Mango Group မှ မအေးနှင်းဆွေ (Rose Swe) နဲ့ (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ အစ်မ။ ညီမတို့ ဂန္ထဝင် အွန်လိုင်း မဂ္ဂဇင်းက နယ်ပယ်အသီးသီးမှာ လျှောက်လှမ်းပြီး အောင်မြင်ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိမိဝါသနာပါတဲ့အရာကို ပေါက်မြောက်အောင် လုပ်နိုင်တဲ့အပြင် အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းထားနိုင်ပြီး Mango Group ရဲ့ Co-founder အနေနဲ့ရော Mango Media ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ အနေနဲ့ပါ တာဝန်ယူ လုပ်ဆောင်နေတဲ့ မအေးနှင်းဆွေ အကြောင်းလေးကို တင်ဆက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ… စလိုက်ကြရအောင်နော် အစ်မ။

၁။ အစ်မရဲ့ မိသားစုလေးအကြောင်း အနည်းအကျဉ်းလောက် ပြောပြပေးပါအုံး။

အစ်မမိသားစုက အစ်မအဖေ အမေရယ် အစ်မအပါအဝင် မောင်နှမ (၄) ယောက်ပါ။ အိမ်ထောင်ကတော့ အစ်မ အမျိုးသားရယ်၊ အစ်မတို့ရဲ့ (၅) နှစ်အရွယ် သားလေးတို့ ရှိကြတာပေါ့။

၂။ အစ်မရဲ့ education background လေးနဲ့ စာဖတ်ပရိသတ်ကြီးကို မိတ်ဆက်ပေးပါအုံး။

အစ်မရဲ့ education background ကတော့ အစ်မက ၁၉၈၈ က နောက်ဆုံးနှစ် ရုက္ခဗေဒတက်နေတာပေါ့။ ၁၉၈၈ မှာ ကျောင်းတွေပိတ်ကုန်တော့ အပြင်တွေထွက်ပြီး နောက်တော့မှ အဝေးသင်နဲ့ ပြန်ဘွဲ့ယူပြီး ကျောင်းပြီးသွားတယ်။ ဒီဖက်က ဘွဲ့ရပြီးတော့ အစ်မ အလုပ်လုပ်တယ်။ အလုပ်ကနေထွက်ပြီး ၂ဝဝ၂ ခုနှစ်မှာ ဘွဲ့လွန် (post-grad) တက်ဖြစ်ပါတယ်။ အဲဒါကို ကနေဒါနိုင်ငံvancouver က Capilano University ကနေပြီးတော့ Business Management ဘွဲ့တစ်ခုကို ရခဲ့တယ်ပေါ့နော်။

၃။ အစ်မ ဒီ Media လောကထဲကို ဘယ်လို ရောက်ရှိလာတာလဲ ဆိုတာလည်း သိပါရစေ။

၁၉၉၄ ခုနှစ်မှာ အစ်မက ဒီ နိုင်ငံခြား Advertising Agency ဖြစ်တဲ့ ဘိတ်(စ်) (Bates Myanmar) မှာ အလုပ်လုပ်တယ်။ အဲ့ဒီမှာလုပ်တော့ စစချင်းတော့ အစ်မက ဦးမိုးကျော်ရဲ့ PA (personal assistant) အနေနဲ့လုပ်ခဲ့တယ်။ အဲ့ဒီကနေပြီးတော့ ဒီ advertising လုပ်ဖို့အစ်မ စိတ်ဝင်စားတယ်ပေါ့။ နောက်ပြီး Bates က ၁ဝဝ% ပြည့် International ကုမ္ပဏီဖြစ်လာတယ်။ ၁၉၉၉ မှာ လူကြီးတွေက အစ်မကို မီဒီယာ နဲ့ကိုက်တယ်။ မီဒီယာ ဘက်ကို ပြောင်းပြီး media department ကို ဦးစီးပေးပါဆိုပြီး တောင်းဆိုတာနဲ့ အစ်မလည်း ပြောင်းလိုက်တယ်။ မီဒီယာအပိုင်း planning ကို သဘောကျတယ်။ အဲ့ဒါနဲ့တောက်လျှောက်ပဲ အခုထိလုပ်ဖြစ်တယ်။

၎။ Mango ကိုရော ဘယ်လို စပြီး ထူထောင်ဖြစ်ခဲ့တာပါလဲ။ အခု Mango operate လုပ်နေတာကရော ဘယ်လောက် ကြာပါပြီလဲ။

