာအမျိုးသမီးငယ်လေးများ စိတ်ဓာတ်ခွန်အားတက်ကြွစေရန်ရည်ရွယ်လျက် အောင်မြင်နေတဲ့အမျိုးသမီးတွေရဲ့ ဘဝ၊ ခံယူချက်တွေကို မေးမြန်းပြီး အပတ်စဉ် အင်တာဗျူးကဏ္ဍအဖြစ် တင်ဆက်ပေးလျက်ရှိပါတယ်။ အမျိုးသမီးလေးတွေရဲ့ တိမ်မြုပ်နေတဲ့စွမ်းအားတွေကို ထုတ်ဖော်နိုင်စေဖို့၊ အောင်မြင်မှုကို အရယူနိုင်စေဖို့ အတုယူသင့်တဲ့ စံပြအမျိုးသမီးတွေအကြောင်းကို တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ မြန်မာပြည်ဖွားမဟုတ်ဘဲ နိုင်ငံခြားသူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူငယ်လေးတွေအတွက် စီးပွားရေး၊ ပညာရေးတိုးတက်စေဖို့သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ မြင့်မားစေဖို့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံသူ Ms. Eileen Lui နဲ့ တွေ့ဆုံမေးမြန်းတဲ့ ကဏ္ဍလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ Eileen ဟာ သင်တန်းနည်းပြ၊ အားကစားနည်းပြ၊ ဈေးကွက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ခင်ပွန်းဟာလည်း Samsung Myanmar ရဲ့ Marketing Head တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စိတ်နေသဘောထား၊ ကြိုးစားမှုနဲ့ ပရဟိတစိတ်ဓာတ်လေးတွေအကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရှုသွားရအောင်နော်။

၁။ ပထမဆုံး အစ်မရဲ့ အကြောင်းလေးကို ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

ကျွန်မက ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ မနက်လေးနာရီလောက် ထပြေးနေတတ်တဲ့ နိုင်ငံခြားသူတစ်ယောက်၊ ကျွန်မအော်သံကို တစ်မိုင်အဝေးလောက်က ကြားနိုင်လောက်အောင်ထိ စွာကျယ်စွာ ကျယ်နေတတ်တဲ့ နိုင်ငံခြားသူတစ်ယောက်ပေါ့။ (ရယ်လျက်)

ကဲ… အတည်ပြောတော့မယ်နော်။ ကျွန်မက အီလင်း လူ(Eileen Lui) လို့ခေါ်တဲ့ မလေးရှားနိုင်ငံသူ တရုတ်လူမျိုး၊ သာမန်လူတစ်ယောက်ပါပဲ။

၂။ အစ်မရဲ့ ပညာရေးနောက်ခံလေးကို ပြောပြပါဦးရှင်။

            ပြောရမယ်ဆိုရင်တော့ ရှက်စရာကောင်းပါတယ်။ ကျွန်မရဲ့ အမြင့်ဆုံးပညာအရည်အချင်းက B.A (MARCOMS) marketing communication နဲ့ ဘွဲ့လေးရထားပါတယ်။ Copywriting နဲ့ Creative Writing ပိုင်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒီပလိုမာရထားပါတယ်။

ကျွန်မကလေ စာရဖို့အတွက်ပဲ ပညာသင်ရတာကို မကြိုက်ပါဘူး။ အလုပ်ကျွမ်းကျင်မှုက ပညာရေးထက် အတွေ့အကြုံနဲ့ပဲဆိုင်တယ်လို့ ခံယူထားပါတယ်။ ကျွန်မရဲ့ ဘွဲ့လက်မှတ်ကိုတောင် ဘယ်မှာထားမိမှန်း မသိတော့ဘူးရယ်။ မာမားကိုပြန်မေးရဦးမယ်။ (ရယ်လျက်)

၃။ မလေးရှားမှာလည်း အစ်မရဲ့လုပ်ငန်းတွေရှိသေးတယ်လို့ သိရပါတယ်။ အဲ့ဒီလုပ်ငန်းတွေအကြောင်းကို ပြောပြပါဦး။

         ကျွန်မအသက် ၁၈နှစ်ပြည့်ပြီးတော့ industry မှာ အလုပ်မလုပ်တော့ဘဲ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့မှာ အလုပ်လုပ်ခဲ့တယ်။ ဗီယက်နမ်မှာတုန်းက ကြော်ငြာအေဂျင်စီတစ်ခုရဲ့ မန်နေဂျာရာထူး တာဝန်ယူခဲ့ရတယ်။ အဲဒီ့တုန်းက အသက် ၂၃နှစ်ပဲရှိသေးတော့ အသက်အငယ်ဆုံးမန်နေဂျာလို့တောင် ပြောကြတယ်ပေါ့နော်။

အဲဒီ့အချိန်မှာ “ဒီအချိန်ဟာ ငါ့ကိုယ်ပိုင်အလုပ်တစ်ခုကို စတင်တည်ထောင်ရမယ့်အချိန်ပဲ” ဆိုတာကို ကျွန်မတွေးမိတယ်။ ဒီတော့ ကျွန်မ မလေးရှားမှာ Event Management Agency တစ်ခုကို ထောင်ခဲ့တယ်။ ပြီးတော့ အချိန်အခါသင့်တာနဲ့ ကျွန်မ ကမ္ဘောဒီးယားမှာလည်း ရုံးခွဲတစ်ခုဖွင့်ခဲ့တယ်။ အခု အဲဒီ agency နှစ်ခုလုံး run နေတုန်းပါ။ ဒါကတော့ ကျွန်မရဲ့ အဓိက စီးပွားရေးလုပ်ငန်းပေါ့။ ဒီအလုပ်နဲ့ ဆက်နွယ်နေတဲ့ အခြားလုပ်ငန်းလေးတွေကိုလည်း လုပ်နေပါတယ်။

        Event တွေစီစဉ်ပေးရတဲ့အလုပ်အပြင် လူကုံထံအသိုင်းအဝိုင်းရဲ့ပါတီပွဲတွေကိုလည်း စီစဉ်ပေးတဲ့အလုပ်ကို မလေးရှားမှာ လုပ်ခဲ့ပါတယ်။ ဒီလို နာမည်ကြီးတွေနဲ့ ပတ်သတ်ရတဲ့ အကြောင်းတွေကို ကျွန်မလျှောက်မကြွားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအတွက် အလုပ်ဖြစ်နေရင်း ပြီးရောလေ။ နောက်ဆုံးတော့ ကျွန်မက တရုတ်မလေးပဲလေ။ (စနောက်ရင်း ရယ်လျက်)။

မလေးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးရဲ့ သမီး၊ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သူဌေးကြီးရဲ့သမီး၊ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့သားစတဲ့ နာမည်ကျော်တွေရဲ့ မင်္ဂလာပွဲတွေကို ကျွန်မတို့ စီစဉ်ပေးခဲ့ဖူးပါတယ်။ ကျွန်မအခုထိ သူတို့နဲ့ အဆက်အသွယ်ရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ ခင်မင်မှုကို အကြောင်းပြပြီး သူတို့ဆီက ဘာအခွင့်အရေးမှ ကျွန်မမယူခဲ့လို့ပေါ့။ တချို့လူတွေက ပြောကြတယ်ပေါ့နော်။ ကျွန်မက အခွင့်အရေးတွေကို ကောင်းကောင်းအသုံးမချတတ်ဘူးတဲ့။ ဒါပေမယ့် ကျွန်မခံယူထားတဲ့ လုပ်ငန်းအောင်မြင်မှုဆိုတာ ဒီလိုဖြတ်လမ်းက လိုက်ဖို့မှ မဟုတ်တာပဲလေ။

        ဒီရက်ပိုင်းတွေမှာတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းတွေကပဲ မလေးရှားနဲ့ ကမ္ဘောဒီးယားက အလုပ်တွေကို အစအဆုံးလုပ်ပေးနေတယ်။ ကျွန်မက အားလုံးကို ခြုံငုံကြည့်ပြီး ကြီးကြပ်ပေးရုံပဲ လုပ်ရတာပေါ့။ လာမယ့်စက်တင်ဘာလနောက်ပိုင်းမှာတော့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ party planning နဲ့ ပတ်သတ်တဲ့ စာအုပ်လေးတစ်အုပ်ထုတ်ဖို့ ရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ နာမည်ကြီးစာအုပ်တိုက်တစ်ခုကနေ ထုတ်ဝေပေးဖို့ သဘောတူညီမှုရထားပါတယ်။ ဒီစာအုပ်လေးဖြစ်မြောက်လာဖို့ ကျွန်မတို့ ၂နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ ကျွန်မ ဒီစာအုပ်ထုတ်ဝေပွဲမှာ မလေးရှားက အလုပ်တွေအားလုံးကနေ အနားယူတော့မယ့်အကြောင်း ကြေညာဖို့ဆုံးဖြတ်ထားတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ မပြောရသေးပါဘူး။ ဒီတော့ ရှင်တို့လည်း မသိချင် ဟန်ဆောင်နော် သူတို့မသိခင်။ (ရယ်လျက်)

        အရင်တုန်းကလည်း ကျွန်မရဲ့ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ဖူးတယ်။ ကျွန်မရဲ့ ဝတ္ထုတိုတစ်ပုဒ်ဆိုရင် မလေးရှားနိုင်ငံရဲ့ အကောင်းဆုံးဝတ္ထုတို ၂၅ပုဒ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ကျွန်မ စာရေးရတာကို အရမ်းနှစ်သက်တယ်။ News Straits Times လို မလေးရှားသတင်းစာကြီးတွေမှာလည်း ရေးလေ့ရှိခဲ့တယ်။ ကျွန်မ ကလေးလေးဘဝတုန်းကလည်း ကျွန်မရဲ့အရေးအသားဇာတ်လမ်းတိုလေးအချို့ကို ထုတ်ဝေခွင့်ရခဲ့ဖူးပြီး တချို့စာအရေးအသားတွေအတွက် ဆုနှစ်ကြိမ်လည်း ရခဲ့ဘူးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ မြန်မာပြည်ကို ရောက်လာဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦး။

ပြောရရင် ရယ်တော့ရယ်ရတယ်ပေါ့။ ပထမ အကြောင်းအရင်းက ကျွန်မရဲ့ အမျိုးသားဖြစ်ပြီး၊ နောက်တစ်ခု အကြောင်းအရင်းကတော့ ကျွန်မရဲ့ အစားမက်တဲ့စိတ်တွေက ကျွန်မကို မြန်မာနိုင်ငံကို ခေါ်လာခဲ့တာပေါ့။

ကျွန်မ ကမ္ဘောဒီးယားမှာ လုပ်ငန်းတွေ စတင်ခဲ့တုန်းက ကျွန်မယောက်ျားက ကျွန်မနဲ့အတူ လိုက်နေပေးခဲ့တယ်လေ။ ပြီးတော့ သူတာဝန်နဲ့ မြန်မာပြည်ကိုလာရတော့ သူကပြောတယ်။ “မျှမျှတတလုပ်ကြမယ်၊ ငါမင်းအလှည့်တုန်းက လိုက်ခဲ့ပေးပြီးပြီ။ အခုတော့ မင်းအလှည့်နော်”တဲ့။ ဒီလိုနဲ့ မြန်မာနိုင်ငံကို ပြောင်းလာခဲ့တယ်ပေါ့။

မပြောင်းသေးခင် ကျွန်မတို့ တစ်ခါအလည်လာပြီး မြန်မာနိုင်ငံကို လေ့လာခဲ့ကြတယ်။ ကျွန်မ ဒီရေမြေမှာ တကယ်နေနိုင်၊ မနေနိုင်ကိုပေါ့။ ဖြစ်ချင်တော့ ကျွန်မ တရုတ်တန်းကိုရောက်သွားတယ်။ စားစရာတွေတွေ့တော့ စားလိုက်တာလေ။ ရန်ကုန်က တရုတ်ဈေးတန်းအစကနေ ဈေးတန်းအဆုံးထိပဲ။ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်စားတာ။ စားဖို့အတွက်နဲ့ အလုပ်ရှုပ်နေတော့ အင်တာနက်အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတောင် မလေ့လာဖြစ်တော့တဲ့ အထိပဲ။ တကယ်လဲရောက်လာရော ရေကမလာ၊ မီးကပြတ်၊ အင်တာနက်ကမကောင်းနဲ့ ကျွန်မယောက်ျားအပေါ်မှာတောင် ဒေါသ တထောင်းထောင်း ထွက်မိခဲ့သေးတယ်။ သူ ကျွန်မကို အိမ်ရှင်မဖြစ်ဖို့ ဘယ်လိုမျှော်လင့်မိလဲဆိုတာကိုလည်း စဉ်းစားမိ။ (ရယ်လျက်)

၅။ ဒီကိုရောက်တာရော ဘယ်လောက်ကြာပြီလဲ။ ပြီးတော့ ဒီနိုင်ငံကို ဘယ်လိုနှစ်သက်သွားတာလဲ။

ဒီကိုရောက်တာ လေးနှစ်ခွဲလောက်ရှိပြီ။ အချိန်တွေကလည်း ကုန်တာမြန်လိုက်တာနော်။ ဒီမှာနေရတာပျော်ပေမယ့် တစ်ခါတလေကျရင် “ငါဘာလို့များ ဒီမှာ နေနေမိတာပါလိမ့်” ဆိုပြီး စိတ်ကုန်မိတဲ့ အချိန်တွေလည်းရှိတာပေါ့။ အထူးသဖြင့် အပူချိန်က ၄၅ဒီဂရီရှိနေပြီး မီးပျက်နေတဲ့ အချိန်မျိုးမှာပေါ့။ “Tay Chin Tel!” (မြန်မာလို ပြောဖို့ကြိုးစားရင်း ရယ်လျက်)။ ဒါပေမယ့် တစ်ခါတလေမှာ အမှန်တရားတစ်ခုအတွက် စောဒကတက်ဖို့ မလိုဘူးလေ။ သိတယ်မို့လား။ ကျွန်မကို “ဒီမှာနေပါ” ဆိုပြီး ဘယ်သူကမှ သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်မထားတဲ့အတွက် ကျွန်မကြိုက်တဲ့အချိန်ထွက်သွားလို့ရတာပဲ။ ဒါပေမယ့် ကျွန်မ ဒီမှာပျော်တယ်လေ။

၆။ အစ်မအခုလက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ၊ ပရဟိတ လူမှုရေးလုပ်ငန်းတွေ အကြောင်းကိုလည်း မျှဝေပေးပါဦး။

ကျွန်မအမျိုးသားက ကျွန်မကိုပြောဖူးတယ်။ “Your full-time is your part-time job” တဲ့ “မင်းရဲ့ အချိန်ပြည့်အလုပ်က အချိန်ပိုင်းအလုပ်တွေကို လိုက်လုပ်နေတာပဲ” တဲ့ (ရယ်လျက်)။

ကျွန်မအခု City Mart Holding Co.ltd., (CMHL) ရဲ့ ဈေးကွက်ဆိုင်ရာအကြံပေး (marketing consultant)အဖြစ် လုပ်ကိုင်နေပါတယ်။ ကျွန်မ CMHL နဲ့ တွဲလုပ်ဖြစ်တာ လေးနှစ်ကျော်ခဲ့ပြီ။ ဘာလို့လဲဆိုတော့ CMHL ရဲ့ ပိုင်ရှင်အမျိုးသမီးကို ကျွန်မ အရမ်းလေးစားတယ်။ သူက Forbes Magazine ကရွေးတဲ့ အာရှရဲ့ အတော်ဆုံးအမျိုးသမီးအယောက် ၅ဝ ထဲမှာလည်းပါတယ်လေ။ သူနဲ့ စကားပြောကြည့်လိုက်တော့ သူ့ရဲ့ စိတ်ထဲမှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကို ချစ်တဲ့စိတ်တွေ အများကြီးတွေ့ရတယ်။ ကျွန်မသူ့ကို ပြောပြလို့မရအောင်ကို ချစ်ပြီး လေးစားတယ်။

