Mango Myanmar Group မှ မလင်းလင်းတင်ထွန်းနှင့် (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ အစ်မ။ ညီမတို့ ဂန္ထဝင်မဂ္ဂဇင်းက နယ်ပယ်အသီးသီးမှာ လျှောက်လှမ်းပြီး အောင်မြင်ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိမိဝါသနာပါတဲ့အရာကို ပေါက်မြောက်အောင် လုပ်နိုင်တဲ့အပြင် အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းနိုင်နေတဲ့ Mango Group ရဲ့ Co-founder အနေနဲ့ရော Mango Marketing Services ရဲ့ Managing Director အနေနဲ့ပါ တာဝန်ယူ လုပ်ဆောင်နေတဲ့ မလင်းလင်းတင်ထွန်း အကြောင်းကို တင်ဆက်ဖော်ပြသွားမှာဖြစ်ပါတယ်။ ကဲ… စလိုက်ကြရအောင်နော် အစ်မ။

၁။ အစ်မရဲ့ မိသားစုလေးအကြောင်း အနည်းအကျဉ်းမျှ ပြောပြပေးပါအုံး။

မိသားစုအနေနဲ့ဆိုရင် ကျွန်မအမျိုးသားက Car business လုပ်ပါတယ်။ ကျွန်မမှာ သားသုံးယောက်ရှိပါတယ်။ အကြီးဆုံးက ၁၂၊ အလတ်ကလေးက ၁ဝ နှစ်၊ အငယ်ဆုံးကတော့ ၈နှစ်ပါ။ အမျိုးသားကလည်း သားအကြီးဆုံး၊ ကျွန်မကလည်း ကျွန်မမိသားစုထဲမှာ သမီးအကြီးဆုံး။ ဆွေတွေမျိုးတွေနဲ့ လှည့်ပတ်ပြီးတော့ မိသားစုလေးတွေ စုစုစည်းစည်းလေး နေကြပါတယ်။

၂။ အစ်မရဲ့ education background လေးနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါအုံး။

ကျွန်မမိဘက အစိုးရဝန်ထမ်းတွေဆိုတော့ မြို့သုံးလေးငါးမြို့မှာ ကျောင်းတက်ဖြစ်ခဲ့တယ်။ မင်္ဂလာဒုံမှာ ၁ဝ တန်းအောင်ခဲ့တယ်။ ၁ဝ တန်းပြီးတော့ ၁၉၈၅ မှာ စီးပွားရေးတက္ကသိုလ်တက်ခဲ့တယ်။ အရေးအခင်းပေါ်ပေါက်ခဲ့ပြီး ကျောင်းတွေပိတ်နေခဲ့တာကြောင့် ၁၉၉၂မှ B.Com ဘွဲ့ကိုရခဲ့တယ်။

၁၉၉၂ ပြီးတော့ အလုပ်ဝင်ခဲ့ပါတယ်။ ပြီးတော့ အလုပ်ခွင်နဲ့ပတ်သက်တဲ့ traning လေးတွေတို့ ၊ LCCIMarketing တို့ တက်ပြီး Marketing Diploma ယူခဲ့ပါတယ်။ အဲဒီနှစ်က အစ်မဖြေတဲ့ Marketing Diploma စာမေးပွဲမှာ အစ်မက World No (2) Silver Medal ကိုရရှိခဲ့ပါတယ်။

ပြီးသွားတော့ ၂ဝဝ၃ မှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ Executive MBA ကို တက်ခဲ့ပါတယ်။ ၂ဝဝ၅ မှာ MBA ဘွဲ့ရပါတယ်။ ဒါကတော့ academy အားဖြင့်သင်ထားတဲ့ ပညာတွေပေါ့နော်။

၃။ အစ်မ ဒီ Marketing လောကထဲကို ဘယ်လို ရောက်ရှိလာတာလဲ။ Mango ကိုရော ဘယ်လို စပြီး ထူထောင်ဖြစ်ခဲ့တာလဲ။ အခု Mango operate လုပ်နေတာ ဘယ်လောက် ကြာပြီလဲ။

Marketing ထဲကို ဘယ်လိုရောက်လာတာလဲဆိုတော့ ကျွန်မက B.Com ပြီးသွားတော့ အလုပ်ဝင်တဲ့အခါ accountant မကျ operation admin မကျ အလုပ်လေးတွေ ခဏလုပ်လိုက်သေးတယ်။ ပြီးသွားတော့မှ ကျွန်မက အင်းယားလမ်းမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ hotel manager လုပ်ခဲ့တယ်။ အဲ့ဒီမှာစပြီး marketing လောကထဲကို ရောက်လာတယ်။ ဟိုတယ်သေးသေးလေးပဲဆိုတော့ ဟိုတယ်ခပ်သေးသေးရဲ့ manager ဖြစ်တဲ့အတွက်ကြောင့် function အကုန်လုံးမှာ ပါရပါတယ်။ Admin လည်း ပါရတယ်။ HouseKeeping လည်း ကြည့်လိုက်ရတယ်။ Food And Beverages အပိုင်းလည်းပါရတယ်၊ Marketing လည်း လုပ်ရတာပါပဲ။ အဲ့ဒီလိုမျိုးလုပ်ရင်းနဲ့ marketing ထဲရောက်လာတာကတော့ ၁၉၉၃ ပေါ့။ ကျောင်းပြီးသွားတဲ့အချိန်ပေါ့။

တကယ့် marketing လောကထဲကို ပိုထဲထဲဝင်ဝင်လုပ်ပြီး skill ကြီးကြီးနဲ့ ရောက်တာကတော့ ၁၉၉၆ ပေါ့။ ကျွန်မ Unilever မှာအလုပ်ဝင်လုပ်ပါတယ်။ မြန်မာပြည် Operation အတွက် ကျွန်မက Advertising and promotion manager အဖြစ်ဝင်ပါတယ်။ အဲ့ဒီအချိန်တုန်းက စလုပ်ခဲ့တာက ကျွန်မရဲ့ marketing skill ကို ပိုပြီး ဧရိယာ ကျယ်ကျယ်ပြန့်ပြန့်ပေါ့။

Mango ကို ဘယ်လိုစပြီးထူထောင်ခဲ့တာလည်းဆိုရင် ကျွန်မ ဒီလိုပဲ Corporate World ထဲမှာ ကျင်လည်နေရင်း ကျွန်မနဲ့ Unilever မှာ အတူလုပ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ ex-colleague မအေးနှင်းဆွေ Mango ရဲ့ Co-founder ပေါ့။ သူက နိုင်ငံခြား Advertising Agency ဖြစ်တယ့် Bates Myanmar မှာ အလုပ်လုပ်ခဲ့တယ်။ Bates IndoChina က မြန်မာပြည်မှာ Multinational Corporation တွေ အများကြီးမရှိသေးတော့ slow down ဖြစ်နေတဲ့အချိန်၊ ပြီးတော့ Bussiness sanction တွေလည်း ထိနေတဲ့အချိန်ဆိုတော့ ၂ဝဝ၂ – ၂ဝဝ၃မှာ မြန်မာပြည်ကနေ ပြန်ရုတ်သိမ်းလိုက်တယ်။ သူတို့ ပြန်ရုတ်တဲ့အချိန်မှာ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေ၊ client တွေ၊ အချို့ multi nationtional မဟုတ်တဲ့ clients တွေလည်း ရှိနေတာဆိုတော့ ဒီလူတွေကို service ပေးရအောင်ဆိုပြီး ကျွန်မသူငယ်ချင်းနဲ့ တိုင်ပင်တယ်။ မအေးနှင်းဆွေက Advertising Agency လေး ကိုယ်ပိုင်ထောင်ရအောင်ဆိုပြီး ဖိတ်ခေါ်ပါတယ်။ ကျွန်မကလည်း သဘောကျတာနဲ့ ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး လုပ်လိုက်တာပေါ့လေ။ သူကတော့ Media ဘက်ကိုပေါ့။ ကျွန်မကတော့ Consumer Product တွေနဲ့ client ဘက်ကိုရတယ်ဆိုတော့ နှစ်ယောက်ပေါင်းပြီးလုပ်ရင် ကောင်းကောင်းမွန်မွန်တော့ လုပ်နိုင်မှာပဲဆိုပြီး ကျွန်မတို့ နှစ်ယောက်ပေါင်းလိုက်တယ်။