အစ်မတို့ကလေ ခုနက ပြောသလိုပဲ Bates မှာ ၇ နှစ်ကျော် လုပ်ရင်းနဲ့မှ သူတို့လက်အောက်က မီဒီယာကုမ္ပဏီဖြစ်တဲ့ ဇဲနစ် မီဒီယာ (Zenith Media) ကို အစ်မ ဂျနရယ်လ် မန်နေဂျာ အနေနဲ့ ပြောင်းပြီးတော့မှ တာဝန်ထမ်းခဲ့တယ်။ အဲ့ကနေပြီးတော့မှ အစ်မက ဘွဲ့လွန် တက်ဖို့ သွားလိုက်တယ်။ အစ်မအပြင်မှာ အလုပ်လုပ်နေတဲ့အချိန်မှာ မြန်မာပြည်မှာ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်က နိုင်ငံခြားကုမ္ပဏီ တော်တော်များများက ပြန်ထွက်ကြပြီလေ။ ထွက်ကြတော့တဲ့ အချိန်မှာ Bates လည်း ပြန်ထွက်တယ်။ အဲ့ဒီအချိန်ကျတော့ လုပ်ဖော်ကိုင်ဖက်တွေက ပြန်လာခဲ့ပါ။ အားလုံးစုပြီး အလုပ်လေးလုပ်ရအောင်။ အစ်မကို ဦးဆောင်ပေးပါ ဆိုပြီးတောင်းဆိုတယ်။ နောက်ပြီးတော့ အစ်မ တစ်ခြားသူငယ်ချင်းတွေကလည်း အစ်မ ဒီဘက်မှာ ကျောင်းလေးတစ်ခုဖွင့်ဖို့ တောင်းဆိုတယ်ဆိုတော့ အစ်မက တခြားနိုင်ငံမှာဆိုရင် ကိုယ့်လက်ကိုယ့်ခြေနဲ့ ဦးဆောင်ပြီး လုပ်ငန်းတစ်ခု တည်ထောင်မယ့် အခွင့်အရေးမျိုး မရနိုင်ဘူးပေါ့နော်။ ကိုယ့်နိုင်ငံကို ကိုယ် ပြန်သွားလို့ရှိရင် ဒီခုလောလောဆယ်တော့ market အနေနဲ့အရ အခြေအနေက အေးတယ်။ ဒါပေမဲ့ ကိုယ် ခြေနိုင်လက်နိုင်လုပ်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ စွန့်ပြီးပြန်လာခဲ့လိုက်တယ်။ ပြန်လာပြီးတော့ အဲ့ဒီမှာစပြီး ၂ဝဝ၄ ခုနှစ် April မှာ Mango ကိုရော Yangon Academy (K -12 school) ကျောင်းလေးကိုပါ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူတူအလုပ်လုပ်ဖြစ်တယ်။ ၂ဝ၁၅ ဇွန် လမှာတော့ ကျောင်းကို ဦးဆောင်ပြီး လုပ်ကိုင်နေရာမှ ရပ်ခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၅။ Mango ရဲ့ ဝန်ဆောင်မှုလေးတွေ ကိုလည်း ပရိသတ်ကြီးသိအောင် ပြောပြပေးပါအုံး။

အစ်မက Mango ကို စစချင်းကတော့ full service agency အနေနဲ့ ထောင်ခဲ့တာပါ။ အစ်မတို့က ကုန်ပစ္စည်း တံဆိပ်တစ်ခုကို သူ့ကိုသုံးစွဲတဲ့သူတွေဆီ ထဲထဲဝင်ဝင်ရောက်သွားအောင် လုပ်ပေးတယ်။ အဲ့ဒီအတွက် အကြံဥာဏ်တွေ စဉ်းစားပေးတယ်။ ပြီးတော့ အဲ့ဒီ အိုင်ဒီယာတွေကို အကောင်အထည် ဖော်ပေးတယ်ပေါ့နော်။ ဒီဟာတွေကို ပုံနှိပ်ကြော်ငြာတွေ၊ တီဗွီကြော်ငြာတွေ ဖြစ်လာတဲ့အထိ လုပ်ပေးတယ်။ Mango media အပိုင်းကတော့ မီဒီယာတွေကို ထိထိရောက်ရောက် သုံးနိုင်ဖို့ အတွက်ရော ပြီးတော့ ကြော်ငြာရှင်တွေသုံးတဲ့ ကြော်ငြာပိုက်ဆံတွေကို ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိဖြစ်အောင်ပါ လုပ်ပေးတယ်။

အဲ့ဒီကနေပြီးတော့မှ ၂ဝ၁၂-၂ဝ၁၃ တွေမှာ ပြောင်းအလဲလေးတွေ ဖြစ်လာတယ်။ Market ပိုင်းလည်း အင်မတန် တိုးတက်လာတယ်။ တစ်ခြား Multi-national ကုမ္ပဏီတွေလည်း တော်တော်များများ ဝင်လာတယ်။ နောက်ပြီးတော့ ကြောငြာရှင်တွေလည်းများလာတယ်။ နောက်ပြီး မလင်းလင်းတင်ထွန်းရယ် အစ်မရယ် အစ်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီမလေး သက်သက်ရယ်က ဦးဆောင်ပြီး လုပ်ကိုင်ကြတယ်။ သက်သက်နဲ့ မလင်းနဲ့က creative agency ကို ဆက်ဦးဆောင်တယ်။ နိုင်ငံခြားမှာခေါ်တော့ advertising agency ပေါ့။ သူတို့ကတော့ အဲ့ဒါကို ကြည့်မယ်။ အစ်မကတော့ Mango Media ဘက်ကို ဦးဆောင်မယ်ဆိုပြီးတော့ အစ်မတို့ နှစ်ခုခွဲ လိုက်တယ်။