ပြီးတော့ ကျွန်မက စတင်တည်ထောင်ကာစ နည်းပညာကုမ္ပဏီလေးတွေရဲ့ အတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်နေပါတယ်။ အဲဒီ့ကုမ္ပဏီတွေထဲက တစ်ခုက Nexlabs  ဖြစ်ပြီး၊ သူ့ရဲ့ CEO ဆိုရင် Forbes မဂ္ဂဇင်းကရွေးချယ်တဲ့ အသက် ၃ဝအောက် အောင်မြင်တဲ့ လုပ်ငန်းရှင်အယောက် ၃ဝစာရင်းမှာ ပါတယ်ပေါ့နော်။

Strategy First Institute ဆိုတဲ့ သင်တန်းကျောင်းမှာလည်း ဆရာအဖြစ် လုပ်နေပါတယ်။ ပြီးတော့ Balance Fitness နဲ့ Real Fitness မှာလည်း သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ ပြီးတော့ Children of Tomorrow ဆိုတဲ့ လူငယ်သင်တန်းကျောင်းနဲ့ SoyAi ပဲနို့ရဲ့ တည်ထောင်သူအဖြစ်လည်း ဆောင်ရွက်နေပါတယ်။

          ပြီးတော့ အမျိုးသမီးတွေကို ညှင်းပန်းနှိပ်စက်တာတွေ၊ လူကုန်ကူးတာတွေနဲ့ ပတ်သတ်တဲ့ ပညာပေးလုပ်ငန်းတွေမှာလည်း တကယ့်ကို ထက်မြက်တဲ့သူတွေနဲ့ တွဲပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒီ project ကို Women for Women လို့ ခေါ်ပြီး YK Collections၊ Amazing GraceYangon Bakehouse စတဲ့ လုပ်ငန်းတွေရဲ့ တည်ထောင်သူအမျိုးသမီးတွေနဲ့ တွဲပြီး လုပ်ကိုင်နေပါတယ်။ သူတို့က လုပ်ငန်းခွင်မှာရော၊ လူမှုရေးမှာပါ တကယ်ကိုထက်မြက်ထူးချွန်တဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။

        ပြီးတော့ မကြာသေးခင်ကမှ Mobile Soup Movement လို့ခေါ်တဲ့ ပရဟိတလှုပ်ရှားမှုကို ကျွန်မရဲ့အမျိုးသားနဲ့အတူ စတင်လုပ်ဆောင်ခဲ့ပါတယ်။ လတိုင်းလတိုင်း ကျွန်မတို့ စားနပ်ရိက္ခာတွေထုတ်ထားတဲ့ Care Packages တွေ အထုပ် ၁ဝဝကို အိမ်ယာမဲ့တွေနဲ့ မရှိဆင်းရဲသားတွေအတွက် လှူဒါန်းဖြစ်ပါတယ်။ ဒါကို “movement (လှုပ်ရှားမှု)” လို့ ဘာလို့ ခေါ်သလဲဆိုတော့ ဒီအထုပ်တွေကို ကျွန်မတို့ကိုယ်တိုင် လိုက်မဝေဘဲ လှုပ်ရှားမှုမှာ ပါဝင်ချင်တဲ့သူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီအထုပ်တွေလာယူခိုင်းတယ်။ ပြီးတော့ သူတို့ ပေးသင့်တယ်လို့ ထင်တဲ့သူတွေကို ပေးတယ်ပေါ့နော်။ ဒီတော့ ဒါက လူအများပူးပေါင်းပြီး လုပ်နေတဲ့ လူမှုရေးလှုပ်ရှားမှုတစ်ခု ဖြစ်သွားတာပေါ့။

ပြီးတော့ ကျွန်မ Asian Women Social Entrepreneurs Network မှာလည်း ပါဝင်ပါတယ်။ လာမယ့်နိုဝင်ဘာမှာတောင် အဲ့ဒီအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဘန်ကောက်ကို သွားရဦးမယ်။

ဒါတွေကတော့ ကျွန်မလက်ရှိလုပ်နေတဲ့ အလုပ်တွေပေါ့နော်။ လုံလောက်ပြီလားမသိဘူး။ (ရယ်လျက်)။

၇။ အစ်မခုနက ပြောခဲ့သလို အစ်မက လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားတယ်၊ ပြီးတော့ လူတန်းစေ့မနေရတဲ့သူတွေ၊ မရှိဆင်းရဲသားတွေကိုလည်း စိတ်ထားမွန်မွန်မြတ်မြတ်နဲ့ ကူညီနေတယ်ပေါ့နော်။ ဒီလို မွန်မြတ်တဲ့၊ ကုသိုလ်ရတဲ့အလုပ်တွေကို လုပ်ဖို့ အစ်မကို ဘယ်အရာက တွန်းအားပေးခဲ့တာလဲ။

        ပြောရရင်တော့ ဒါတွေဟာ ကျွန်မကိုယ်ကျွန်မ လူသားပီသဖို့ ကြိုးစားရုံသက်သက်ပါပဲ။

        ကျွန်မ ဒီနေရာကို ရောက်လာဖို့ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ အခုကျွန်မဘဝ သာယာနေပြီလို့ပြောလို့ရပြီ။ ကျွန်မစားချင်တာစားလို့ရတယ်။

ဒါပေမယ့် ကျွန်မဟာ ဆင်းရဲတဲ့ဘဝကနေလာတယ်ဆိုတာ လူတွေသိပ်ပြီး သိကြမှာမဟုတ်ဘူးလို့ထင်တယ်။ ကျွန်မရဲ့ မိဘတွေက အစိုးရကျောင်းဆရာတွေပါ။ တစ်လတစ်လ ဝင်ငွေကိုလောက်ငှအောင်သုံးနိုင်ဖို့ ကျွန်မရဲ့ အမေဟာ နားချိန်တောင်မရှိဘဲ အပြင်ကျူရှင်တွေကို တစ်ခုပြီးတစ်ခုသင်ရတယ်။ ကျောင်းသုံးစာအုပ်တွေ မဝယ်နိုင်လို့ ကျောင်းကနေ အကြွေးနဲ့ရောင်းတဲ့ စာအုပ်အဟောင်းတွေဝယ်ပြီး ကျောင်းတက်ခဲ့ရတယ်။ သူများသုံးပြီးသားစာအုပ်တွေဆိုတော့ မှတ်ရာခြစ်ရာတွေနဲ့ အရမ်းကို ညစ်ပတ်တာ။ ကျွန်မဆို အဲ့ဒါတွေကို ခဲဖျက်နဲ့အကုန်ပြန်ဖျက်ပြီး သုံးခဲ့ရတာလေ။ ကျွန်မရဲ့ လက်ရှိဘဝကိုကြည့်ပြီး ကျွန်မပြောတာတွေကို ယုံကြည်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ မလေးရှားကို ရောက်တိုင်း ငယ်ငယ်တုန်းက နေခဲ့တဲ့ရွာလေးကို ရောက်အောင်ပြန်သွားတယ်။ ကျွန်မမိဘတွေက မြို့ပေါ်ကို ပြောင်းလာပြီဆိုပေမယ့် ကျွန်မအဘွားကတော့ ဟိုမှာနေနေတုန်းပဲလေ။

ဒါတွေထားပါ။ ကျွန်မပြောချင်တာက ကျွန်မလိုချင်တဲ့အရာတွေကို ကျွန်မ ခက်ခက်ခဲခဲယူခဲ့ရတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရရစားစားဘဝတွေကိုလည်း ကိုယ်ကိုယ်တိုင် ကြုံခဲ့ဖူးတော့ စာနာတယ်။ ဒါ့ကြောင့် အခု ကျွန်မဘဝအဆင်ပြေနေချိန်မှာ ကျွန်မလူတွေကို ကူညီချင်တယ်။ ဒီတော့ ကျွန်မရိုးရိုးလေးပဲတွေးတယ်။

၁- ကျွန်မ စားသောက်ဖို့ ကြိုးစားနိုင်ရင် မျှဝေပေးဖို့အတွက်လည်း ကြိုးစားနိုင်ရမယ်။

၂- ကျွန်မမိဘတွေက ကျွန်မကို ဒီလောကကြီးမှာ ရပ်တည်နိုင်ဖို့ ခွန်အားတွေ ပေးခဲ့တယ်။ အဲဒီ့ခွန်အားတွေကို အသုံးချပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို မဖော်ထုတ်နိုင်တဲ့သူတွေကို သူတို့ရဲ့ကိုယ်ပိုင်အစွမ်းကို သိလာအောင် ကူညီမယ်။

        ဒီလိုလုပ်ရတာဟာ ကျွန်မအတွက်တော့ ထင်သလောက် မလွယ်ကူလှဘူး။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ကျွန်မလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်မှာ ကြင်နာတတ်တဲ့သူတွေနဲ့ တွေ့ရတာပါပဲ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဆိုရင် ကျွန်မ ဒီပလိုမာတက်နိုင်ဖို့ ဘာမျှော်လင့်ချက်မှမပါဘဲ ငွေစိုက်ထုတ်ပေးခဲ့တယ်။ အဲဒီ့အချိန်တုန်းက ကျွန်မက အလုပ်လုပ်ရင်း marketing communication နဲ့ ပတ်သတ်ပြီး scholarship ရခဲ့တယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး ကျွန်မဆက်ကြိုးစားချင်ပေမယ့် အဆင်မပြေတဲ့ ကာလပေါ့။ သူတို့က ကျွန်မကို ပြောတယ်။ “ဒီလောက်ထောက်ပံ့ပေးထားတာကို ဂုဏ်ထူးထွက်ပြီး အမှတ်ကောင်းကောင်းရအောင်သာ ကြိုးစားစမ်းပါ”တဲ့။ ဒီတော့ ကျွန်မလည်း မဖြစ်မနေ အရမ်းကြိုးစားခဲ့ရတာပေါ့။

နောက်တော့ ဒီနည်းလမ်းဟာ လောကကြီးမှာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာ သိခဲ့တယ်။ လူတစ်ယောက်ကို ကူညီရင် အဲဒီ့တစ်ယောက်က နောက်ထပ် လူ၁ဝယောက်ကို ထပ်ကူညီလိမ့်မယ်။ ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီသွားကြရင် လောကကြီးကလည်း ပိုပြီးလှလာလိမ့်မယ်။ ဒါကတော့ ကျွန်မတွေးမိတာပေါ့။ ဒီစိတ်ကူးက တကယ်ဖြစ်လာမလာကိုတော့ လက်တွေ့မှာ စမ်းသပ်နေရတုန်းပဲ။

၈။ SoyAi ကို စတင်ဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦး။

ကျွန်မမြန်မာပြည်ကို စရောက်ရောက်ချင်းပဲ ကျွန်မနဲ့ ကျွန်မအမျိုးသားတို့ မိဘမဲ့ကလေးကျောင်းတွေမှာ ပရဟိတလုပ်အားပေးခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ နေတုန်းကလည်း ၅နှစ်လုံးလုံး ဒီလိုပဲလုပ်ခဲ့တာလေ။ ဒီတော့ မြန်မာနိုင်ငံရောက်တော့လည်း ဆက်ပြီးတော့ လုပ်ချင်တယ်။ ဒီကမိဘမဲ့ကျောင်းတွေရဲ့ အခြေအနေတွေကိုကြည့်ပြီး ကျွန်မတို့အရမ်းကို စိတ်မကောင်းဖြစ်ခဲ့တယ်။

ဒီတော့ ကျွန်မတို့ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့ပဲ မိဘမဲ့ကျောင်းတစ်ကျောင်းရဲ့ စားစရိတ်ကို တာဝန်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီ့လိုထောက်ပံ့ရင်း မိဘမဲ့ကျောင်း ၂ကျောင်းနဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းတစ်ကျောင်းကို ထောက်ပံ့ဖို့ ဖြစ်လာခဲ့တယ်။ ကျောင်းက ၃ကျောင်း၊ ကျောင်းသားက ၂ဝဝကျော်ဆိုတော့ ကျွန်မတို့ဝင်ငွေလေးနဲ့ နေ့စဉ်ထောက်ပံ့ဖို့ ခက်ခဲလာတယ်။ ဒီတော့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေဆီကနေ လှူပေးဖို့ အကူအညီတောင်းရတာပေါ့။ နောက် ၈လလောက်လည်းကြာရော ဒီလိုအကူအညီတောင်းရတာ တဖြည်းဖြည်းနဲ့ အားနာလာတယ်။

ပြီးတော့ ဒီဘုန်းကြီးကျောင်းတွေနဲ့ မိဘမဲ့ကျောင်းတွေက ကလေးတွေဘဝကို ကြည့်ပြီး အားမလိုအားမရဖြစ်လာတယ်။ ခြေတွေလက်တွေ၊ ကျန်းမာရေးတွေ ကောင်းနေပါလျက် အလုပ်မလုပ်ကြဘူးလေ။ ပေါ်တင်ပြောရရင် မိဘမဲ့ကလေးကျောင်းတွေက ကလေးငယ်တွေကို ရိုက်သွင်းပေးထားတဲ့ စိတ်ဓာတ်တွေကို ကျွန်မမနှစ်သက်ဘူးပေါ့နော်။ ကလေးတွေက ငယ်ငယ်ကတည်းက သူများလှူတာတွေနဲ့ ရပ်တည်လာရတော့ အသက်ကြီးလာတော့လည်း ကိုယ်ပိုင်ကြိုးစားချင်စိတ်မရှိတော့ဘူးဖြစ်လာတယ်။ ဒါဟာ ကလေးတွေရဲ့စိတ်ကို အဆိပ်ဖြစ်မှန်းမသိ ဖြစ်စေခဲ့တယ်ပေါ့နော်။ ကျွန်မဒီလိုပြောရတဲ့အတွက် တကယ်လည်း စိတ်မကောင်းပါဘူး။ ဒီတော့ ဒီကျောင်း ၃ကျောင်းက ကလေးတွေအတွက် Children of Tomorrow ဆိုတဲ့ ကျွန်မကိုယ်ပိုင် လူငယ်သင်တန်းကျောင်းတစ်ကျောင်းကို တည်ထောင်ဖြစ်ခဲ့တယ်။

ဒီလိုသင်တန်းကျောင်းဖွင့်ပြီးတဲ့နောက် ကလေးတွေရဲ့ခေါင်းထဲကို “သူတစ်ပါးထောက်ပံ့မှုနဲ့ အသက်ဆက်နေတာသည် ရေရှည်အတွက် ကောင်းတဲ့အလုပ်မဟုတ်ဘူး” ဆိုတာကို ရိုက်သွင်းပေးခဲ့တယ်။ သူတို့ကို ကိုယ်ပိုင်ရည်မှန်းချက်တွေ ထားတတ်အောင်၊ အသုံးဝင်တဲ့ လူတော်လေးတွေဖြစ်လာအောင် ကျွန်မတို့ သင်ပေးတယ်။ တစ်ချိန်တည်းမှာပဲ SoyAi project ကို စတင်ဖြစ်ခဲ့တယ်။ SoyAi ဆိုတာ ပဲနို့ဖျော်ရည်ပေါ့။ ဒီပဲနို့လုပ်ငန်းကို လည်ပတ်နိုင်အောင်လို့ ကျောင်း ၃ကျောင်းက ကလေးတွေကို သင်ပေးခဲ့တယ်။ ဒီ SoyAi ကရတဲ့ အမြတ်ငွေမှန်သမျှကိုလည်း ဒီကျောင်း ၃ကျောင်းက ကလေးတွေအတွက် ကျူရှင်စရိတ်၊ စားစရိတ်နဲ့ အခြားကုန်ကျစရိတ်တွေအဖြစ် ပြန်လည်ထောက်ပံ့ပေးခဲ့ပါတယ်။