ပေါင်းပြီးတော့ ကုမ္ပဏီကို တည်ထောင်လိုက်တယ်။ အရင် က Bates Indo China မှာ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေပါ ခေါ်ပြီးတော့မှ ၂ဝဝ၄ ခုနှစ်မှာ ကုမ္ပဏီကိုစပြီး လုပ်လိုက်တာ ဖြစ်ပါတယ်။ အခုဆိုတော့ ၁၁ နှစ်ပြည့်ပြီးပြီးပေါ့။

သူကတော့ idea ယူလာတာ။ ကျွန်မကတော့ အဲ့ဒီအချိန်က Unilever ဘက်မှာ အလုပ်လုပ်နေရင်းနဲ့ Unilever ကလည်း မြန်မာကနေ ပြန်ထွက်တော့ Unilever ရဲ့ Loa branch မှာသွားပြီး ကျွန်မက တစ်နှစ်ခွဲအလုပ်လုပ်ပါတယ်။ သွားလုပ်ပြီး ကျွန်မက ရန်ကုန်ပြန်လာပါတယ်။ ကျွန်မက အိမ်ထောင်ကျခါစဖြစ်တော့ ရန်ကုန်ပြန်လာ၊ ကလေးလေးဘာလေး မွေးရမယ်ဆိုတော့ အဲ့ဒီအချိန် နည်းနည်းအားနေပြီဖြစ်တော့ ကျွန်မတို့ နှစ်ယောက်လုပ်ဖြစ်သွားတာပါ။

 ၄။ အခုလက်ရှိမှာ Mango တာဝန်ယူလုပ်ဆောင်နေတဲ့ ဝန်ဆောင်မှုလေးတွေကိုလည်း ပရိသတ်ကြီးသိအောင် ပြောပြပေးပါအုံး။

ကျွန်မတို့ mango အနေနဲ့တော့ ဒီခု ကုမ္ပဏီလေးခုရှိပါတယ်။ Mango Marketing လို့ ခေါ်တဲ့ ဟိုး ၂ဝဝ၄ ခုနှစ်ကတည်းကနေထောင်ထားတဲ့ full service ပေးတဲ့ company ရယ်။ Mango Media ရယ် နောက်ပြီးတော့ Mangosteen ခေါ်တဲ့ Public Relation ရယ် နောက်ပြီးတော့ Wave Digital Media ရယ်ဆိုပြီး လေးခုရှိတယ်။ လေးခုလုံးကိုတော့ ကျွန်မနဲ့ မအေးနှင်းဆွေနဲ့က Co- founders တွေပေါ့။ ကျွန်မကတော့ Mango Marketing ရဲ့ Managing Director အနေနဲ့လုပ်ပါတယ်။ သူကတော့ Mango Media နဲ့ Mangosteen PR တို့ရဲ့ Managing Director ပေါ့။ ဒီမှာတော့ ဘာ service အနေနဲ့လုပ်လဲဆိုတော့ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲပို့မယ်ဆိုရင် market research ၊ consumer research မှအပ brand communication service အားလုံးပေးပါတယ်။ ဒီ brand တစ်ခုကို ဘယ်လို position နဲ့လုပ်မယ်။ ပြိုင်ဘက်တွေကြားထဲမှာ ဘယ်လိုသွားရမလဲဆိုတာ၊ ဒီပစ္စည်းကတော့ ဘာအတွက်လို့ ဆိုတဲ့ position မျိုး။ အဲ့ဒီပစ္စည်းကို တကယ်တမ်း market ထဲရောက်တဲ့အခါကျလို့ရှိရင် လူတွေသိသွားအောင် ဘယ်လို promotion တွေလုပ်မယ်။ sampling တွေလုပ်မယ်။ ဈေးကွက်ထဲမှာ နမူနာပေးရမယ့် အလုပ်တွေလုပ်မှာလား၊ ဈေးကွက်ထဲမှာ activation လို့ ခေါ်တဲ့ ဒီဈေးကွက်ကို လှုပ်ရှားသွားအောင် လှုံဆော်ပေးတဲ့ အရာတွေကို လုပ်မလားဆိုတာမျိုးလေးတွေ စဉ်းစားလုပ်ဆောင်ပါတယ်။

ကုမ္ပဏီလေးခုလုံးပေါင်းရင်ပေါ့ PR က Public Relation နဲ့ ပတ်သက်တာကိုလုပ်မယ်။ Media ကကျ ငွေပေးပြီး ဝယ်ရတဲ့ Media Placement မျိုးလုပ်မယ်။ ကျွန်မတို့ကတော့ အဲ့ဒီ Media ထဲမှာ ထည့်ပြီးကြော်ငြာဖို့ materials တွေဖြစ်တဲ့ TV Commercial တွေ၊ Poster တွေ၊ Radio ကြော်ငြာတွေကို ကျွန်မတို့ create လုပ်ပါတယ်။ ပြီးတော့ Wave Digital ကကျတော့ Social Media တွေ၊ Website တွေ၊ Ads တွေသုံးပြီးတော့မှ ကိုယ့်ကုန်ပစ္စည်းတွေ ကြော်ငြာဖို့အတွက် လုပ်ပေးတဲ့ အလုပ်တွေ၊ တကယ်တမ်းတင်ပေးတဲ့အလုပ်တွေကို လုပ်ပါတယ်။ ကြည့်မယ်ဆိုလို့ရှိရင် အားလုံးလေးခုလုံးပေါင်းလိုက်ရင် အစအဆုံး full service ဖြစ်ပါတယ်။

 ၅။ Mango ရဲ့ servicing က local အတွက်ပဲလား။ local အပြင် oversea client service ကိုပါ အစ်မတို့ လက်ခံလေ့ရှိလား။

ကျွန်မတို့ စခဲ့တာတုန်းကတော့ International Client တွေပဲ များပါတယ်။ ၂ဝဝ၄ တုန်းကဆိုတော့ Regional Company တွေပိုများပါတယ်။ နိုင်ငံခြားမှာလည်း product တွေရှိတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနဲ့ အာရှမှာ လုပ်ပါတယ်။ အဲ့ဒါအပြင် local ထဲမှာမှ သူများနဲ့ ရှေ့တစ်ဆင့်တိုးပြီးတော့မှ ဝေးဝေးကို ကြိုတင်ကြည့်ထားပြီးတော့ professional ကို လုပ်မယ်ဆိုပြီး စဉ်းစားထားတဲ့လူတွေအတွက်လည်း လုပ်ပါတယ်။ Local အတွက်လည်း လုပ်ပါတယ်။ ကျွန်မတို့ client တွေထဲမှာ နှစ်မျိုးရှိပါတယ်။ International Client နဲ့ Local Client နဲ့ဆိုပြီး နှစ်မျိုးရှိပါတယ်။

International ဆိုရင် ယခု Unilever ရဲ့ product တွေက Global Brands တွေပါ Clear တို့၊ Sunsilk တို့၊ Omo တို့၊ Knorr တို့ International Brand တွေကိုလည်း ကျွန်မတို့ လုပ်ပေးပါတယ်။ International ဒါပေမယ့် မြန်မာပြည်မှာ လာလုပ်နေတာ Telenor တို့၊ Carlsberg Beer တို့၊ IBTC ရဲ့ Grand Royal တို့တွေလည်း ကျွန်မတို့ service ပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေပါပဲ။ IBTC ဆို ကျွန်မတို့ ၂ဝဝ၄ခုနှစ် ကုမ္ပဏီ စကတည်းကနေ service ပေးခဲ့တာ ဒီခုထိပါပဲ။ Local ကုမ္ပဏီအနေနဲ့ လုပ်ပါတယ်။ နောက်ပိုင်းလုပ်ဖြစ်တာကတော့ မြန်မာကုမ္ပဏီတွေထဲမှာ ဆိုရင် ဥပမာဘဏ်ပေါ့နော်။ ကျွန်မတို့ MAD Bank အတွက် အလုပ်လုပ်ပေးပါတယ်။ နောက်ပြီးတော့ ဟိုဟာပေါ့ ဥရောပ၊ အာရှ ကုမ္ပဏီ လီမိတက် EAC ပေါ့။ EAC ဆိုရင် Local ကုမ္ပဏီ ပါပဲ။ အဲ့ဒီအတွက်လည်း လုပ်ပေးပါတယ်။

International နဲ့ Local နဲ့ ကြည့်ရင်တော့ International က နည်းနည်းလေးများပါတယ်။ ကျွန်မတို့ဆီမှာ client တွေထဲမှာပေါ့ International က နည်းနည်းလေးများပါတယ်။ Local လည်းရှိပါတယ်။