Media Agency ကတော့ Media အပိုင်း planning and buying လုပ်တယ်။ လုပ်ရင်းနဲ့ပဲ အစ်မတို့က Media Relation တွေလည်း ကောင်းတာရယ် နောက်ပိုင်းတော့ PR (Public Relations) ကိုလည်း လူတွေက တော်တော်များများ demand လုပ်တာရယ်ကြောင့် အစ်မတို့က PR Agency ကိုပါ ထောင်ဖြစ်တယ်။ သက်သက်စီပေါ့။ Mango Media အောက်ကနေပြီး Mangosteen PR ဆိုပြီး တစ်ခု ထွက်လာတာပေါ့လေ။ အစ်မတို့ ဒီ ခေတ်အခြေအနေ၊ စီးပွားရေးအခြေအနေ လိုအပ်ချက်တွေနဲ့ ညီမတို့က Wave Digital ဆိုပြီး နောက်တစ်ခု ထပ်တည်ထောင်ဖြစ်တယ်။ ဆိုတော့ Mango media အောက်မှာ လေးခု ဖြစ်သွားတာပေါ့။

၆။ Wave Digital ကကျတော့ ဘယ်လို ကုမ္ပဏီမျိုးပါလဲ။

Wave Digital က digital online ပေါ့နော်။ တခြားနိုင်ငံတွေလောက် မဟုတ်ပေမယ့် အစ်မတို့ဆီမှာလည်း IT telecom industry က ပြောင်းလဲလာနေတယ်။ အများပြောတော့ leapfrog ဖြစ်တယ်ပေါ့လေ။ ပြောင်းလဲလာတဲ့ခေတ်မှာ အစ်မတို့က လိုအပ်တဲ့ digital service ပါ ပေးနိုင်ဖို့ လိုလာတယ်။ အစ်မတို့ ဒီမှာ မယုယုဒင်ကနေပြီးတော့ digital အပိုင်းကို ဦးဆောင်ကြည့်ပေးပါတယ်။

၇။ Mango Group က အခုဆို Mango Marketing, Mango Media, Mangosteen PR, Wave Digital အသီးသီး လုပ်ဆောင်နေတာကို တွေ့ရတယ်။ အခုလက်ရှိမှာ အစ်မအနေနဲ့ ဘယ်ကဏ္ဍတွေ တာဝန်ယူပြီး ဦးဆောင်လုပ်ကိုင်နေလဲ ဆိုတာကိုရော ပြောပြပါအုံး။

Mango Media ရယ်၊ Mangosteen PR ရယ်ရောမှာ လောလောဆယ် ကြည့်ထားတယ်။ အစ်မက အကုန်လုံးမှာ ဝင်မကြည့်နိုင်တော့ Wave Digital ကို India က Genesis Burson – Marsteller International Digital Agency တစ်ခုမှာ အကြာကြီး အလုပ်လုပ်ပြီး ပြန်လာတဲ့ ညီမလေး မယုယုဒင်က ဦးဆောင်ကြည့်ပေးတယ်။

၈။ Mango Group တည်ထောင်စဉ် ကာလကရော၊ တစ်လျှောက်လုံးမှာပါ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို မျှဝေပါအုံး အစ်မ။ ပြီးတော့ ဘယ်လို စိတ်ထားလေးနဲ့ ကြံ့ကြံ့ခံရပ်တည်ပြီး အခုလို နာမည်ကောင်းတစ်ခု ရလာအောင် ကြိုးပမ်းခဲ့ရတယ် ဆိုတာလေးကိုရော ပြောပြပေးပါအုံး။

