“ငွေကြေးအတွက် အလုပ်မလုပ်ဘဲ ကိုယ့်ရဲ့ သမိုင်းနဲ့ အနာဂတ်အတွက် အလုပ်လုပ်ပါ” ဆိုတဲ့ ခံယူချက်နဲ့Myanmar Imperial College ၏ Founder နှင့် MD ဖြစ်သူ မပို့ပို့ကြည်

blank

ဂန္ထဝင်ပရိသတ်ကြီးရေ… ယနေ့ခေတ်မှာ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတန်းတူ ဦးဆောင်လုပ်ကိုင်နေကြပါတယ်။ ဒီတော့ လူငယ်အမျိုးသမီးငယ်လေးတွေအတွက် ရှေ့ဆောင်လမ်းပြနေသော အမကြီးများအနက် ဒီတစ်ပတ်မှာတော့ အသက်ငယ်ပေမယ့် စံနမူနာယူထိုက်သူ Myanmar Imperial College (MIC) ကျောင်းတော်ကြီး၏ တည်ထောင်သူနှင့် မန်နေးဂျင်းဒါရိုက်တာ မပို့ပို့ကြည်ရဲ့ အောင်မြင်နေတဲ့ဘဝနောက်ကွယ်က ကြိုးစားရုန်းကန်မှုတွေကို ပရိသတ်ကြီးတို့ စိတ်ဓာတ်ခွန်အားမြင့်တက်ရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ မင်္ဂလာပါ အစ်မရေ…။ အစ်မနာမည်လေးနဲ့ အစ်မအကြောင်းလေး ပရိသတ်ကို မိတ်ဆက်ပေးပါဦး။

အစ်မနာမည်ကတော့ မပို့ပို့ကြည်ပါ။ အစ်မက အခုလောလောဆယ်တော့ Myanmar Imperial College မှာ မန်နေးဂျင်း ဒါရိုက်တာ (MD) အနေနဲ့ ဦးဆောင်နေပါတယ်။ ပြီးသွားရင် အစ်မ Unique Life Co., Ltd မှာလည်း မန်နေးဂျင်းဒါရိုက်တာအနေနဲ့ တာဝန်ယူထားပါတယ်။

 ၂။ အစ်မရဲ့ ပညာအရည်အချင်းလေးနဲ့ မိသားစုအကြောင်းကိုရော ပြောပြပေးပါနော်။

အစ်မရဲ့ပညာအရည်အချင်းက အစ်မက B.A (Hons) Multimedia Art နဲ့ Middlesex University,UK ကနေ Undergraduate ဘွဲ့ရထားပါတယ်။ ပြီးတော့ Master of Business Administration ကိုကျတော့ Northampton University ရဲ့ Programme ကို Myanmar Imperial College မှာပဲ တက်ခဲ့ပါတယ်။ ပြီးတော့ အစ်မအခု Doctorate of Business Administration (DBA) Candidate တစ်ယောက်အနေနဲ့ Northampton University ရဲ့ Doctorate Program ကိုလေ့လာနေပါတယ်။

အစ်မမိသားစုကတော့ ၅ယောက်ရှိတာပေါ့နော်။ အစ်မ အဖေက ဦးဘိုကြည်၊ အမေက ဒေါ်သဇင်ခင်၊ အစ်မအကြီးဆုံးက မမို့မို့ကြည်၊ ပြီးတော့ အစ်မပါ။ အစ်မအောက်မှာ ညီမလေး ဝင့်ဝါအောင်၊ အားလုံးပေါင်း ၅ယောက်ပါ။ အစ်မအမျိုးသားက ဦးဖြိုးမောင်မောင်ပါ။

Myanmar Imperial College
၃။ MIC ကျောင်း စတင်တည်ထောင်ဖြစ်ပုံနဲ့ ရည်ရွယ်ချက်လေးတွေ ပြောပြပါဦး။

MIC ကို စတည်ထောင်ဖြစ်ခဲ့တာ အကြမ်းဖျဉ်း၂ဝဝ၄-၂ဝဝ၅ လောက်ပါ။ အစ်မနဲ့ အစ်မအမျိုးသားနဲ့ စင်္ကာပူကနေပြန်လာပြီးတဲ့အချိန်ပါ။ အစ်မတို့ စင်္ကာပူမှာ ရှိနေကတည်းက Unique Life Education Center ဆိုပြီးတော့ အစ်မတို့ စင်ကာပူကို ကျောင်းလာတက်ချင်တဲ့ကျောင်းသားတွေ၊ ဒါမှမဟုတ် UK၊ ဒါမှမဟုတ် US ကို ကျောင်းသွားတက်ချင်တဲ့ကျောင်းသားတွေအတွက်ကို Consultancy ဆွေးနွေးပေးတဲ့အလုပ်မျိုး ၂ဝဝ၄- ဝ၅ လောက်မှာ ရွှေဂုံတိုင်မှာ စခဲ့တယ်ပေါ့နော်။ စခဲ့ပြီးတော့ အဲ့မှာ အစ်မတို့ဘာတွေ့လာလဲဆိုတော့ အစ်မတို့အများစု ဒီကကျောင်းသားတွေ ဆယ်တန်းအောင်ပြီးလို့ စင်္ကာပူတို့၊ UKတို့၊ USတို့ သွားတဲ့အချိန်မှာ Assignment Writing တို့၊ Presentation Skill တို့ နည်းနည်းလိုအပ်ချက်လေးတွေရှိတော့ Co-University Course တွေကို အစ်မတို့ ဒီမှာ စခဲ့တယ်။ စခဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ LCCI သင်တန်းတွေ ၊ ABE ကပေးတဲ့ စီးပွားရေးဆိုင်ရာ Diploma တွေကို ဖွင့်ခဲ့တယ်။

စဖွင့်တော့ ULEC အနေနဲ့ပဲ ဖွင့်ခဲ့တယ်။ ဒါပေမယ့် ၂ဝ၁ဝ ကျတော့ အစ်မနဲ့အစ်မအမျိုးသားစဉ်းစားတာက မြန်မာနိုင်ငံကကျောင်းသားတွေကို ဒီလိုမျိုးနိုင်ငံခြားပို့နေမယ့်အစား နိုင်ငံခြားကပညာရေးနဲ့ facilities တွေ၊ ဆရာဆရာမတွေ၊ qualifications တွေကိုရော အစ်မတို့ဘက်က မြန်မာနိုင်ငံကို ယူဆောင်လာနိုင်ရင် အစ်မတို့မြန်မာနိုင်ငံအတွက် ပိုပြီးအကျိုးရှိမယ်လို့ယူဆတယ်။ အဲ့ဒါကြောင့်မို့ အစ်မတို့ ၂ဝ၁ဝမှာ ULEC ကနေပြီးတော့ Myanmar Imperial College လို့ပြောင်းလဲဖို့ဆုံးဖြတ်ခဲပါတယ်။ အဲ့အချိန်မှာလည်းအစ်မတို့ စဉ်းစားသေးတယ်။ ဘာပဲပြောပြော ULEC က နှစ်ကာလ ၆နှစ်၊ ၇နှစ်လောက်လုပ်ခဲ့တော့ MIC လို့ပြောင်းသင့်မပြောင်းသင့် ဝိုင်းပြီးစဉ်းစားကြတယ်။