 ၆။ Mango မှာ အစ်မ တာဝန်ယူထားရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးလည်း မိတ်ဆက်ပေးပါအုံး အစ်မ။

ကျွန်မတို့ဆီမှာတော့ ကျွန်မက title အနေနဲ့က Managing Director ပေါ့။ Managing Director အနေနဲ့ လုပ်ပါတယ်။ Managing Director ပဲ ခေါ်ခေါ် CEO ပဲ ခေါ်ခေါ် အတူတူပါပဲ။ အဓိကတော့ ကျွန်မက ဝန်ထမ်းပိုင်းဆိုင်ရာဆိုတဲ့နေရာမှာ talent socurcing ပိုင်းလုပ်ပါတယ်။ နောက် financial ပိုင်းဆိုင်နဲ့ overall administration အနေနဲ့ ကြည့်ပါတယ်။ တာဝန်ယူရမယ့်အပိုင်းတွေ လုပ်ပါတယ်။ ဒါပြီးသွားရင်တော့ ကျွန်မတို့မှာ Manager ရှိပါတယ်။ အမျိုးသမီးပါပဲ။ လူငယ်ပါပဲ။ Manager သပ်သပ်ပါ။ ဟိုအစကတည်းကနေ ကျွန်မတို့နဲ့ အတူတူတွဲလုပ်ခဲ့တာပါ။ မခင်သက်ခိုင်ဆိုတာ ရှိပါတယ်။ သူကတော့ operation အလုပ်ကိုပိုလုပ်ပါတယ်။ ကျွန်မတော့ သူ့ကို support လုပ်ပေးတာပေါ့။ နောက် ကျွန်မ strategy ပေါ့။ Brand Strategy Head အနေနဲ့ ဝင်ဖြည့်ပေးပါတယ်။

အဓိကက local နဲ့ ပတ်သက်တဲ့ local consumer တွေရဲ့ insights ပေါ့။ media တွေ၊ response တွေကို ဖြည့်ပေးရတဲ့အလုပ်တွေ၊ local နဲ့ပတ်သက်တဲ့ သိမြင်မှုပေါ့။ လူတွေက ဘာတွေစိတ်ဝင်စားတယ်။ သူတို့ရဲ့ behavior တွေက ဘယ်လိုရှိတယ်။ နောက်ပြီးတော့ သမိုင်းပေါ့။ ကျွန်မတို့က marketing ထဲမှာ နှစ် ၂ဝ လောက်ဖြစ်လာတဲ့အခါကျတော့ ပြောင်းလာတဲ့ trend ကို ကျွန်မတို့က မြင်နေတဲ့တော့ ဒါက strategy ပိုင်းဆိုင်ရာမှာ ကျွန်မတို့ role ဖြည့်ပေးတာပေါ့။ ကျွန်မတို့က ကုမ္ပဏီသေးဆိုတော့ ကုမ္ပဏီပိုင်းဆိုင်ရာ အယောက် ၅ဝ ပေါ့။ ကုမ္ပဏီ ၄ခုလုံးပေါင်းကြည့်လိုက်ရင်တော့ အယောက် ၁၅ဝ လောက်ရှိမှာပေါ့။ ကျွန်မဒီမှာ Managing Director အနေနဲ့ကြည့်တဲ့ ကုမ္ပဏီနေနဲ့ကြည့်ရင်တော့ လူအယောက် ၅ဝ ရှိနေတော့ ကုမ္ပဏီက သေးပါသေးတယ်။ ကိုယ်တိုင်ဝင်ပါပြီးလုပ်ရတဲ့ အလုပ်မျိုးပါ။ ပြီးတော့ Hands on တော့ ထုတ်နေရတုန်းပဲပေါ့လေ။ ဗမာကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်းပေါ့။

 ၇။ Media and Marketing ကဏ္ဍတွေရဲ့ အရေးပါမှုကို လုပ်ငန်းရှင်တွေက အချိန်နဲ့အမျှ ပိုသိလာပြီး နဂိုကထက် အခုမှ ပိုပြီး အလေးထား လုပ်ဆောင်လာကြပြီဆိုတော့ အစ်မတို့ အနေနဲ့ Mango Media and Marketing စတင်ခဲ့တဲ့အချိန် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားခဲ့ရလဲ။ မျှဝေပေးပါအုံး။

ကျွန်မတို့ကလေ marketing စခဲ့တာက ၂ဝဝ၄ ဆိုတော့ ဒီလိုမျိုး professional ရှိတယ်ဆိုတော့ idea စဉ်းစားပေးတဲ့သူရှိတယ်။ idea စဉ်းစားပေးခကြီးပဲ သပ်သပ်ရှိတယ်။ အဲ့ဒီလို idea စဉ်းစားပေးခ ပေးရတယ်ဆိုတာ အဲ့ဒီတုန်းက သိခဲ့တဲ့သူက နည်းတယ်။ International exposure ရှိတဲ့သူက နည်းတယ်။ ဥပမာဆိုရင် ဒီဇိုင်းတစ်ခုလုပ်ပေး လိုက်ရင် အဲ့ဒီဒီဇိုင်းလှလှလေးလုပ်ပေးလိုက်တယ်။ အဲ့ဒီဒီဇိုင်း ၂ သိန်းတန်တယ်ဆိုပြီး ပေးလိုက်ရင်လည်း သူက ယူရင်ယူသွားတတ်တယ်။ ကြိုက်နှစ်သက်မှုနဲ့ မြင်ရတဲ့အပေါ်မှာ material ဖြစ်တယ်ပေါ့နော်။ ကျွန်မတို့က များသောအားဖြင့် idea တွေ ရောင်းရတာများတယ်။ idea ဆိုတာက အကောင်ထည်က စာနဲ့ပဲ ရေးထားတာရှိတယ်။ ပုံဆွဲပေးတာတောင်မဟုတ်ဘူး။ အဲ့ဒီ idea ကြီးကိုလည်း ချက်ချင်းချည်း ယူသွားပြီးတော့ ချက်ချင်း လုပ်ရတာလည်းမဟုတ်ဘူး။ ကျွန်မတို့က idea ကို materialize ဖြစ်အောင် လုပ်ရမှာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့က အဲ့ဒီ idea ကို ရောင်းတာဆိုတော့ brand strategy တို့၊ communication strategy တို့ ပေါ့။

အဲ့ဒီခေတ်တုန်းကတော့ ဘာခေတ်လည်းဆိုတော့ ကျွန်မတို့ ထင်မြင်ချက် လူတွေက appreciate မလုပ်ဘူးမဟုတ်ဘူး လုပ်တယ်။ ကျွန်တော့်တို့ ပြောဆိုပေးတာတွေ၊ တွေးကြည့်ပေးတာတွေ အရေးကြီးမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာဖြစ်လည်းဆိုတော့ ဒီတိုင်းထွက်လာတာပဲ ဘာမှလည်း effort ကြီး မထွက်ပဲနဲ့။ စဉ်းစားထားတဲ့ idea လေးကို ပြောလိုက်တာပဲ။ အဲ့ဒီအတွက် ဒီလောက် ပိုက်ဆံအများကြီး charge လုပ်ရသလားဆိုပြီး justify မလုပ်နိုင်တဲ့လူတွေ အများကြီးတွေ့ပါတယ်။ အဲ့ဒီတုန်းကတော့ ကျွန်မတို့ challenge ကတော့ အဲ့ဒါပေါ့နော်။

အစပိုင်းမှာတော့ ဘယ်လို ငါတို့ရဲ့ idea ကိုရောင်းမလဲဆိုပြီး၊ ဒါမျိုးက ငွေပေးပြီး ဝယ်ရမယ့်ဟာမျိုးဆိုတာကို တော်တော်ကြီးကို လူသိလာအောင်လုပ်ခဲ့ရတာပေါ့။ အားလုံးက တွဲနေတာ material တွေနဲ့ တွဲနေတာလေ။ ဥပမာ ကြော်ငြာရိုက်မယ်လို့ စဉ်းစားလိုက်ရင် ရုပ်ရှင်ဒါရိုက်တာတွေ၊ ကြော်ငြာဒါရိုက်တာတစ်ယောက်ကို contact လုပ်လိုက်ရင် သူ့လူတွေကိုခေါ်ပြီးတော့ တစ်ခါတည်းပဲ ရိုက်ပြီး တစ်ခါတည်း output ထွက်လာတာဆိုတော့ ဘယ်လိုပြောမလဲ ကျွန်မတို့ကကျတော့ material က နောက်မှလိုက်မှာ၊ idea က ရှေ့ကဆိုတော့ ။ ကျွန်မတို့ ပေးတဲ့ material ဆိုတာ mini Power-point presentation ပဲ၊ နောက်မှ material တွေ လိုက်လာမှာဆိုတော့ ကျွန်မတို့က material provider တွေနဲ့ပါ ပြိုင်ပြီးတော့မှ service ကို ရောင်းရတာပေါ့။ အဲ့ဒါတော့ ကျွန်မတို့ ပထမဆုံးတွေရတဲ့ အခက်အခဲပဲပေါ့။

