ယဉ်သူထိုက်ပိုးထည်မှ မငယ်ငယ်နှင့် (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ အစ်မ။ ညီမတို့ ဂန္ထဝင်မဂ္ဂဇင်းက အောင်မြင်ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍတွေမှာ ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်နေတဲ့ ယဉ်သူထိုက်ပိုးထည်က မငယ်ငယ်ရဲ့ အကြောင်းလေးကို ဖော်ပြသွားမှာ ဖြစ်လို့ အောက်ပါမေးခွန်းလေးတွေကို ဖြေကြားပေးစေလိုပါတယ်ရှင်။

၁။ အစ်မအကြောင်းလေး စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

အစ်မနာမည်က မငယ်ငယ်ပါ၊ ယဉ်သူထိုက်ပိုးထည်ရဲ့ မန်နေဂျင်း ဒါရိုက်တာ (Managing Director) ပဲထားပါတော့။ ဆိုင်ကို အုပ်ချုပ်နေတယ်ပေါ့နော်။

၂။ ပညာအရည်အချင်းနဲ့ မိသားစုအကြောင်းလေးရော မိတ်ဆက်ပေးပါဦး။

အစ်မတို့က မိသားစုဝင် ငါးယောက်ရှိတယ်။ အဖေ၊ အမေနဲ့ ညီအစ်မသုံးယောက်ပေါ့နော်။ အစ်မရဲ့ ပညာအရည်အချင်းက ၂ဝဝ၅ ခုနှစ်တုန်းက ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (Paramedical) ရထားတာပါ။ ဘွဲ့ယူပြီးတော့ လုပ်ငန်းထဲဝင်ခဲ့တယ်ပေါ့လေ။

၃။ ပိုးထည်လောကထဲကို စတင်ဝင်ရောက်ခဲ့ပုံလေးလည်း သိပါရစေအစ်မ။

ပိုးထည်လောကထဲရောက်တာက ယဉ်သူထိုက်ပိုးထည်လို့ စတင်ပြီးရပ်တည်ခဲ့တာ မေမေပေါ့နော်။ မေမေ့နာမည်ကတော့ ဒေါ်ကြည်ကြည်ဝင်းပါ။ မေမေက ၁၉၉၄ ခုနှစ်လောက်က အဆင့်မြင့်ဈေးချိုတော် အဆောက်အဦးသစ်ကြီးဆောက်တဲ့အချိန်မှာ ယဉ်သူထိုက်ပိုးထည်ဆိုတဲ့ နာမည်လေးနဲ့ မြန်မာပြည်အနှံ့က နယ်တွေကို ဖောက်သည်ဖြန့်ဖြူးခဲ့တာပေါ့နော်။

ငယ်ငယ်က ဒီပိုးထည်လောကကို တကယ့်တကယ် ထဲထဲဝင်ဝင်စပြီးလုပ်ဖြစ်တာက ၂ဝဝ၅ ဘွဲ့ယူပြီးတော့ပေါ့နော်။ ဒါပေမယ့် ပိုးထည်နဲ့ကတော့ ငယ်ကရင်းနှီးနေတယ်။ အမေက ဒါကိုလုပ်ထားခဲ့တာဆိုတော့ ငယ်ကတည်းက ကိုယ်မြင်လာ၊ တွေ့လာရတဲ့ လုပ်ငန်းဆိုတော့ မစိမ်းဘူး။ တကယ့်တကယ် ကိုယ်လုပ်ငန်းထဲဝင်တာကတော့ ၂ဝဝ၅ ခုနှစ်လောက်မှာ စပြီးတော့ ဝင်ခဲ့တာ။

၎။ ယဉ်သူထိုက်ပိုးထည်ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားအားထုတ်ခဲ့တဲ့ အပိုင်းလေးကိုလည်း ပြောပြပေးပါဦး။