စဉ်းစားပြီးတော့ နောက်ဆုံးဆုံးဖြတ်လိုက်တယ်။ Myanmar Imperial College ပဲထားတော့မယ်။ အဲ့အချိန်မှာ ကျောင်းကလည်းသေးသေးလေး၊ အရမ်းအကြီးကြီးမဖြစ်သေးဘူးပေါ့။ အဲ့မှာ တချို့တွေကလည်းပြောပါတယ်။ Myanmar Imperial College ဆိုတာ နာမည်နဲ့တင် အစ်မတို့အတွက် အရမ်းကြီးကိုကြီးမားလွန်းနေတယ်ပေါ့နော်။ အဲ့လိုမျိုးပြောတဲ့ဟာတွေကို မခံချင်စိတ်တွေနဲ့ပဲ “ဟုတ်ပြီ။ အခုတော့ကြီးလိမ့်မယ်။” ဒါပေမယ့် အစ်မတို့ MIC က အနာဂတ်အတွက်ရည်ရွယ်ပြီးလုပ်တာဖြစ်တဲ့အတွက် “ရတယ်၊ ပြီးအောင်ဆက်လုပ်မယ်” ဆိုပြီးတော့ အစ်မတို့က ဒီနာမည်ကိုရွေးပြီးတော့ ၂ဝ၁ဝမှာ အစ်မတို့ Myanmar Imperial College ကို စတင်ခဲ့ပါတယ်။ အဲ့တော့ အစက 2004 အစ်မတို့အခု ၂ဝ၁၆ ဆိုတော့ MIC အနေနဲ့ ၆နှစ်ရှိပြီလို့လည်းပြောလို့ရသလို ၁၂နှစ်ရှိပြီလို့လည်း ပြောလို့ရပါတယ်။           ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကဆို အစ်မအသက်ငယ်ဦးမှာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းကြီးတစ်ခုလုံးကို ဦးဆောင်ဖို့ အခက်အခဲတွေ တွေ့ခဲ့မှာပေါ့နော်။ အဲ့ဒီ့အပိုင်းနဲ့ ပတ်သတ်ပြီး နည်းနည်းလောက်ပြောပြပေးပါဦး။

စတင်တည်ထောင်တဲ့အချိန်က အစ်မ အသက်ငယ်တာပေါ့။ အသက်က ၁၉ နှစ်ပဲရှိသေးတယ်လေ။ အခက်အခဲကတော့ အများကြီးပဲ။ တစ်ခါတစ်လေဆိုရင် ရေပန်းအောက်မှာထိုင်ပြီး ငိုနေခဲ့တဲ့အချိန်တွေလည်းရှိခဲ့တာပေါနော့်။ အဲဒီအချိန်တုန်းကဆို ဘာလုပ်ရမှန်းလည်း မသိခဲ့ဘူး၊ ကိုယ်ကငယ်လည်းငယ်တယ်၊ မိန်းမတစ်ယောက်လည်းဖြစ်နေတော့ ပုံမှန်ထက်ပိုပြီး အခက်အခဲတွေအများကြီး ကြုံခဲ့ရတယ်လို့ ခံစားမိတာပေါ့နော်။ ကိုယ့်စိတ်ကဖြစ်တာပါ။ အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ ဥပမာ အစ်မတို့ အေဂျင်စီသေးသေးလေးလုပ်တဲ့အချိန်မှာ တချို့စင်ကာပူကကျောင်းတွေဆိုရင် “ကျောင်းသားအရေအတွက်မပြည့်ရင် Agents တွေကို ဖျက်လိုက်မှာနော်” ဆိုပြီး အဲ့လိုမျိုးဖြစ်တယ်။ ပြီးတော့ ကျောင်းဖွင့်တဲ့အချိန်မှာလည်း အခက်အခဲတွေအများကြီးကြုံခဲ့တယ်ပေါ့နော်။ ဒါပေမယ့် အကုန်လုံးကို အစ်မတို့ဘက်က ဘယ်လိုယူဆလည်းဆိုတော့ လူတစ်ယောက်အောင်မြင်ဖို့ဆိုတာ ဖြစ်လာတဲ့ပြဿနာပေါ်မှာ ဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲပေါနော့်။ အဲ့ဒါတွေအပေါ်မှာ မူတည်ပြီး လူတစ်ယောက်က အောင်မြင်တယ်၊ ကျရှုံးတယ်ဆိုတာ ပြောင်းလဲသွားတယ်လို့ အစ်မတို့ဘက်ကယူဆပါတယ်။ အဲ့ဒါကြောင့်မို့ ပြဿနာတွေဖြစ်လာလည်း လုံးဝစိတ်မညစ်ဘူး။ တစ်ခုပဲစဉ်းစားတာက ဘာ့ကြောင့်မို့ဖြစ်တာလဲ၊ ဘယ်လိုရှင်းရမလဲ။ အဲ့နှစ်ခုပဲစဉ်းစားပြီးတော့ အစ်မတို့ဘက်ကအကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်တယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Customer ၊ ကိုယ့်ရဲ့ကျောင်းသားကို စေတနာအပြည့်၊ အဲ့ဒီစေတနာကိုလည်း ဘယ်တော့မှလျော့မသွားအောင် ကိုယ့်ကိုယ်ကိုအမြဲအဲ့ဒီစိတ်လေးသွင်းတယ်။ ကိုယ့်ရဲ့ ဒီကျောင်းကအသင်းသူအသင်းသားတွေ၊ MIC သူ MIC သားတွေ အကုန်လုံးကိုလည်း “ကျောင်းသားသည်ပထမ”၊ “ကျောင်းသား၏အနာဂတ်သည်ပထမ”၊ “အကုန်လုံးသည် ကျောင်းသားပဲဖြစ်ရမယ်။” အဲ့လိုမျိုးစိတ်လေးကို အမြဲတမ်းထားထားပါတယ်။ ဒါပေမယ့်အစ်မတို့ ကံကောင်းတာလည်းပါပါတယ်။ အစ်မတို့ကို ဘေးကနေပြီးတော့ အားပေးထောက်ပံ့ကူညီပေးတဲ့သူတွေ တော်တော်များတယ်။ ဥပမာ အစ်မတို့ MIC ကလူတွေဆိုရင်လည်း ကျောင်းကိုချစ်တယ်၊ ကျောင်းသူကျောင်းသားတွေဆိုရင်လည်း ကျောင်းကိုချစ်တယ်။ အဲ့ဒါတွေကတော့ အစ်မတို့အတွက် ကံကောင်းတဲ့အချက်တွေဖြစ်ခဲ့တာပေါ့နော်။ အစ်မတို့ချည်းပဲတော်လို့ ဖြစ်လာတာမဟုတ်ဘူးပေါ့။

