SAIL Group of Companies မှ ဒေါက်တာ အဲနာခင်ခင်ကျော့နှင့် (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ အောင်မြင်ကျော်ကြား မြန်မာအမျိုးသမီးများကဏ္ဍလေးကနေ ဒီတစ်ပတ်မှာ ပရိသတ်ကြီးတို့နဲ့ မိတ်ဆက်ပေးမှာကတော့ SAIL Group of Companies ရဲ့ Founder and President ဖြစ်တဲ့ Dr. Anna Khin Khin Kyawt ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Marketing လောကကို ပထမဆုံးချဲ့ထွင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Advertising Agency ကို ဦးဆောင်နေလုပ်ကိုင်နေသူ ဒေါက်တာခင်ခင်ကျော့နဲ့ ငါးမိနစ်တာ အမေးအဖြေလေးကို ဖတ်ကြည့်ပါဦးနော်။

၁။ မင်္ဂလာပါ အစ်မ။ အစ်မရဲ့ အကြောင်းလေးနဲ့ ပရိသတ်ကြီးကို အရင်ဆုံးမိတ်ဆက်ပေးပါနော်။

ကျွန်မကတော့ မြန်မာနိုင်ငံစီးပွားရေးကို ကျဆုံးနေတဲ့ဆိုရှယ်လစ်စနစ်ကနေ ဈေးကွက်စီးပွားရေးပြောင်းလဲတဲ့အချိန် ၁၉၉၁ ခုနှစ်မှာ ပထမဆုံးကြော်ငြာအေဂျင်စီ ကိုတည်ထောင်ခဲ့ပြီး ကြော်ငြာအေဂျင်စီလောကကို ယနေ့တိုင် ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

၂။ ပညာအရည်အချင်းကရော။ မြန်မာနိုင်ငံမှာပဲ ကျောင်းပြီးခဲ့တာလား။ ရရှိခဲ့တဲ့ ဒီဂရီတွေကိုလည်း ပြောပြပေးပါဦးရှင်။

ရန်ကုန်မြို့  လသာ(၂)အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို (၅) ဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့ပြီး ဆေးတက္ကသိုလ် (၁)ကနေ အမ်ဘီဘီအက်စ် (M.B.B.S) ဘွဲ့ကိုရခဲ့ပါတယ်။ ဆရာဝန်ပညာကို နိုင်ငံခြားမှာဆက်သင်ချင်ခဲ့ပေမယ့် passport မရရှိခဲ့တာကြောင့် နိုင်ငံခြားမသွားခဲ့ရဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး နောက်ဆုံးတော့ ၁၉၉၁ ခုနှစ်မှာ ကုမ္ပဏီထောင်ဖြစ်ခဲ့ပါတယ်။

၃။ အစ်မရဲ့ မိသားစုဝင်တွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

ယခင်ခင်ပွန်းက ဓာတ်ပုံနဲ့ကျော်ကြားခဲ့တဲ့ စက်မှုတက္ကသိုလ် ဦးစန်းအောင်ဖြစ်ပြီး အခုနောက်အိမ်ထောင်နဲ့နေပါတယ်။ ဒေါ်သီရိသန့်မွန် ခေါ်တွင်တဲ့ သမီးတစ်ဦးပဲရှိပါတယ်။ ကျွန်မအလုပ်လုပ်ခဲ့တာကြောင့် သမီးသီရိကို နိုင်ငံခြားမှာကျောင်းထားနိုင်ခဲ့ပြီး သူမ လန်ဒန်စတော့အိပ်ချိန်းမှာ အလုပ်တာဝန်ကြီးတွေ ယူခဲ့တယ်။ ယနေ့မှာတော့ သမီးသီရိကမြန်မာပြည်မှာ ပြန်လာအလုပ်လုပ်ပါတယ်။ စန္ဒီနီလာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်ပြီး ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အစ်မတည်ထောင်ထားတဲ့ SAIL Marketing and Communications Agency ရဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်မှုတွေအကြောင်းကိုလည်း အတိုချုပ်လေးပြောပြပေးပါ။