ကြိုးစားအားထုတ်ခဲ့တာဆိုရင် အဓိကကတော့ လုပ်ငန်းတစ်ခု ရပ်တည်နိုင်ဖို့ဆိုတာ product တစ်ခုရဲ့ အရည်အသွေးရယ်၊ ပိုးထည်ဆိုတော့ကျတော့ ငယ့်အနေနဲ့ အရည်အသွေးနဲ့ ဒီဇိုင်းရယ်၊ ဈေးနှုန်းရယ် ဒီသုံးခုကိုပေါ့နော်။

  • အရည်အသွေးကောင်းရမယ်၊
  • ဒီဇိုင်းက သူများထက်ဆန်းသစ်ရမယ်၊
  • ဈေးနှုန်းက Fair ဖြစ်ရမယ်ပေါ့နော်။

ဒီ ၃ချက်ညီညွတ်ရင် ဒါဟာ လုပ်ငန်းတိုင်းက ရပ်တည်နိုင်မယ်ထင်ပါတယ်။ ဒီသုံးခုကိုပဲ ငယ်ဦးစားပေးတာပေါ့နော်။ နောက်ဆုံးတစ်ချက်ကတော့ Service ပေါ့။ Service က နောက်ဆုံးမှာသာဆိုတယ်၊ တကယ့်တကယ်ကတော့ သူက အရေးကြီးဆုံးလို့လည်း ပြောလို့ရတယ်။ ပစ္စည်းကောင်းတစ်ခုကို ပစ္စည်းကောင်းမှန်းသိတယ်။ ဒီဇိုင်းလှမှန်းသိတယ်။ စိတ်ချမ်းသာမှုမရှိရင် လူတွေက အာရုံမရှိတော့ဘူး၊ ဝယ်ချင်စိတ်မဖြစ်တော့ဘူးပေါ့နော်။ ဆိုတော့ နောက်ဆုံးတစ်ချက် Service ကိုလည်း ငယ်အရမ်းအလေးထားပါတယ်။ ဒီအချက်လေး ၄ချက် ညီညွတ်မှသာ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်မယ် ထင်ပါတယ်။

၅။ လုပ်ငန်းဆောင်တာဆောင်ရွက်ရာမှာ အခက်အခဲတွေကြုံရင်ရော ဘယ်လိုစိတ်ဓာတ်မျိုးထားပြီး ဖြေရှင်းလေ့ရှိလဲ။

အခက်အခဲကတော့ လုပ်ငန်းတိုင်းမှာ နေရာတိုင်းမှာ အခက်အခဲကတော့ တွေ့တာပေါ့။ အခက်အခဲရှိခဲ့ရင်လည်း ခက်ခဲနေတာကြီးကို စိတ်ကြီးညစ်ပြီး စိတ်ကြီးလေးနေတာမျိုးကြီးပေါ့နော်။ အဲ့လိုမျိုး ဖြစ်တော့ဖြစ်မယ်၊ ခဏလောက်ဖြစ်လိုက်မယ်၊ ပြီးရင်ငယ်က ဒါကိုဘယ်လိုလုပ်လိုက်မယ်ဆိုတာကို၊ ဘာ့ကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုလိုက်တယ်။ ပြီးရင် ဒါလေးကို သူနဲ့သင့်တော်တဲ့ နည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းတယ်။ အခက်အခဲကြီးကို ငယ် အကြာကြီးမထားဘူး။ ရေရှည်သွားရင်ကျတော့ အလုပ်က မတွင်တော့ဘူး။ ဒါ့ကြောင့် အခုဖြစ် အခုချက်ချင်းပဲ ရှင်းလိုက်တယ်။ သူ့ရဲ့အကြောင်းရင်းပေါ် မူတည်ပြီးတော့ပေါ့နော်၊ ဖြေရှင်းပုံချင်းတော့ မတူဘူးပေါ့လေ။ ဒါပေမယ့် ချက်ချင်းဖြစ် ချက်ချင်းရှင်းပစ်လိုက်တယ်။ ဒါမှရှေ့ကို မြန်မြန်ဆက်လို့ရအောင်လို့။ အဲ့လိုနဲ့ပဲ အခက်အခဲတွေကို ရှင်းခဲ့ပါတယ်။

၆။ ကုန်ပစ္စည်းအရည်အသွေးပိုင်းမှာရော ဒီဇိုင်းပိုင်းမှာပါ ပြောစရာမရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ။