၅။ MIC မှာ ဘယ် course တွေကို အဓိကထားပြီး သင်ကြားပေးနေလဲ။

MIC မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးတဲ့လူငယ်တွေအတွက် Diploma in Business, Diploma in Advertising and Branding, Diploma in Hospitality and Tourism BA (Hons) Business and Management, BA (Hons) Marketing Management, BA (Hons) Hospitality Management တို့အပြင် စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ခေါင်းဆောင်အဖြစ်ရပ်တည်လိုသူ မြန်မာနိုင်ငံသားတွေအတွက် စီးပွားရေးမဟာဘွဲ့ MBA ကိုလည်း ဗြိတိန် နိုင်ငံ က အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ University of Northampton ပြီးတော့ ကမ္ဘာမှာအကြီးဆုံးပညာရေးအဖွဲ့အစည်းဖြစ်တဲ့ Edexcel တို့နဲ့ပူးပေါင်းပြီးသင်ကြားပေးနေပါတယ်။ အခုပိုပြီးဂုဏ်ယူစရာတစ်ခုအနေနဲ့ ပညာရေးနယ်ပယ်မှာအမြင့်ဆုံးဖြစ်တဲ့ စီးပွားရေးပါရဂူဘွဲ့ကို Doctorate of Business Administration ကို University of Northampton နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်သင်ကြားနေပါတယ်။

အဲဒီလို Programme အသီးသီးကို နိုင်ငံတကာအဆင့်ကျောင်းတော်ကြီးမှာ သင်ကြားလို့ရအောင် အစ်မတို့ဘက်ကနေစီစဉ်ထားပေးပါတယ်။

အစ်မ မဖြစ်စေချင်တာက မြန်မာနိုင်ငံမှာပဲတက်ရလို့ ဒီ Degree လေးပဲရတယ်ဆိုတာ မဖြစ်စေချင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသားတစ်ယောက်က ကျောင်းကိုလာလိုက်တာနဲ့ ကျောင်းရဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး သူ့ရဲ့ဝတ်ပုံစားပုံလည်းပြောင်းသွားမယ်၊ ပြောပုံဆိုပုံလည်းပြောင်းသွားမယ်၊ ပြီးတော့ သူ့မှာ ဂုဏ်ယူတဲ့စိတ်ဓာတ်လေးရှိလာပြီး ကြိုးစားချင်စိတ်လေးရှိလာမယ်။ အဲ့လိုမျိုးဆိုတော့ အစ်မတို့လည်း facility ပိုင်းကိုလည်း လျှော့ထားတာတစ်ခုမှမရှိဘူး၊ နိုင်ငံတကာအဆင့်အတန်းအတိုင်း အကောင်းဆုံးတည်ဆောက်ထားတယ်။ အင်္ဂလန်ရောက်နေတဲ့ အဆင့်အတန်းအတိုင်းကို လုပ်ထားတယ်။ MIC Campus ကိုလည်း ကိုလိုနီယံ နဲ့မြန်မာ့ရိုးရာ ဗိသုကာဟန်တွေကို ရောပြီး ၄ထပ်ကျောင်းဆောင်ကြီးအဖြစ် ဆန်းသစ်တီထွင်ဆောက်လုပ်ထားပါတယ်။

၆။ ဒါဆို MIC ကနေ သင်တန်းအောင်မြင်သွားတဲ့ကျောင်းသားတွေ နိုင်ငံခြားကိုတောင်သွားစရာမလိုတော့ဘူးလို့   ပြောလို့ရတာပေါနော့် အစ်မ။

အစ်မတို့ဆီမှာကျ ကျောင်းသားကအချိန်ပြည့်၊ တချို့ကျောင်းသားကျတော့လည်း ဒီမှာ ပထမတစ်နှစ်၊ နှစ်နှစ်ပဲတက်မှာ၊ နောက်ဆုံးနှစ်ကို အင်္ဂလန်သွားတက်ချင်တဲ့ကျောင်းသားတွေလည်းရှိတယ်။ အဲ့လိုကျောင်းသားတွေအတွက်ဆိုလည်း ကျောင်းသားဘက်က ဘာမှမလုပ်ရဘူး။ ဥပမာ နောက်ဆုံးနှစ်သွားတက်ချင်တယ်ဆိုရင်လည်း သွားတက်ချင်တဲ့ intake နဲ့ တက်ချင်တဲ့ကျောင်းကိုပဲပြောလိုက်ရတာပေါ့နော်။ အစ်မတို့ဘက်ကပဲ ကျောင်းအချင်းချင်းချိတ်ဆက်ထားတဲ့ကျောင်းတွေ အများကြီးရှိတော့ ဒီဘက်ကနေပဲ တစ်ခါတည်းကျောင်းလျှောက်တာကအစ နေဖို့ထိုင်ဖို့ကိုပါ တစ်ခါတည်းစီစဉ်ပေးလိုက်ပါတယ်။ ဒါပေမယ့်ကျောင်းသားအများစုကတော့ အစ်မတို့ဆီမှာပဲ Bachelor ပြီးအောင်တက်သွားတာ များပါတယ်။ MBA တက်တဲ့ကျောင်းသားဆိုရင်လည်း MBA ထိ အပြီးတက်သွားတာများတယ်။ အစ်မတို့ခေတ်တုန်းကဆို နိုင်ငံခြားသွားမှရသလိုဖြစ်ခဲ့တယ်ပေါ့နော်။ အစ်မနဲ့ အစ်ကိုနဲ့လည်း အဓိက MIC ကို အဲ့လောက်ထိဇောက်ချပြီးလုပ်ဖြစ်တယ်ဆိုတာ အဓိကပိုက်ဆံကြောင့်မဟုတ်ပါဘူး။ လူငယ်ဆိုတာက နိုင်ငံရဲ့ အနာဂတ်ရဲ့ခေါင်းဆောင်တွေပါ။ ဒီတော့ ဒီလူငယ်တွေက နိုင်ငံခြားသွားရင် ဘယ်နှယောက်သွားနိုင်မှာလဲ ညီမရယ်။ ပြီးတော့ ၁၆၊ ၁၇၊ ၁၈ ဆိုတာဘယ်လိုပဲပြောပြော ဘာမှလုပ်စရာမရှိရင် စိတ်လေသွားတတ်တဲ့အရွယ်ပေါ့နော်။ အဲ့တော့ အဲ့အချိန်မှာ စည်းလေးဘောင်လေးထဲမှာ နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးကို အေးအေးဆေးဆေးလေးသင်စေချင်တယ်။ ကိုယ်တွေတုန်းကဆိုရင် MRT စီးလိုက်၊ LRT စီးလိုက်၊ ဘတ်စ်ကားစီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ သွားခဲ့ရတာလေ။ အခုကျောင်းကကျောင်းသားတွေဆိုလည်း အမြဲပြောပြတယ်။ သူတို့ရနေတဲ့ အခွင့်အရေးတွေကို တန်ဖိုးရှိရှိအသုံးချဖို့ပေါ့နော်။ ဒီနေ့လူငယ်တွေကြိုးစားမှ အနာဂတ်မြန်မာနိုင်ငံက ပိုမိုဂုဏ်ယူဝင့်ကြွားစရာဖြစ်လာမှာပါ။ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့က အစ်မတို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။

 ၇။ MIC ကနေ သင်တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရနိုင်မလဲဆိုတာလည်း ပြောပြပေးပါဦးနော်။