          Children of Tomorrow က ကောင်မလေးနှစ်ယောက်ဆိုရင် သူတို့ ဆယ်တန်းအောင်ပြီးတာနဲ့ ကျွန်မသူတို့အတွက် Strategy First သင်တန်းကျောင်းမှာ scholarship လျှောက်ပေးခဲ့တယ်။ ကျွန်မရဲ့ လူမှုရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ကူညီပေးနေတဲ့ Strategy First ကလည်း သူတို့ကို NCC သင်တန်းအတွက် full scholar ပေးခဲ့ပါတယ်။ ဒါတင်မကသေးဘူး။ သူတို့လေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင်၊ အတွေ့အကြုံရအောင် Strategy First မှာ အလုပ်ပေးခဲ့ပါသေးတယ်။ ရှေ့လျှောက်သူတို့ဘဝလေးတွေ တိုးတက်တော့မှာကို မြင်ယောင်ရင်း သူတို့အစားဂုဏ်ယူမိသလို Strategy First ကိုလည်း သိပ်ကို ကျေးဇူးတင်မိပါတယ်။

၉။ SoyAi ရဲ့ ရည်ရွယ်ချက်လေးတွေ၊ ပြီးတော့ ဘယ်အခြေအနေထိရောက်အောင် လုပ်ဆောင်သွားဖို့ရှိလဲဆိုတဲ့ အမြင်လေးတွေအကြောင်းကို ပြောပြပါဦး။

          SoyAi ဆိုတာ Children of Tomorrow ဆိုတဲ့ မိဘမဲ့ကလေးတွေ စတင်တည်ထောင်ထားတဲ့ ပဲနို့လုပ်ငန်းလေးပါ။ ဒီလုပ်ငန်းလေးရဲ့ ရည်ရွယ်ချက်ကတော့ မိဘမဲ့ကလေးငယ်တွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်၊ ဘဝအတွက်လိုအပ်တဲ့ ပညာနဲ့ ကျွမ်းကျင်မှုတွေ ရရှိနိုင်အောင် ပဲဖြစ်ပါတယ်။ မိဘမဲ့ကလေးတွေကို သူတစ်ပါးကို မှီခိုလိုတဲ့စိတ်ဓာတ်တွေမဖြစ်အောင်၊ ချို့တဲ့တဲ့ပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်တဲ့ project တစ်ခုလည်းဖြစ်ပါတယ်။

         ဒီလိုလုပ်ခြင်းက မိဘမဲ့ကလေးငယ်တွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်ရုံတင်မဟုတ်ပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ပေးနိုင်တယ်။ ခုနတုန်းက ကျွန်မပြောခဲ့သလိုပါပဲ။ SoyAi က ရတဲ့ အမြတ်တွေကို ကျွန်မတို့တာဝန်ယူထားရတဲ့ ကျောင်း ၃ကျောင်းအတွက် စရိတ်အဖြစ် အသုံးပြုနေတယ်ပေါ့နော်။

        “SoyAi”ဆိုတဲ့နာမည်လေးမှာ “Soy”ဆိုတာ soya ဆိုတဲ့ ပဲနို့ထုတ်တဲ့ ပဲနာမည်ကနေ ယူထားတာပါ။ “Ai”ဆိုတာကတော့ တရုတ်ဘာသာစကားမှာဆို “ချစ်ခြင်းမေတ္တာ”လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ့စကားလုံးနှစ်ခုကိုပေါင်းပြီး “SoyAi”လို့ ခေါ်တာပေါ့။

ဘာလို့ “Ai”ဆိုတဲ့ ချစ်ခြင်းမေတ္တာစကားလုံးကို သုံးသလဲဆိုတော့ ဒီ SoyAi project ဟာ Children of Tomorrow က ကလေးငယ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖွဲ့စည်းထားတယ်။

  • သူတို့ကိုယ်သူတို့ ချစ်တဲ့အချစ်
  • မိသားစုကို ချစ်တဲ့အချစ်
  • ဘဝတူ ညီအစ်ကိုမောင်နှမတွေကို ချစ်တဲ့အချစ်
  • တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့အချစ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာမို့လို့ “SoyAi” လို့ခေါ်ရခြင်းဖြစ်ပါတယ်။

        ဒီအလုပ်ကို လုပ်ရတာ ကျွန်မအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒါဟာ ငွေအတွက်သက်သက်နဲ့ လုပ်တဲ့အလုပ်မဟုတ်ဘူးလေ။ ဒီကလေးတွေရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ မြင့်မားလာအောင် သင်ကြားပေးရင်းနဲ့ လုပ်ရတဲ့အလုပ်လေ။ တချို့ကလေးတွေက အလွယ်တကူ လက်လျှော့ချင်ကြတယ်။ မိဘမဲ့ကျောင်းမှာ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်ရတဲ့ဘဝကို လွယ်ကူတယ်ထင်ပြီး အဲဒီ့ဘဝမှာပဲ နေချင်ကြတယ်။ အစားတစ်လုတ်အတွက် အပြင်ထွက်ပြီး အလုပ်လုပ်၊ ပိုက်ဆံရှာရတာကို ပင်ပန်းတယ်ပေါ့နော်။ ကလေးအယောက် ၂ဝဝ ကျော်ကို ထောက်ပံ့နိုင်ဖို့ ဒီအလုပ်ထက် ဘယ်အလုပ်ကများ ကောင်းနိုင်ပါမလဲနော်။ ခက်လည်း ခက်ထန်တယ်ပေါ့နော်။

        ဒါပေမယ့် ဒီအလုပ်စစလုပ်ချင်းမှာပဲ သူတို့ကို ကျွန်မ ကြိုးစားမယ်လို့ ကတိပေးခဲ့တယ်။ ကလေးတစ်ယောက်က ၁ဝဝ% ကြိုးစားရင်တောင် ကျွန်မက အစ ၁ဝဝဝ% ပိုကြိုးစားမယ်ဆိုပြီးတော့ပေါ့။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဖြတ်သန်းခဲ့ရပြီး ၂နှစ်လောက်ကြာတော့ သူတို့ကို လမ်းမှန်ပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်နိုင်အောင် ပဲ့ကိုင်ပေးနိုင်ခဲ့တယ်။ SoyAi ကိုလည်း သူတို့ဘာသာပဲ စီမံနိုင်အောင် သင်ပြပေးခဲ့တယ်။ အခုတော့ ကျွန်မက အကြံပေးတာလောက်ပဲ လုပ်တော့တယ်လေ။ သူတို့လေးတွေ ကိုယ်တိုင် စီမံလုပ်ကိုင်ကုန်ကြပြီ အခုဆို။

        SoyAi ကို လုပ်ကိုင်နေကြတဲ့ ကောင်လေးတွေက ၂ဝ၁၅ နိုဝင်ဘာမှာ ကွာလာလမ်ပူမှာ ကျင်းပတဲ့ ASEAN Impact Challenge for Myanmar ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒါဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာသိမ်ငယ်မှုတွေကို ဖယ်ရှားပေးလိုက်နိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ ကျွန်မထင်ပါတယ်။ နိုင်ငံတကာက ဆရာကြီးတွေ၊ လူတော်တွေနဲ့ စင်မြင့်ထက်မှာ ယှဉ်ရပ်ပြီး ပြိုင်ဆိုင်ရတယ်။ ဒါဟာ သူတို့ရောက်သင့်တဲ့ နေရာတစ်ခုပဲမဟုတ်လား။ ဒီအခြေအနေကို မရောက်ခင်အထိတော့ ကိုယ့်ကိုယ်ကိုယုံကြည်တဲ့စိတ်ကို မွေးမြူနိုင်ဖို့ သူတို့အခက်အခဲတွေအများကြီး တွေ့ခဲ့ရတယ်လေ။

၁ဝ။ အစ်မက CMHL မှာ ဈေးကွက်ဆိုင်ရာအတိုင်ပင်ခံတစ်ယောက်အဖြစ် လုပ်ကိုင်နေတယ်။ ပြီးတော့ Strategy First မှာလည်း Digital Marketing နဲ့ပတ်သတ်ပြီး နည်းပြလုပ်နေတာကိုလည်း တွေ့ရတယ်ပေါ့နော်။ ဒီ marketing လောကထဲကို ရောက်တာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ကျွန်မဘဝတစ်ခုလုံးလို့ပဲ ပြောရမှာပေါ့။ ဘဝတစ်ခုလုံး marketing လုပ်လာတာဆိုတော့ ဘယ်အချိန်က စလုပ်မိမှန်းတောင် မသိတော့ပါဘူး။

၁၁။ အနာဂတ်မှာ ကိုယ်ပိုင် marketing ကုမ္ပဏီတည်ထောင်ဖို့ ရည်ရွယ်ချက်ရှိသလား အစ်မ။

တော်ပါပြီ ညီမရယ်။ ကမ္ဘောဒီးယားမှာ ကုမ္ပဏီစထောင်တုန်းက မသန်စွမ်းတဲ့လူငယ်အချို့ကို ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ အဲ့ဒီမှာတုန်းကလည်း သူတို့လေးတွေရဲ့ ဘဝလေးတွေကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်မ ၅နှစ်ကြာရုန်းကန်ခဲ့ရတယ်။ မြန်မာနိုင်ငံကို ထွက်လာတဲ့အချိန်မှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၅ဝ%ကို သူတို့ကို ပေးခဲ့တယ်လေ။ “ရေကူးရင်ကူး၊ မကူးရင် နစ်မှာပဲ”ဆိုပြီး ထားခဲ့တာ။ ဒီရောက်တော့ အင်တာနက်လိုင်းမကောင်းလို့ သူတို့နဲ့ သိပ်ပြီး အဆက်အသွယ်မလုပ်ဖြစ်တော့ဘူး။ အခုဆို ကျွန်မရဲ့ အကူအညီမပါဘဲနဲ့လည်း သူတို့ဘာသာ ကုမ္ပဏီကို ကောင်းကောင်းလည်ပတ်နိုင်နေပြီလေ။ တချို့တွေဆို အိမ်ထောင်ကျပြီး ကလေးတွေတောင်ရကုန်ကြပြီ။ ကမ္ဘောဒီးယားက တချို့ဖောက်သည်တွေက ပြောကြတယ်။ “ဒီနေ့ အီလင်း ပေါက်စလေး ငါ့ကို လာတွေ့တယ်သိလား”တဲ့။ ကျွန်မလို ပုံစံတူလေးတွေပေါ့။

ကျွန်မကိုယ်တိုင် လုပ်ငန်းတွေ တည်ထောင်တာထက် ဒီလိုလေးတွေ များများလုပ်ပေးနိုင်ကြဖို့ မီနီအီလင်းလေးတွေ များများပေါ်ထွန်းအောင် ကြိုးစားရင် ပိုကောင်းမယ်လေ။      

ဒီလိုဖြစ်ရမယ်လို့တော့ ကျွန်မ ရည်ရွယ်မထားခဲ့ပါဘူး။ ကျွန်မမှာ အဲဒီ့လို အစွမ်းသတ္တိတွေလည်း မရှိပါဘူး။ (ရယ်လျက်)။ ကျွန်မရဲ့ ကျောင်းသားတွေထဲမှာ ကျွန်မနဲ့ တကယ်တူတဲ့ မီနီအီလင်း ကောင်လေးတစ်ယောက်ရှိတယ် သိလား။ ဟိုတစ်နေ့က အစည်းအဝေးလုပ်ပြီး ဆွေးနွေးကြတော့ သူကပဲဦးဆောင်ပြီး ဆွေးနွေးသွားတာ။ ကျွန်မကိုတောင် သူက ဆရာလုပ်လိုက်သေးတယ်။ ကျွန်မကတော့ ဆရာလုပ်တာကို ပြုံးပြုံးပဲ လက်ခံလိုက်တယ်။ ဒါကလည်း သူတို့ကို စိတ်ခွန်အားဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုပဲလေ။ အဖွဲ့ဝင်တစ်ယောက်ကတောင် ကျွန်မကို လာနောက်နေသေးတယ်။ “ဆရာလုပ်ခံရတဲ့ ခံစားချက်ကို သိပြီလား”တဲ့။ တကယ်ကို ပျော်စရာကောင်းပါတယ်။ ပီတိလည်းဖြစ်မိပါတယ်။

၁၂။ အစ်မရဲ့ marketing စွမ်းရည်တွေကို အမြဲတမ်းတိုးတက်အောင် ဘာတွေလုပ်ဖြစ်လဲ။ marketing ပိုင်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်အောင်လို့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်တယ်ဆိုတာကိုရော ပြောပြပေးပါဦးရှင်။

         အဓိကကတော့ စာဖတ်တာပေါ့။ အခုခေတ်မှာတော့ ဒီပညာရပ်တွေလေ့လာဖို့က အရမ်းကို လွယ်ကူပါတယ်။ ကျွန်မတို့ခေတ်ကဆိုရင် အသိဉာဏ်ကြွယ်ဝဖို့ စာအုပ်ကောင်းတွေကို အချိန်ပေးပြီးရှာဖတ်ခဲ့ရတယ်။ ဒီခေတ်မှာတော့ အင်တာနက်ပေါ်မှာတက်ပြီး အလွယ်တကူ ရှာလိုက်ရုံပဲ။ ဒီတော့ ကျွန်မလည်း အခု အွန်လိုင်းကနေပဲ ရှာဖတ်တော့တယ်။

        ပညာရှာတဲ့အချိန်မှာ ဘယ်တော့မှ လုံလောက်တယ်ဆိုတာမရှိပါဘူး။ ဒါ့ကြောင့် အမြဲလိုလို လေ့လာသင်ယူပါ။ Marketing ဆိုတာ ခေတ်ရေစီးကြောင်းနဲ့အညီ ပြောင်းလဲပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ပညာတစ်ခုပေါ့နော်။ ဒီတော့ ကိုယ့်ကိုယ်ကို marketing လုပ်ရတာ ရိုးသွားပြီ၊ ပျင်းလာပြီလို့ ထင်နေရင် marketing အလုပ်ကို စွန့်လွှတ်လိုက်ဖို့ အချိန်ရောက်နေပြီလို့ ယူဆလိုက်ပါ။ ကျွန်မနဲ့ ကျွန်မခင်ပွန်းနဲ့ဆို marketing နဲ့ ပတ်သတ်ပြီး အမြဲစကားနိုင်လုကြတယ်။ သူကလည်း marketing လုပ်နေသူတစ်ယောက်ပဲလေ။ ဒီလို စကားနိုင်လုတိုင်း ကျွန်မလေ့လာထားတဲ့အရာတွေက ကျွန်မကို အရမ်းအထောက်အကူဖြစ်စေတယ်။