နံပါတ်တစ် အရည်အသွေးပေါ့နော်။ အရည်အသွေးနဲ့ ပတ်သတ်တဲ့ဟာဆိုတော့ အရည်အသွေးကောင်းအောင် ငယ်တို့ ဒီပိုးချိတ်ဆိုရင် ပိုးဆိုးတာ၊ ပြုတ်တာကအစ ကွာလတီကောင်းတဲ့ဖိုမှာပဲ ဆိုးတယ်။ နောက်တစ်ချက်က လက်ရာကောင်းထွက်နိုင်မယ့် ရက်ကန်းသည်တွေကို မွေးမြူထားရတာပေါ့။ ဒါကတော့ ခုနကွာလတီပိုင်းပေါ့။ ဒီဇိုင်းကကျတော့ သူများနဲ့မတူအောင်ဆိုတာ ငယ်က အကုန်လုံးကို လေ့လာတယ်။ ကိုယ့်ဘာသာကိုယ်ပဲ လေ့လာတာ။ ကိုယ့်ရဲ့ရိုးရာချိတ်ထဲမှာ သုံးလို့ရမယ့် ခုနက နိုင်ငံခြား ပိတ်စတစ်ခုခုပေါ့နော်။ ဒါမျိုးတွေကိုမြင်လိုက်ရင်လည်း ထားပါတော့၊ ကနုတ်လေးတွေပါမယ်။ သူ့ထဲမှာ ကိုယ့်ရဲ့ရိုးရာချိတ်နဲ့ နည်းနည်းဆင်တူယိုးမှားဖြစ်မယ့် အကွေးလေးတွေ၊ အညွန့်လေးတွေ ဒါမျိုးလေးတွေပါမယ်ဆိုရင် ငယ်ဒါကို မှီငြမ်းလိုက်တာပေါ့။ ဒါကိုမှီငြမ်းပြီးတော့ ဒီလိုပုံစံကိုယ့်ရိုးရာချိတ်ထဲမှာ ထည့်သုံးလို့ရတာပဲဆိုပြီး ဒါလေးတွေကို မှီငြမ်းပြီး ငယ်သုံးတယ်။ ဒီဇိုင်းပိုင်းနဲ့ပေါ့နော်။

အရောင်ထွက်ဆိုလည်း ကာလာထွက်ပုံမှန်ထွက်နေကျ ဟိုးအရင်က နှစ်တွေတုန်းက လုပ်ခဲ့တာဘယ်လိုဆိုရင်၊ မတူအောင်ကိုယ်က ဆန့်ကျင်ဖက် Opposite အရောင်လေးထည့်သုံးတာတို့၊ ပြီးရင် ဒီဇိုင်းကြားလေးတွေထဲမှာ၊ ချိတ်ကြားမှာ ပန်းပွင့်လိုမျိုးဟာမျိုးတို့ ဖြတ်ထည့်တာမျိုးပေါ့နော်၊ ဖြတ်ညှပ်ကပ်ပုံစံမျိုးလေးတွေ၊ ဒါမျိုးလေးတွေပေါ့။ အဲ့ဒါလေးတွေကတော့ တခြားပိုးထည်တိုက်တွေရဲ့ ဒီဇိုင်းတွေကို လေ့လာတယ်၊ ကြည့်တယ်။ အဲ့တော့ သူတို့ကိုကြည့်မှလည်း သူတို့နဲ့မတူတဲ့ဟန်မျိုးလေး ကိုယ်ကစဉ်းစားပြီးထုတ်လို့ရမှာဆိုတော့ အဲ့ဒါမျိုးလေးတွေ မှီငြမ်းတယ်။ တခြားဘာလေး မြင်မြင် နိုင်ငံခြားပိတ်စလေးတစ်ခုတွေ့လိုက်လည်း ဒါလေးတွေကိုမှီငြမ်းပြီးတော့ ဒီဇိုင်းထုတ်တာပေါ့။ အဲ့လိုမျိုးလေးတွေ လုပ်ဖြစ်တယ်။