အစ်မတို့ MIC အနေနဲ့ အခုဆိုရင် Htoo Trading, AYA Bank, Coca Cola, Unilever, P&G, Redlink, Kandawgyi Palace, Karaweik စတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေပါတယ်။ အစ်မတို့ အနေနဲ့B2B Agreement တွေလည်းထိုးထားပါတယ်။ ဒီ Organization တွေကလည်း ဒီလိုလူငယ်တွေကို လိုချင်နေတာလေ။ ပြီးတော့ အစ်မတို့ ဘုတ်အဖွဲ့မှာ စီးပွားရေးလောကက ၃၊၄ ယောက်ပါပါတယ်။ သူတို့က ကျောင်းသားတွေရဲ့Assignment တွေကို တစ်နှစ် ၂ခါ စစ်ဆေးသုံးသပ်ပေးပါတယ်။ဒီ Assignment က တကယ့်လက်တွေ့လောကမှာရော အဆင်ပြေရဲ့လား၊ ပြီးတော့သူတို့လိုချင်တဲ့ Marketing Manager တစ်ယောက်၊ Marketing Director တစ်ယောက်ရဲ့ quality လား၊ အဲ့လိုမျိုးသူတို့ဘက်က အကြံပေးချက်တွေကိုလည်း အစ်မတို့ရဲ့ acedamic ဆရာတွေရော၊ Academic Board တွေဆီကို ပြန်ပို့ပေးတယ်။ အဲ့လိုမျိုးတွေလည်းလုပ်တော့ ကျောင်းသားပြီးသွားတဲ့အချိန်ကျရင် အလုပ်အကိုင်ရရှိဖို့ရော၊ skill ပိုင်းရော၊ network ရော အစ်မတို့ဘက်က အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အမတို့ဆီက ပြီးသွားတဲ့ကျောင်းသားတွေ တက်နေဆဲကျောင်းသားတွေထဲမှာလည်း Business Founder တွေ Director တွေ အများစုပါသလို ဥပမာ Karaweik , YKKO, Amara Ocean Resort, Café on the way, Innwa Book Store တို့ပေါ့နော် Mercedes AYA Bank Coca Cola , Cherry FM, Pyi Garden အစရှိတဲ့ Organization တွေမှာလည်း Management Level နဲ့ ၀င်ရောက်လုပ်ကိုင် နေသူတွေလည်းရှိပါတယ်။

အခုဆိုရင် ကျောင်းမှာ ဘာTrend ဖြစ်နေလည်းဆိုတော့ first year နဲ့ second year ပြီးသွားတဲ့ကျောင်းသားတွေဆိုလည်း အစ်မတို့ဆီမှာ ၅ယောက်၊ ၆ယောက်လောက်ရှိတယ်။ Bachelor တက်ရင်း သူတို့ အလုပ်ပြန်လုပ်တယ်။ အဲ့လိုမျိုးပေါ့နော်။

နောက်တစ်ခုက အစ်မတို့က ဘယ် trend ကိုဖောက်ချင်တာလည်းဆိုရင် နိုင်ငံခြားမှာဆိုရင် သူတို့ကျောင်းသားတွေက University တက်ရင်း part-time လုပ်တယ်။ အဲ့တော့ ကျောင်းပြီးသွားတဲ့အချိန်မှာ အလုပ်အကိုင်ရဖို့ပိုများတယ်။ experience ရှိနေတာကိုး။ အဲ့လိုမျိုးဟာလေးကိုလည်း အစ်မတို့ဘက်ကနေပြီးတော့  ကျောင်းသားတွေကို ဖြည်းဖြည်းချင်း လုပ်ပေးနေပါတယ်။ Partner Organization တွေနဲ့လည်းပေါင်းပြီးတော့ ဒီကျောင်းသားတွေက ကျောင်းတော့တက်နေတယ်၊ တတ်သင့်သလောက်တော့ part-time တွေခန့်ထားပေးပြီး ကျောင်းပြီးသွားရင်လည်း သူတို့ဆီတစ်ခါတည်း ထည့်ပေးလို့ရတယ်။ အဲ့လို trend လေးကိုတော့ အစ်မတို့ဘက်ကနေ ကျောင်းသားတွေအတွက် create လုပ်ပေးနေပါတယ်။

ကျောင်းတက်ရင်းနဲ့ အလုပ်ပါလုပ်တော့ သူတို့အတွက်လည်း လူတွေအကြောင်းတော့ အနည်းဆုံးသိသွားတယ်။ နောက်ပြီး ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံကအစပြောင်းသွားတယ်။ အဲ့တော့ သူတို့တကယ်အလုပ်ကြီးဝင်လိုက်တဲ့အချိန်ကျရင် သူတို့အတွက်အခက်အခဲမရှိဘူးပေါ့နော်။ အခုကျောင်းသားတွေဆိုရင်လည်း အစ်မတို့က ဝတ်တာစားတာကအစ နက်ခ်တိုင်ဝတ်ရတယ်၊ စတိုင်ပင်န် ဝတ်ရတယ်၊ ဖိနပ်ကိုလည်းလုံးဝအပိတ်စီးရတယ်၊ အဲ့လိုဆိုတော့ အစ်မတို့ဆီမှာ internship ဆင်းပြီးတော့ သူတို့ဆီမှာ အလုပ်သွားလျှောက်ရင် ဒီလိုဝတ်ရတာသည် သူတို့အတွက်ပုံမှန်ဖြစ်သွားပြီ။ အဲ့တော့ အလုပ်လျှောက်ရင် ဒါသည်သူ့ရဲ့ first expression ကတည်းက ကောင်းသွားပြီပေါ့နော်။ အစ်မတို့ဖြစ်စေချင်တာက အစ်မတို့ကျောင်းက ဆင်းသွားပြီဆိုကတည်းက ဒီလိုမျိုးအတတ်နိုင်ဆုံးတော့ အဘက်ဘက်က ပံ့ပိုးကူညီပေးနေပါတယ်။ ဒါပေမယ့် ကျောင်းသားရဲ့ကြိုးစားအားထုတ်မှုလည်း လိုတာပေါ့နော်။

 ၈။ ကျောင်းသူကျောင်းသားတွေကို ပညာရပ်အပြင် တခြား ဘာအရည်အသွေးတွေကို မြေတောင်မြှောက်ပေးသေးလဲ။ ဥပမာ – စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံ။ စသဖြင့်ပေါ့နော်။

အစ်မတို့ဆီမှာ တန်ဖိုးအထားဆုံးက ဘာလဲဆိုတော့ အစ်မတို့ကျောင်းသားတွေကိုလည်း အမြဲတမ်းပြောဖြစ်ပါတယ်။ Positive Attitude ပါ။ လူတစ်ယောက်က သူ့ရဲ့တွေးခေါ်တဲ့စိတ်ဓာတ်မှန်ကန်ဖို့က အရေးကြီးဆုံးပါပဲ။ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆို ကိုယ့်ရဲ့အတွေးအခေါ်မှားယွင်းပြီဆို ကိုယ်ခေါင်းဆောင်နေတဲ့ လူတွေအားလုံး မှားသွားမှာပါ။ အဲ့တော့ အစ်မတို့အဓိကတန်ဖိုးထားတာက သူ့ရဲ့အတွေးအခေါ်ကို မှန်ကန်တဲ့အတွေးအခေါ်ဖြစ်ဖို့ အစ်မတစ်ယောက်တည်းမဟုတ်ပါဘူး၊ တစ်ကျောင်းလုံးက ဒါကိုအမြဲတမ်း ပံ့ပိုးပါတယ်။