ညီမလေးက မေးခွန်းတစ်ခုတည်းနဲ့ မေးတယ်။ ၁၂ နှစ်မှာ အစ်မတို့ တွေ့ကြုံလာရတဲ့ အခက်အခဲကတော့ အများကြီးပဲပေါ့။ အခုချိန်မှာ ပြန်မေးလိုက်ရင် အဲ့ဒီအခက်အခဲတွေ ကြုံတာကို တော်တော်လေးမေ့လိုက်ပြီ။ ဘာလို့လဲဆိုတော့ ကျော်သွားပြီလေ…နော်။ အခက်အခဲအသစ်တွေ ရှိတယ်။ အမြဲတမ်း စိန်ခေါ်မှုအသစ်တွေက ရှိတယ်လေ အလုပ်လုပ်တော့။ ကျော်ခဲ့ပြီးဖြစ်တဲ့ အခက်အခဲတွေက အတိတ်မှာ ကျန်ခဲ့ပြီဆိုတော့ မေ့စပြုသွားပြီ။ အဲ့ဒီမှာ အဓိက ကြုံရတာက ကိုယ်က နည်းနည်းငယ်သေးတဲ့ အချိန်ပေါ့နော်။ မလင်းရော အစ်မရော စလုပ်တဲ့အချိန်မှာ ငွေရေးကြေးရေးလိုတာပေါ့နော်။ သူငယ်ချင်းနှစ်ယောက် စုထားတဲ့ပိုက်ဆံတွေကနေ လုပ်ကြတာဆိုတော့၊ ဘယ် investor မှ မရှိဘူး။ ကိုယ့်ဟာကိုယ်လုပ်တော့ အဲ့ဒီအချိန်မှာ financial အခက်အခဲတွေရှိခဲ့တယ်။ ဒါကိုလည်း နှစ်ယောက်ပေါင်းပြီး ကျော်လွှားလာခဲ့တယ်။ ပြီးတော့ အဲ့ဒီအချိန်တုန်းက စီးပွားရေးကလည်း ဒီလောက်မဟုတ်သေးတော့ client တွေကလည်း ဒီ ကြော်ငြာတွေပေါ်မှာ သုံးဖို့လည်း သိပ် အဆင်သင့် မဖြစ်သေးဘူး။ နောက် သူတို့ဆီမှာလည်း တစ်ခြားအခက်အခဲတွေ ရှိတော့ ဖြစ်နိုင်ရင် ကြော်ငြာမှာ ငွေသိပ်မသုံးချင်ဘူး။ ကြော်ငြာကို ကိုယ့်ဟာကိုယ်လုပ်ရင်လည်း ရတယ်ဆိုပြီး ယူဆထားတော့ ကိုယ်တိုင်ပဲလုပ်ချင်ကြတာ များတယ်။ ဆိုတော့ အဲ့ဒီမှာ အစ်မတို့ အဲ့ဒါကို တော်တော်လေး ရုန်းကန် လုပ်လိုက်ရတယ်။ သိပ်မကြာပါဘူး။ ၂နှစ်အတွင်းမှာ အစ်မတို့ တော်တော်လေး အဆင်ပြေလာတယ်။ ဒီလိုပဲ အလုပ်တစ်ခု စလုပ်တယ်ဆိုတော့ ယှဉ်ပြိုင်မှု တော့ရှိတာပေါ့။ အဲ့ဒီအတိုင်းပဲ အစ်မတို့မှာ ကံကောင်းတာသည် အဲ့ဒီအချိန်က market အခြေအနေက မကောင်းတော့ ဘယ် International Agency မှလည်းမရှိဘူး။ market ကလည်း သိပ်ပြီး active မဖြစ်ဘူးဆိုတော့ စစချင်း အနေနဲ့ လွယ်ကူတာပေါ့။

၉။ မလင်းလင်းတင်ထွန်းနဲ့ မအေးနှင်းဆွေ နှစ်ယောက်ပေါင်းပြီး Mango Group ကို တည်ထောင်ခဲ့တယ်လို့ သိရပါတယ် အစ်မ။ မိန်းကလေးတွေ ပေါင်းပြီး စလုပ်ခဲ့တယ်ဆိုတော့ လုပ်ငန်းခွင်တွေမှာ ကျား၊မ ခွဲခြားဆက်ဆံတဲ့ အတွေ့အကြုံတွေကြောင့် လက်လွတ်ခဲ့ရတဲ့ အခွင့်အလမ်းတွေ၊ အခက်အခဲတွေရော ရှိခဲ့ပါသလား အစ်မ။ ဒါတွေကိုရော ဘယ်လို ရင်ဆိုင်ခဲ့လဲ။

သိပ်ခွဲခွဲခြားခြားဆက်ဆံတာဆို မလင်းရော အစ်မရော နှစ်ယောက်စလုံးတော့ သိပ်မကြုံခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အစ်မတို့ကလည်း နည်းနည်းခေါင်းမာတဲ့ မိန်းမတွေလေ။ တော်ရုံတန်ရုံလည်း အလျှော့ပေးမယ့်လူစားမျိုးတွေ မဟုတ်ဘူးဆိုတော့ ကိုယ်က မိန်းမမို့လို့ ဒါမဖြစ်နိုင်ဘူး ဟိုဟာမဖြစ်နိုင်ဘူးဆိုတာတော့ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက အစ်မတို့က မိန်းကလေးဖြစ်တဲ့အတွက် client တွေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သူတွေနဲ့ပဲ ဖြစ်ဖြစ် ပြောဆို သွားလာမှုကို ဂရုထားရတယ်။ working hour အတွင်းမှာပဲ ကိုယ်လိုချင်တဲ့ စကားတွေကို ရအောင်ပြောရတာပေါ့။ ဘာပဲပြောပြော relax ဖြစ်နေချိန်မှာ စကားပြောရင် ပြောတဲ့စကားတွေက တစ်ယောက်နဲ့ တစ်ယောက်စကားပြောရင် အဆင်ပြေတယ်။ အလုပ်ရှုပ်နေတဲ့ အချိန်မှာ စကားပြောရင် tense တွေ အများကြီးရှိတယ်။ အဲ့ဒီဟာမှာ နားလည်မှုကို build လုပ်ရတာက အစ်မတို့အတွက် challenge ဖြစ်တယ်။ နောက်စကားပြောတဲ့အခါမှာလည်း ချင့်ချိန်ပြီးပြောရတယ်။