၇။ ဒီဇိုင်းတွေကိုရော အစ်မကိုယ်တိုင်စဉ်းစားဖန်တီးတာလား။

ကိုယ်တိုင်ဆွဲစရာတော့ မလိုပေမယ့် ဒီဇိုင်းဆွဲတဲ့သူ၊ ပင်စားထုတ်တဲ့သူရှိတယ်။ ဒီပိုးထည်တစ်ခုဖြစ်ဖို့အတွက်က ပင်စားဆိုတာ ရှိရတယ်ပေါ့နော်။ ဒီပင်စားရေးတဲ့သူကပဲ ပန်းချီဆွဲတာ။ ဒီပန်းချီသမားကိုတော့ ကိုယ်က ခုနကပြောတဲ့ ကိုယ်လိုချင်တဲ့ Pattern လေးတွေကို သူ့ကို အကြမ်းဖျင်းချပေးလိုက်တယ်။ ပြီးမှသူက အချောသတ်ဆွဲပြီးတော့ ပင်စားထုတ်၊ ပင်စားထုတ်ပြီးမှ ရက်ကန်းစင်ပေါ်တင်ခတ်၊ ပြီးတော့ ပိုးထည်ထွက်လာတာပေါ့နော်။ ဒီသဘောပေါ့နော်။

၈။ ဒါဆိုရက်ကန်းစင်တွေကိုလည်း အစ်မတို့ ကိုယ်ပိုင်ထောင်ထားရတာပေါ့နော် အစ်မ။

ဟုတ်ကဲ့ရှင့်။ ရက်ကန်းစင်ကိုယ်ပိုင်ရှိပါတယ်။ ဒါကြောင့်လည်း အခုနှစ်စဉ်နှစ်တိုင်းလည်း အကယ်ဒမီတွေမှာလည်း စပွန်ဆာပေးဖြစ်တယ်လေ။ အဲ့ဒီဟာတွေဆိုရင်လည်း နှစ်တိုင်းကိုယ်စပွန်ဆာပေးမယ့် မင်းသမီးအတွက် သင့်တော်ရာဒီဇိုင်းတွေ ကိုယ်တိုင်ပဲ စဉ်းစားပုံဆွဲ၊ ပြီးတော့ ကိုယ်တိုင်ပဲ ကိုယ်ပိုင်စင်မှာ ရက်ပြီးတော့ သူတို့ကို စပွန်ဆာပေးတာ။

၉။ ရက်ကန်းစင်တွေက မန္တလေးမှာပဲပေါ့။

ရက်ကန်းစင်တွေကတော့ တောင်မြို့ဘက်နဲ့ စစ်ကိုင်းဘက်မှာပဲ ရှိပါတယ်ရှင်။ မန္တလေးမြို့ထဲမှာတော့ စင်မထားထားဘူးပေါ့နော်။

၁ဝ။ အပြိုင်အဆိုင်တွေကြား အောင်မြင်စွာရပ်တည်နိုင်အောင် ဘယ်လိုပြင်ဆင်အားထုတ်ရလဲ။

အပြိုင်အဆိုင်တွေဆိုတာတော့ ငယ်က ကိုယ့်ကိုယ်ကိုပဲပြိုင်တယ်။ မနေ့က ယဉ်သူထိုက်နဲ့ ဒီနေ့ယဉ်သူထိုက် အရည်အချင်းချင်းမတူရဘူး၊ ရောင်းအားချင်းမတူရဘူး၊ ပစ္စည်းကွာလတီချင်းမတူရဘူး၊ ဒီဇိုင်းပိုင်းချင်း မတူရဘူး။ အမြဲတမ်းကိုယ့်ကိုယ်ကိုပဲ ပြန်ပြီးတော့ ဆန်းစစ်တယ်။ မနေ့ကနဲ့ ဒီနေ့တူနေရင် ဒါကို တိုးတက်မှုလို့ မခေါ်ဘူး။ ဒါ့ကြောင့်မို့ မနေ့ကထက် ဒီနေ့သာကိုသာရမယ်ဆိုတဲ့ ပုံစံနဲ့ ကိုယ့်ကိုယ်ကိုပဲ ယှဉ်ပြိုင်ပါတယ်။