ပြီးသွားရင် အစ်မတို့ဆီမှာ အနုပညာဆိုရင် ပန်းချီနဲ့ပတ်သတ်တဲ့ အနုပညာကိုလည်း အရမ်းအားပေးပါတယ်။

အားကစားဆိုလည်း အဓိကကတော့ ဘောလုံးပေါ့နော်။ ဘောလုံးဆိုရင်လည်း အစ်မတို့ MIC အနေနဲ့ ဖူဆယ်အသင်းရှိပါတယ်။ အဲ့ဒါကိုဆိုလည်းအစ်မတို့က ဒီအာဆီယံ level ထိရောက်အောင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ ဘန်ကောက်အထိသွားပြိုင်ပြီးပြီ။ ဒီကျောင်းရဲ့ အသင်းက အာဆီယံအဆင့် ၁၀နိုင်ငံမှာ တတိယချိတ်ခဲ့ပါတယ်။ ပြီးတော့ အသန့်ရှင်းဆုံးအသင်းဆုလည်းရတယ်ပေါနော့်။ အဲ့ဒါကြောင့် အစ်မတို့ကျောင်းမှာ ကျောင်းသားတွေကို ဘောလုံးကန်တယ်ဆိုရင် သူတို့စိတ်မလေရအောင် အဖွဲ့အစည်းနဲ့ဘယ်လိုကန်ရမလဲ၊ ဘယ်လိုအားကစားစိတ်ဓာတ်လေးထားရမလဲဆိုတာ အစ်မတို့လေ့ကျင့်ပေးပါတယ်။ ပြီးတော့ ကြက်တောင်ဆိုရင်လည်း အစ်မတို့ဆီမှာ ကြက်တောင်လက်ရွေးစင်ကစားသမားတွေရှိတော့ အစ်မတို့ဘက်က အထောက်အပံ့တွေပေးတယ်ပေါ့နော်။အဓိကကတော့ အစ်မတို့က အားကစားနဲ့ အနုပညာရယ်၊ ဒီခေါင်းဆောင်မှုစိတ်ဓာတ်လေးတွေရယ်ကို အဓိကထားပံ့ပိုးပေးပါတယ်။

ပြီးတော့အစ်မတို့ကျောင်းမှာက MIC Golf-Club ဆိုပြီးလည်းရှိပါတယ်။ Golf နဲ့ပတ်သတ်တာလေးတွေပေါ့။ ဘာလို့လည်းဆိုတော့ အစ်မတို့က စီးပွားကျောင်းလိုပိုဖြစ်နေတယ်ဆိုတော့ Golf Club တွေဘာတွေလုပ်ပြီဆိုရင်လည်း အစ်မတို့ကံကောင်းတာတစ်ခုက ဘာလဲဆိုတော့ စီးပွားရေးလောကက Organization တွေအများကြီးကလည်း MIC ကိုတော်တော်လေး ပံ့ပိုးပေးတယ်။ ဥပမာ အစ်မတို့ Tournament လုပ်တယ်ဆိုရင် အနည်းဆုံးကျောင်းသားအယောက် ၅ဝ လောက်ပြိုင်ကြတယ်။ အဲ့ဒါဆိုရင် စီးပွားရေးလောကက လူတွေကလည်း ၁ဝ ယောက်လောက် Golf ဝင်ပြိုင်ကြတယ်။ ပြိုင်တယ်ဆိုရင် အစ်မတို့ကျောင်းက ကျောင်းသားက ၄ယောက်၊ စီးပွားရေးလောကကလူက ၁ယောက်ထည့်ပေးလိုက်တာပေါ့နော်။ အဲ့တော့သူတို့အနေနဲ့ network လည်း ပိုပြီးတော့ရသွားတာပေါ့။ ဒီလူတွေနဲ့လည်း သိသွားမယ်။ အဲ့လိုမျိုးတွေ အစ်မတို့ဘက်က လုပ်ပေးပါတယ်။ ဘာလို့လည်းဆိုတော့အစ်မတို့စဉ်းစားတယ်လေ။ ဒီ MBA Programme ကို လာတက်တဲ့သူတွေ၊ Doctorate Programme ကိုလာတက်တဲ့သူတွေက certificate တစ်ခုတည်းမဟုတ်ဘဲ အဓိကကတော့ ကိုယ်တွေကျောင်းတက်တုန်းကလည်း certificate ပဲလိုချင်တာမဟုတ်ဘူးလေနော်။ ကိုယ်ကတကယ့်စီးပွားရေးနယ်ပယ်မှာ အောင်မြင်ချင်တာ။ အဲ့တော့ အဲ့တာတွေကို ဦးစားပေးပြီး ဖြည့်ဆည်းပေးဖြစ်ပါတယ်။

ပြီေးတာ့ အမတို့ MIC မှာ MIC Student Union, MIC Art Club, MIC Chess Club, MIC Foundation တို့ကိုလည်းဖွဲ့စည်းပေးထားပါတယ်။

 

၉။ ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို စီမံအုပ်ချုပ်ရာမှာ အခက်အခဲတွေ ရှိလား အစ်မ။ ဘယ်လိုနည်းစနစ်မျိုးနဲ့ အုပ်ချုပ်နေပါသလဲ အစ်မ။

ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို စီမံအုပ်ချုပ်တယ်ဆိုတဲ့နေရာမှာ ခုနကပြောသလိုပေါ့နော်။ အစ်မတို့ကကျောင်းသူကျောင်းသားတွေကို၊ လူတွေအကုန်လုံးကို “အုပ်ချုပ်တယ်” ဆိုတာထက် “ပဲ့ကိုင်တယ်” ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ အုပ်ချုပ်တယ်ဆိုတာကတော့ ကိုယ်ကသူတို့ကို “ဘာလုပ်ပါ၊ ညာလုပ်ပါ” ပြောတာပေါ့။ အစ်မတို့ကတော့ အဓိက အရှေ့ကနေ ဦးဆောင်ပါတယ်။ အခုအစ်မတို့က ကျောင်းသားတွေကို၊ ရုံးက team member တွေကို အဓိက နားလည်စေတာ ခံယူစေတာတစ်ခုပဲရှိတာ အစ်မတို့ကျောင်းရဲ့ vision နဲ့ mission ပါပဲ။