၁ဝ။ media and marketing ကဏ္ဍတွေရဲ့ အရေးပါမှုကို လုပ်ငန်းရှင်တွေက အချိန်နဲ့အမျှ ပိုသိလာပြီး နဂိုကထက် အခုမှ ပိုပြီး အလေးထား လုပ်ဆောင်လာကြပြီဆိုတော့ အစ်မတို့ အနေနဲ့ Mango Media and Marketing စတင်ခဲ့တဲ့အချိန် ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။ ဒါတွေကို ဘယ်လို ရင်ဆိုင် ကျော်လွှားခဲ့ရလဲ။ မျှဝေပေးပါအုံး။

အဲ့ဒီအချိန်မှာတော့လေ လုပ်ငန်းရှင်တွေ၊ ကြော်ငြာရှင်တွေက အဖက်ဖက်ကနေ စဉ်းစားရတယ်။ တခြားနေရာမှာ ပိုက်ဆံတွေရင်းနှီးမြှုပ်နှံနေရပြီး ပိုက်ဆံတွေကုန်တော့ advertising ဆိုတာကလည်း သိပ်မလိုဘူး။ ယှဉ်ပြိုင်မှု ဆိုတာကလည်း သိပ်မများဘူး။ ဥပမာ- အချိုရည်ဘူးကိုပဲ ကြည့်လေ။ အချိုရည်ဆိုတာ brand က ဘယ်နှစ်ခုမှ မရှိဘူး။ နောက်ပြီးတော့ တစ်ခြားပစ္စည်းတွေဆိုရင်လည်းကြည့်။ ခေါင်းလျှော်ရည်တို့ပေါ့။ ကိုယ့် local brand တွေပဲ ရှိခဲ့တာလေ။ ဆိုတော့ ကြော်ငြာအတွက် ပိုက်ဆံဘာလို့သုံးတော့မှာလဲ ဆိုတာတော့ရှိတာပေါ့။ နောက်ပြီးတော့ ဒီ brand တစ်ခု လူတွေဆီ ရောက်သွားရင် သူတို့ရဲ့ အရောင်းအဝယ်တွေ ပိုပြီးတက်လာမယ် ဆိုတဲ့အတွေးကိုလည်း တစ်ခုနဲ့တစ်ခုကို သူတို့ဆက်စပ်ပြီး သိပ်မကြည့်နိုင်ဘူး။ အခုနောက်ပိုင်း တစ်ခြား International Brand တွေ ဝင်လာတော့ ဒါကြီးကို နိုင်ငံခြား brand တွေက နားလည်ပြီးသားဆိုတော့ သူတို့က အဲ့ဒါကို ချလုပ်တော့မှ ကိုယ့် local တွေလည်း မျက်စိပွင့်နားစွင့်လာတယ်။ ပြိုင်တယ်ဆိုတာကလည်း healthy competition ပေါ့နော်။ ဒါဟာ ရိုးရိုးသားသားနဲ့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်တီထွင်ဥာဏ်ကို ကိုယ်သုံးပြီး ကိုယ့် brand ကို လူတွေကြိုက်လာအောင် ပြိုင်ကြတာဆိုတော့ ပိုပြီးမြင်သာလာတာပေါ့။ မြင်လာပြီး သူတို့လိုက်သုံးလာတယ်။ အရင်တုန်းကတော့ လုပ်ငန်းတစ်ခုလုပ်ဖို့ အခက်အခဲတွေက အများကြီးရှိတယ်။ ဆိုတော့ အဲဒါတွေကိုလည်း သူတို့ သိပ်မစဉ်းစားနိုင်ဘူးပေါ့။

၁၁။ အောင်မြင်မှုရဖို့ မိန်းကလေးတွေအနေနဲ့ ရှိထားသင့်တဲ့ စိတ်ထားလေးတွေကိုရော ညီမငယ်လေးတွေ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးအတွက် ပြောပြပေးပါအုံး။