၁၃။ အစ်မရဲ့ ဘဝနေထိုင်မှုက အရမ်းကို ရိုးရှင်းတယ်နော်။ “အရိုးရှင်းဆုံးက ခေတ်အမီဆုံးပဲ”ဆိုတဲ့ စကားလေးကိုတောင် သတိရမိတယ်။ ဒီလို ရိုးရှင်းပြီး ပကာသနကင်းတဲ့ ဘဝနဲ့ နေထိုင်ဖို့ ဘယ်အရာတွေက တွန်းအားပေးခဲ့တာလဲ။

        ကျွန်မက ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းခဲ့ရတော့ ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိခဲ့တယ်လေ။ ငယ်ငယ်ကဆို စိတ်ကူးယဉ်ဖူးတယ်။ တစ်နေ့ကျရင် ကား၁ဝစီး၊ အိမ်ဖော် ၁ဝယောက်ပိုင်တဲ့ သန်းကြွယ်သူဌေးမကြီးဖြစ်ချင်တယ်လို့ပေါ့။ ဒါပေမယ့် တကယ်တမ်း ပိုက်ဆံလည်းရှာနိုင်ခဲ့ရော တစ်ကျပ်တစ်ကျပ်ကိုယ် ဘယ်လို ကြိုးပမ်းပြီး ရှာရသလဲဆိုတာ တန်ဖိုးသိလာတယ်လေ။ ဒီတော့ ကိုယ်ကြိုကြိုးစားစားနဲ့ ရှာထားတဲ့ ပိုက်ဆံတွေကို ဒီလိုဂုဏ်ပကာသနတွေအတွက် သုံးတာက မသင့်တော်ဘူးလို့ တွေးမိလာတယ်ပေါ့နော်။ တစ်ခါကဆို ကျွန်မရဲ့ ဖိနပ်အဟောင်းလေးကို ဆယ်ခါလောက် ပြဲလိုက်၊ ချုပ်လိုက်၊ ပြန်ပြဲလိုက်ဖြစ်နေတော့ ဖိနပ်ချုပ်သမားက “ဖိနပ်အသစ်ဘာလို့မဝယ်သေးတာလဲ” လို့တောင် အမေးခံရသေးတယ်။ အခုထိ မှတ်မှတ်ရရဖြစ်နေသေးတာပေါ့။

          အဝတ်အစားဆိုရင်လည်း ကျွန်မမှာ အဝတ်ဘီဒိုသေးသေးလေးပဲရှိတာ။ ပွဲတွေ၊ အခမ်းအနားတွေဆို သိပ်မတက်ဖြစ်ဘူး။ ဒါပေမယ့် မိတ်ဆွေတော်တော်များများကတော့ ပြောပါတယ်။ ကျွန်မက တီရှပ်နဲ့ ဘောင်းဘီဝတ်ထားလည်း လှတာပဲတဲ့။(ရယ်လျက်)။ ဒီပုံစံနဲ့ ဝန်ထမ်းတွေနဲ့ပဲ ညဘက်အပြင်ထွက်ပြီး ပျော်ပျော်ရွှင်ရွှင် သွားလိုက်လာလိုက်ပေါ့။ တကယ်တော့ ကျွန်မခင်ပွန်းနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေကို မဖြစ်မနေတက်ရတာတွေရှိတယ်။ တကယ်တမ်းတော့ ကျွန်မက ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းဘူး။ ပြီးတော့ လူများတာကို မကြိုက်ဘူး။ ကျွန်မ အခမ်းအနားတက်တဲ့ ပုံတွေ Facebookမှာ တင်တိုင်း အမေက အမြဲ comment ပေးတယ်။ “နင် ဒါကြီးပဲဝတ်ပြန်ပြီလား” တဲ့။ (ရယ်လျက်)။

          ပြီးတော့ အိမ်သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ကျွန်မနဲ့ ကျွန်မအမျိုးသား အတူတူ မျှပြီးလုပ်ကြရတယ်။ ကျွန်မက အိမ်မှုကိစ္စလုပ်ရတာကို အရမ်းမုန်းတယ်။ ဒီတော့ ကျွန်မစိတ်ကူးထဲက အိမ်အကြီးကြီးက ပိုဝေးသွားတာပေါ့။ အိမ်ကြီးလေ သန့်ရှင်းရေးပိုလုပ်ရလေ မို့လား။ ပြီးတော့ ကျွန်မနဲ့ ကျွန်မခင်ပွန်းက ဘယ်တုန်းကမှ အိမ်ဖော် မထားခဲ့ဘူးလေ။

ဒီတော့ ကျွန်မတို့ အိမ်အလုပ်တွေအတွက် ကျွန်မတို့နှစ်ယောက်ပဲ တာဝန်ခွဲကြတယ်။ ပြီးတော့ ကျွန်မက ကိုယ့်ပစ္စည်းတွေ၊ ကိုယ့်အသုံးအဆောင်တွေကို ကိုယ်တိုင်စီမံလုပ်ကိုင်ရတာကို ကြိုက်တယ်၊ စိတ်မြန်လက်မြန်လည်းရှိတယ်။ ပြောရရင်တော့ OCD (Obsessive-compulsive disorder) ပေါ့။ ဒီတော့ ကိုယ်တိုင်ပဲ လုပ်ဖြစ်တယ်။ ကျွန်မခင်ပွန်းက Samsung ရဲ့ marketing ခေါင်းဆောင်မကလို့ ဘုရင်ပဲဖြစ်နေနေ ကျွန်မအတွက်ကတော့ ကျွန်မရဲ့ ခင်ပွန်းပဲလေ။ ဒီတော့ ဖုန်စုပ်တာ၊ တံမြက်စည်းလှည်းတာ သူလုပ်ရတာပေါ့။

ဒါပေမယ့် မြန်မာနိုင်ငံကိုရောက်ပြီး တစ်နှစ်အကြာမှာတော့ ကျွန်မတို့ အိမ်အကူကောင်မလေးတစ်ယောက်ကို ခေါ်ခဲ့တယ်။ ကောင်းမလေးရဲ့ အမေက ဒုက္ခရောက်နေတော့ သူတို့ သမီးလေးကို အလုပ်ပေးပါဆိုပြီး တောင်းဆိုခဲ့တာနဲ့ ထားဖြစ်ခဲ့တာပေါ့။ သူက တစ်ပတ်ကိုနှစ်ခါ အိမ်ကိုလာပြီး တံမြက်စည်းလှည်း၊ ကြမ်းတိုက်တာတွေ လုပ်ပေးတယ်။ အဲဒီ့ကောင်မလေးကတော့ ကျွန်မတို့အတွက် ဆုလာဘ်တစ်ခုပါပဲ။ သူကအရမ်းသဘောကောင်းတယ်။ ပြီးတော့ သူက ကောလိပ်တက်နေတာတဲ့။ ဒါပေမယ့် အခုထိတော့ ကျွန်မက အဝတ်လျှော်တယ်၊ ကျွန်မခင်ပွန်းက မီးပူတိုက်တယ်။ ဒါတွေကို ကိုယ့်ဘာသာကိုယ် လုပ်နေကြတုန်းပဲလေ။

ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ ဘဝအတိုင်းပဲကောင်းပါတယ်။ ဘာလို့များ ရှုပ်ထွေးအောင်လုပ်မလဲ။ မဟုတ်ဘူးလား။ အရာအားလုံးကို ရိုးရိုးလေးပဲထားတယ်။ ကျွန်မရဲ့ အားနည်းချက်က အစားအသောက်နဲ့ စာအုပ်တွေပဲ။ ကျွန်မကို စာအုပ်ဆိုင်မှာ တစ်ယောက်တည်းပစ်ထားကြည့်လိုက်။ ရှိသမျှကုန်အောင် ဝယ်ပစ်လိမ့်မယ်။ ဒီတော့ ဒီနေရာမှာတော့ ဘေးက ထိန်းတဲ့သူတစ်ယောက်လိုတယ်။ (ရယ်လျက်)

၁၄။ တချို့လူတွေက အောင်မြင်တဲ့ဘဝဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ တိုင်းတာကြတယ်။ အစ်မကရော။ အစ်မခံယူထားတဲ့ အောင်မြင်တဲ့ဘဝဆိုတာ ဘယ်လိုဘဝမျိုးလဲ။

        ကျွန်မရဲ့ အဘွားက ကျွန်မကို ပြောဖူးတယ်။ ‘‘ဘာပဲလုပ်လုပ် ကိုယ့်ကိုပျော်ရွှင်စေမယ့် အလုပ်ကိုပဲလုပ်တဲ့“။ ကျွန်မ အဘွားက ပညာမတတ်ဘူး။ ကျောင်းတောင်မနေခဲ့ရဘူး။ ဒါပေမယ့် အဘွားက ကျွန်မသိသမျှလူတွေထဲမှာ ပညာဉာဏ်အကြီးမားဆုံးသူတစ်ယောက်လို့ ကျွန်မယုံကြည်တယ်။ သန်းကြွယ်သူဌေးမကြီး ဖြစ်စေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မအလုပ်တွေကို သေလုနီးပါးကြိုးစားနေတဲ့အချိန် အဘွားက ကျွန်မကို ပြောခဲ့တယ်။ “ပိုက်ဆံရဖို့ အတွက်နဲ့ ဒေါသထွက်ရတာတွေ၊ စိတ်ဖိစီးမှုတွေဖြစ်ရတာ အဓိပ္ပာယ်ရှိလို့လား”တဲ့။ အဘွားပြောတာ သိပ်ကိုမှန်ပါတယ်။

         ဒီတော့ ကျွန်မ သတ်မှတ်ထားတဲ့ အောင်မြင်တဲ့ဘဝကို ပြောရမယ်ဆိုရင် အောင်မြင်တဲ့ဘဝဆိုတာ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်ပြီး စိတ်ချမ်းသာပျော်ရွှင်နေရတဲ့ ဘဝပါပဲ။

၁၅။ အစ်မက Triathlon (ရေကူး၊ စက်ဘီးစီး၊ အပြေးသုံးခုပေါင်းထားသော အားကစား) ပြိုင်ပွဲတွေ ပြိုင်တယ်လို့လည်း သိရပါတယ်။ ဘယ်အချိန်ကစပြီး ဒီအားကစားကို လုပ်ဖြစ်တာလဲ။

ကျွန်မဘဝမှာ အသက်ကြီးမှ အားကစားလုပ်ဖြစ်တာပါ။ အဲဒီ့အတွက်လည်း နောင်တရမိတယ်။ ကျွန်မမိဘတွေက ကျွန်မကို စာတော်စေချင်လို့ ပညာရေးမှာပဲ အာရုံစိုက်ခိုင်းတယ်။ သူတို့ဆုံးဖြတ်တာလည်း မှန်ပါတယ်လေ။

ကျွန်မလုပ်ငန်းတွေ စတင်တည်ထောင်ပြီး အခြေကျပြီဆိုမှ Triathlon ကို စပြီးလေ့ကျင့်ဖြစ်ခဲ့တာ။ လုပ်ငန်းတည်ငြိမ်စပြုလာတော့ ကျွန်မ အားကစားလိုက်စားဖို့ အပိုဝင်ငွေလေးတွေ ရှာနိုင်တဲ့အချိန်ပေါ့။

၁၆။ ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုရော နေ့စဉ်လုပ်ဖြစ်လား။ အစ်မရဲ့ fitness goal ကရော ဘာဖြစ်မလဲ။

နေ့တိုင်း ကျွန်မလေ့ကျင့်ခန်းလုပ်ပါတယ်။ မိုးရွာရွာ၊ နေပူပူ၊ နှင်းကျကျ၊ နောက်ဆုံးဖျားနေရင်တောင် ကျွန်မ တစ်ရက်မှမပျက်ကွက်ဘဲ လေ့ကျင့်ခန်းလုပ်တယ်။ တစ်ခါတလေ မိုးရေထဲမှာ ပြေးနေတဲ့ နိုင်ငံခြားသူတစ်ယောက်ကိုမြင်ရင် ကျွန်မလို့ပဲ မှတ်လိုက်ပါ။

ကျွန်မက ပြိုင်ဆိုင်ဖို့အတွက် လေ့ကျင့်တယ်။ ကျွန်မဝင်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ၁ ကနေ ၁ဝအတွင်း ဝင်အောင် အမြဲကြိုးစားတယ်။ ကျွန်မလုပ်နေတဲ့ အားကစားတိုင်းက ဝါသနာကြောင့်တင် မဟုတ်ဘူးလေ။ လေ့ကျင့်ခန်းတွေလုပ်ရင်း ဒဏ်ရာတွေရတယ်၊ တံတောင်ပြဲတယ်၊ ဒူးကွဲတယ်။ အရမ်းလေ့ကျင့်လွန်းလို့လေ။ ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင်လုပ်ရင်း နည်းပညာအသစ်တွေကို အမြဲတမ်းလေ့လာသင်ယူတယ်။ ဒါမှ သူများတွေကို ပိုကောင်းအောင် နည်းပြနိုင်မှာပေါ့။ ကျွန်မခင်ပွန်းရဲ့ အားပေးမှုတွေကြောင့် Fitness Instructor certification နဲ့ Crossfit L-1 Trainer certification တွေကို ရအောင်ယူနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲတွေဆို ခဏတိုင်းပြိုင်တယ်။ ပြိုင်တိုင်းလည်း ၁ကနေ ၁ဝအတွင်းဝင်အောင် ကြိုးစားခဲ့တာပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက YOMA ကလုပ်တဲ့ 21km အပြေးပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။ ၂နာရီအတွင်း ပန်းဝင်အောင် ပြေးနိုင်ခဲ့ပေမယ့် ၁ကနေ ၁ဝအတွင်း မဝင်လို့ စိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခါ ထပ်ပြိုင်မယ်ဆိုရင်တော့ ထိပ်ဆုံး ၁ဝယောက်စာရင်းဝင်အောင် သေချာကြိုးစားမယ်လို့ တွေးထားတယ်။

၁၇။ အစ်မအကြိုက်ဆုံး အားကစားက ဘာဖြစ်မလဲ။ ပြီးတော့အားကစားက လူတွေအတွက် ဘာ့ကြောင့် အရေးကြီးလဲဆိုတာ ပြောပြပေးပါဦး။

          ရေကူး၊ စက်ဘီးစီး၊ အပြေး၊ Triathlon ပေါ့။

အားကစားလုပ်တာက ခန္ဓာကိုယ်အတွက်တင်မဟုတ်ဘူး စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးဖြစ်စေပါတယ်။ တစ်ပတ်မှာ ၇ရက်ရှိတယ်ဆိုရင် ၇ရက်လုံးတော့ တက်တက်ကြွကြွနဲ့ အားကစားလုပ်ချင်စိတ် ဘယ်ရှိမလဲနော်။ ၂ ရက်၊ ၃ရက်လောက်တော့ တက်ကြွနေတာပဲ။ ဒါပေမယ့် ကျန်တဲ့ ၄၊ ၅ ရက်က ကိုယ့်ဘာသာကိုယ် တွန်းအားတွေပေးပြီး လုပ်ရတာပေါ့။