အစ်မတို့ vision က ဘာဖြစ်ချင်တာ၊ mission အရ ဘာကိုလုပ်ရမယ်၊ objective ကဘာရှိတာ၊ ဘယ်အရာကိုတန်ဖိုးထားတယ်၊ အဲ့ဒါကိုပဲ သူတို့ နားလည်လာအောင် မှာထားပါတယ်။ ပြီးတော့ ဥပမာ အစ်မတို့ missionအရဆို အစ်မတို့ကမြန်မာနိုင်ငံမှာ ဒီနိုင်ငံ့ခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့နေရာမှာ အကောင်းဆုံးဖြစ်ချင်တယ်။ အဲ့လိုဖြစ်ချင်တဲ့အတွက် အစ်မအမြဲမှာတာ အစ်မရုံးကလူတွေအကုန်လုံးရဲ့ ပြုမူဆက်ဆံပြောဆိုပုံ အကုန်လုံးသည် စံပြဖြစ်နေရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်းဆောင်တွေ မွေးထုတ်ပေးမယ့်လူသည် ခေါင်းဆောင်ထက်ကိုပိုတော်နေရမှာ။ အဲ့လိုစံပြဖြစ်နေမှ နောက်ကလူတွေကလည်း ကိုယ့်ကိုလေးစားပြီးလိုက်လုပ်မှာပေါ့။ အစ်မတို့ဆိုရင်လည်း ကိုယ့်ကျောင်းမှာနေပြီဆိုရင် ကိုယ့်ရဲ့ဝတ်ပုံစားပုံနေပုံထိုင်ပုံကအစ ဂရုစိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကျောင်းသားတွေက ကြည့်နေမှာလေ။ အဲ့လိုဆိုတော့ အဓိကက ကိုယ့်ကိုဘယ်လိုပုံစံနဲ့ ခေါင်းဆောင်လည်းဆိုတာ ကိုယ်ကိုယ်တိုင်ပဲလုပ်ပြရတယ်။ ပြီးတော့ နောက်တစ်ခုက အစ်မတို့က encouragement ပေါ့နော်။

အစ်မတို့ရဲ့အဓိကတာဝန်က ကျောင်းသားတွေကို အုပ်ချုပ်ဖို့ထက် သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ဘေးကနေပံ့ပိုးကူညီပေးဖို့ပါပဲ။ အဲ့လိုပံ့ပိုးချိန်မှာ အစ်မတို့ကျောင်းသားတွေက အင်္ဂလန်ကဘွဲ့ကြီးကို ရအောင်ယူရတာဆိုတော့ ကျောင်းသားအတွက်ကတော့ အခက်အခဲတွေရှိတာပေါ့။ အခက်အခဲတွေရှိတဲ့အတွက် အစ်မတို့ကို၊ ကြိုက်တဲ့ဆရာကို အချိန်မရွေး လွတ်လွတ်လပ်လပ် လာတွေ့လို့ရအောင် အစ်မတို့ အချိန်ပြည့် ဆရာတွေကို အများကြီးထားထားတယ်။ အဲ့ဒါမှကျောင်းသားက စာမသိရင် ချက်ချင်းလာမေးမယ်။ အဲ့လိုမျိုးပေါ့နော်။ အဓိကကတော့ အစ်မတို့ကကျောင်းသားကိုရော၊ ဆရာတွေကိုရော၊ တစ်ရုံးလုံးကိုရောမှာတာ သုံးခုပဲရှိတယ်။ အစ်မတို့ရဲ့ mission မှာပါတာတွေပါ။ Quality Education ရယ်၊ Knowledge ရယ်၊ ပြီးတော့ Encouragement ရယ်။ အရည်အသွေးပြည့် ပညာရေး လည်းရရမယ်။ ဗဟုသုတလည်းရရမယ်။ အားပေးကူညီမှုလည်း အမြဲတမ်းရှိရမယ်။ အဲ့ဒီသုံးခုတည်းနဲ့ပဲ ဒီ MIC ကျောင်းတော်ကြီးကို ဖွဲ့စည်းထားတာပါ။

 

၁ဝ။ အစ်မက အခု MIC ကျောင်းကို ဦးဆောင်လုပ်ကိုင်နေတဲ့အပြင် တခြားဘာအလုပ်တွေ လုပ်ဖြစ်သေးလဲ။

ဘာတွေလုပ်ဖြစ်သေးလဲဆိုတော့ အစ်မတို့ ဒီ MIC ရဲ့အနောက်မှာပဲ Imperial Bistro ရှိပါတယ်။ အပြင်မှာတော့ 30 Vibe ဆိုတဲ့နာမည်နဲ့Restaurant & Lounge ဖွင့်ထားတာရှိပါတယ်။ ပြီးတော့ အစ်မတို့MIC ကနေထူထောင်ထားတဲ့ MIC Futsal Club ကလည်း နိုင်ငံတကာအဆင့် Professional Club အနေနဲ့ရပ်တည်နေပါတယ်။ အာဆီယံအဆင့်ထိ အောင်မြင်မှုတွေကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။အမတို့ MIC Foundation ကနေပြီးတော့လည်း လူမှုရေးပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ပြီးတော့ အမ၀ါသနာပါတဲ့ ပန်းချီကိုလည်းခုံခုံမင်မင်ဆွဲနေပါတယ်။

 

၁၁။ အခက်အခဲတွေ ကြုံလာရရင်၊ စိတ်ဓာတ်ကျစရာကိစ္စတွေ ဖြစ်လာရင် ဘယ်လိုစိတ်ဓာတ်မျိုးမွေးပြီး အားတင်းလေ့ရှိလဲ။ ကိုယ့်ကိုယ်ကို motivate ဘယ်လိုလုပ်လဲ ဆိုတာကိုလည်းပြောပြပေးပါဦးနော်။

အစ်မကိုယ့်ကိုယ်ကို အမြဲတမ်းထားတာက အချို့တွေကစဉ်းစားတယ် မဖြစ်နိုင်ဘူးပေါ့နော်။ အရင်တုန်းက ဒီလိုကျောင်းကြီးထောင်နိုင်လိမ့်မယ်လို့ အသက် ၁၆၊ ၁၇မှာ မယုံနိုင်ခဲ့ဘူးပေါ့နော်။ ဒါပေမယ့်လည်း “ငါတကယ်ဖြစ်အောင်လုပ်မယ်” ဆိုတဲ့စိတ် ရှိလာရင် တကယ်ကို နည်းလမ်းရှာလို့ရပါတယ်။ အဲ့လိုမျိုးတစ်ခုရှိတယ်ပေါ့နော်။ ပြီးတော့ ပြဿနာတစ်ခုဖြစ်လာရင် စိတ်မညစ်ဘဲနဲ့ ဒီပြဿနာကို အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲ၊ ပြဿနာကို အဟန့်အတားတစ်ခုလို့မမြင်ဘဲ အခွင့်အလမ်းတစ်ခုအနေနဲ့သတ်မှတ်စေချင်တာ။ ဒါကြီးကို အဟန့်အတားလို့ သတ်မှတ်လိုက်တဲ့အချိန်ကျရင် လူရဲ့စိတ်ဟာ ဘာဖြစ်သွားလည်းဆိုတော့ ဒါကြီးကခက်လိုက်တာဆိုပြီး အရှုံးပေးချင်စိတ်ပေါက်သွားတယ်။ အဲ့လိုမဟုတ်ဘဲ ဒါကို အခါင့်အလမ်းအနေနဲ့သတ်မှတ်မယ်ဆိုရင် ဒီဟာက ငါ့ကိုလောကကြီးကစမ်းသပ်တာ၊ ငါဘယ်လောက်တော်လဲ၊ ငါဘယ်လောက်လုပ်နိုင်လဲ၊ ငါဘယ်လောက် ခိုင်မာလဲဆိုတာ စမ်းသပ်တာ၊ အဲ့ဒါကို ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်၊ အမြင်မှာတင်ကို ကွာသွားတာ။ ကိုယ့်ရဲ့အမြင်ပေါ်မှာတင် ကိုယ့်ရဲ့စိတ်ခွန်အားက ကွာသွားတယ်ပေါ့နော်။ အဲ့တော့ ဒီပြဿနာဖြစ်လာတာကို အခက်အခဲ အနေနဲ့မသတ်မှတ်ဘဲ အခွင့်အလမ်း တစ်ခုအနေနဲ့သတ်မှတ်ပေးတယ်ဆိုရင် ပိုပြီးတော့ လောကကြီးကအဆင်ပြေပါတယ်။ အောင်မြင်ဖို့က ပိုပြီးတော့နီးစပ်တာပေါနော့်။ ပြီးတော့ ကိုယ့်ရဲ့အရှေ့ကိုပဲကြည့်တာကောင်းတယ်။ ဘေးတွေလိုက်မကြည့်ဘဲနဲ့ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပေါ့နော်၊ ပထမအရေးကြီးဆုံးကတော့ ရည်မှန်းချက်ရှိဖို့နဲ့ ဒီရည်မှန်းချက်ကို ဘယ်လိုသွားရမယ်ဆိုတာ သိဖို့ပါပဲ။ ရည်မှန်းချက်ရှိနေဖို့ပေါ့နော်။ လူတစ်ယောက်က တစ်ခါတစ်လေ စိတ်ဓာတ်ကျနေရင် ရည်မှန်းချက် ကိုမေ့သွားတတ်တယ်။ အကယ်၍သူဘယ်လောက် စိတ်ဓာတ်ကျကျ သူ့ ရည်မှန်းချက် ကိုသာမြင်နေမယ်ဆိုရင် ငါဒီကိုသွားရမှာ၊ ဒီပြဿနာကို ငါကျော်ကိုကျော်ရမှာဆိုရင် သူ့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ပိုပြီးမြန်တာပေါ့။