ဘုရားဈေးမှာရောင်းတဲ့ ပစ်တိုင်းထောင်အရုပ်ကို အမြဲသတိရပါ။ ဘယ်လောက်ပဲ လဲသွားလဲသွား သူက ပြန်ထောင်တယ်။ အဲ့ဒီလိုမျိုးပဲပေါ့ ဘယ်နေရာမှာမဆို ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်လုပ်မှရယ်မဟုတ်ဘူး။ လူဖြစ်လာတဲ့အခါမှာ အခက်အခဲတွေ အမြဲတမ်း အများကြီးရှိတယ်။ အဲ့ဒီအခက်အခဲတွေကို ကိုယ်က ဘယ်လိုကျော်ရမလဲ။ အဲ့ဒီအခက်အခဲတွေက တစ်ခါတစ်လေကျလို့ရှိရင် ပေခံလိုက်ရတာရှိတယ်။ ကိုယ်က ဘာမှမတက်နိုင်ဘူး။ ကျော်လို့လည်းမရဘူး။ အချိန်ပဲစောင့်လိုက်ရတာရှိတယ်။ အဲ့ဒီဟာကို ဇွဲရှိရှိနဲ့ ကိုယ်လုပ်ချင်တာကို ခေါင်းမာမာနဲ့ သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ပဲလိုတယ်။ အဲ့ဒါဆိုရင် စီးပွားရေးမှာပဲ မဟုတ်ဘူး။ ကိုယ့်ရဲ့ ဘဝမှာလည်း ဘယ်ဟာမဆို ကိုယ်လိုချင်တာကိုရနိုင်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို passionate ဖြစ်ရမယ်။ ကိုယ်ဒါကို ယုံကြည်တယ်ဆိုရင် ယုံကြည်တဲ့အတိုင်းလုပ်ရမယ်။ ကိုယ့်ယုံကြည်ချက်အနောက်ကို လိုက်ရမယ်ပေါ့နော်။ လွယ်လွယ်ကူကူနဲ့ အလျှော့မပေးရဘူး။ နောက်ပြီး လူကြီးသူမတွေရဲ့ စကားကိုလည်း နားထောင်ပါ။

၁၂။ ဒီလို အလုပ်တာဝန်တွေကို တာဝန်ယူနေရတော့ ကိုယ့်အတွက် ဝါသနာပါတာတွေ လုပ်ဖို့ အချိန်တွေကိုရော အစ်မအနေနဲ့ ဘယ်လို စီမံဖြစ်နေလဲ။

ကိုယ်ဝါဿနာပါတာကတော့ နောက်ဆုံးဖြစ်သွားတာပေါ့။ အလုပ်က (၁) ပေါ့။ အရင်က အလုပ်နှစ်ခုလေ။ ကြောင်ငြာလုပ်ငန်းလုပ်နေရင်းနဲ့ ကျောင်းလုပ်ငန်းမှာ လုပ်တာကိုး။ ကျောင်းလုပ်ငန်းကိုတော့ အခုဝင်မလုပ်တော့ပါဘူး။ ကြော်ငြာလုပ်ငန်းကတော့ ကိုယ်ငယ်ငယ်ကတည်းက လုပ်တဲ့ passionate ဖြစ်တဲ့လုပ်ငန်းဆိုတော့ အစ်မ ဆက်လုပ်တယ်။ အဲ့ဒါကလည်း ကိုယ့်ရဲ့ ဝါသနာပါပဲ။ ကိုယ် passionate ဖြစ်ရင် ဘယ်နေရာမှာမဆို ကိုယ်ပျော်ပျော်နေနိုင်တာပေါ့။ ဒါပေမယ့် အစ်မက ဘာဖြစ်လဲဆိုရင် အစ်မသားလေးရလာတော့ သူတို့ကလည်း အလုပ်ထက်မက အရေးကြီးလာတယ်။ အလုပ်အရေးကြီးသလို အစ်မသားလေးလည်း အရေးကြီးလာတယ်။ သားရယ် သားရဲ့ အဖေကိုလည်း အချိန်ပေးရတယ်။ ဒီနှစ်ခုကို အစ်မ တဟဇာတမျှအောင် လုပ်ရတယ်။ အဲ့ဒီတော့ အစ်မနေရာကတော့ နောက်ဆုံး ဖြစ်သွားတာပေါ့နော်။ အစ်မ ဘာကြိုက်လဲဆိုရင် အစ်မအားတဲ့အချိန်မှာ ပညာဒါနလုပ်ရတာကို ကြိုက်တယ်။ နောက်ပြီးတော့ ပုံပြင်ရေးရတာကို ကြိုက်တယ်။ စာရေးရတာကို ကြိုက်တယ်။ အခုက အင်မတန်အလုပ်များတဲ့အတွက် အဲ့ဒါတွေကို များများစားစား မလုပ်နိုင်ဘူး။ ဒါပေမယ့် ဒါကို အချိန်ယူရမယ်ပေါ့။ တစ်ခါတစ်လေကျရင်လေ ကိုယ်လုပ်ချင်တဲ့ ပုံတွေ၊ စာတွေရေးရင် ယောက်ျားကတော့ အမြဲအားပေးပါတယ်။ မင်းပေါ့လေ အဲ့ဒါတွေကို စာအုပ်ထုတ်ပါလား။ စာရေးပါလား။ ဆိုတော့ စုထားတယ်လို့၊ ဒါတွေက ကုန်ကြမ်းတွေပါလို့။ တစ်ချိန်ချိန်တော့ လုပ်ပါ့မယ်လို့။ အစ်မက ကလေးတွေအတွက် ပုံပြင်ရေးတဲ့ဟာပေါ့။ အဓိကတော့ ကလေးတွေအတွက် ရေးရာတာကို ကြိုက်တယ်။ ပုံပြင်လေးမှာမှ ကလေးတွေ စိတ်ဝင်စားနိုင်တဲ့ဟာတွေ ရေးရတာကို အစ်မကြိုက်တယ်။ အစ်မရဲ့ ငါးနှစ်အရွယ်သားလေးကိုလည်း မပျက်မကွက်ကတော့ ညတိုင်း သူ့ကို အမြဲတမ်း စကားတွေပြောတာပေါ့။ တစ်ခါတစ်လေကျရင် ပုံပြင်ပြောတယ်။ တစ်ခါတစ်လေဆို သူ့ကို လူကြီးလိုသဘောထားပြီး သူတစ်နေ့လုပ်လာခဲ့တဲ့ဟာတွေကို ပြောပြတယ်။ သူနဲ့အစ်မ နေ့တိုင်းပြောတယ်။ သူ့နာမည် မည့်တုန်းကတောင် နာမည်ကို ဘယ်လို မည့်ခဲ့တယ် ဆိုတာမျိုးတွေ သူ့ကို ပြောပြလေ့ရှိတယ်။ အဲ့ဒါက အစ်မ နေ့တိုင်းလုပ်တဲ့ အလုပ်ပေါ့။