၁၁။ ဝန်ထမ်းတွေအပေါ် အုပ်ချုပ်စီမံရာမှာ ဘယ်လို စိတ်ဓာတ်လေးတွေ လက်ကိုင်ထားခဲ့လဲ။

ဝန်ထမ်းတွေ အုပ်ချုပ်တာဆို ငယ်က သူတို့ကို အလုပ်ရှင်အလုပ်သမားပုံစံ မဆက်ဆံဘူး။ သူတို့ကို မိသားစုလိုပဲပေါ့နော်။ တစ်ခုက ဥပမာ သူတို့ဆီကနေလည်း ငယ် အကြံဉာဏ်ယူတာမျိုးလည်းရှိတယ်။ ဒါမှသူတို့ရဲ့ဦးနှောက်လေးတွေလည်း ပွင့်လန်းအောင်လို့။ ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်က ဘာ့ကြောင့်လုပ်နေလည်းဆိုတာ သိအောင်လို့ သူတို့ကို ရှင်းပြတယ်။ “နင်ဒါလုပ်လိုက်ပါ” လို့ပြောတာထက် “ဒါကလေ ဘာကြောင့်လုပ်ခိုင်းတာ”ဆိုတဲ့ reason လေးတွေ ပေးပေးပြီးတော့ ဘာကြောင့်ဆိုတဲ့ဟာလေးတွေကို ရှင်းပြပြီးတော့ ခိုင်းတတ်တယ်။ ဒါမှလည်းသူတို့က အော် ငါဒါကြောင့်လုပ်နေတာဆိုပြီးတော့ အဓိပ္ပာယ်ရှိရှိလုပ်ရတဲ့အတွက် သူတို့မှာလည်း စိတ်ပျော်တယ်။ မဟုတ်ရင် ခိုင်းလို့လုပ်တာဆိုတာ သူတို့မှာ အဓိပ္ပာယ်မဲ့နေတယ်။ အဓိပ္ပာယ်မဲ့နေတော့ သူတို့လည်း ဦးနှောက် မပွင့်လန်းဘူး၊ နောက်တစ်ချက်က ငါဘာကြောင့်လုပ်နေတာလဲ ဆိုတဲ့ အကြောင်းရင်းမသိတော့ စက်ရုပ်လို ဖြစ်သွားမှာပေါနော့်။ ပြီးရင် ကိုယ်မကြိုက်တဲ့ အချက်ကလေးတွေ၊ သူတို့မှာ အားနည်းချက်ကလေးတွေ ဆိုရင်လည်းပဲ ဒါတော့အစ်မ မကြိုက်ဘူး၊ အစ်မဖြစ်စေချင်တာ ဒါမျိုးဆိုပြီး သူတို့ကို အမြဲတမ်းအကြောင်းအကျိုးလေးတွေလည်း ပြောပြောပြတယ်။ အမိန့်ဆိုတာမျိုးထက် လုပ်ပေးပါဆိုတဲ့ request မျိုးနဲ့ ဝန်ထမ်းတွေကို အဲ့လိုပဲ အုပ်ချုပ်ပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း ပိုရှိလာတယ်လေ။ စိတ်ပျော်တော့ကျ ပိုပြီး အလုပ်ပျော်တယ်ပေါ့နော်။ အဲ့လိုမျိုးနဲ့ပဲ အုပ်ချုပ်ပါတယ်။

၁၂။ customer တွေအပေါ်မှာရော ဘယ်လိုအကောင်းဆုံးလုပ်ပေးပြီး ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေပါသလဲရှင်။