         ကျွန်မက အားကစားကို မနက်စောစောမှာ လေ့ကျင့်ဖြစ်တယ်။ စနေနေ့ကလွဲပြီး မနက်တိုင်း ၃နာရီခွဲမှာ အိပ်ရာထတယ်။ ပြီးတော့ အားကစားတွေကို ကျွန်မဘာသာဆွဲထားတဲ့ အချိန်ဇယားအတိုင်း၊ အစီအစဉ်အတိုင်း လုပ်တယ်။ စိတ်ညစ်နေတဲ့နေ့တွေ၊ စိတ်လန်းလန်းဆန်းဆန်းမရှိတဲ့နေ့တွေဆိုရင် အားကစားမလုပ်ချင်ဘူး။ ကိုယ်တိုင်ဆွဲထားတဲ့ အစီအစဉ်ပဲ။ ကျွန်မဘာသာ လုပ်လုပ်မလုပ်လုပ်ရတယ်လေ။ ဒါပေမယ့် ကျွန်မ မဖြစ်မနေလုပ်ခဲ့တယ်။ စိတ်ဓာတ်တက်ကြွတဲ့ နေ့ကောင်းတွေက ကောင်းခြင်းတွေပေးတယ်။ စိတ်ညစ်နေတဲ့ နေ့ဆိုးတွေကတော့ စိန်ခေါ်မှုတွေကို ဖြစ်စေတယ်။ ကိုယ့်ရဲ့ စိတ်ကို ပြန်စိန်ခေါ်နိုင်ဖို့ ဘာလုပ်မှာလဲ။ လက်လျှော့မှာလား။ ကိုယ့်ကိုယ်ကို တွန်းအားပေးမှာလား။ အဲ့လိုစဉ်းစားပြီး အမြဲတမ်းလေ့ကျင့်ဖြစ်တယ်။

        ကျွန်မဒီလို ကိုယ့်ကိုယ်ကိုတွန်းအားပေးလွန်းလို့ ကျွန်မခန္ဓာကိုယ်ကြီးကတောင် ကျွန်မကို မုန်းနေလောက်ပြီ။ ဒါပေမယ့်လေ ဒီနေ့မနက်မှာ လေ့ကျင့်ခန်းမလုပ်ချင်လို့ အလွယ်တကူလက်လျှော့လိုက်ရင် တစ်နေ့လုံး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတတ်တယ်။ အဲ့ဒီခံစားချက်ကြီးကို ကျွန်မအရမ်းမုန်းတာ။ စိတ်ညစ်စရာကြီး။ ကိုယ်တိုင်လုပ်ထားတဲ့ ပန်းတိုင်သေးသေးလေးကိုတောင် ဖြစ်အောင်မလုပ်နိုင်ရင် ကျွန်မက အသုံးမကျတဲ့သူဖြစ်သွားမှာပေါ့။ ဒီတော့ ကျွန်မ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်အောင်ကို လုပ်တယ်။

ဒီတော့ အားကစားတွေကို ခံနိုင်ရည်ရှိရှိနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်နိုင်တဲ့သူတွေကို ကျွန်မ အရမ်းလေးစားတယ်။ အားကစားဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အရမ်းကို အထောက်အကူဖြစ်စေတယ်ပေါ့နော်။ ၂ ကီလိုမီတာ ရေကူးတယ်။ သူများတွေဆို ညည်းချင်ညည်းကြလိမ့်မယ်။ ဒါပေမယ့် ချက်ချင်းပဲ ကျွန်မ ၉ဝကီလိုမီတာ စက်ဘီးစီးတယ်။ ပြီးတော့ ၂၁ ကီလိုမီတာ ပြေးတယ်။ ကျွန်မလုပ်နေတာတွေကို စဉ်းစားသာကြည့်တော့။

        ၂ဝ၁၄ ခုနှစ်မှာ Children of Tomorrow ရဲ့ ရန်ပုံငွေအတွက် Wheels of Hope Ride ကလုပ်တဲ့ ပွဲမှာ ၁၉၂ ကီလိုမီတာ စက်ဘီးစီးခဲ့တယ်။ ပြီးလဲပြီးရော လမ်းလည်းမလျှောက်နိုင်၊ လှေကားလည်းမတက်နိုင်လောက်အောင်ကို ညောင်းကိုက်နေတော့တာပဲ။

ပြီးတော့ ကျွန်မဝန်ထမ်းခန့်ရမယ်ဆိုရင် အားကစားကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့သူတွေကို ခန့်ချင်တယ်။ အားကစားကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့သူက စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေပြီး စည်းကမ်းရှိတယ်ဆိုတာ သက်သေပြစရာလိုအောင်ကို မှန်ကန်နေတယ်လေ။ ကျွန်မလို အစားအသောက်မက်တဲ့သူတစ်ယောက်အတွက်ကလည်း အစားအသောက်ဆင်ခြင်ဖို့က စည်းကမ်းတင်းကြပ်ပြီး ကန့်သတ်ထားဖို့လိုတယ်လေ။

       Real Fitness မှာ အခုကျွန်မ လေ့ကျင့်ပေးနေတဲ့ အမျိုးသမီးတစ်ဖွဲ့ရှိတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့၊ ကျန်းမာဖို့ ကျွန်မလေ့ကျင့်ပေးသမျှကို အနာခံ၊ အပင်ပန်းခံပြီး ဇွဲရှိရှိလုပ်ကြတယ်။ သူတို့ရဲ့ လက်မလျှော့တဲ့ စိတ်ကို ကျွန်မကြိုက်တယ်။ လေးလည်းလေးစားတယ်။ သူတို့ နေ့တိုင်း မပျက်မကွက်လာတယ်၊ ပြီးတော့ တကယ်ကြိုးစားပြီးလည်း လုပ်တယ်။

၁၈။ အားကစားလုပ်တာရယ်၊ Strategy First မှာ စာသင်တာရယ်၊ ပြီးတော့ ဈေးကွက်ဆိုင်ရာ အကြံပေးတဲ့အလုပ်ရယ်၊ ဒီအလုပ်တွေကြား အချိန်ကို မျှတအောင် ဘယ်လိုစီမံနေသလဲဆိုတာ ပြောပြပါဦး။

       ကျွန်မရဲ့အချိန်တွေကို ကျွန်မ ကောင်းကောင်းစီမံနိုင်ပါတယ်။ ဒီလိုဖြစ်အောင်တော့ ကျွန်မ မနက် ၃နာရီခွဲ ထရတယ်လေ။ မနက် ၇နာရီခွဲမတိုင်ခင် လေ့ကျင့်တာတွေကို အကုန်ပြီးအောင်လုပ်တယ်။ ပြီးတော့ အိမ်ပြန်တယ်၊ ရေချိုးတယ်၊ ပြီးတော့ အဝတ်လျှော်တယ်။ အဝတ်လျှော်တာကတော့ မကြိုက်လည်း လုပ်နေရတာပါပဲ။ ပြီးတော့ ကျွန်မတို့နှစ်ယောက်အတွက် မနက်စာနဲ့ နေ့လည်စာချက်တယ်။ ပြီးတော့ အလုပ်သွားတယ်။

       ကျွန်မအကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်နေရင် အဲ့ဒီအလုပ်မှာပဲ အာရုံထားတယ်။ Strategy First မှာ သင်နေရင် စာသင်ဖို့အတွက်ပဲ အာရုံစိုက်တယ်။ တခြား ဘာဖုန်းလာလာ မကိုင်ဘူး။ အဲဒီ့လိုပဲ၊ fitness class မှာသင်တန်းပေးနေရင် အဲဒီ့သင်တန်းမှာပဲ စိတ်ကိုနှစ်ထားတယ်။ ဒါမှလည်း ကျွန်မရဲ့ မတူညီတဲ့အလုပ်တွေအတွက် မျှတမှာပေါ့။ မဟုတ်ဘူးလား။

ပြီးတော့ ကျွန်မအချိန်တွေကို SoyAi က ကလေးတွေအတွက် မျှပေးတယ်။ ပျော်ရွှင်မှုအတွက်လည်း အချိန်ပေးတယ်။ ပြီးတော့ နောက်တစ်ပတ်ရဲ့ အလုပ်အစီအစဉ်တွေဆွဲဖို့ အချိန်ပေးပြီး ပြင်ဆင်တယ်။

၁၉။ မြန်မာနိုင်ငံရဲ့ ပညာရေးက တိုးတက်ဆဲရှိသေးတာ အစ်မအမြင်အတိုင်းပါပဲ။ ပြီးတော့ လူငယ်တွေပေါ့။ လူငယ်တွေ တော်တော်များများ ဘွဲ့ရပြီးတဲ့နောက် လုပ်ချင်တာနဲ့ လုပ်ရတဲ့အလုပ် လွဲနေတာတွေ၊ ရည်မှန်းချက်ပျောက်နေတာတွေ ဖြစ်နေပါတယ်။ သူတို့အတွက် အစ်မ ဘာများ အကြံပေးချင်ပါသလဲ။ ဒီလို ဝါသနာနဲ့ အလုပ် တလွဲစီဖြစ်နေတာတွေကို လျှော့ချဖို့ ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။

Pokemon ဂိမ်းကစားနေတာတွေကို ရပ်ပြီး အသုံးဝင်တဲ့ လူငယ်တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါလို့ အရင်ပြောချင်ပါတယ်။

လောကမှာ လူ ၃မျိုးရှိတယ်။
– ဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့သူ
– ဖြစ်ရပ်တွေကို ဖန်တီးတဲ့သူ
– ပြီးတော့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်တဲ့သူဆိုပြီးတော့ပေါ့။

ဒီတော့ မင်းဘယ်အမျိုးအစားထဲမှာ ပါချင်သလဲပေါ့။

          ဒီက ပညာရေးစနစ်က ကောင်းကောင်းမဖွံ့ဖြိုးသေးတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အသုံးမကျမှုတွေအတွက် ပညာရေးစနစ်ကြီးကို ထိုင်အပြစ်တင်နေမှာပဲလား။ ပညာရေးစနစ်မကောင်းတာနဲ့ပဲ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိအဖြစ်ခံမှာလား။

         ကျွန်မဒီလို အခြေအနေရောက်ဖို့ ကျွန်မကို ဘယ်အစိုးရကမှ ထောက်ပံ့မပေးခဲ့ပါဘူး။ ကျွန်မအတန်းတိုင်းမှာ အမြဲ အဆင့် A ရခဲ့တယ်။ ကျွန်မ မိဘတွေကလည်း အစိုးရကျောင်းဆရာတွေပဲလေ။ ကျွန်မတက္ကသိုလ်ဝင်တန်းအောင်တော့ ၉ဘာသာမှာ ၈ဘာသာက အဆင့် A ရခဲ့တယ်။ ဒီတော့ ကျွန်မ အစိုးရပညာသင်ဆု လျှောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ အငြင်းခံရတယ်။ အကြောင်းပြချက်က ကျွန်မက တရုတ်တစ်ယောက် ဖြစ်နေလို့တဲ့လေ။ ပြောရမှာ စိတ်မကောင်းပေမယ့် မလေးရှားမှာ ဒီလို လူမျိုးရေးခွဲခြားမှုတွေ ရှိနေတုန်းပဲ။ ဒီတော့ ကျွန်မကို ထောက်ပံ့မပေးလို့ ကျွန်မ အစိုးရကို အပြစ်တင်ပြီး ဒေါသထွက်နေရမှာလား။ စနစ်ကြီးကို အပြစ်တင်နေရမှာလား။ လုံးဝမလုပ်ဘူးလေ။ ကျွန်မက ကြိုးစားဖို့အတွက်လူဖြစ်လာတာဆိုတော့ ကျွန်မဆက်ပြီး ရုန်းကန်တယ်၊ ကြိုးစားတယ်။ အစိုးရမှာ ကျွန်မအတွက်နေရာမရှိဘူးဆိုရင် ပုဂ္ဂလိကမှာ ရအောင်ကြိုးစားတယ်။ Scholar မရမချင်း ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ကြိုးစားခဲ့တယ်။

        ကြားရတာ နည်းနည်းတော့ ကသိကအောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဘဝမှာ ဘယ်တော့မှ အလျော့မပေးဘူး။ အခွင့်အရေး မရှိရင် ကိုယ်ကိုယ်တိုင် ဖန်တီးတယ်။ ကိုယ့်ကို တံခါးဖွင့်ပြီး ဝင်ခွင့်မပေးဘူးမို့လား။ တံခါးရှေ့မှာ ထိုင်ပြီးငိုမနေဘူး။ ချက်ခြင်းထရပ်ပြီး တံခါးကို ရိုက်ချိုပြီး အခွင့်အရေး ရယူတယ်။ ဟုတ်တယ်၊ ကျွန်မက အဲဒီ့လို စိတ်ဓာတ်ပြင်းထန်တဲ့ လူမျိုးလေ။

        ဒီတော့ ဒါတွေအကုန်လုံးက ကိုယ့်ခံယူချက်နဲ့ ဆိုင်တယ်လို့ပဲ ပြောပါရစေ။ ဒီခေတ်မှာတော့ ကျောင်းသားကျောင်းသူတွေအတွက် အထောက်အပံ့ကောင်းတွေ အများကြီးရှိနေပါပြီ။ လူငယ်အသင်းအဖွဲ့တွေ၊ စွန့်ဦးလုပ်ငန်းရှင်အစီအစဉ်တွေ၊ အလုပ်ရုံတွေ၊ အကြံဉာဏ်ပြိုင်ဆိုင်မှုတွေပေါ့နော်။ ဒီတော့ အခုခေတ်လူငယ်တွေအတွက် လမ်းပျောက်နေတယ်ဆိုပြီး မမြင်မိဘူး။ လမ်းပျောက်တယ်ဆိုတာ ကိုယ့်ခံယူချက်နဲ့ပဲ ဆိုင်တာပါ။

        ပြီးတော့ ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတစ်ခုက “အချိန်”ပဲ။ ဘွဲ့ရဖို့အတွက် Australia ကို scholarship နဲ့ သွားရတယ်။ ကျွန်မ ပညာသင်ဆုရကတည်းက စာသင်နှစ်တစ်နှစ်ကို ၆ဘာသာယူခဲ့တယ်။ မယူမနေရကတော့ ၄ဘာသာပေါ့နော်။ ပြီးတော့ ကျွန်မရဲ့ပညာသင်ဆုကို ကောင်းကောင်းအသုံးချခဲ့တယ်။ ကျွန်မအသုံးစရိတ်အတွက် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့တယ်။ ပညာသင်ထောက်ပံ့ကြေးက ကျောင်းစရိတ်နဲ့ နေစရိတ်အတွက်ပဲ ပါတာကိုး။ ဒါပေမယ့် ကျွန်မ အလုပ်ဘယ်လောက်လုပ်လုပ် assignment တွေကို အချိန်မီတင်နိုင်ခဲ့တယ်၊ စာလုပ်တယ်၊ အမှတ်ကောင်းတွေရအောင် ဆက်ထိန်းထားခဲ့တယ်။ ဘာလို့လည်းဆိုတော့ အမှတ်ကောင်းမှ ပညာသင်ဆုက ဆက်ရနေမှာကိုး။ ကျွန်မတောင် ဒီလိုကြိုးစားနေနိုင်မှတော့ ရှင်တို့လည်း ကြိုးစားနိုင်ရမှာပေါ့လို့ ပြောလိုက်တိုင်း ကျွန်မပြန်ပြောခံရတယ်။ “ကျွန်တော်က အစ်မမှမဟုတ်တာကိုး” တဲ့။ ဒီအဖြေကို ရတော့ ကျွန်မပိုလို့တောင် စိတ်ညစ်မိသေးတယ်။ ဟုတ်တယ်လေ။ သူက ကျွန်မမှမဟုတ်တာ။ ကျွန်မလို ရုန်းကန်ချင်တဲ့စိတ် မရှိဘူး။ ဒါက ကျွန်မဖြစ်ခြင်း မဖြစ်ခြင်းနဲ့မဆိုင်ဘူး။ ဒါက ခံယူချက်နဲ့ပဲဆိုင်တာလေ။ မဟုတ်ဘူးလား။