တဖြည်းဖြည်းချင်းတက်လာတော့ ဘာတွေဖြစ်လာလဲဆိုတော့ competition တော့ အများကြီး မရှိဘူး။ professional တွေတော့ရှိတယ်။ ဒါပေမယ့်လည်း market ကတော့ သေးသေးတယ်ပေါ့။ များသောအားဖြင့် ဘာရှိလည်းဆိုတော့ client ကလည်း နည်းနည်းလေးပဲရှိတယ်။ အဲ့ဒီအချိန်မှာလေ တကယ်တမ်းအလုပ်လုပ်နေပြီးတော့ market ထဲမှာ communication လုပ်နေတဲ့ client ကလည်း နည်းနည်းလေးပဲရှိတယ်။ ကျန်ခဲ့တဲ့ ၅နှစ်ကို ပြန်ကြည့်ရင် တကယ်တမ်း service ကို များများပေးပြီး ဝယ်ယူနိုင်တဲ့သူဆိုတာ အရမ်းရှားတယ်။ နည်းတော့ ဒီရှိတဲ့ client တွေနဲ့ပဲ ကျွန်မတို့က လုပ်ကြရတာ။ competition တွေအားလုံးကလည်း service တွေ ပေးကြရတာပေါ့။ value အားဖြင့် pricing အားဖြင့် အများကြီး ဈေးတင်လို့ မရဘူးပေါ့။ လူကလည်း နည်းနည်းပဲ ရှိတယ်။ competition ကလည်းရှိတယ်ဆိုတော့ပေါ့။ အလုပ်တော့လုပ်တယ်။ ဒါပေမယ့် income generation ကတော့ ဒီလောက် အကောင်းကြီး မဟုတ်ဘူးပေါ့။ အဲ့ဒါကတော့ ကျွန်မတို့ လွန်ခဲ့တဲ့ ၅ နှစ်က ရှိတဲ့ second challenge ပေါ့နော်။

ဒီဘက် နောက်ပိုင်းမှာကကျတော့ ကုမ္ပဏီမှာလည်း Group အနေနဲ့ ကုမ္ပဏီတွေ အများကြီး တိုးလာတယ်။ အခုဆိုရင် စိတ်ဝင်စားတဲ့ client တွေက အများကြီးပဲ။ မြန်မာပြည်က တံခါးဖွင့်လာတော့ ဝင်လာတဲ့လူတွေက အများကြီးပါ။ value အားဖြင့်လည်း ပေးရမှန်းသိလာကြတယ်။ နိုင်ငံခြားသားတွေ ဝင်လာတာလည်း အကြောင်းတစ်ခုပေါ့။

ဒီအခြေအနေ ဖြစ်လာတဲ့အခါမှာတော့ ကျွန်မတို့က challenge က ဘာတွေဖြစ်လာလဲဆိုရင် resource ဖြစ်လာပါတယ်။ resource ဖြစ်လာတဲ့အခါမှာ media တို့ marketing တို့တွေနဲ့ ပတ်သက်လာတဲ့အခါ local တွေ အနေနဲ့ expertise များများစားစားမရှိပါဘူး။ ဒါမျိုးကို service ပေးနိုင်တဲ့လူ များများစားစားမရှိပါဘူး။ ဒီတော့ local ဝန်ထမ်းတွေကို skills develop လုပ်ရင်း၊ ရာထူးတိုးပေးရင်း ပိုတာဝန်ယူစေဖို့ develop လုပ်ရတာပေါ့။ နိုင်ငံခြားကနေလည်း ဝန်ထမ်းတွေ ခေါ်ရပါတယ်။ Resource Management နဲ့ Talent Management အတွက် လက်ရှိအနေအထားအဖြစ် ဒါဟာ ကျွန်မတို့အတွက် big challenge ပေါ့။

နိုင်ငံခြားသားအနေနဲ့ ဒီကိုရောက်လာပြီဆိုရင် သူတို့က international background ဖြစ်ပြီး လုပ်ပုံလုပ်နည်းတွေ၊ competency တွေကောင်းပါတယ်။ ဒါပေမယ့် သူတို့က diverse ဖြစ်တဲ့ မြန်မာပြည်ရဲ့ consumer study တွေ အများကြီးပြန်လုပ်ရပါတယ်။ အခု Clients တွေရဲ့ service level expectation တွေက တဖြည်းဖြည်းနဲ့ ပိုပိုမြင့်လာတယ်။ ကျွန်မတို့ဆီက ပိုပိုကောင်းတဲ့ service မျိုးကို လိုချင်လာတဲ့အခါကျတော့ အဲဒီ service level ကို International satandard expertise တွေနဲ့ ညီအောင် ကြိုးစားရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ အဲ့ဒါက ကျွန်မတို့ရဲ့ resource အနေနဲ့ challenge ပေါ့နော်။ ကျွန်မတို့မှာက quality service ပို ကောင်းကောင်းဖြစ်လာဖို့အတွက်ဆို ကျွန်မတို့က နိုင်ငံခြားသားဝန်ထမ်းတွေ သုံးပါတယ်။ ဒါက ရေတိုပဲဖြစ်မှာပါ။ ဒါပေမယ့် သူတို့နဲ့အတူတူ တွဲထားပြီးတော့ မြန်မာဝန်ထမ်းတွေလည်း ဒီလို level တွေရောက်နိုင်တယ်၊ သူတို့ဆီက တာဝန်လွှဲယူနိုင်မယ်ဆိုရင်တော့ ရေရှည်မှာ ပိုကောင်းတာပေါ့။

ပြီးတော့ Consumer Marketing ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့မှာ လိုအပ်တာက Language Effeciency ဖြစ်ပါတယ်။ မြန်မာက နဂိုကတည်းက diverse ဖြစ်တာကြောင့် မြန်မာရဲ့ သမိုင်းကြောင်းနဲ့ အခြေခံတွေလည်း နားလည်ထားတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ဒါတွေကတော့ ရေရှည်မှာ လုပ်ရမယ့် အရာတွေပေါ့နော်။

 ၈။ အခက်အခဲတွေကိုဆိုရင် ဘယ်လို ခံယူချက်တွေနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့လည်း ဆိုတာလေးလည်း မျှဝေပေးပါအုံး။

အခက်အခဲကတော့ တွေ့တာပေါ့လေ အလုပ်လုပ်တဲ့နေရာမှာ။ ပြီးတော့ ကျွန်မနဲ့ ကျွန်မ partner နဲ့ အများအားဖြင့် စဉ်းစားကြတာတော့ “ဒီလို ပြဿနာတော့ အမြဲရှိနေမှာပဲ။ ငါတို့ ဖြေရှင်းနိုင်မှာပါပဲ။” ဆိုပြီးတော့ စိတ်ထားနဲ့ ခံယူချက်ရှိထားတော့ ကျွန်မတို့ စိတ်ရှင်းပါတယ်။ ဥပမာ ကိုယ်ဖြစ်အောင်လုပ်နိုင်တဲ့အရာကို လုပ်မယ်။ ပေးနိုင်တဲ့အရာကို ပေးမယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုတွေထားပြီး ပြဿနာကို ဖြေရှင်းမယ်။ နောက်ဆုံး ဘာမှမလုပ်နိုင်တော့ဘူးဆိုရင်လည်း တရားတော်ထဲကလိုပဲ let go ပေါ့။ ကျွန်မတို့ လုပ်တဲ့ခံယူချက်ပါပဲ။ တစ်ခုခုကို အတင်းကြီး hold on လုပ်ထားဖို့ မစဉ်းစားပါဘူး။ နောက်ဆုံးဘယ်လိုမှ မဖြစ်နိုင်ရင်သွားပေါ့။