Customer တွေကို အဓိကပေးတာကကျတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းပေါ့နော်။ အဲ့ဒီ့ကုန်ပစ္စည်းမှာကျ ခုနက ငယ်အရှေ့ပိုင်းမှာ ပြောထားတဲ့ သုံးချက်၊ အရည်အသွေးရယ်၊ ဒီဇိုင်းရယ်၊ ဈေးနှုန်းရယ်ကို Fair ဖြစ်အောင်နဲ့ အကောင်းဆုံးဖြစ်အောင်က ကိုယ့်ရဲ့ product ကိုတော့ စီမံပေးပြီးသားပေါ့နော်။ နောက်တစ်ချက် customer ကို ဖြည့်စွက်ပေးရတာကတော့ service ပါ။ service ဆိုတာ တကယ့်တကယ်ပြောရရင် အဓိကက စေတနာပါ။ ရှင်းရှင်းလေးပြောရရင်တော့ စေတနာမေတ္တာထားပြီးတော့ သူတို့ကို စိတ်ရှည်သည်းခံစွာနဲ့ ဝန်ဆောင်မှုပေးပါတယ်။ ကိုယ်ပေးသလို ကိုယ့်ရဲ့ဝန်ထမ်းတွေလည်း ကိုယ့်စိတ်ကြိုက်ဖြစ်စေဖို့က ခုနက သူတို့ကို အုပ်ချုပ်တဲ့နည်းလမ်းလေးတွေကို ပြောထားပြီးသား training ပေးထားပြီးသားလေ။

customer တစ်ယောက်က ကိုယ့်ပစ္စည်းကို ဝယ်သာသွားရတယ် ဥပမာတစ်ခု သူတို့ တွန်းရောင်းလို့သာယူလိုက်မိတာပါ။ သိပ်အကြိုက်ကြီး မဟုတ်လှဘူးရယ်လို့ ဖြစ်ရင်လည်း သူနောက်တစ်ကြိမ် ဒီဆိုင်ကိုလာချင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် တွန်းလည်းမရောင်းသလို သူတို့ကို တွန်းအားပေးတာမျိုး၊ ဖိအားပေးတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကအကြံဉာဏ်ပေးတဲ့ ပုံစံနဲ့ပဲ သူရွေးချယ်နိုင်အောင် အကြံပေးသလိုမျိုးပဲရောင်းချတယ်။ အဲ့တော့ သူတို့လည်း စိတ်ပျော်တော့ နောက်တစ်ခါလည်း ကိုယ့်ဆီလာပြီး အားပေးချင်စိတ် ဖြစ်တာပေါ့။ မေတ္တာပေးတော့ မေတ္တာပြန်ရတဲ့သဘောပါပဲ။ ဒီနည်းလေးနဲ့ပဲ ငယ် customer တွေကို ရောင်းပါတယ်။

၁၃။ ယဉ်သူထိုက်ပိုးထည်လုပ်ငန်း ပိုပြီးတိုးတက်အောင်မြင်ဖို့ ဘယ်လိုကြိုးစားအားထုတ်သွားမယ်လို့ စိတ်ကူးထားပါသလဲ။ ဘယ်လို ချဲ့ထွင်သွားဖို့ရှိလဲ အစ်မ။

အခုက fashion လိုင်းကပြောမယ်ဆိုရင် တော်တော်ကြီးခေတ်စားလာတယ်။ ဒီမြန်မာ့ရိုးရာအထည်တွေလည်း အရမ်းခေတ်စားလာတယ်ဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ပိုးစစ်လွန်းချိတ်တွေကို အရောင်တောက်တောက်တွေ ခေတ်စားခဲ့တယ်။ ဒီနှစ်ကျတော့ အရောင်နုနုခေတ်စားတယ်။ ဒီဇိုင်းပိုင်းမှာလည်း ဒီလိုပဲ ကြိုးကြီးခေတ်စားခဲ့တယ်။ ဒါတွေအကုန်လုံးက မျှနေတာဆိုတော့ fashion မှာ ကိုယ်မလုပ်ဖူးတာတွေ တောက်လျှောက်ကတော့ မလုပ်ဖူးသေးတာတွေ အမြဲတမ်းထုတ်ထုတ်ပြီး လုပ်သွားရမှာပေါနော့်။ အဲ့လိုမျိုးနဲ့ပဲ ကွာလတီကတော့ ကိုယ်က stable ဖြစ်ပြီးသား၊ ထိန်းထားပြီးသားဆိုတော့ ဒီဇိုင်းပိုင်းကိုပဲ ငယ်တို့ မြှင့်တင်ဖို့ လိုအပ်တယ်လို့ထင်တယ်။ ရှေးရိုးဒီဇိုင်းတွေကနေ ခွဲထွက်ပြီးတော့ pattern အဆန်းလေးတွေပေါ့။ ဒါမျိုးလေးတွေ ဒီဇိုင်းပိုင်းမှာပဲ ငယ်တို့ထပ်ထပ်ပြီးတော့ တိုးချဲ့သွားဖို့ပဲ စဉ်းစားထားပါတယ်။