၁၃။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအနေနဲ့ မိသားစုအရေးရော လုပ်ငန်းပါ သဟဇာတဖြစ်အောင် ဘယ်လို အချိန်တွေ စီမံဖြစ်လဲ။

အရင်တုန်းက နည်းနည်းလွယ်ကူတယ် ညီမလေးရေ…။ ဘာလို့လဲဆိုတော့ ဒီ ၂ဝ၁ဝ-၂ဝ၁၁ လောက်ထိက အဲ့လောက် busy မဖြစ်သေးဘူး။ သိပ်ခက်ခဲလှတယ်လို့တော့မဟုတ်ဘူး။ နောက်ပိုင်း အလုပ်များတဲ့အခါကျတော့ ကိုယ့်ဘာသာကိုအမြဲ သတိပေးရတယ်။ အိမ်ကို ပြန်သွားရင် အခုက ကားတွေကလည်း ကျပ်တော့ အိမ်ရောက်သွားရင် ၇နာရီကျော်နေပြီ။ ထမင်းစားသောက်ပြီးရင် အလုပ်တွေအကြောင်း ရပ်ဖို့ ကိုယ့်ကိုယ်ကို လုပ်ရတာပေါ့။ တစ်ခါ လက်တော့ပ်(laptop) ကြီးဖွင့် ပြီးတော့ အွန်လိုင်းပေါ် တက်တယ်။ အလုပ်တွေလုပ်ပြန်ရောလေ။ ဆိုတော့ အဲ့ဒီဟာလေးကို အကျင့်ဖျောက်နေတယ်ပေါ့။ နောက်ပြီးတော့ ကလေးနဲ့အတူတူ စောစောအိပ်ရာဝင်ဖို့ ကိုယ့်ဟာနဲ့ကိုယ် မနည်းတွန်းနေရတယ်လေ။ နောက်ပြီးတော့ အစ်မ အိမ်ထောင်ရှင်မ ဖြစ်တဲ့အတွက် စနေနေ့ဆိုရင် အိမ်အလုပ်လုပ်ရတယ်။ ဈေးဝယ်တာတို့၊ သန့်ရှင်းရေးလုပ်တာတို့ပေါ့။ လူမှုရေးကလည်း ရှိသေားတယ်လေ။ လူမှုရေးဆိုတာကတော့ ပွဲလမ်းဖိတ်တာတို့၊ သာရေးနာရေး ဖိတ်တာတို့ သွားတာပေါ့။ မဟုတ်ရင်တော့ အစ်မ မိသားစုနဲ့ပဲ အချိန်ဖြုန်းတယ်။ တနင်္ဂနွေဆိုရင်လည်း အစ်မတစ်မနက်လုံးကတော့မိသားစုနဲ့ပဲ အချိန်ဖြုန်းတယ်။ ညနေကျတော့ အစ်မ အဖေအမေ မိသားစု မောင်နှမတွေစုံကြတယ်ပေါ့။ Sunday ကတော့ အစ်မအတွက် family day ပဲ။ ဖြစ်နိုင်ရင်တော့ အစ်မဒါကိုတော့ တစ်ခြားဘာမှ အဝင်မခံဘူးပေါ့။

၁၄။ အစ်မ စိတ်ဖိစီးမှုတွေ များလာတဲ့ အခါ ဘယ်လိုနည်းတွေနဲ့ ဖြေဖျောက်လေ့ရှိလဲ။

စိတ်ဖိစီးမှုများလာတဲ့အခါ အစ်မကလေ ရေရှိတဲ့နေရာကို သွားချင်တယ်။ ဒါမှမဟုတ်ရင် တောင်တွေ စိမ်းနေတဲ့နေရာတွေကို မြင်ချင်တာပေါ့။ အဲ့ဒါကို အစ်မ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရင် သက်သာသွားရောပေါ့။