 ၂ဝ။ အမျိုးသမီးအများစုဟာ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း သူတို့ကိုယ်သူတို့ အိမ်ရှင်မဘဝမှာပဲ ရာနှုန်းပြည့်မြှုပ်နှံလိုက်ကြတယ်။ ကိုယ်ပိုင်အရည်အချင်းတွေ၊ ပညာတွေကို ပိုမိုတိုးတက်အောင် မလေ့လာကြတော့ဘူး။ ဒီလို လုပ်ငန်းခွင်နဲ့ အိမ်ထောင်သည်ဘဝကြား မျှတအောင်လုပ်ဖို့ ခက်ခဲနေတဲ့ အမျိုးသမီးတွေအတွက် အကြံကောင်းလေး ပေးပါဦး။

အင်း… ဒိကိစ္စနဲ့ပတ်သတ်ပြီး အကြံပေးဖို့၊ ဝေဖန်ဖို့ ကျွန်မကိုကျွန်မတောင် မသေချာသေးဘူး။ ကျွန်မအဘွားနဲ့ ကျွန်မမိဘတွေက အမြဲတမ်းကျွန်မကို အပြစ်တင်ပြီး ပြောတတ်တယ်။ “ဟဲ့…နင်ဘာလို့ အိမ်ထောင်ရှင်မတစ်ယောက်လို မနေတာလဲ”တဲ့။ ကျွန်မအမျိုးသားကတော့ ကျွန်မ လွတ်လွတ်လပ်လပ်နဲ့ ပျော်သလိုနေတတ်တာကို အပြည့်အဝနားလည်ပေးတယ်။ ပြောရရင်တော့ ကျွန်မ အရမ်းကံကောင်းတာပေါ့။

ကလေး မယူဖို့ ဆုံးဖြတ်ခဲ့တာလည်း ကိုယ့်ကိုယ်ကို မှန်တယ်လို့ထင်တာပဲ။ ကျွန်မ သေချာပြုစုပျိုးထောင်နိုင်မှာ မဟုတ်ဘူး။ ကျွန်မမိတ်ဆွေတွေအများကြီး ကလေးတစ်ဖက်နဲ့ အလုပ်ကိုလည်း အောင်အောင်မြင်မြင်လုပ်နေတာကို တွေ့ရတယ်။ ကျွန်မသူတို့ကို အရမ်းလေးစားတာပဲ။

၂၁။ အစ်မက တကယ့်ကို စိတ်ဓာတ်ခိုင်မာတယ်၊ smart ကျတယ်၊ စွမ်းရည်တွေရှိတယ်၊ ကြင်နာတတ်တယ်၊ ပြီးတော့ လေးစားဖို့လည်းကောင်းတယ်။ ဒီလိုဖြစ်လာစေတဲ့ ဘဝအခိုက်အတန့်လေးတွေရှိမှာပေါ့။  အစ်မဘဝရဲ့ ဘယ်အဖြစ်အပျက်က အစ်မကိုဒီလိုပုံစံဖြစ်အောင် ပုံသွင်းပေးခဲ့တာလဲ။

ကျွန်မဘဝမှာ ဘယ်တော့မှ မေ့မသွားမယ့် အဖြစ်အပျက်လေးတစ်ခုရှိတယ်။ ကျွန်မ ၈နှစ်သမီးအရွယ်ကပေါ့။ ကျွန်မရဲ့ သူငယ်ချင်းတွေ MacDonald’s, KFC အဲ့လိုဈေးကြီးတဲ့ဆိုင်တွေမှာ စားသောက်တာကို သိရတော့ ကျွန်မမနာလိုဖြစ်မိတယ်။ ကျွန်မ အဲဒီ့ဆိုင်တွေကို ရောက်တောင်မရောက်ဖူးဘူးလေ။ ဒီတော့ ကျွန်မမိဘတွေနဲ့ အပေးအယူလုပ်ခဲ့တယ်။ နှစ်ဆုံးစာမေးပွဲမှာ ကျွန်မ ပထမရခဲ့ရင် ကျွန်မကို ဘာဂါလိုက်ဝယ်ကျွေးရမယ်လို့ပေါ့။ ကျွန်မကြိုးစားခဲ့တယ်လေ။ အစားအသောက်မက်တာကိုး။

         ဒီတော့ ကျွန်မမိဘတွေက ကျွန်မနဲ့ ကျွန်မမောင်လေးကို ဘာဂါလိုက်ဝယ်ကျွေးဖို့ ဆိုင်ကိုခေါ်လာခဲ့တယ်။ တစ်ယောက်ကို တစ်ခုစီပဲနော်။ သူတို့ကျွန်မတို့အတွက် ဘာဂါမှာပြီး ထိုင်စားခိုင်းတယ်။ ကျွန်မတို့ကို ဆိုင်မှာထားခဲ့ပြီး သူတို့နှစ်ယောက်အတွက် လမ်းဘေးဆိုင်လေးက ဈေးပေါပေါထမင်းတစ်နပ်ကို သွားစားတယ်။ အဲဒီ့အချိန်မှာ ကျွန်မအရမ်းစားချင်နေတဲ့ ဘာဂါက ကျွန်မအတွက် ဘာအရသာမှ မရှိတော့သလိုပဲ။ ကျွန်မမိဘတွေနဲ့ နောက်ထပ်ဘယ်တော့မှ ဒီလိုအပေးအယူမလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ့အချိန်ကစပြီး ကျွန်မအရမ်းကြိုးစားခဲ့တယ်။ ကျွန်မမိဘတွေကို ပိုကောင်းတဲ့ဘဝမှာ ထားချင်လို့လေ။

ကျွန်မရဲ့ကြိုးစားမှုတွေက အရာထင်တယ်လို့ ပြောရမှာပေါ့။ ကျွန်မမိဘတွေကို အားလပ်ရက်တိုင်း ခရီးတွေပို့ပေးနိုင်ခဲ့တယ်။ သူတို့ ဥရောပကိုလည်းရောက်ဖူးတယ်။ ကျွန်မတောင်မရောက်ဖူးဘူး။ ပြီးတော့ တခြားနေရာတွေရောပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုအတွက်သာ ကပ်စီးနည်းချင်နည်းမယ်။ ကျွန်မမိသားစုအတွက်တော့ ဘယ်တော့မှ လက်မတွန့်ခဲ့ပါဘူး။ ဖုန်းအသစ်လိုချင်လား၊ ဝယ်ပေးလိုက်တယ်။ မျက်မှန်အသစ်လိုချင်လား၊ ဝယ်ပေးလိုက်တယ်။ စားသောက်ဆိုင်ကောင်းကောင်းမှာ စားချင်လား၊ လိုက်ဝယ်ကျွေးလိုက်တယ်။ ဒါက ကျွန်မဘဝရဲ့ ပျော်ရွှင်မှုပါပဲ။ သူတို့လိုသမျှဖြည့်ဆည်းပေးနိုင်လို့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်တယ်။

ကျွန်မမောင်လေးရဲ့ ပညာရေးကိုလည်း ကောင်းကောင်းကူညီပေးနိုင်ခဲ့တယ်။ သူနောက်ဆုံးနှစ်စာမေးပွဲကျတော့ ကျွန်မသူ့ကို သတ်ချင်လောက်အောင်ကို ဒေါသထွက်တာလေ။ ဒါပေမယ့် သူအခုကောင်းကောင်းကြိုးစားနေပြီလ။ ပါပါးနဲ့ မာမားကိုတောင် သူအနီးကပ်ပြုစုပေးနေတာ။ အားလုံးအဆင်ပြေသွားတာပေါ့။

အရွယ်ရောက်လာတော့ ကျွန်မထင်ခဲ့တာ ကျွန်မဘယ်တော့မှ ဆရာမတစ်ယောက် ဖြစ်မှာမဟုတ်ဘူးလို့ပေါ့။ ဒါပေမယ့် အခုကျွန်မ နားလည်နေပြီ။ လူတစ်ယောက်ကို ပညာသင်ပေးရင်း သူ့ရဲ့စိတ်ကိုပါ ပိုကောင်းအောင်ပြုပြင်ပေးရတာ ဘယ်လောက်တောင် ပီတိဖြစ်ရလဲဆိုတာ။ အဲဒါကြောင့်မို့လို့ ကျွန်မမိဘတွေ ပင်စင်ယူတဲ့အချိန်ထိ စာသင်ခဲ့ကြတာနေမှာ။

          ကျွန်မ ပါပါးက ကျွန်မကို ပုံသွင်းပေးခဲ့တာပေါ့။ သူက တကယ့်ကို စစ်သားတွေလိုပဲ။ စနစ်ကျတယ်။ ကျွန်မ သူ့ကိုကြည့်ပြီး ရုန်းကန်တတ်တဲ့စိတ်၊ လိုချင်တာကိုရအောင်ယူတဲ့စိတ်ကို  မွေးနိုင်ခဲ့တာ။ ကျွန်မမိဘတွေက ကျောင်းဆရာတွေဖြစ်ပေမယ့် ဘွဲ့မရခဲ့ကြဘူးလေ။ ဒီတော့ ရာထူးအနိမ့်ဆုံးနဲ့ လခအနည်းဆုံးရတဲ့ ဆရာတွေပေါ့။ ဒါပေမယ့် ပါပါးက ဇွဲမလျှော့ခဲ့ဘူး။ သူတတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီး ကျောင်းအုပ်ဆရာဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကျောင်းအုပ်ဆရာဖြစ်တော့လည်း ဆက်ကြိုးစားတာ၊ အကောင်းဆုံးကျောင်းအုပ်ဆရာအဖြစ် ၃နှစ်ဆက်တိုက် ဆုရခဲ့တယ်။ ဘွဲ့ရခြင်းမရခြင်းက စကားအဖြစ်ပြောရုံသက်သက်ပါပဲ။ ပါပါးက အားကစားလည်း လိုက်စားတယ်။ နိုင်ငံတကာ ဘော်လီဘောဒိုင်အဖြစ် လုပ်ကိုင်ခွင့် လိုင်စင်တောင် ရထားသေးတယ်။ ပါပါးက တကယ့်ကို တော်တဲ့သူပါ။ သူပြောနေကျ စကားလေးရှိတယ်။ ရိုးရိုးလေးပဲ။ “တစ်ခုခုကို လုပ်တော့မယ်ဆိုရင် လုံးဝကောင်းအောင်လုပ်။ ကောင်းသလိုသာ လုပ်မယ်ဆိုရင် ဘယ်တော့မှ မလုပ်နဲ့တော့”တဲ့။

        ကျွန်မ ပါပါးကို အရမ်းလေးစားတယ်။ ဘွဲ့လတ်မှတ်တွေရမထားတာရယ်၊ နည်းပညာတိုးတက်လာတာတွေရယ်ကြောင့် ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ ကိုယ်တိုင်လေ့လာတယ်။ အသက် ၅ဝကျော်၊ ပင်စင်ယူခါနီးမှ Microsoft Excel ကို စပြီးသင်တယ်။ တကယ်လည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့တယ်။ အဲဒီ့ကတည်းက ကျွန်မသိသွားတာက ကိုယ့်ရဲ့အသက်၊ ကိုယ့်ရဲ့ ပညာအရည်အချင်းကြောင့် ဘယ်အရာကိုမှ နောက်တွန့်ဖို့မလိုဘူးဆိုတာကိုပေါ့။

         ပါပါးကြောင့်ပဲ ကျွန်မ သင်္ချာကို မုန်းခဲ့တာ။ ပါပါးက သင်္ချာနဲ့ သိပ္ပံဘာသာရပ်ဆရာလေ။ ကျွန်မကို ကွန်ပျူတာနဲ့ အလီဇယားတွေရိုက်ခိုင်းလေ့ရှိတယ်။ မှတ်မိအောင်လို့တဲ့။ ပြီးရင် ကျွန်မကို အလွတ်ရွတ်ခိုင်းတယ်။ မှားလို့ကတော့ ကြိမ်လုံးနဲ့ရိုက်ခံရပြီပဲ။ အခုတော့ ကျွန်မ အလီတွေရနေပါပြီ။

ပါပါးနဲ့ မာမားက ကျောင်းဆရာတွေဆိုတော့ ကျွန်မအတွက် ပိုပြီးတင်းကြပ်ခဲ့တယ်။ အဆင့် B ရတဲ့နေဆို့ ကြိမ်လုံးနဲ့ ရိုက်ခံရတာ။ ဒါ့ကြောင့်လည်း ကျွန်မ ဒီလိုအခြေအနေရောက်နေတာပေါ့။ ကျွန်မ မာမားက ဘာသာစကားကျွမ်းကျင်တယ်။ မာမားကြောင့်ပဲ စာရေးဖို့ ခွန်အားတွေ ရခဲ့တာ။ ကျွန်မရဲ့ ကလေးအရေးအသားလေးတွေကို သတင်းစာတိုက်တွေကို သွားပို့ခဲ့တယ်လေ။ မှတ်မိသေးတယ်။ တစ်ရက်က အိမ်ရှင်းတော့ သတင်းစာဖြတ်ပိုင်းလေးတွေနဲ့ ပြည့်နေတဲ့ အံဆွဲတစ်ခုကို တွေ့ခဲ့တယ်။ ကျွန်မ သတင်းထောက်လုပ်တုန်းက ရေးခဲ့တဲ့စာလေးတွေပေါ့။ မာမားက ကျွန်မရဲ့ နံပါတ်တစ် ပရိသတ်ဖြစ်နေတယ်လေ။ အဲဒီ့အံဆွဲလေးကို တွေ့လိုက်ရတဲ့အချိန်မှာ ဖြစ်သွားတဲ့ ခံစားချက်က ပြောမပြနိုင်အာင်ပါပဲ။

ကျွန်မကို ကြင်နာထောက်ထားတတ်အောင်၊ ပစ္စည်းဥစ္စာအပေါ် စွဲလမ်းတပ်မက်ခြင်းမရှိအောင် သင်ပေးခဲ့တာလည်း ကျွန်မမိဘတွေပါပဲ။ တစ်ခါက ကျွန်မတို့ ပစ္စည်းလေးတွေလှူဖို့ဆိုပြီး မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာကို သွားခဲ့ကြတယ်။ ဘိုးဘွားရိပ်သာက အဘွားအိုတစ်ယောက် နေ့လည်စာခေါင်းလောင်းတီးတာကို မသိလိုက်ဘဲ နေ့လည်စာလွတ်သွားလို့ ငိုနေတာကိုကြည့်ပြီး ကျွန်မလည်း ငိုခဲ့တယ်။ အဲ့လို အကူအညီမဲ့နေတဲ့သူတွေကိုတွေ့ရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြီးကို မုန်းတယ်။ ပြီးတော့ ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ကြိုးစားနိုင်သလောက်ကြိုးစားပြီး အကူအညီမဲ့နေသူတွေကို တတ်နိုင်သလောက်ထောက်ပံ့ပေးဖို့လည်း အသိတရားဝင်လာခဲ့တယ်။

၂၂။ အစ်မဘဝမှာ အောင်မြင်မှုရဖို့ အစ်မရဲ့ခင်ပွန်းက ဘယ်လောက်အထိ ထောက်ပံ့ပေးခဲ့သလဲ။ ဘဝအတွက် တကယ့်ပါရမီဖြည့်ဖက်ဖြစ်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ကို တွေ့ရဖို့ ဘယ်အတိုင်းအတာထိ အရေးကြီးတယ်လို့ အစ်မထင်ပါသလဲ။