၁၄။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အစ်မရဲ့ လက်ဆွဲဆောင်ပုဒ်လေးက ဘာလဲ။

ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်။ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်၊ လူမှုရေး social ဘက်မှာပဲ ဖြစ်ဖြစ်ပါ မေတ္တာသည်သာ အကောင်းဆုံးပဲလို့ ငယ်ကတော့ခံယူထားတယ်ရှင့်။ ဘာပဲလုပ်လုပ် မေတ္တာပါပါစေပေါ့။ ဒါကတော့ ငယ့်ရဲ့ လက်စွဲလေးပဲ။

၁၅။ ဘဝမှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ညစ်စရာတွေ တွေ့လာရင် စိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားနေထိုင်ခဲ့လဲ။

စိတ်ညစ်စရာ ကြုံရင်ကတော့ ငယ်အကြာကြီး စိတ်မညစ်ဘူး။ အကြာကြီး စိတ်ညစ်ရင် စိတ်ညစ်ရတဲ့ အကြောင်းရင်းကိုပဲ ပြန်တွေးလိုက်တယ်။ ဒါ့ကြောင့်ဆိုရင် ဒီရဲ့အကြောင်းရင်းထဲမှာပဲ သုံးသပ်လိုက်တယ်။ ဘာကြောင့်ဖြစ်သွားတယ်။ ဒါဆိုရင်တော့ ဒီဟာဖြစ်သွားတယ်။ နောက်တစ်ခါဆိုရင်တော့ ဒါလေးရှောင်ရမယ်ဆိုပြီးပဲ နှလုံးသွင်းလိုက်တယ်။ အဲ့လိုဆိုရင် စိတ်ညစ်တဲ့ စိတ်က အကြာကြီးမရှိဘူး။ ပျောက်သွားတယ်။ ဒါမျိုးနဲ့ အစားထိုးလိုက်တာပေါ့နော်။ ဒါကတော့ ကိုယ့်စိတ်ကိုယ်ကို ပြန်ပြီးတော့ motivate လုပ်လိုက်တာရယ်၊ အကြောင်းအကျိုးလေး ပြန်ပြီး စဉ်းစားလိုက်တာရယ်ပေါ့နော်။ မဟုတ်ရင်က ငါဘာကြောင့် စိတ်ညစ်တယ်ဆိုတဲ့ အကြောင်းရင်းကို မသိရင် ဒီစိတ်က မပျောက်ဘူး။ ဒါ့ကြောင့် အကြောင်းရင်းကို ငယ်သေချာ ပြန်ရှာလိုက်တယ်။ တွေ့တယ်ဆို ဒါကြောင့်ဖြစ်ရတယ်ဆို ဒီကိစ္စကို ငါရှောင်မယ်ဆိုပြီး သင်ခန်းစာတစ်ခုလိုယူပြီးပဲ စိတ်ဖြေလိုက်တယ်။

၁၆။ အစ်မ အားလပ်ချိန်တွေမှာရော ကိုယ့်ကိုယ်ကိုတိုးတက်ပြောင်းလဲနေဖို့ ဘာလေးတွေ လုပ်လေ့ရှိလဲ။ ဥပမာ စာဖတ်တာတို့၊ ဘာတို့ပေါ့နော်။