ဆေးလ်ကတော့ နိုင်ငံတကာကကုန်ပစ္စည်းတွေ မြန်မာပြည်ကို မားကက်ဝင်မယ်ဆိုရင် ပါတနာအနေနဲ့ ကူညီပေးပါတယ်။ မြန်မာပြည်ဈေးကွက်အနေအထား၊ စားသုံးသူတွေရဲ့အခြေအနေ စသည်တွေကို သုတေသနပြုတင်ပြရပါတယ်။ ဈေးကွက်ဖြန့်ချိရေးသာမက ကြော်ငြာရိုက်ကူးရေး၊ ဘာသာပြန်ကော်ပီရေးတဲ့ပညာ စတာတွေကအစ ကူညီပါတယ်။ ရုပ်သံကြော်ငြာ၊ ရေဒီယို၊ ပုံနှိပ်မီဒီယာတို့မှာ ထိရောက်အောင်၊ ဈေးလည်းသက်သာအောင် စီစဉ်ထည့်သွင်းပေးပါတယ်။ လုပ်တာမှန်သမျှလည်း ပြန်လည်စိစစ်တင်ပြရပါတယ်။ များသောအားဖြင့် နိုင်ငံတကာစတော့ဈေးကွက်က အများပိုင်ကုမ္ပဏီတွေနဲ့ဆက်ဆံရတာမို့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးပါတယ်။

၅။ မြန်မာနိုင်ငံမှာ ပထမဆုံး Marketing and Communications Agency အဖြစ် စတင်တည်ထောင်ဖြစ်ခဲ့ပုံလေးလည်း သိပါရစေရှင်။

ဆရာဝန် မဖြစ်ခင်ကပဲ အိမ်ထောင်ကျခဲ့ပါတယ်။ ဆရာဝန်ဖြစ်တော့ သမီး လည်းရှိတာနဲ့ အလုပ်လျှောက်ရင် နယ်အဝေးမသွားနိုင်လို့ အစိုးရ အလုပ်မဝင်ဖြစ်ပါဘူး။ ဆေးခန်းထိုင်ပါတယ်။ ဆေးခန်းထိုင်တော့လည်း ပညာ မတိုးတာနဲ့ မထိုင်တော့ဘူး။ ICI Pharmaceuticals အင်္ဂလန်ဆေးကုမ္ပဏီကြီးက ဆေးကိုယ်စားလှယ်ခေါ်တော့ လုပ်ဖြစ်သွားခဲ့တယ်။ သူတို့ဆီက နောက်ဆုံးပေါ်ဆေးတွေကို ဆရာဝန်ကြီးတွေကို နမူနာပေးနိုင်ခဲ့တယ်။ နောက်ဆုံး ဆေးပညာစာအုပ်တွေကိုပါ ပေးနိုင်ခဲ့တယ်။

ခင်ပွန်းကလည်း အင်ဂျင်နီယာမလုပ်တော့ဘဲ ဓာတ်ပုံရိုက်တာလုပ်တယ်။ မြန်မာပြည်မှာ ရောင်စုံဓါတ်ပုံကူးတာကို ပထမဆုံးဆောင်ရွက်နိုင်ခဲ့တယ်။ ဒါနဲ့ပဲ ကြော်ငြာရိုက်ကူးတာ၊ ကာလာဖလင်တွေသွင်းတာ ရောင်းချတာလုပ်လာတယ်။ ဖက်စပ် ၆ တည်ထောင်တော့ ပါဝင်ခဲ့ကြတယ်။ UMFCCI မှာလည်း ပါဝင်ခဲ့ကြတယ်။

ကိုဒတ်ဖလင် (Kodak) ကို ကိုယ်တိုင်သွင်းကြရင်း ကြော်ငြာဆိုင်းဘုတ်တွေထောင်ပေးတော့ ကျန်တဲ့ကုမ္ပဏီကြီးတွေကလည်း သူတို့ကိုလည်းလုပ်ပေးပါပြောလာတာနဲ့ ကြော်ငြာအေဂျင်စီဖြစ်လာတာပါပဲ။