 ၉။ ကုန်ပစ္စည်းတစ်ခု အတွက် marketing ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါလဲ ဆိုတာ အစ်မ အတွေ့အကြုံတွေ အပေါ် အခြေခံပြီး မျှဝေပေးပါအုံး။

marketing လို့ပြောကြလို့ရှိရင် မြန်မာတွေက marketing ကို ဈေးကွက်ရှာဖွေရေးတို့၊ ဈေးကွက်ချိုးဖောက်မှုတို့ အမျိုးမျိုးခေါ်ကြတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ marketing ကို marketing လို့ပဲ ခေါ်တာကောင်းပါတယ်။ marketing မှာတော့ ကုန်ပစ္စည်းတစ်ခုအတွက် ဘယ်လောက်အရေးပါလာလဲဆိုရင် ဒီခေတ်မှာ marketing ရဲ့ အရေးပါမှုက ပိုများလာပါတယ်။ အရင်ခေတ်တွေတုန်းကတော့ သိတဲ့အတိုင်းပဲ marketing movement တွေမှာ ပစ္စည်းကောင်းကောင်း ရောင်းနိုင်ဖို့၊ များများ ထုတ်နိုင်ဖို့၊ လူတွေကြိုက်အောင် ပိုလုပ်နိုင်ဖို့ စသဖြင့် တဖြည်းဖြည်း ပြောင်းလာတဲ့ အရာတွေပါ။ အခုကတော့ လူတိုင်းက ပစ္စည်းကောင်းကောင်း ထုတ်နိုင်နေပြီ။ နောက်တစ်ခုကတော့ different consumer တွေပေါ်လာတယ်။

mass consumer လို့ စဉ်းစားပေမယ့် အများသုံးတဲ့ ပစ္စည်းလို့ စဉ်းစားရင်တောင်မှ အများထဲမှာမှ အားလုံးက တစ်ပုံစံတည်း၊ တစ်သွေးတည်း တစ်ရောင်တည်း၊ အရင်တုန်းက ကျွန်မတို့အခေါ်အဝေါ်ပေါ့ စက်ရုံထုတ်ဆိုတော့ အားလုံး တစ်ပုံစံတည်းတွေပဲ။ အဲ့ဒီလိုတွေပဲ ရှိနေတော့ market ထဲဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က marketing ရဲ့ အနေအထားက နည်းနည်းငြိမ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ လူတွေက ရှိတဲ့ပစ္စည်းတွေကိုပဲ ယူရတာကိုး။ ဒါက ကျွန်မတို့ ration ပေးတဲ့ခေတ်အနေအထားလေးတွေကို ပြန်ကြည့်ရင် marketing အခန်းကဏ္ဍလေးက သိပ်မရှိဘူးပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်ကို ရောက်လာတော့ ပစ္စည်းတွေက များလာပြီ။ market က open ဖြစ်လာတယ်။ လူတွေမှာ communication က နေရာတကာကို reach ဖြစ်လာတယ်ဆိုတော့ နိုင်ငံခြားမှာ ဖြစ်နေ အကြောင်းအရာတွေ၊ ပစ္စည်းတွေ၊ စိတ်ကူးတွေကလည်း ကျွန်မတို့ ဆီကို ချက်ချင်းရောက်လာနိုင်တယ်။ လူတွေက ဒါတွေကို လိုချင်လာတာတွေလည်း ဖြစ်နိုင်ချေရှိလာတယ်။ ရအောင်ယူဖို့ ဖြစ်နိုင်ချေတွေ ရှိလာတယ်။ market မှာလည်း ကိုယ့်နေရာတစ်ခုတည်းပဲ မဟုတ်ပဲနဲ့ market ကြီးတစ်ခုလုံးနဲ့ ဖြစ်နိုင်ချေရှိတဲ့ market ကြီးက ကြီးလာတာပေါ့။ အဲ့ဒီအနေအထားမှာ marketing ရဲ့ အခန်းကဏ္ဍသာ မရှိခဲ့ရင် ကျွန်မတို့က အခုနက ပြောသလိုပဲ ration နဲ့ ဝယ်ရတဲ့ဟာ ဥပမာ – marketing သာမရှိရင် ပစ္စည်းဆိုရင် ဒီဒီဇိုင်းတစ်မျိုးတည်းပဲ ဘာအရောင်ရှိလည်း အဖြူရယ်၊ အမဲရယ်ဆိုတဲ့ ပုံစံနဲ့ပဲသွားနေရမှာပါ။ ဒီတော့ marketing က အရေးပါပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လူတွေကို attract လုပ်တဲ့နေရာမှာ၊ တစ်ယောက်နဲ့ တစ်ယောက် ကုန်ပစ္စည်းတစ်ခုရဲ့ function တွေ သိပ်မကွာလာတော့ပါဘူး။

telephone handset တွေ ကြည့်မလား၊ မော်တော်ကားတွေ ကြည့်မလား။ ခေါင်းလျှော်ရည်တွေ ကြည့်မလား၊ အားလုံးက ပေးနိုင်တဲ့ benefits တွေက သိပ်မကွာကြပါဘူး။ သို့သော် ဘယ်လို market လုပ်တလဲ၊ ဘယ်လို ပုံစံချပြီး ဈေးကွက်ထဲမှာ ထိုးဖောက်လဲပေါ်မှာ မူတည်ပြီးတော့ “ဟာ… ဒီတံဆိပ်ကဖြင့် အရမ်းကို ကြိုက်တဲ့တံဆိပ်” ” ဒီတံဆိပ်ကဖြင့် old people stuff ဖြစ်သွားပြီ” “ဟာ… ဒါတွေက new trend” တို့ ဆိုပြီး ဖြစ်သွားတာပေါ့။ ပြီးတို့ marketing ရဲ့ ကဏ္ဍတွေမှာ အရေးပါပြီးတော့မှ marketing ကောင်းကောင်းလုပ်ထားတဲ့အတွက်ကြောင့် ကျွန်မတို့က ပစ္စည်းတွေကို ဒီလို differentiate လုပ်ကြရတာပါ။

လက်ရှိအနေအထားအားဖြင့်ဆိုရင် ကျွန်မတို့ marketer တွေအနေနဲ့ နောက်ပြောင်ပြီးတော့ ပြောကြတာရှိပါတယ်။ “ငါ့ပစ္စည်းကပိုပြီးတော့ premium position သွားတယ်။ ဘာလို့ premium ကို သွားတာလဲဆိုရင် margin နည်းနည်းမြင့်သွားလို့ premium ဖြစ်သွားတာဆိုတာမျိုးပေါ့။ ဈေးကြီးလို့ premium ဖြစ်သွားတာဆိုတာမျိုးပေါ့။ စသည်ဖြင့် marketer တွေအနေနဲ့ကြည့်ရင်တော့ ဒါတွေအကုန်လုံးက ဒီproduct ကို promote လုပ်တဲ့အခါမှာ သုံးတဲ့ marketing tactic တွေ၊ strategy တွေကွဲသွားတာပါ။ ကျွန်မတို့က product တွေကို လူတွေလိုမျိုး personality တွေ ခွဲပြီးတော့မှ ဒီအချိုရည်ကို သောက်တဲ့လူကတော့ ဘယ်လိုလူမျိုးဖြစ်မှာ၊ နောက်အချိုရည်ကို သောက်တဲ့လူကတော့ ဒီလူကတော့ လူလတ်တန်းစားလောက်ဖြစ်မှာ၊ လူငယ်လောက်ဖြစ်မှာ၊ လူကြီးဖြစ်မှာဆိုတာကို ကျွန်မတို့က ခွဲကြည့်ကြတာပါ။ marketing ရဲ့ အခန်းကဏ္ဍပေါ်မူတည်ပြီး ကျွန်မတို့က ဒါတွေကို လူလိုမြင်လာတာပေါ့။ ဒါကအဓိက ကျွန်မအနေနဲ့ မြင်ရတဲ့အကြောင်းအရာပါပဲ။

တစ်ချို့လူတွေက ဘယ်လိုလူမျိုးလည်းဆိုတာကို ကွဲကွဲပြားပြားမြင်နိုင်ပါတယ်။ တစ်ချို့ လူတွေကတော့ ဘာမှမသိဘူးပေါ့ သူလိုကိုယ်လိုပဲ ရောရောနှောနှော နေထိုင်ကြတယ်။ အဲ့ဒါက marketing ကို ဘယ်လောက် ဒီအတိုင်းပဲ ချပြီးတော့ position လုပ်ထားတယ်။ အဲ့ဒီ product တွေကို အဲ့ဒီ brand တွေကို ဘယ်လိုလူတွေလဲလို့ ပြောတဲ့နေရာမှာ consumers တွေရဲ့response ဟာ အဲ့ဒါကနေမြင်ရတာပါပဲ။ ကျွန်မတို့ အနေနဲ့ဆိုရင်တော့ position ချထားတယ်ဆိုတာကို မြင်ရတာပေါ့နော်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။