 

၁၂။ အစ်မရဲ့ အားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲ။ ဝါသနာ၊ အားကစား တစ်ခုခုပေါ့။

အစ်မက ပန်းချီဆွဲတယ်ရှင့်။ အစ်မ ပန်းချီကားတွေနဲ့နေရတာ ပန်းချီဆွဲနေရတာကို အရမ်းမက်မောပါတယ်။ အစ်မက Acrylic နဲ့ ဆီဆေးပိုဆွဲဖြစ်ပါတယ်။ ပြီးရင် စာဖတ်တာ အရမ်းဝါသနာပါတယ်။ စာအုပ်တွေစုဆောင်းရတာ ဝါသနာပါတယ်။ Leadership နဲ့ပတ်သတ်တဲ့ စာအုပ်တွေပေါ့နော်။ ပြီးရင် အစ်မက golf ရိုက်တယ်။ အဓိကလုပ်ဖြစ်တာကတော့ အဲ့ဒီသုံးခုပါပဲ။ အစ်မကစာဖတ်တာအရမ်းဝါသနာပါတယ်။ ဘယ်လိုခေါ်မလဲ လူတွေက တစ်ခါတစ်လေကျရင် နေ့လည်စားစားဖို့ပဲ သတိရနေတာ ကိုယ့်ရဲ့စိတ်အတွက်ကိုကျ အစာစားဖို့မေ့နေကြတာပေါ့။ လူဆိုတာက တစ်ခါတစ်လေ စိတ်ဓာတ်ကျတဲ့အချိန်တွေလည်းရှိတာပေါနော့်။ အမှန်အတိုင်းပြောရရင်လေ ဘေးကလူက ဘယ်လောက်ပဲသိသိ၊ ကိုယ့်ကိုယ်ကိုလောက်မသိဘူးလေ။ အဲ့ဒီတော့ ဘေးကလူအားပေးတာကိုစောင့်နေမယ့်အစား ကိုယ့်ကို စိတ်အာဟာရဖြစ်စေမယ့် စာအုပ်တွေဖတ်တာ၊ ကိုယ့်ရဲ့ တွေးခေါ်မျှော်မြင်မှုကို ကိုယ့်ဘာသာကို တိုးတက်အောင်လုပ်တာသည် ပိုကောင်းတယ်။ ပြီးရင် ကိုယ်ဖတ်လိုက်တဲ့စာရဲ့ အဓိပ္ပာယ်တွေကို ဘေးကလူတွေကိုမျှဝေတာ၊ အဲ့လိုမျိုးလေးတွေက ပိုပြီးတော့ အကျိုးရှိတယ်လို့ အစ်မယူဆပါတယ်။

၁၃။ ဘဝမှာအောင်မြင်ဖို့ ဘယ်လို စာအုပ်မျိုးတွေ ဖတ်ဖြစ်လဲ။ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်လဲ ဆိုတာကိုလည်း အကြံပေးခဲ့ပါဦး။

အခုလောလောဆယ် အစ်မဖတ်နေတာကတော့ Laws of Work ပေါ့နော်။ Work ဆိုပေမယ့် အောင်မြင်မှုအတွက်ရေးထားတာပါ။ ပြီးတော့ Leadership အတွက် Harvard Business Review တွေကို ဖတ်တယ်။ အဲ့လိုမျိုးလေးတွေ ဖတ်ဖြစ်တာများတယ်။ ပြီးတော့ Brian Tracy ဆိုလည်းအရမ်းကြိုက်တယ်။ Brian Tracy ဆိုရင်လည်း motivation ဘက်ကို ပိုရောက်တာပေါ့။ အဲ့လိုမျိုးတွေဖတ်ဖြစ်တာများတယ်။

 

၁၄။ အခုခေတ်မှာ မိန်းမသားတွေရဲ့ ကြိုးစားမှု၊ ဦးဆောင်နိုင်မှုတွေကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းလာပြီပေါ့နော်။ အဲ့ဒီ့အတွက်လည်း ညီမငယ်လေးတွေကို ဘာအကြံများပေးချင်လဲ အစ်မ။

ဘာအကြံပေးချင်လဲဆိုတော့ ခုနတုန်းကပြောသလိုပေါ့နော်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အစ်မတို့အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံရဲ့ ၅၁%က မိန်းမတွေပါ။ အဲ့တော့ ဒီ ၅၁%ရဲ့ မိန်းမတွေသာ မိရိုးဖလာအတွေးအခေါ်အတိုင်း အိမ်မှာနေ၊ ထမင်းချက်ပြီး ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာနေနေတယ်ဆိုရင် နိုင်ငံအတွက်က တစ်နာရီကိုမိုင် ၁ဝဝသွားနေတဲ့ကားနဲ့ တစ်နာရီကို မိုင်၅ဝ သွားနေတဲ့ကားလိုမျိုးပေါ့။ တိုင်းပြည်ဖွံ့ဖြိုးမှုလည်း နည်းသွားနိုင်တာပေါ့နော်။ အဲ့တာကြောင့် တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်၊ ကိုယ့်မိသားစု၊ ကိုယ့်အနာဂတ်အတွက် မိန်းမသားတွေကို အစ်မအားပေးချင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ကျွန်မတို့ကျောင်းသူတွေ၊ မိတ်ဆွေတွေအများကြီးရှိပါတယ်။ “ငါကမိန်းမ၊ ငါလုပ်နိုင်မှာမဟုတ်ပါဘူး” ဆိုပြီး ဖြစ်နေကြတာပေါ့နော်။ အဲ့လိုမျိုးတော့ အစ်မလုံးဝမဖြစ်စေချင်ဘူး။ တူတူပဲ သူလည်းလူပဲ၊ ကိုယ်လည်းလူပဲ ဟုတ်တယ်မို့လား။ အမှန်အတိုင်းပြောရရင်တော့ ယောက်ျားလေးက ဉာဏ်ပိုကောင်းတယ်။ အဲ့တော့ သူတို့တစ်နာရီကြိုးစားရတယ်ဆိုရင် ကိုယ်ကနှစ်နာရီကြိုးစားလိုက်၊ လုပ်လို့မရဘူးဆိုတာတော့မရှိဘူးပေါ့နော်။ အနှေးနဲ့အမြန်ပဲ ကွာမှာ။ အဲ့လိုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျပါနဲ့။ ပထမဆုံးခြေလှမ်းကိုသာ အမြန်ဆုံးစတင်လိုက်ပါ။ အဲ့ဒါဆိုရင် အောင်မြင်မှုက အနောက်ကနေ သူ့ဘာသူလိုက်လာပါလိမ့်မယ်။ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မွေးရမှာပေါ့နော်။