၆။ ကိုယ်က marketing pioneer အဖြစ်စတင်ခဲ့တော့ market ထိုးဖောက်ရာမှာ လူထုကို ဒါတွေရဲ့ အရေးပါပုံလေးတွေရော educate လုပ်ခဲ့ရမှာပေါ့နော်အစ်မ။ အခက်အခဲတွေလည်း မြောက်များစွာ ကြုံခဲ့မှာပေါ့။ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသလဲဆိုတာလေးတွေ ပြောပြပါဦးရှင်။

စစချင်းတော့ ခက်ခဲလှတယ်မထင်ပါဘူး။ ဝါသနာပါရာလုပ်နေလို့လားမသိဘူး။ မိဘမျိုးရိုးကလည်း ရှေးကတည်းက မန္တလေးကပိုးကုန်သည်တွေ၊ ခင်ပွန်းဘက်ကလည်း ဦးနုခေတ်က ဟံသာအေးနိုင်လွန်သူဋ္ဌေးတွေဆိုတော့ ဈေးကွက်တင်တာ၊ လူထုကိုဆက်သွယ်တာ အလိုလိုတတ်နေသလိုပါပဲ။ နိုင်ငံခြားသားတွေနဲ့လည်း ကိုယ်က အင်္ဂလိပ်စာရော၊ စကားရောကျွမ်းကျင်တော့ သူတို့ကလည်း အားထားတယ်၊ အဆင်ပြေနေတယ်။ အခက်အခဲက ဒီနေ့ခေတ်ရောက်မှစတာ။ နိုင်ငံခြားက အေဂျင်စီတွေဝင်လာပြီး ကိုယ့်အလုပ်ကို လာလုနေကြတယ်။

၇။ အခက်အခဲတိုင်းကို ဘယ်လိုနည်းလမ်းနဲ့ ကျော်လွှားခဲ့တယ်။ ဘယ်လိုစိတ်ဓာတ်မျိုးထားပြီး ဆက်လက်ရပ်တည်ခဲ့တယ်ဆိုတာကိုလည်း ဂန္ထဝင်ပရိသတ်များရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးအတွက် ဗဟုသုတရအဖြစ် ဝေမျှပေးပါဦးရှင်။

လက်ရှိမှာ ပြိုင်ဘက်တွေ များလာတာပေါ့နော်။ ပြိုင်ဘက်က ကိုယ့်မြန်မာပြည်ကဆိုရင် ထားပါတော့။ ကိုယ့်လို လုပ်သက်မရှိလို့၊ ဝါမရင့်လို့ မကြောက်ပါဘူး။ ဒါ့အပြင် သူတို့လည်း လုပ်ကြပါစေ၊ အောင်မြင်ကြပါစေဆိုပြီး အားပေးပါတယ်။ ဈေးကွက်ကလည်း လိုအပ်ချက်တွေရှိနေသေးတာကိုး။

ခက်တာက အရင်းအနှီးသိပ်မလိုတဲ့ ကြော်ငြာအေဂျင်စီအလုပ်ကို နိုင်ငံခြားသားတွေက လူလေးတစ်ဦး၊ နှစ်ဦးနဲ့  အခန်းလေးငှားနေပြီး အလုပ်လာလုနေကြတယ်။ ကျွန်မတို့အေဂျင်စီမှာ သင်ထားတဲ့လူတွေကို လခ ၃ဆလောက်ပေးခေါ်တယ်။ ပညာတွေ၊ အဆက်အသွယ်တွေကိုယူတယ်။ ပြီးတော့ အလုပ်ဖြုတ်ပစ်တယ်။ ကလေးတွေလည်း နေရာပျောက်ကုန်တယ်။ သူတို့ကတော့ နိုင်ငံခြားက အဆက်အသွယ်တွေနဲ့  ဘိုလိုပြောပြီး အလုပ်ရအောင်ယူကြတယ်။ ပြီးတော့လည်း အလုပ်လည်းမနိုင်၊ ပြည်တွင်းအခြေအနေကိုလည်းမသိတော့ မထိန်းနိုင်ကြပြန်ဘူး။ ကျွန်မတို့ ဖောက်သည်တွေ တော်တော် ဖျက်ပစ်သလိုဖြစ်တယ်။