၁ဝ။ beginner ဘဝကနေ ဒီလို အောင်မြင်တဲ့ အခြေအနေရောက်လာဖို့ ကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းလေးတွေလည်း သိပါရစေရှင့်။

ကျွန်မတို့ကတော့ ကျွန်မကိုယ်တိုင်ပဲ ကြည့်ကြည့်ပေါ့။ ကိုယ်တစ်ဦးတည်း လုပ်ခဲ့ရတဲ့ ကြိုးစားအားထုတ်မှုပဲဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုအနေနဲ့ လုပ်ခဲ့ရတာပဲ ဖြစ်ဖြစ် အဲ့ဒီအချိန်မှာ လုပ်ရတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါကျွန်မတို့ရဲ့ basic ပါ။ ဘယ်ဟာပဲ ဖြစ်ဖြစ် လုပ်ရမယ့်အချိန် လုပ်ရမယ့်နေရာမှာ ရလာတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တာပါပဲ။

ကိုယ်အောင်မြင်ချင်ရင် အောင်မြင်မယ့်နည်းလမ်းတွေက ရှိပါတယ်။ အဓိကတော့ ကိုယ်လုပ်တဲ့အလုပ်ကို အစကနေစပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။ ကျွန်မတို့ ထိုင်မစောင့်နိုင်ပါဘူး။ ကျွန်မကိုယ်တိုင်ပဲ ဖြစ်ဖြစ် “ဘယ်လိုမျိုးရမှာ လုပ်မှာ”၊ “ဘာကျမှ လုပ်မှာ” ဆိုပြီး မစောင့်ပါဘူး။ ဒါပေမယ့် အလုပ်တစ်ခုကို လုပ်ရင်တော့ အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ တစ်ခြားအကြောင်းအရာတွေနဲ့ ကြိုးစားအားထုတ်ခဲ့တာပါပဲ။

၁၁။ Mango ရဲ့ ရှေ့ဆက်သွားမယ့် အနာဂတ် အစီအစဉ်လေးတွေလည်း ပြောပြပေးပါအုံး။ ဘယ်လို ဆက်လက် ချဲ့ထွင်းသွားဖို့ ရှိလဲ အစ်မ။

ကျွန်မတို့ Mango အနေနဲ့ဆိုရင် Media နဲ့ Advertising အနေနဲ့ လက်ရှိလုပ်နေတဲ့အလုပ်တွေကို ပူပေါင်းပြီးလုပ်ရတဲ့အလုပ်ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ချဲ့ထွင်ပြီးလုပ်ရတဲ့အလုပ်ပဲဖြစ်ဖြစ် competition ပေါ့ Marketing Communication အတွက်ကိုတော့ Whole Value Chain ကို ကြိုးစားပြီး လုပ်ကြည့်ချင်ပါတယ်။ ဖြစ်နိုင်ချေရှိရင်လုပ်ပါမယ်။ ဒါကတော့ scope အနေနဲ့ ကြည့်တာပါ။ ကုမ္ပဏီအနေနဲ့တော့ ဘယ်လိုဖြစ်ချင်လည်းဆိုရင် ကျွန်မတို့က ပိုင်ရှင်တွေလည်းဖြစ်နေတော့ ပိုင်ရှင်တွေအနေနဲ့ အများကြီးဝင်မပါရပဲ ဝန်ထမ်းတွေနဲ့ သူ့ဟာသူ operate လုပ်သွားချင်တာကတော့ ကျွန်မတို့ရဲ့ အနာဂတ် မျှော်မှန်းချက်ပေါ့။ ကိုယ်မရှိလည်း ကိုယ်ဝင်မလုပ်ပဲ သူ့ဘာသာသူ အောင်မြင်ဖြစ်ထွန်းနေအောင်လုပ်ဖို့၊ quality အပိုင်းဆိုင်ရာလေးတွေ ကောင်းအောင်လုပ်ဖို့ အဲ့ဒါမျိုးလေးတွေ ကျွန်မတို့ လက်ရှိတော့ ကြည့်နေပါတယ်။

၁၂။ ဒီလို အလုပ်တာဝန်တွေကို တာဝန်ယူနေရတော့ ကိုယ့်အတွက် ဝါသနာပါတာတွေ လုပ်ဖို့ အချိန်တွေကိုရော အစ်မအနေနဲ့ ဘယ်လို စီမံဖြစ်နေလဲ။

ကျွန်မက လူတွေရဲ့ idea တွေကို create လုပ်ရတာ ၊ သူတို့ idea တွေကို နားထောင်ရတာ နောက်ပြီးတော့ socialize လုပ်တာတွေကို ဝါသနာပါပါတယ်။ အဲ့ဒီတော့ ကျွန်မရဲ့ ဝါသနာနဲ့ သိပ်ပြီးတော့ မကွာပါဘူးရှင်။ အဲ့ဒီတော့ ကျွန်မက ကံကောင်းတာပေါ့နော်။ အလုပ်လုပ်နေရင်းနဲ့ ပျော်စရာကောင်းတာပေါ့။ ကျွန်မက စာဖတ်ရတာ သဘောကျတယ်။ အသစ်အဆန်းလေးတွေ၊ innovative idea လေးတွေ သိရတာ ကြိုက်တယ်။ အဲ့ဒါလေးတွေက တစ်ခါတည်း တွဲပြီးလုပ်နေရတဲ့ သဘောပါပဲ။ နည်းနည်းလေးလျှော့တာကတော့ ရသစာပေလေးတွေ ဖတ်ဖို့ရန် အချိန်လေးတွေပေါ့။ စာဖတ်တာဆိုရင်လည်း ကျွန်မတို့က work reated စာတွေဖတ်တာ ပိုများနေတယ်ပေါ့။

နောက်တစ်ချက်ကတော့ ဒီအချိန်ဆိုတဲ့နေရာမှာ ကျွန်မက လူမှုရေး အလုပ်လေးတွေ လုပ်ရတာလည်း ဝါသနာပါပါတယ်။ ငယ်ငယ်တုန်းကလည်း ရှေ့ဆောင်လူငယ်လုပ်တယ်၊ လမ်းစဉ်လူငယ်လုပ်တယ်၊ ကြက်ခြေနီ လုပ်တယ်ပေါ့လေ။ အဲ့ဒီလိုမျိုးဆိုတော့ ကျွန်မက ဒါမျိုးတွေလုပ်ရတာ ဝါသနာပါပါတယ်။ အဲ့ဒီအတွက် ကျွန်မက အချိန်နည်းနည်းလေး ပိုပေးပြီးတော့ လုပ်ပါတယ်။ ပရဟိတအလုပ်လေးတွေ လုပ်ရတာကိုလည်းကြိုက်တော့ Myanmar Business Executive (MBE) ဆိုတဲ့ မြန်မာစီးပွားရေးအမှုဆောင် Local NGO သေးသေးလေးမှာလည်း ပါပါတယ်။ ၂ဝဝ၇ လောက်ကတည်းက စလုပ်ခဲ့တာဆိုတော့ အခုတော့ နည်းနည်းကြာပါပြီ။ လူငယ်တွေကို business နဲ့ ပတ်သတ်တဲ့ ideas တွေပေးတဲ့ အလုပ်မျိုးကိုလည်း လုပ်ပါတယ်။ အဲ့ဒါက ကျွန်မရဲ့ ဝါသနာပေါ့နော်။

 ၁၃။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအနေနဲ့ မိသားစုအရေးရော လုပ်ငန်းပါ သဟဇာတဖြစ်အောင် ဘယ်လို အချိန်တွေ စီမံဖြစ်လဲ။

ပြေးပြေးလွှားလွှားပေါ့။ ကျွန်မက ကလေးတွေမမွှေးခင်ကတည်းက အိမ်ထောင်မကျခင်ကတည်းက အလုပ်လုပ်ခဲ့တယ်။ အဲဒီတော့ မိသားစုတွေက အိမ်ရှင်မတစ်ယောက်ထက် အလုပ်သမားတစ်ယောက်လိုပဲ မြင်ပါတယ်။ ကံကောင်းတာတော့ ကျွန်မတို့ မြန်မာပြည်သားတွေက ထုံးစံအတိုင်းပဲ ဆွေတွေမျိုးတွေနဲ့ မိဘတွေကို ခေါ်ထားမယ်ဆိုရင် မိဘတွေက ကြည့်ရှုပေးတာကိုး။ အဲ့ဒီအချက်ကတော့ အဆင်ပြေပါတယ်။