စာဖတ်ကတော့ တော်တော်ပျင်းတယ်။ ဖေ့ဘုတ်ပေါ်က ဘုန်းကြီးတွေရေးတဲ့ စာပေလေးတွေ၊ စာတိုလေးတွေဖတ်ဖြစ်တယ်။ ပြီးကျတော့ အားလပ်ချိန်မှာ ငယ် အလုပ်နဲ့ ပတ်သတ်တာဆိုရင် ခုန ဒီဇိုင်းတွေက Automatic ကို ဘယ်အချိန်မှာနေနေ စဉ်းစားမိနေတာပေါ့နော်။ ဒါလေးကတော့ ကိုယ့်လုပ်ငန်းအကြောင်းလေးကတော့ ကိုယ်နဲ့ တစ်သားတည်းရှိနေတော့ အားလိုက်ပြီဆိုတာနဲ့ ဒါလေးတွေ စဉ်းစားတယ်။ ဘယ်လို Product မျိုး ငါထပ်ထုတ်ရမယ်ဆိုတာမျိုး စဉ်းစားတယ်။ ခုနက စာဆိုတာကတော့ ဒီလို ဘုန်းဘုန်းတွေရဲ့ ဆုံးမထားတဲ့စာ၊ ဘုန်းကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပါလေ၊ စာပေသမားတွေရဲ့ ဆုံးမစာအတိုလေးတွေ ငယ်ဖတ်ဖြစ်ပါတယ်။

၁၇။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် အားပေးစကားလေး ပြောကြားပေးပါဦး။

တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ငါဘာ့ကြောင့်လုပ်မှာလဲဆိုတာကို အရင်ဦးဆုံးစဉ်းစားပါလို့။ အလုပ်တစ်ခုမှာ ငယ်ခံယူထားတာကလေ၊ စိတ်ဝင်စား၊ ဝါသနာကိုပါမှ၊ ဒီအလုပ်ကို တော်တော်ကိုချစ်မှ အဲ့ဒါမှ လုပ်ငန်းတစ်ခုက အောင်မြင်မယ်လို့ ငယ်ကတော့ တထစ်ချ ပြောရဲတယ်။ စိတ်ကအဓိကကိုး။ လူကိုစိတ်က ဦးဆောင်ထားတာဆိုတော့ ကိုယ်ကမှ စိတ်မပါဘူးဆိုရင် အစကတည်းက မလုပ်နဲ့လို့ပဲ ပြောချင်တယ်။ ကိုယ်စိတ်ဝင်စားရာတစ်ခုခုကို လုပ်ရင်တော့လည်း၊ အစကတည်းက မလုပ်ခင်ကတည်းကိုက ငါအောင်မြင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပါလို့။ နောက်တစ်ချက် အောင်မြင်ရမယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကို၊ ကိုယ်လုပ်တဲ့ အလုပ်ကို လမ်းကြောင်းလွဲနေရင်လည်း ဘယ်လိုမှ မအောင်မြင်နိုင်ဘူးလေ။ ဆိုတော့ကျတော့ အောင်မြင်ရမယ်၊ အောင်မြင်အောင် ငါဘယ်လိုလုပ်မလဲ နောက်ပြန်စဉ်းစား။ သေချာလေး planလေးချပြီး target လေးထားပြီးမှ လုပ်ပါ။ သေချာပေါက်အောင်မြင်တယ် မဟုတ်တောင်မှ နေရာလေးတစ်ခုကိုတော့ ရောက်မှာပါလို့။ ကိုယ်စိတ်ကျေနပ်လောက်တဲ့ နေရာတစ်ခုကို ရောက်ရှိမှာပါလို့ ပြောချင်ပါတယ်။

ကဲ… ဂန္ထဝင်ပရိသတ်ကြီးရေ။ အလုပ်တစ်ခုကို အောင်မြင်ချင်ရင် သေချာအာရုံစူးစိုက်ပြီးမှ လုပ်ပါဆိုတဲ့ ယဉ်သူထိုက်ပိုးထည်တိုက် MD မငယ်ငယ်ရဲ့ အင်တာဗျူးလေးကို ဖတ်ပြီး ဗဟုသုတ တစ်ခုခုရလိုက်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝခရီးလမ်းတစ်လျှောက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေရှင်။