ကိုယ်ကတော့ စိတ်ရှည်သည်းခံနေရတယ်။ နိုင်ငံတော်အစိုးရကိုလည်း နိုင်ငံခြားသားတွေကို ကြော်ငြာအေဂျင်စီလုပ်ကိုင်ခွင့် မပေးအောင် လော်ဘီလုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ နိုင်ငံတော်အစိုးရအသစ်မှာလည်း တင်ပြဖို့စီစဉ်ထားပါတယ်။ MMSA မြန်မာပြည်ဈေးကွက်ဝန်ဆောင်မှု ကုမ္ပဏီများအဖွဲ့အစည်းမှာလည်း ကျွန်မကို ဥက္ကဋ္ဌခန့်ထားပါတယ်။ ကျန်တာကတော့ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာများစွာကြားမှာ ကိုယ့်အလုပ်ကို တည့်တည့်မတ်မတ်ဖြစ်နေအောင် ဆောင်ရွက်နေရတာပါပဲ။

၈။ Product တစ်ခုကို မြန်မာနိုင်ငံဈေးကွက်မှာ နာမည်ရလာအောင် ထိုးဖောက်တဲ့အခါ တခြားနိုင်ငံရဲ့ ဈေးကွက်ထိုးဖောက်မှုတွေနဲ့ ကွဲလွဲတာတွေ ရှိလား အစ်မ။ ရှိရင် ပြောပြပေးပါဦးနော်။

ကျွန်မတို့ လုပ်ဆောင်မှုဟာ သူများနဲ့ မတူဘဲ ကွဲလွဲမှုတွေရှိပါတယ်။ တူတယ်ဆိုရင်တောင် အောင်မြင်မှုချင်း၊ သုံးစွဲတဲ့ဘတ်ဂျက်ခြင်း ဘယ်တူနေမှာလဲ။ ကိုယ်ကတော့ Market Research, Creative, Copy-Writing, Public Relations, Media စသည်စသည်တို့မှာ ဘက်စုံကျွမ်းကျင်တယ်။ ဘာသာပြန်တာမဟုတ်ဘူး၊ မြန်မာမှုကို မှီငြိမ်းပြုတာ။ ဈေးကွက်ကို ထိုးဖောက်မြင်တယ်။ ခိုင်းတာပဲလုပ်ပေးတဲ့ အေဂျင်စီမဟုတ်ဘူးလေ။ သူတို့ရောက်သင့်တဲ့နေရာကို ပို့ပေးတယ်။ သူတို့ပြောချင်တာတွေကို သိအောင်တင်ပြပေးတယ်။

မီဒီယာတွေဆိုတာလည်း ကိုယ်နဲ့အတူ ဖြစ်လာကြသူတွေဆိုတော့ ရုပ်သံ၊ ပုံနှိပ် အားလုံး လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေတယ်။ သူတို့ ကြီးပွားလာအောင်လည်း ကိုယ်ကပဲ ဘတ်ဂျက်တွေသုံးပေးခဲ့တာဆိုတော့ အားလုံးသိကြတယ်။ ကိုယ့်အရေးကိုလည်း အောင်မြင်အောင် ကူညီပေးကြပါတယ်။ Industry တစ်ခုလုံးကို ကိုယ်က တစ်ဖွဲ့တည်းလို လုပ်ဆောင်သွားပေးတာဆိုတော့ ကိုယ့်ရဲ့ဖောက်သည်တွေအတွက် အကျိုးထူးအောင်လုပ်ပေးနိုင်ပါတယ်။

၉။ Branch တွေအများကြီး၊ ဝန်ထမ်းတွေအများကြီးကို အုပ်ချုပ်စီမံပြီး ကုမ္ပဏီကြီး အရှိန်မဟုန်မပျက် တိုးတက်အောင်မြင်အောင် ကြိုးစားရတဲ့ အပိုင်းလေးကိုရော ပြောပြပေးပါဦး။