တစ်ခုရှိတာကတော့ ကလေးတွေကို အချိန်ပေးရတဲ့အချိန်ပေါ့။ ကျွန်မအမျိုးသားကတော့ သိပ်ပြီးကိစ္စမရှိပါဘူး။ သူလည်းအလုပ်လုပ်တယ်။ ကိုယ်လည်းအလုပ်လုပ်တယ်ဆိုတော့ သူ့အချိန်ကိုယ့်အချိန် နားလည်ပါတယ်။ ဒါပေမယ့် ကလေးတွေ နည်းနည်းကြီးလာတော့ ကလေးတွေကို အချိန်ပေးရပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ နောက်သူတို့ ကျောင်းကိစ္စ၊ နောက်သူတို့ သူငယ်ချင်းတွေ ကိစ္စ၊ ရေကူးသင်တာ စသည်ဖြင့် ဆွေမျိုးတွေနဲ့ သွားချင်တာ၊ လည်ပတ်ချင်တာ၊ မိသားစုအတွက် အချိန်ပေးရပါတယ်။

များသောအားဖြင့်တော့ ကျွန်မက weekends ပေါ့လေ။ တစ်ပါတ် ၅ရက်မှာ ၂ရက် အပြည့်ကိုတော့ သူတို့နဲ့အတူ အချိန်ဖြုန်းတယ်။ သူတို့နဲ့ မုန့်အတူတူထွက်စားတာပဲ ဖြစ်ဖြစ်။ ရေသွားကူးတာပဲ ဖြစ်ဖြစ်။ သူတို့နဲ့ တစ်ရက်လုံးနေပါတယ်။ ဘာမှ သိပ်လုပ်ပေးရတယ်လို့ မဟုတ်ပါဘူး။ သူတို့စားချင်တာလေးတွေကို ကျွန်မလုပ်ကျွေးတယ်။ ဒါမှမဟုတ် သူတို့နဲ့ အတူအပြင်ထွက်တယ်။ စာဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်ပေါ့။ အဲ့လောက်ကိုပဲ ကျွန်မ ဖြစ်အောင်လုပ်ပါတယ်။ နောက်ပြီးတော့ ညဘက်ပေါ့။ မိသားစုအနေနဲ့တော့ အလုပ်ပြီးဖို့ အပြင်ထွက်စရာ အကြောင်းလေးတွေမရှိဘူးဆိုရင် တစ်ပါတ်မှာ ၃ ရက်လောက်တော့ ခြောက်နာရီခွဲလောက်မှ ပြန်ရောက်လာတတ်ပါတယ်။ အဲ့ဒီအချိန်လောက် ပြန်ရောက်လာရင်တော့ ကလေးတွေနဲ့ နေတယ်။ သူတို့ အိမ်စာလေးတွေကို ကြည့်ပေးတယ်။ ပြောရမယ်ဆိုလို့ ရှိရင်တော့ တကယ့်အိမ်ရှင်မလို တောက်လျှောက်လိုက်ကြည့်နေပြီး လုပ်ပေးမယ့်အရာတွေတော့ ကျွန်မက တော်တော်ကြိုးစားပြီးလုပ်ရတယ်။ ခုနက ပြောသလိုပေါ့ ဝါသနာလို့ ပြောတဲ့နေရာမှာ ဝါသနာတွေနဲ့ လုပ်ချင်တဲ့အရာတွေကို ကျွန်မနည်းနည်းလျှော့ရပါတယ်။ လျှော့ပြီးတော့ မိသားစုကိစ္စကို အချိန်ပေးရတယ်။ သားတွေကို အချိန်တွေ ပေးရတာပေါ့။

၁၄။ အစ်မ စိတ်ဖိစီးမှုတွေ များလာတဲ့ အခါ ဘယ်လိုနည်းတွေနဲ့ ဖြေဖျောက်လေ့ရှိလဲ။

တက်နိုင်ရင်တော့ stress မရှိအောင်နေပါတယ်။ တစ်ခုခုဆိုရင် ကျွန်မက ကိုယ့်ပုခုံးပေါ်ကို မတင်ထားဘူးပေါ့။ တစ်ခုခုဖြစ်နေရင်တောင် ကျွန်မက ဖြစ်မယ့်သဘောပဲလေ ဆိုပြီး ကျွန်မက ignore လုပ်လို့ ရတယ်။ သို့သော် များသောအားဖြင့် စိတ်ဖိစီးမှုရှိတဲ့အရာဆိုရင် သီချင်းနားထောင်တယ်။ ဒါမှမဟုတ် ကျွန်မက ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးမှာ ရွှေ့နေပါတယ်။ စိတ်ရှုပ်စရာကောင်းသွားရင် shopping သွားလိုက်တယ်။ Spa သွားလိုက်တာမျိုးတို့ပေါ့။ ကျွန်မပြောင်းလုပ်လိုက်ပါတယ်။ ဒါမှမဟုတ် ကျွန်မကလေးတွေက ကျွန်မအတွက် big stress reliever တွေပါပဲ။ စိတ်ရှုပ်တာတွေ၊ စိတ်ညစ်တာတွေ ပျောက်သွားပါတယ်။

 ၁၅။ အောင်မြင်မှုရဖို့ မိန်းကလေးတွေအနေနဲ့ ရှိထားသင့်တဲ့ စိတ်ထားလေးတွေကိုရော ညီမငယ်လေးတွေ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးအတွက် ပြောပြပေးပါအုံး။

ယခုခေတ်မိန်းကလေးတွေက ကျွန်မတို့လောက် confuse မဖြစ်တော့ဘူးလို့ ကျွန်မယူဆပါတယ်။ ကျွန်မတို့တုန်းကတော့ တစ်နေရာတစ်နေရာ ရောက်လာရင် ဗျာများရတာပေါ့။ အိမ်ရှင်မကောင်းဖြစ်ချင်တာလား၊ အောင်မြင်ချင်တဲ့သူဖြစ်ချင်တာလား ဆိုတာကို ကျွန်မတို့ အမြဲစဉ်းစားရတယ်။ ဒီဘက်ခေတ်မှာ မရှိတော့ပါဘူး။ အမျိုးသမီးတွေလည်း အခွင့်အရေးတွေ ပြည့်ပြည့်ဝဝရနေပြီလို့ ယူဆပါတယ်။ ကျွန်မတော့ မိန်းကလေးအနေနဲ့ လုပ်နေကြပြီဖြစ်တဲ့အကြောင့် တိုးတက်မှုကိုရှာပါ။ သတ္တိရှိပါဆိုပြီးတော့ မပြောနေတော့ပါဘူး။ အားလုံးလုပ်နေကြတာဆိုတော့လေ။

တစ်ခု စဉ်းစားမိတာက အမျိုးသမီးအနေနဲ့တော့ ကျွန်မတို့က provider ပါ။ မိန်းမတွေဆိုတာ ဘယ်လိုပြောမလဲနော် ကျွန်မတို့က အမြဲပေးရတဲ့သူတွေပါ။ ဘာပဲကြည့်ကြည့်၊ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာပဲ ကြည့်ကြည့် ကျွန်မတို့က ပေးရတာပါ။ လူတွေကလည်း ကျွန်မတို့ဆီက ရမယ်လို့ပဲ မျှော်လင့်ထားတာပါ။ မိသားစုတစ်ခုကိုပဲ ကြည့်ကြည့်ပေါ့။ ဒီလိုပေးဆပ်တာက ကျွန်မတို့ အမေတွေ အမြဲလုပ်ခဲ့တဲ့ အရာပါပဲ။ ကျွန်မတော့ မိန်းကလေးတွေကို ဘာပြောချင်လည်းဆိုတော့ မိန်းမတွေက တော်ရမယ်။ တတ်ရမယ်။ smart ရှိရမယ်။ မှန်ပါတယ်။ သို့သော် မိန်းမတွေရဲ့ တကယ့်အသိစိတ် မွေးရာပါဖြစ်တဲ့ မိမိ မိသားစု မိမိ အသိုင်းအဝိုင်း မိမိ ပတ်ဝန်းကျင်ကို ဖြည့်ဆည်းပေးပြီးတော့ ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မိန်းမတွေရဲ့ အရည်အသွေးတွေကို ပိုပြီးတော့ တောက်ပြောင်လာအောင်လုပ်ဖို့ တိုက်တွန်းပါတယ်။