 

၁၅။ နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ဂန္ထဝင်ပရိသတ် ညီမငယ်လေးတွေအတွက် အားပေးစကားလေး ပြောပေးပါဦးနော်။

အစ်မအနေနဲ့ပြောချင်တာကတော့ အမတို့နိုင်ငံမှာ အခုလက်ရှိအောင်မြင်နေတဲ့ အောင်မြင်မှုအတွက် ကြိုးစားနေကြတဲ့ ညီမလေးတွေ အများကြီး ရှိပါတယ်။ အစ်မသူတို့အတွက် အများကြီးဂုဏ်ယူပါတယ်။ ဒီ့ထက်ပိုပြီးအောင်မြင်အောင်ကြိုးစားပါ။ တစ်ခုပဲရှိတာက ကိုယ့်ရဲ့အောင်မြင်မှုကို ဟန့်တားနိုင်တာ ကိုယ်ပဲရှိတာပါ။ ကိုယ့်စိတ်ဓာတ်ကျသွားအောင်လည်း ဘယ်သူမှ လုပ်တာမဟုတ်ဘူး။ ကိုယ်ပဲလုပ်တာ။ အဲ့တော့ အမှန်အတိုင်းပြောရရင် ကိုယ့်ရဲ့ရန်သူက ကိုယ်ပဲ။ အဲ့တော့ သူများကို သိပ်မစဉ်းစားဘဲ ကိုယ့်ကိုယ့်ကိုသာ စိတ်ဓာတ်ကိုမြင့်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီအခက်အခဲကို ကိုယ့်ရဲ့အစွမ်းအစနဲ့ ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာတွေအတွက် စိတ်အာဟာရမွေးပြီးတော့ စာများများဖတ်ပါ။ ပြီးတော့ ကိုယ့်ထက်ပိုပြီးတော့တတ်သိတဲ့သူ၊ အစ်မဆိုလည်းအဲ့လိုပဲ အစ်မထက်ပိုပြီးတတ်သိတဲ့သူ ကိုမေးနေရတာပေါ့နော်။ တတ်သိတဲ့သူတွေကို ချဉ်းကပ်ပါ။ သူတို့မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာကိုမေးပါ။ ကိုယ့်ရဲ့ အားပေးသူတစ်ယောက်အနေနဲ့ လူတစ်ယောက်ကို အမြဲထားထားသင့်တယ်လို့ အစ်မအကြံပေးချင်ပါတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အကုန်လုံးကြီးကို တစ်ယောက်တည်း လိုက်ခံစားနေလည်း အဖြေမှန်ကသိချင်မှသိမှာပေါ့နော်။ အဲ့တော့ အဲ့လိုအပိုင်းလေးတွေကိုပဲ focus ထားစေချင်ပါတယ်။ ကိုယ့်အောင်မြင်မှုဟာ ကိုယ့်အပေါ်ပဲမူတည်ပါတယ်။

ပြီးသွားရင် နောက်တစ်ခု အစ်မမှာချင်တာကတော့ ပိုက်ဆံအတွက် အလုပ်မလုပ်ပဲ၊ ကိုယ့်ရဲ့သမိုင်းနဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် အလုပ်လုပ်ကြပါလို့။

နောက်တစ်ခုပြောချင်တာက Social Media နဲ့ပတ်သတ်ပြီး မောင်လေးတွေ၊ ညီမလေးတွေကို သတိပေးစကားပြောချင်တာပါ။ အခုက globalization ဖြစ်လာပြီဖြစ်တဲ့အတွက် အစ်မတို့မြန်မာနိုင်ငံသားတွေရဲ့ Facebook ကိုလည်း နိုင်ငံခြားသားတွေက ဝင်ကြည့်လို့ရပါတယ်။ အဲ့လိုဖြစ်တဲ့အချိန်မှာ ဆဲဆိုထားတဲ့ဟာတွေ၊ မကောင်းတဲ့အတွေးအခေါ်ေ တွေတွေ့မယ်ဆိုရင် မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာက အထင်သေးနိုင်ပါတယ်။ ပြီးရင် ဒီ facebook ဆိုတဲ့အရာက သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပါ။ ကိုယ်အလုပ်လျှောက်ရင်တောင်မှ ကောင်းလား၊ မကောင်းလား facebook ကနေကြည့်တာ။ ဒါပေမယ့် facebook ဟာ ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ်ဘယ်သူလည်းဆိုတာကိုပြတဲ့၊ လူတိုင်းကြည့်ဖို့လွယ်တဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်နေတာ။ အဲ့တော့ facebook ကို လွယ်လွယ်ကူကူနဲ့ မကောင်းတဲ့ဘက်ကအတွေး တွေမရေးဘဲနဲ့ အကျိုးရှိတဲ့ဟာလေးတွေကို သုံးပေးကြပါ။ ဒါကတော့ အစ်မမှာချင်တဲ့စကားပါ။ အရမ်းအကြီးကြီး မဟုတ်ပါဘူး။  ပြီးတော့ လူငယ်မှာလည်းလူငယ့်တာဝန်ဆိုတာရှိပါတယ်။ အဲဒါကိုမမေ့ဘဲ ကျွန်မတို့ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာအလယ်မှာ ပိုပြီးဝင့်ကြွားနိုင်ဖို့ မြန်မာကို ကမ္ဘာကသိဖို့ တစ်တပ်တစ်အားက ကြိုးစားပေးကြပါလို့လည်းပြောချင်ပါတယ်။

 

ဂန္ထဝင်ပရိသတ်ကြီးရေ… ငယ်ရွယ်တဲ့ မိန်းမသားဖြစ်ပေမယ့် အောင်မြင်တဲ့လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ မပို့ပို့ကြည်ရဲ့ အကြောင်း၊ စိတ်ခံယူမှု၊ ကြိုးစားမှုတွေကို ဖတ်ပြီး အားကျအတုယူစရာတွေ တွေ့လိမ့်မယ်လို့ မျှော်လင့်ရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။