ရုံးခွဲတွေရှိပေမယ့် သိပ်ဝေးဝေးမထားသေးပါဘူး။ မန်နေဂျာတွေနဲ့ လွှဲတာများပါတယ်။ တာဝန်ချပေးမယ်၊ ငွေချပေးမယ်ဆိုရင် လုပ်နိုင်တဲ့မန်နေဂျာတွေရှိတာမို့ မပင်ပန်းပါဘူး။ တစ်ချိန်လုံးအာရုံစိုက်နေရတာတော့ ရှိပါတယ်။

၁ဝ။ Marketing လုပ်တဲ့သူဆိုတာ အစစအရာရာ အမြင်ကျယ်ရတယ်ပေါ့နော်။ အစ်မရော Marketing မှာအောင်မြင်ဖို့ ဘယ်လိုလေ့လာခဲ့ရတယ်၊ ဘယ်လို သုတေသနတွေ လုပ်ခဲ့ရတယ်ဆိုတာကိုလည်း ဝေမျှပေးပါဦးနော်။

ဆရာဝန်ပေမယ့် မျိုးရိုးပါလို့တတ်တာပါ။ နိုင်ငံတကာက marketing ပညာရှင်တွေနဲ့ တွဲလုပ်ခဲ့ရတော့ သူတို့ကလည်း သင်ကြားပေးသွားပါတယ်။ အခုဆို နိုင်ငံတကာဆွေးနွေးပွဲတွေလည်းတက်ပါတယ်။ ပြိုင်ပွဲတွေလည်း ဝင်ပါတယ်ဆိုတော့ ကိုယ့်ဆီက ကြော်ငြာရိုက်ကူးတာတွေ၊ ပုံနှိပ်ကြော်ငြာတွေ၊ မီဒီယာတွေ၊ အွန်လိုင်းကြော်ငြာမှုတွေက အမြဲတိုးတက်နေပါတယ်။

၁၁။ အစ်မတို့အနေနဲ့ ဒီ Sail Group of Companies ကို ဘယ်လိုတွေ နောက်ထပ်ချဲ့ထွင်သွားဖို့ရှိလဲ။

ကျွန်မတို့ကတော့ ဈေးကွက်သုတေသနကုမ္ပဏီကို ကြီးထွားလာအောင် မန်နေဂျာ၊ ဒါရိုက်တာတွေခန့်ပြီး ခွဲထွက်ရပါမယ်။ မီဒီယာကတော့ တော်တော်ကို နိုင်နင်းအောင်မြင်နေပါပြီ။ PR ကိုလည်း အောင်မြင်စွာလုပ်နိုင်နေပါပြီ။ events and activation ပွဲလုပ်တာ၊ ဈေးကွက်ထဲဆင်းကြော်ငြာတာလည်း နိုင်နင်းအောင်မြင်ပါတယ်။ Outdoor billboard ဆိုင်းဘုတ်တွေလည်း နယ်စုံမှာ ရှိနေပါတယ်။ ရန်ကုန်ထဲကိုတော့ ကြိုးစားရဦးမယ်။ Creative ကြော်ငြာရိုက်ကူးရေးကိုလည်း လုပ်ကိုင်ပေးနေပါတယ်။ နောက်ဆို အဖွဲ့အသီးသီးကို ကိုယ်မပါဘဲ အောင်မြင်အောင် ထမ်းဆောင်နိုင်ကြဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေပါတယ်။

၁၂။ ကိုယ့်ကိုယ်ကို အမြဲတမ်း inspire ဖြစ်နေအောင် ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ဖြစ်လဲ အစ်မ။ အကြိုက်ဆုံး စာရေးဆရာကိုလည်း ပြောပြပေးပါရှင်။