 ၁၆။ ပရဟိသလေးတွေလည်း လုပ်တယ်ဆိုတာ သိလိုက်ရပါတယ်အစ်မ။ ဘာလေးတွေ လုပ်ဖြစ်တယ်ဆိုတာလေးလည်း မျှဝေပါအုံးရှင်။

အစ်မတို့က ဒီ Myanmar Bussiness Executive အနေနဲ့ကတော့ ကျွန်မတို့က capacity development အတွက်ဆိုပြီး စခဲ့တယ်။ ကျွန်မတို့ ဒီ program မှာ သင်ခဲ့ကြပြီးတော့မှ တော်တော်လေးလေးကို နှစ်သက်တဲ့အတွက်ကြောင့် ကျွန်မတို့က sharing ပေါ့၊ business နဲ့ပတ်သက်တဲ့ capacity sharing အနေနဲ့ စလုပ်ခဲ့တာပါ။ အဲ့ဒီတော့ ကျွန်မတို့က သင်တန်းတွေရှိတယ်။ ကျွန်မတို့က business management နဲ့ ပတ်သက်တဲ့သင်တန်းပေါ့နော် Mini MBA လေးလိုပေါ့။ နောက် Finiance၊ နောက် SME Management၊ နောက် Micro Financing အဲ့လိုဟာမျိုးတွေရဲ့ သင်တန်းလည်းရှိပါတယ်။ ကျွန်မတို့က တစ်ခြား NGO တွေနဲ့ ပူပေါင်းပြီးတော့ free course တွေပေးပါတယ်။ တစ်ချို့ဟာတွေကျတော့လည်း အခကြေးငွေယူတဲ့ Corporate Training တွေလည်း လုပ်ပါတယ်။ ဒါက ဟိုဘက် social work၊ ဒါက education တစ်ပိုင်းပေါ့။ အဲ့ဒီမှာပဲ Social Development Sector ဆိုတာရှိပါတယ်။

Social Development Sector က ဘာလုပ်လည်းဆိုရင် ကျေးရွာနဲ့ မြို့သေးလေးတွေမှာ ရှိတဲ့ community တွေကို လိုအပ်တဲ့ capacity တွေ သင်ပေးတာမျိုး၊ skills တွေ မြှင့်တင်ပေးတာမျိုး လုပ်ပါတယ်။ ဥပမာ Teamwork, Leadership ပေါ့နော်။ နောက်ပြီးရင် လိုအပ်တဲ့အခြား Management, Financial Management တို့ပေါ့နော်။ အဲ့လိုဟာမျိုးလေးတွေကို ကျွန်မတို့က ကျေးရွာလူထုလေးတွေကို သင်ပေးတဲ့အရာလည်း လုပ်ပါတယ်။

ကျေးရွာဘယ်လိုရောက်သွားတာလဲဆိုတာတော့ ဒါ နာဂစ်ကြောင့်ပါ။ နာဂစ်မတိုင်ခင်ကတော့ မြို့ပေါ်မှာပဲ ကလေးတွေကို business people တွေ ဖြစ်လာအောင် ကျွန်မတို့ တစ်ထောင့်တစ်နေရာက ပါဝင်မယ်ဆိုပြီးတော့ MBE ကို စထောင်ခဲ့တာပါ။ ပြီးတော့ traning center လေးကို စတင်တည်ထောင်လိုက်တယ်။ BCB လို့ခေါ်ပါတယ်။ BCB Traning Center ပေါ့။

အဲ့ဒါလေး စလုပ်ခဲ့ရာကနေပြီးတော့မှ ကျွန်မတို့ နာဂစ်ဖြစ်သွားတဲ့အခါကျတော့ ကယ်ဆယ်ရေးလုပ်ရင်းနဲ့ ကျေးရွာကို ရောက်သွားတာပေါ့။ ကျေးရွာထဲကို ရောက်သွားရင်းကနေပြီးတော့ Capacity Development လိုတယ်ဆိုပြီးတော့မှ လူငယ်တွေကို Development လုပ်ပေးခဲ့တယ်။ အဓိကတော့ ကျွန်မအနေနဲ့ဆိုရင် အဲဒီမှာ လက်ရှိအနေအထားမှာတော့ ကျွန်မက ဒုဥက္ကဋ္ဌပါ။ ကျွန်မတို့ အနေနဲ့ဆိုရင်တော့ business development ကိစ္စရယ် social development ကိစ္စရယ် အဲ့ဒီနှစ်ခုရယ် capacity လုပ်တဲ့ဘက်ကဆိုရင် ကျွန်မတို့လုပ်ပါတယ်။

 ၁၇။ အစ်မအနေနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားချင်တဲ့ ဘဝနေထိုင်မှုပုံစံလေးက ဘယ်လိုလေးဖြစ်မလဲ အစ်မ။

အခုချိန်ကနေစပြောရမလား၊ ဟိုတုန်းက စပြောရမလား။ အခုအချိန်ကနေ စတွေးရင်တော့ ကျွန်မက အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ်။ မိသားစုအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့် community အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့် နိုင်ငံအတွက်ပဲ ဖြစ်ဖြစ် အသုံးဝင်တဲ့ သူတစ်ယောက်ဖြစ်ချင်ပါတယ်။ ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်။ အောင်မြင်မှုဆိုတာထက် မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သိုင်းသိုင်းဝိုင်းဝိုင်း၊ မကြောင့်မကြ စိတ်ပူပင်စရာလေးတွေ မရှိပဲနဲ့ ပေးနိုင်တဲ့ ဖြန့်ဝေပေးနိုင်တဲ့ အနေအထားလေးတစ်ခုအနေနဲ့ သွားချင်ပါတယ်။ ဖြစ်ချင်ပါတယ်။

 ၁၈။ Marketing ကို လေ့လာနေတဲ့ လူငယ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါအုံး။

Marketing နဲ့ပတ်သက်ရင်ကတော့ marketer ပဲဖြစ်ဖြစ် လုပ်ချင်ရင်တော့ လေ့လာမှုအပိုင်းလိုပါတယ်။ မြင်သမျှအရာတွေကို ကျွန်မတို့ အလေးထားရမယ့်အရာတွေ အများကြီးရှိပါတယ်။ လူတွေရဲ့ behavior တွေကို practice လုပ်ပြီး မြင်ကြည့်နေရမယ့် အရာတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ curious ရှိရပါမယ်။ marketer တွေက curious ဖြစ်ရပါမယ်။ စူးစမ်းလေ့လာချင်တဲ့စိတ်၊ သိလိုတဲ့စိတ် အများကြီးထားဖို့လိုပါတယ်။ အဓိကကတော့ marketer မှာ ငါသိပြီဆိုပြီး ရပ်လိုက်တဲ့နေ့ဟာ marketer က အဲ့ဒီနေရာမှာ လမ်းဆုံးသွားတဲ့သဘောပါ။ အမြဲအမြဲ အသိတွေ လေ့လာနေရမယ်။ စိတ်ဝင်စားရမယ်။ Marketing ကို စိတ်ဝင်စားနေတဲ့သူတွေ လုပ်ရမယ့်အရာပါ။

၁၉။ အောင်မြင်ချင်သူတိုင်း အထူးသတိပြုရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေရော အစ်မ အတွေ့အကြုံအရ အကြံပေးပါအုံး။

ကျွန်မတော့် အောင်မြင်မှုဆိုရင် ပြောစရာတွေ အများကြီးပါ။ အခုနဲ့ ကိုက်ညီဖို့ ပြောရမယ်ဆိုရင် opportunity ကို ခွဲခြမ်းစိတ်ဖြာပြီးတော့ လုပ်ရဲအောင် သတ္တိရှိဖို့ လိုပါလိမ့်မယ်။ ဘယ်နေရာမှာ ကိုယ့်အတွက် အခွင့်အလမ်းရှိမလဲ။ အခွင့်အလမ်းရှာတတ်ဖို့ လိုပါတယ်။ ရလာတဲ့အခွင့်အလမ်းကိုလည်း မဆုတ်မနစ် ကြိုးစားပြီး အားထုတ်သွားဖို့ လိုပါလိမ့်မယ်။ ဒါဆိုရင် အောင်မြင်နိုင်မှာပါ။