ကျွန်မကို နားလည်မှုအပြည့်၊ အပေးအယူမျှမျှနဲ့ ဆက်ဆံပေးတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ လက်ထပ်ရတာ ကျွန်မအတွက် တကယ့်ကို ကံကောင်းတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အပြန်အလှန်တော့ရှိတာပေါ့။ ဒီလောက် စိတ်သဘောထားကြီးတဲ့သူ၊ စိတ်ဓာတ်ခိုင်မာတဲ့သူနဲ့ လက်တွဲဖို့ ကျွန်မဘက်ကလည်း သူ့လို သဘောထားကြီးပြီး စိတ်ဓာတ်ခိုင်မာပေးရတာပေါ့ရှင်။

သူက ကျွန်မဘဝကို ခွန်အားပေးတဲ့ အဓိကမဏ္ဍိုင်ပါ။ ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လည်း ခွန်အားပေးတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာ နားလည်မှုတစ်ခုရှိတယ်။ သူလည်း သူလုပ်စရာရှိတာလုပ်၊ ကျွန်မလည်း ကျွန်မလုပ်စရာရှိတာလုပ်မယ်။ ဒါပေမယ့် တစ်ယောက်အတွက် တစ်ယောက်ကအမြဲရှိနေတယ်။ ကျွန်မကလေ “ယောက်ျား ဘာလုပ်နေလဲ”၊ “ယောက်ျား ထမင်းစားပြီးပြီလား”ဆိုပြီး အချိန်ပြည့် မေးနေမယ့် မိန်းမမျိုးမဟုတ်သလို သူကလည်း အဲ့လို အပိုတွေလုပ်နေမယ့် ယောက်ျားမျိုး မဟုတ်ဘူးလေ။ အခုခေတ်လူငယ်တွေ သူတို့ချစ်သူတွေကို ဘာလုပ်လုပ် သံတော်ဦးတင်နေရတာကို မြင်တော့ ဘာပြောရမှန်းတောင်မသိဘူး ဖြစ်သွားတယ်။

ကျွန်မတို့မှာ ကလေးမရှိတော့ အပျင်းပြေဖို့က တစ်ယောက်ကို တစ်ယောက် စနောက်နေမှပဲ ရတော့တယ်လေ။ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနိုင်အောင်လို့ အမြဲလိုလို ဆော့တယ်၊ ကစားတယ်၊ ဟာသလုပ်တယ်။ ဥပမာ တစ်ယောက်ရေချိုးနေတဲ့အချိန် တစ်ယောက်က heater ကို ပိတ်လိုက်တာမျိုး၊ တံခါးနောက်မှာ ပုန်းပြီး ခြောက်တာမျိုး၊ အဲ့လို ပေါတောတော အပြုအမူလေးတွေ လုပ်တယ်။ ဒီလို စိတ်ပေါ့ပေါ့းစေတဲ့ ပေါတောတောလုပ်ရပ်ကလေးတွေကြောင့်ပဲ မီးပျက်တဲ့အချိန်တွေ၊ စိတ်ညစ်နေတဲ့အချိန်တွေ၊ အလုပ်မှာ အဆင်မပြေခဲ့တဲ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ခဲ့တာပေါ့။

ဟိုတလောက သူ ရေခဲသေတ္တာမှာကပ်တဲ့ သံလိုက်လေးတွေ ဝယ်လာတယ်။ စကားစုလေးတွေပါတဲ့ သံလိုက်လေးတွေကို ရွေးတော့ သူရွေးလိုက်တာက ” Dear God, please bless this home with love and laughter” တဲ့။ စကားမစပ် ကျွန်မတို့နှစ်ယောက်စလုံးက ဗုဒ္ဓဘာသာဝင်တွေလေ။ ဘာပဲပြောပြော သူ့ရဲ့ အိမ်ထောင်ရေးကို တန်ဖိုးထားတဲ့စိတ်လေးကို သိလိုက်ရတာပေါ့။

ဒီတော့ ပြောရရင် ကိုယ့်အတွက် ပါရမီဖြည့်ပေးပြီး နားလည်မှုပါပေးနိုင်တဲ့ လက်တွဲဖော်ကို ရှာတွေ့ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဒါမှလည်း အိမ်ထောင်ရေး သာယာမှာလေ။ ဒီလို နားလည်မှုရှိတဲ့ အိမ်ထောင်သည်ဘဝရဖို့က နှစ်ယောက်စလုံး စိတ်နှစ်ပြီးတည်ဆောက်မှ ရမှာပါ။ သူ့အလိုလိုဖြစ်လာမယ်လို့ ယူဆထားလို့မရပါဘူး။

        သူများကြားရင်တောင် ယုံချင်မှယုံလိမ့်မယ်။ ကျွန်မတို့နှစ်ယောက်ကလေ တစ်ယောက်ရဲ့ အလုပ်အကြောင်းကို တစ်ယောက်ကို ပြောပြတယ်ဆိုတာ အရမ်းကို ရှားပါးတယ်။ ပြောခဲတယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်တာကိုး။ ပြီးတော့ ကျွန်မတို့အတူရှိတဲ့အချိန်လေးမှာ အလုပ်ထက်ပိုကောင်းတဲ့အကြောင်းအရာတွေ ပြောဖို့ရှိတယ်။ ဟိုတလောက S7 Edge မိတ်ဆက်ပွဲရှိတာတောင် သူငယ်ချင်းတစ်ယောက်လာပြောမှ သိရတဲ့အဖြစ်လေ။ တချို့ရက်တွေရှိတယ်၊ နှစ်ယောက်စလုံး အလုပ်အရမ်းများပြီး စကားပြောဖို့တောင် အချိန်မရှိလို့ မှာစရာရှိတာတွေကို စာရေးမှာထားခဲ့ရတဲ့ ရက်တွေပေါ့။ ကျွန်မတို့နှစ်ယောက်စလုံးက လူတွေနဲ့စကားပြောရတာ မကြိုက်ဘူး။ တစ်နေ့လုံး လူတွေနဲ့စကားပြောခဲ့ရတဲ့နေ့တွေဆိုရင် အိမ်ပြန်ရောက်တာတောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောချင်စိတ်မရှိတော့ဘူး။ ဘာမှမပြောဘဲ သူလည်း TVကြည့်၊ ကျွန်မလည်း စာအုပ်ဖတ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ အချိန်ဖြုန်းကြတာပေါ့။

၂၃။ အစ်မက တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့၊ လိုချင်တာကို ရအောင်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီတော့ အခက်အခဲတွေနဲ့ ကြုံရတိုင်း ဘယ်လိုကျော်ဖြတ်ခဲ့တာလဲ။

ကျွန်မကလေ ကိုယ်ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အလုပ်တစ်ခုအတွက် အကျိုးရလဒ် ကောင်းကောင်းထွက်လာမှ ကြိုက်တာ။ ကိုယ်ကြိုးစားပြီး ဘာမှပြန်မရဘူးဆိုတာကြီးကို လက်မခံနိုင်ဘူး။ အဲဒီ့အချက်ပေါ့။ ဥပမာ အလုပ်တစ်ခု လုပ်တယ်ဆိုပါစို့။ ကျွန်မ အဲ့ဒီအလုပ်ကို ထောင့်စေ့အောင်လုပ်တယ်။ ၂ဝဝ% ကြိုးစားပြီးလုပ်တယ်။ ဒါတောင် ရှုံးနိမ့်နေတုန်းပဲဆိုရင် အိုကေ၊ ဘာ့ကြောင့် ရှုံးနိမ့်တာလဲဆိုတာ သေချာပြန်စဉ်းစားတယ်။ ကျွန်မက အရှုံးကို လက်မခံနိုင်ဘူးလေ။ ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက အင်္ဂလိပ်စာမေးပွဲတစ်ခုမှာ အဆင့် Bရခဲ့တယ်။ ကျွန်မလေ ကမ္ဘာကြီးပျက်သွားသလိုပဲ တစ်ညလုံး တံခါးပိတ်ပြီး ငိုနေတာ။ ဒါကျွန်မရဲ့ ဆယ်ကျော်သက်ဘဝ drama ပေါ့။

ကျွန်မအခက်အခဲတွေကို ကျော်လွှားဖို့ အကောင်းမြင်စိတ်မွေးတယ်။ ဆုတောင်းတယ်။ ခင်ပွန်းနဲ့ မိသားစုဝင်တွေရဲ့ ချစ်ခြင်း၊ ကူညီမှုနဲ့ ထောက်ပံ့ပေးမှုတွေကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တာလေ။

        ကျွန်မအကြောက်ဆုံးအရာကဘာလဲလို့ ကျွန်မကို ဘယ်သူကမှ လာမမေးလောက်ဘူးလို့ထင်ခဲ့တယ်။ ကျွန်မအကြောက်ဆုံးအရာတွေ ရှိပါတယ်။ ဒါပေမယ့် အကြောက်ဆုံးက ကျွန်မချစ်တဲ့သူတွေကို ဆုံးရှုံးရမှာ အကြောက်ဆုံးပဲ။ ကျွန်မငယ်ဘဝက အဘိုးအဘွားစုံစုံလင်လင်နဲ့ ကြီးပြင်းခဲ့တော့ ပျော်စရာကောင်းတယ်။ တဖြည်းဖြည်းနဲ့ အဘိုးတွေ၊ အဘွားတွေကို ဆုံးရှုံးလာရတာ အခုဆို အဘွားတစ်ယောက်ပဲ သက်ရှိထင်ရှားရှိတော့တယ်။ အဘိုးအဘွားတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့ရတော့ သူတို့ရဲ့ သေခြင်းတရားက ကျွန်မကို အရမ်းခံစားရစေတယ်။ ဒီနေ့အထိ သူတို့အကြောင်းကို တွေးလိုက်တိုင်း ဝမ်းနည်းနေမိတုန်းပဲ။ ဒီတော့ ကျွန်မရဲ့ ပါပါးနဲ့ မာမား၊ ကျွန်မအဘွားနဲ့ ကျွန်မ အမျိုးသားတို့ဆီကနေ ကတိတစ်ခုတောင်းထားတယ်။ သူတို့ထက် ကျွန်မအရင် လောကကြီးကနေ ထွက်သွားပါရစေလို့ပေါ့။ သူတို့ကိုသာ ဆုံးရှုံးလိုက်ရရင် ကျွန်မ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူ။ သေချာတယ်။ ဒါက ကျွန်မအကြောက်ဆုံးအရာတစ်ခုပါ။

၂၄။ မြန်မာနိုင်ငံကလူငယ်တွေရဲ့ဘဝတွေ ပိုမိုအောင်မြင်အောင် ကြိုးစားဖို့ ဘယ်လိုအကြံဉာဏ်တွေ ပေးချင်ပါသလဲ။

ပိုကီမွန်ကစားတာ လျှော့ပါ။ (ရယ်လျက်)။ ဂိမ်းကစားတာတွေ လျှော့ပါလို့ ပြောချင်ပါတယ်။ ခံယူချက်တွေကို ပြောင်းလဲပါ။ ကိုယ်တကယ်ဖြစ်ချင်တာကို သိအောင်အရင်ကြိုးစားပါ။ ကံတရားအတိုင်းဘဲဆိုပြီး ဖြစ်လာသမျှကို လက်ခံတတ်တဲ့စိတ်ကို ပြင်ပါ။ ကိုယ်ဖြစ်ချင်သလိုဖြစ်အောင် ကိုယ်တိုင်ကြိုးစားပါ။ အမြဲတမ်း လေ့လာသင်ယူပါ။ ပြဿနာတွေကနေ သင်ခန်းစာယူပါ။ ကိုယ့်မှာ ဘာပညာတွေလိုအပ်နေလဲဆိုတာကိုကြည့်၊ လိုအပ်နေတာကို ရအောင်လေ့လာဆည်းပူးပါ။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးတဲ့အခါမှာ အလိုအပ်ဆုံးက ကိုယ့်နာမည်ရဲ့ တန်ဖိုးကို ထိန်းထားနိုင်ဖို့ပဲ။ ကိုယ်က ဘယ်ဘဝကလာလာ၊ အရေးကြီးတာက ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်ဖို့ပဲမဟုတ်လား။

၂၅။ အစ်မအကြံပေးအဖြစ်လုပ်နေတဲ့ လူတွေ၊ သင်ပြပေးနေရတဲ့ ကလေးတွေအပေါ် ဘယ်လိုစိတ်ခွန်အားတွေ ပေးဖြစ်လဲ။

ကျွန်မရဲ့ နည်းလမ်းတွေက လူအများနဲ့မတူဘဲ ထူးခြားရင်ထူးခြားနေလိမ့်မယ်။ ကျွန်မကစကားပြောရင် အရမ်းပွင့်လင်းတယ်။ တဲ့တိုးပြောတတ်တယ်။ ပြီးတော့ နည်းနည်း ဘုကလန့်ကျတယ်။ ဘယ်လိုပြောရမလဲ။ လူမှုရေးကောင်းဖို့ စိတ်ထဲကမပါဘဲ မပြုံးဘူး၊ စကားမပြောဘူး။ ပြီးတော့ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တစ်ခုကြောင့် မိန်းကလေးတစ်ယောက်က လက်ထပ်ပြီးတာနဲ့ ကလေးမွေးရမယ်၊ အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ သဘာဝကြီးကို လက်မခံဘူး။ ဒီလိုလုပ်ဖို့ မလိုဘူးလို့လည်း ထင်တယ်ပေါ့နော်။

        ကျွန်မမှာ မျက်ခုံးပင့်တတ်တဲ့ အကျင့်တစ်ခုရှိတယ်။ ကျွန်မ တစ်ခုခုကို စဉ်းစားတိုင်း မျက်ခုံးပင့်တတ်တယ်။ ပြီးတော့ ကျွန်မကလေးတွေကို အင်္ဂလိပ်သီချင်းသင်ပေးတဲ့အချိန်မှာလည်း မျက်ခုံးပင့်ထားတတ်တယ်။ ကျွန်မကလေးတွေကို ဘာသီချင်းသင်ပေးလဲ သိလား။ အီမီနမ်ရဲ့ သီချင်းတွေပေါ့။ အီမီနမ်ရဲ့ သီချင်းစာသားတွေက လိုချင်တာကို ရအောင်ယူတတ်ဖို့ စိတ်ခွန်အားပေးထားတွေ ရှိတယ်။ ဒီတော့ သူတို့ကို လိုချင်တာရအောင်ယူတတ်ဖို့ ဒီသီချင်းတွေနဲ့ brainwash လုပ်ထားလိုက်တာပေါ့။ ဒါပေမယ့် သူ့စာသားတွေထဲက ရိုင်းတဲ့စာသားတွေကိုတော့ မသင်ပေးဘူးလေ။ ပြီးတော့ ကလေးတွေကို ရိုင်းစိုင်းတဲ့စကားမပြောမိအောင် သင်ပေးသလို၊ သတိလည်း ပေးထားတယ်။ တစ်ခါတလေဆိုရင် ကျွန်မ SoyAi က ကောင်လေးတွေကို လိင်ပညာပေးနဲ့ပတ်သတ်ပြီး ပြောဖြစ်တယ်။ သူတို့အသက် ၁၈နှစ်ကျော်ပြီလေ။ တားဆီးပိတ်ပင်လို့ မရတဲ့အရာအတွက် လုံခြုံစိတ်ချမှုရအောင်လို့ သင်ပေးထားရတာပေါ့။