အလုပ်များတော့ သိပ်စာမဖတ်ဖြစ်ပါဘူး။ စာဖတ်ရင်တော့ ရာဇဝင်နောက်ခံပါတဲ့ ဗဟုသုတရမယ့်စာကို ဖတ်တာများပါတယ်။ ခရီးသွားတာလည်း ဗဟုသုတပါပဲ။ inspirational စာအုပ်တို၊့ ဟောပြောတာတို့တော့ သိပ်မဖတ်ဖြစ်ပါဘူး။ မိမိကိုယ်တိုင်ကတော့ အမြဲတီထွင်ဆန်းသစ်နေတာ ဝါသနာပါတယ်။ အသစ်ပဲလုပ်ချင်နေတာများနေတယ်။ စကားပြောလည်း အသစ်ပဲပြောတတ်တယ်။ အားနည်းချက်လား၊ အားသာချက်လားတော့ မပြောတတ်ဘူး။ အမြဲပဲ သစ်ဆန်းနေချင်တယ်။ I never sit down and relax and repeat a process in anything. I hate to do that.

၁၃။ အားလပ်ချိန်တွေမှာ လုပ်ဖြစ်တဲ့ ဝါသနာက။

ခရီးသွားတာကြိုက်တယ်။ စာဖတ်တာကြိုက်တယ်။ အင်တာနက်မှာ ရုပ်ရှင်ကြည့်တယ်။

၁၄။ Work နဲ့ family life ကို မျှတအောင် ကြိုးစားရတဲ့ အပိုင်းလေးကိုရော ပြောပြပေးပါဦးရှင်။

Sundayတစ်ရက်ပဲ မိသားစုကို အချိန်ပေးနိုင်တယ်။ အလုပ်က ကိုယ့်ကို စိုးမိုးနေတယ်။ ကိုယ်ပိုင်အလုပ်ဆိုတော့ပိုဆိုးတယ်။ မန်နေဂျာတွေ၊ စာရင်းစစ်တွေနဲ့ လွှဲလို့ရအောင် ကြိုးစားပြီး စီစဉ်နေပါတယ်။

၁၅။ အစ်မ လက်ကိုင်ထားတဲ့ ဘဝအောင်မြင်မှုနည်းလမ်းလေးတွေကိုလည်း ဂန္ထဝင်ပရိသတ်ကြီးနဲ့အတူဝေမျှပေးပါဦး။

သူများကိုအားကျတာထက် မိမိကိုယ်ကိုအားကျပါ။ မိမိအောင်မြင်မှုဟာ မိမိ ကိုယ်တိုင်ရဲ့လုပ်ဆောင်နိုင်မှု အပေါ်မှာဘဲမူတည်နေပါတယ်။ အောင်မြင်ချမ်းသာချင်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဘာအခွင့်အရေးတွေ ရှိနေသလဲဆိုတာ မြင်နိုင်ရပါမယ်။

၁၆။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင် ကြိုးစားနေတဲ့ ညီမငယ်လေးများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အားပေးစကားလေးတွေ ပြောကြားပေးပါဦးရှင်။

အမျိုးသမီးများ မိမိကိုယ်မိမိသာမက မိသားစုအတွက်ပါ တာဝန်ကိုယ်စီ ထမ်းဆောင်နိုင်ကြမယ့်ခေတ်ပါ။ ရှေးခေတ်ကလို အိမ်ထောင်ပြု၊ ကလေးတွေမွေးပြီး ခင်ပွန်းသည်ကို အားကိုးနေရမယ့်ခေတ် မဟုတ်တော့ပါဘူး။ အိမ်ထောင်ပြု၊ ကလေးမွေးပြီးလည်း အလုပ်ဆက်လုပ်တယ်။ အောင်မြင်ကြီးပွားအောင် ဆက်လက်ထမ်းဆောင်နိုင်ကြမယ့်ခေတ်ဖြစ်ပါတယ်။

အမျိုးသမီးတွေ နိုင်ငံ့ခေါင်းဆောင်ကြီးများတောင် လုပ်နိုင်ကြတဲ့ခေတ်ပါ။ ခေတ်ပြောင်းပါပြီ။ အမျိုးသမီးများခေတ်ဖြစ်နေပါပြီ။ ကြိုးစားကြပါ။