၁၅။ အစ်မအနေနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားချင်တဲ့ ဘဝနေထိုင်မှုပုံစံလေးက ဘယ်လိုလေးဖြစ်မလဲ အစ်မ။

အစ်မက ဘဝကို ရိုးရိုးပဲ ဖြတ်သန်းသွားချင်တယ်။ အစ်မက အစ်မမိသားစုလေးနဲ့ တင့်တောင့်တင့်တယ်လေး နေနိုင်ရင် ကျေနပ်တယ်။ အစ်မဖြစ်ချင်တာက အစ်မကိုယ်တိုင် education centre ဆိုပြီး အကြီးကြီးတစ်ခု လှူနိုင်တဲ့သူပေါ့နော်။ ရန်ကုန်မြို့မှာ မဟုတ်ဘူး။ လိုအပ်တဲ့နေရာတို့မှာ လှူပြီး အဲ့ဒီမှာ အချိန်ပေးပြီး ပြီးဆုံးသွားချင်တယ်။ ဘာလို့လဲဆိုတော့ ပညာရေးက အရမ်းအရေးကြီးတယ်လေ။ အစ်မတို့ သူများနောက်က လိုက်ရတာသည် ပညာရေးကြောင့်ပဲပေါ့နော်။ ပညာရေးမှာ အားလုံးက ကုသိုလ်ကံကောင်းကြမယ်ဆိုရင်ပေါ့ လူတော်တွေ အခုရှိတာထက် ပိုပိုပြီးများလာမယ်။

၁၆။ အစ်မအမြဲတမ်း လက်စွဲကျင့်သုံးတဲ့ ဆောင်ပုဒ်လေး ပြောပြပေးပါအုံး။

အမြဲတော့ အစ်မက ပြောလေ့ရှိတယ်။ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ပေါ့နော်။ ရိုးရိုးသားသားပဲ နေပါ။ ကိုယ်လုပ်တာ ရိုးသားခဲ့တယ်။ ကိုယ့်စိတ်မှန်ခဲ့တယ် ဆိုရင် နာမည်တစ်ခုရမှာပါ။ နာမည်က ဘယ်တော့မှ မသေဘူး။ လူက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နာမည်ဆင်းရဲတဲ့ သူတွေအများကြီးရှိပါတယ်။ အဲ့ဒါကြောင့် အစ်မက နာမည်ပဲ ချမ်းသာချင်တာပေါ့။ အဲ့တော့ လူတိုင်းကို ရိုးရိုးသားသားနဲ့ လေးလေးစားစား ဆက်ဆံပါ။ အဲ့ဒီလို လုပ်တဲ့လူက စိတ်ဆင်းရဲရဖို့ အခွင့်အရေးနည်းပါတယ်။

၁၇။ အောင်မြင်ချင်သူတိုင်း အထူးသတိပြုရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေရော အစ်မ အတွေ့အကြုံအရ အကြံပေးပါအုံး။

ကိုယ့်ပတ်ဝန်းကျင်ပေါ့နော်… ကိုယ်တွဲပြီး အလုပ်လုပ်ရမယ့်သူ လက်တွဲဖော်၊ စီးပွားရေးလုပ်ဖော်က အင်မတန်အရေးကြီးပါတယ်။ ကိုယ့်နဲ့ ရေရှည်လက်တွဲပြီး လမ်းလျှောက်နိုင်သလား။ သူနဲ့ကိုယ်နဲ့ သဘောတူညီမျှတနိုင်လားဆိုတာ သေသေချာချာ စဉ်စားပြီးတော့မှ လက်တွဲဆောင်ရွက်ပေါ့နော်။ မလင်းနဲ့ အစ်မနဲ့ ဆိုရင် လုပ်ရတာ အင်မတန် အဆင်ပြေတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် လူက နှစ်ယောက်ဖြစ်သွားပြီဆိုရင် သဘော မညီမျှတာတွေရှိတတ်တယ်။ မတူညီတာတွေ ရှိတတ်တယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုဆိုတာကတော့ ရှိသင့်တယ်။ အလုပ်လုပ်ရတာ ရေရှည်လည်း အဆင်ပြေတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ရင်တော့ တိုးတက်ဖို့ကို ပိုလုပ်လို့ လွယ်ကူတယ်။ အဲ့လို တွဲလုပ်ပြီး အဆင်မပြေမှုတွေလည်း ကြားဖူးတယ်။ မြင်ဖူးတယ်။ ကြုံဖူတယ်။ ကိုယ်တစ်ယောက်တည်း လုပ်ရင်တော့တစ်မျိုးပေါ့။ စုပြီး အတူတူ အလုပ်လုပ်ကြမယ်ဟေ့ ဆိုရင်တော့ အစ်မက အဲ့ဒါလေး ပြောချင်ပါတယ်။