ကျွန်မလေ အရာရာကို အလွယ်တကူလုပ်ချင်တဲ့သူတွေ၊ spoon-feeding people တွေကို အရမ်းမုန်းတယ်။ ကျွန်မရှေ့မှာ “ငါဘယ်လိုလုပ်ရမှန်းမသိဘူး” တို့၊ “ဒါက ငါ့အတွက် ခက်ခဲလိုက်တာ”တို့ အဲ့ဒီလို စကားတွေ ကြားရရင် အရမ်း စိတ်အနှောင့်အယှက်ဖြစ်တယ်။ ဒီစကားတွေကို မှော်စကားတွေများ မှတ်နေကြလားမသိဘူး။ ဒီစကားပြောလိုက်တာနဲ့ ဘာမှလုပ်စရာမလိုတော့ဘူး၊ ဘာမှစဉ်းစားစရာမလိုတော့ဘူးလို့ တွေးထားကြပုံပဲ။ ကျွန်မအတွက်တော့ ဒီလိုမဟုတ်ဘူး။ ဘာမှမလုပ်တတ်တဲ့သူကို ကျွန်မ တစ်ဆင့်ချင်းစီ သင်ပြပေးမယ်။ ဖြည်းဖြည်းချင်း လက်တွဲခေါ်မယ်။ ဒီလိုလုပ်ပေးတာတောင်မှ ဘာမှ မတတ်သေးဘူးဆိုရင်တော့ “ဒါ ကျွန်မပြဿနာ မဟုတ်တော့ဘူး။ ကိုယ့်ပြဿနာကိုယ်တိုင်ဖြေရှင်းဖို့ နည်းလမ်းရှာပါ” ဆိုပြီး ပြောလိုက်တယ်။ ဒါပေမယ့်လေ ကျွန်မဒီလိုပြောလိုက်တာက သူတို့ကောင်းဖို့အတွက်ပါ။ ဒီလိုလုပ်လိုက်တာက အချိန်ကြာချင်ကြာလိမ့်မယ်။ ဒါပေမယ့် ဒါဟာ လူတစ်ယောက်ရဲ့ တွေးတောနိုင်စွမ်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို တိုးတက်စေတယ်လေ။ ကျွန်မရဲ့ နည်းလမ်းကို မသိတဲ့သူတွေအဖို့တော့ ကျွန်မက အကြင်နာတရားမရှိတဲ့ ခပ်ကြောင်ကြောင်နိုင်ငံခြားသူကြီးတစ်ယောက်လို့ ထင်ကြမှာပေါ့။ (ရယ်လျက်)။ ဟုတ်တယ်လေ။ သုံးနှစ်သားကလေးတစ်ယောက်ကို ထမင်းခွံ့ကျွေးတာ သင့်တော်တယ်လေ၊ အသက် ၃ဝအရွယ်လူကြီးတစ်ယောက်ကို ထမင်းခွံ့ကျွေးတာ လူမြင်ကောင်းပါ့မလား…နော။

         ကျွန်မက အဓိပ္ပာယ်မရှိတဲ့အလုပ်တွေကို မလုပ်တတ်ဘူး။ ကျွန်မက ကြင်နာတတ်ပါတယ်။ ဒါပေမယ့် ကြင်နာတာနဲ့ လူတစ်ယောက်ကို ဖျက်စီးတာ၊ အလကားနေရင်း သနားနေတာကြားမှာ ကွာခြားမှုရှိတယ်။ ကျွန်မ SoyAi project ကို စတင်တဲ့အချိန်မှာ သနားကြင်နာမှုကို အလွဲသုံးစားလုပ်ခဲ့မိတယ်။ project စစချင်းအချိန်မှာ ကောင်လေးတွေအတွက် စားစရာကြပ်တည်းခဲ့တယ်။ အဲဒီ့အချိန်မှာ သူတို့စားစရိတ်အတွက် အများကြီးထောက်ပံ့ပေးခဲ့တယ်။ ကျွန်မယောက်ျားက ကျွန်မကို ဘာပြောလဲဆိုတော့ “မင်း နောက်ထပ်ပရဟိတကျောင်း ဖွင့်နေတာလား။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ စီစဉ်ပေးနေတာလား”တဲ့။ သူပြောမှ ကျွန်မ အသိတရားဝင်လာတယ်။ သူက ကျွန်မထက်တောင်ပိုပြီး အဓိပ္ပာယ်မရှိတဲ့အလုပ်တွေကို မုန်းသေးတယ်။ ကောင်လေးတွေကလည်း သူ့ကို လေးစားကြတယ်။ ပြီးတော့ တကယ်လည်း ကြောက်ကြတယ်။ (ရယ်လျက်)။

         လူတစ်ယောက်ကို စဉ်းစားတတ်အောင်လို့ သင်ပေးတော့မယ်ဆိုပါစို့။ အဲဒီ့လူကို တစ်ဆင့်ချင်း သင်ပေးရတယ်။ အခြေအနေကို ဆင်ခြင်သုံးသပ်ဖို့၊ ဆုံးဖြတ်ချက်ချဖို့၊ ပြီးတော့ ကိုယ်ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်အတွက် အစအဆုံးတာဝန်ယူဖို့ တစ်ဆင့်ချင်း သင်ပြပေးရတယ်။ ဒါက လူတွေကို စဉ်းစားတတ်အောင် သင်ပြပေးတဲ့ နည်းပေါ့နော်။ ကျွန်မဆီကို ပြဿနာအကြောင်းပဲ လာပြောပြတာကို မကြိုက်ဘူး။ ပြဿနာကို ပြောပြတယ်၊ ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်းကိုပါ တောင်းတယ်၊ ဒီလိုမှ ကျွန်မတို့ အတူတူစဉ်းစားလို့ရမှာပေါ့။ မဟုတ်ဘူးလား။ အတူတူမစဉ်းစားဘဲ ပြဿနာပြောပြ၊ ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အလွယ်တကူပဲ ကျွန်မဆီကသိချင်တယ်ဆိုရင်တော့ ကျွန်မအတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ။

ကျွန်မ တာဝန်ယူနေရတဲ့သူတွေကို ကျွန်မ အမြဲပြောထားတယ်။ ကျွန်မအမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့။ ဘယ်သူမဆို အကူအညီလိုနေပြီ၊ အကြံဉာဏ်လိုနေပြီဆိုရင် ကျွန်မကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ အရာရာတိုင်းကို သိဖို့လည်း မတောင်းဆိုဘူး။ တကယ်လို့ ကျွန်မလုံးဝမသိတာမျိုးတွေ ရှိနေပြီဆိုရင် အတူတူအဖြေရှာကြမယ်။ ဒီလိုနည်းနဲ့ပဲ လူတိုင်းကို သင်ပေးဖြစ်တယ်ပေါ့နော်။ နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အချိန်မှာ စိတ်ခွန်အားတွေ ရရှိဖို့အတွက်၊ ပညာရပ်တွေကို သင်ယူဖို့အတွက် ပွင့်လင်းမှုရှိမှ၊ စိတ်တံခါးကို ဖွင့်ထားမှ ရမှာပါ။

၂၆။ “ပြောင်းလဲမှု” ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို အစ်မဘယ်လို ခံယူထားသလဲ။

အခုလူတွေက ပြောင်းလဲချင်ကြတယ်ပေါ့နော်။ ပြောင်းလဲခြင်းရဲ့ အဓိပ္ပာယ်ကို သူတို့တကယ်သိလို့လား။ ဒီမိုကရေစီရဲ့ လွတ်လပ်မှုအနှစ်သာရဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲ။ လူတွေက အပြောင်းအလဲတွေဖြစ်ဖို့ အခုထိ အစိုးရကို မှီခိုနေတုန်းပဲ။ သူများတွေအတွက်တော့ မသိဘူး။ ကျွန်မအတွက်တော့ လွတ်လပ်မှုဆိုတာ စည်းကမ်းနဲ့ သက်ဆိုင်တယ်လို့ ထင်တယ်။ နေရာတကာမှာ အမှိုက်မပစ်ရဘူးလို့ အစိုးရက စည်းကမ်းထုတ်တာကို စောင့်နေသေးတယ်ဆိုရင် ဘာလို့ ဒီမိုကရေစီအတွက် မဲပေးခဲ့သေးတာလဲ။ လမ်းတွေပေါ်မှာ ကားကို စည်းကမ်းလိုက်နာပြီးမောင်းဖို့ အစိုးရကို စည်းကမ်းထုတ်စေချင်နေသေးရင် ဘာလို့ဒီမိုကရေစီကို လိုအပ်နေဦးမှာလဲ။ အာဏာပိုင်တွေ No Plastic Day အဖြစ် သတ်မှတ်ပေးဖို့ကို မျှော်လင့်နေသေးရင် ဘာလို့ ဒီမိုကရေစီကို အရယူနေဦးမှာလဲ။ ဒါ ကျွန်မ လူတွေကို အပြစ်တင်နေတာမဟုတ်ဘူးနော်။ ဒီမိုကရေစီရဲ့ လွတ်လပ်တဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်စေချင်တဲ့ မျှော်လင့်ချက်လေးနဲ့ပါ။

၂၇။ အစ်မရဲ့ လက်စွဲဆောင်ပုဒ်က ဘာဖြစ်မလဲ။

“Make each day count”။ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိအောင်လုပ်ပါ။

၂၈။ စာဖတ်ပရိသတ်ကြီးအတွက် အကြံဉာဏ်ကောင်းလေးနဲ့ အားပေးစကားလေး ပြောပေးပါဦး။

လောကကြီးထဲက လူတိုင်းက ကွဲပြားခြားမှုတွေကို လုပ်နိုင်ပါတယ်။ ကောင်းတာတွေကိုလုပ်မလား၊ ဆိုးတာတွေကို လုပ်မလားဆိုတာကတော့ လူတစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ ကျွန်မလိုပဲ တခြားအမျိုးသမီးတွေ ဒီ့ထက်ပိုပြီး ခိုင်မာလာမယ်၊ ပိုပြီး စိတ်ခွန်အားမြင့်လာမယ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေအပေါ် ပိုမိုယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ စိတ်ဆန္ဒရယ်၊ ဇွဲလုံ့လရယ်ပေါင်းပြီး ကိုယ်လိုချင်တာကို ရအောင်ယူဖို့ ကြိုးစားရင် ကျွန်မထက် ပိုတော်တဲ့ အမျိုးသမီးတွေတောင် ဖြစ်နိုင်ပါသေးတယ်။

        အမှာစကားအနေနဲ့ ပြောချင်တာ သုံးခုရှိပါတယ်။ ပထမတစ်ခုက ဘယ်သူကမှ တစ်ယောက်တည်းအားနဲ့ တောင်ကို မရွှေ့နိုင်ပါဘူး။ ဒီတော့ အကူအညီလိုလာရင် အကူအညီတောင်းပါ။ “အားနာတယ်”ဆိုတဲ့ အမှန်တရားရဲ့ကို ဖုံးကွယ်ဖို့ သုံးနေကြတဲ့ စကားကို မေ့လိုက်ပါ။ ပြီးတော့ ဒီအကူအညီကို ရထိုက်လို့ရတာဆိုပြီးတော့လည်း စိတ်ကြီးမဝင်ပါနဲ့။ ဘယ်သူ့ကိုမှ မွေးကတည်းက ပလက်စတစ်အိတ်မသုံးရဘူးလို့ သတ်မှတ်မထားသလို၊ ဘယ်သူ့ကိုမှလည်း အလောတကြီးဖြစ်နေလို့ ကားကို မဆင်မခြင်မောင်းလို့ရတယ်ဆိုပြီး မွေးကတည်းက မသတ်မှတ်ပေးထားပါဘူး။ ဘယ်သူ့ကိုမှ ဘာမှ ခေါင်းစဉ်တပ်မထားပါဘူး။ ဒီတော့ အကူအညီတောင်းရင်လည်း ယဉ်ကျေးစွာ တောင်းဆိုပါ။ ပြီးတော့ ကိုယ်က အကူအညီပေးပြီဆိုရင်လည်း တကယ့်ကို စိတ်ပါလက်ပါ အကူအညီပေးလိုက်ပါ။

        နောက်တစ်ခုက ကိုယ့်အတွက် ဒီတံခါးကို ဖွင့်မပေးဘူးဆိုရင် တံခါးရှေ့မှာ ရပ်ပြီး ငိုမနေပါနဲ့။ အဲဒီ့တံခါးကို ကန်ဖွင့်ရင်ဖွင့်၊ မဖွင့်ရင် နောက်တံခါးတစ်ခုကို ရှာပါ။

နောက်ဆုံးပြောချင်တာ တစ်ခုက ကိုယ့်အောက်က လူတစ်ယောက်ကို ငုံ့ကြည့်တာဟာ သူ့ကို အထင်သေးလို့မဟုတ်ဘဲ၊ သူ့ကို ကူညီဖေးမချင်လို့ ကြည့်တဲ့အကြည့်ဖြစ်ပါစေ။ ဒါဟာ အရမ်းကို အရေးကြီးတယ်။ ကျွန်မ လူတိုင်းကို အဲ့လို ပြုမူတယ်။ ပြီးတော့ သူတို့ကလည်း တခြားလူတွေကို အဲဒီ့လိုပဲ ဖေးမကူညီလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

        ကျွန်မနဲ့ဆက်သွယ်ပြီး ကျွန်မဆီက အကြံတောင်းချင်ရင် ကျွန်မဖေ့ဘုတ်အကောင့်ရဲ့ messenger ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်။ ဒါပေမယ့် နာမည်အစစ်နဲ့ ပုံအစစ်တင်ထားတဲ့ အကောင့်နဲ့ပဲ ပြောပါလို့။ ပြီးတော့ ကျွန်မက ဗမာစကားမဖတ်တတ်ဘူး။ ဗမာစကားပြောတော့ပြောတတ်တယ်။ ဒါပေမယ့် မဖတ်တတ်ဘူး။ (ရယ်လျက်)။

ဟုတ်ကဲ့ပါ။ မေးခွန်းတွေကို အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးသွားတဲ့  Ms. Eileen Lui ကို ကျေးဇူးတင်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… Eileen ရဲ့ စိတ်ဓာတ်၊ ခံယူမှုနဲ့ ပရဟိတစိတ်ဓာတ်တွေက အရမ်းကို လေးစားစရာကောင်းပါတယ်။ လူတစ်ယောက်ရဲ့ ဘဝတိုးတက်ခြင်းက ကြီးပြင်းလာရတဲ့ အသိုင်းအဝိုင်းရဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ မဆိုင်တာကိုလည်း သိခွင့်ရခဲ့ပါတယ်။ စစ်မှန်တဲ့လူသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်တင်မက ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ တိုးတက်အောင် ကူညီဖေးမပေးတတ်ဖို့ လိုအပ်ကြောင်းကိုလည်း သိရပါတယ်။ ပြီးတော့ လိုချင်တာရဖို့ စိတ်အားထက်သန်စွာနဲ့ ဇွဲရှိရှိကြိုးစားဖို့ လိုကြောင်းကိုလည်း သိလိုက်ရပါတယ်။

ဘဝအတွက် အသိအမြင်ကောင်းတွေအများကြီး ရလိုက်တဲ့အတွက် Ms. Eileen Lui ကိုလည်း ကျေးဇူးတင်ပါတယ်။ ဂန္ထဝင်စာဖတ်ပရိသတ် ညီမငယ်လေးများလည်း Eileen ကို အတုယူပြီး တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုတဲ့၊ လူတိုင်းကို ကူညီပေးတတ်တဲ့၊ အောင်မြင်မှုကို ရအောင်ယူနိုင်တဲ့ ထက်မြက်တဲ့အမျိုးသမီးလေးတွေ ဖြစ်အောင်ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။