စိန်နှင့်မြ မွေ့ရာ မှ ဒေါက်တာကေသရီကျော်နဲ့ (၅) မိနစ်တာ အမေးအဖြေ

blank

မကေသရီကျော် မင်္ဂလာပါ အစ်မ။ ညီမတို့ ဂန္ထဝင်မဂ္ဂဇင်းက အောင်မြင်ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး ဂန္ထဝင် စာဖတ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍတွေမှာ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နေတဲ့ မကေသရီကျော်ရဲ့ အကြောင်းလေး ဖော်ပြသွားမှာ ဖြစ်လို့ အောက်ပါမေးခွန်းလေးတွေကို ဖြေကြားပေးစေလိုပါတယ်ရှင်။

၁။ ပထမဆုံး အနေနဲ့ အစ်မရဲ့ ပညာရေးအကြောင်းလေး မိတ်ဆက်ပေးပါအုံး။

အစ်မက M.B.B.S နဲ့ ဘွဲ့ရထားပါတယ်။ ဆရာဝန်တစ်ယောက်ပါ။ ဒါပေမယ့် အစ်မက Master’s အနေနဲ့ကိုတော့ University of Thai Chamber of Commerce ကဖွင့်တဲ့ M.B.A (The Master of Business Administration) နဲ့ ဘွဲ့ကို ရရှိထားပါတယ်။

၂။ အစ်မ စိန်နှင့်မြမွေ့ရာမှာ တာဝန်ယူ လုပ်ဆောင်နေတဲ့ အပိုင်းလေးတွေ သိပါရစေ။

လက်ရှိတော့ အစ်မက ဒီကုမ္ပဏီရဲ့ ဒါရိုက်တာပါ။ အဓိကအနေနဲ့တော့ ကုမ္ပဏီရဲ့ objective တွေ၊ mission တွေ ဆွဲတာတို့ ပေါ့နော်။ အစ်မတို့က ဌာနတစ်ခုချင်းစီ အုပ်ချုပ်ရတယ်။ အပိုင်းသီးသန့်ဆိုပြီးတော့ မရှိဘူး။ အစ်မလုပ်ရတဲ့ အဓိက အပိုင်းတွေက import, export တွေ၊ marketing တွေ၊ finance, accounting, sales and production အဲဒါအားလုံးကို အစ်မတို့က အဓိကထားပြီး ဌာနတစ်ခုချင်းစီရဲ့ mission တွေ သတ်မှတ်တယ်ပေါ့နော်။ ပြီးတော့ အဲ့ဒါတွေကို ဘယ်လို အကောင်အထည်ပေါ်အောင်လုပ်မယ်။ ပြီးတော့ ဌာနတစ်ခုချင်းစီမှာရှိတဲ့ တာဝန်ရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လို ဘယ်လို လုပ်ရမယ်ဆိုတာကို ပြန်ပြီးတော့မှ လမ်းညွှန်ပေးရတယ်ပေါ့။ ပြီးရင် သူတို့ဆီက ရလာတဲ့ feedback တွေ၊ report တွေကို အစ်မက အမြဲတမ်း ပြန်လည် စစ်ဆေးရတာပေါ့နော်။ ပြီးတော့ ဒီကြော်ငြာ အပိုင်းရော advertising, marketing အပိုင်းတွေရောပေါ့။ ဌာနတစ်ခုချင်းဆီ မခွဲတော့ ကဏ္ဍအားလုံးမှာ နည်းနည်းချင်းတော့ ဝင်ရပါတယ်။ ဒါရိုက်တာက အကုန်လုံးကို ကိုင်တယ်ပေါ့နော်။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ report တွေ ပြန်ညွှန်ကြားတယ်။ အောက်ခြေထိတော့ မရောက်တော့ဘူးပေါ့။ ဌာနတစ်ခုချင်းစီက မန်နေဂျာတွေကို manager တွေကို ကိုယ်က ပြန်ပြီး လမ်းညွှန်တာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ပြိုင်ဆိုင်မှုတွေ အများကြီး ကြားထဲက ဒီလို စိန်နှင့်မြမွေ့ရာ ဆိုတဲ့ နာမည်တစ်လုံးနဲ့ ရပ်တည်လာတာ ဘာကြောင့်လို့ ထင်ပါလဲ အစ်မ။

အဓိကကတော့ customer service အပိုင်းပါ။ ပြီးရင် product quality နဲ့ ဒီကုန်ပစ္စည်းတွေရဲ့ modernized ဖြစ်နေဖို့၊ up to date ဖြစ်နေဖို့ပေါ့နော်။

customer service အတွက် ဝန်ထမ်းတွေကိုလည်း training ကောင်းကောင်းပေးပါတယ်။ customer ဆိုတာ ကိုယ့်အတွက် ဘယ်လောက်တောင် အရေးကြီးလည်းဆိုတာတွေကို သူတို့တစ်ဦးချင်းဆီ ကောင်းကောင်းသိအောင်လို့ knowledge တွေပေးထားတယ်။ စိန်နှင့်မြ အနေနဲ့ customer service ကို အမြဲကျေအောင် ထမ်းဆောင်တယ်။

နောက်တစ်ခုက product quality ပေါ့နော်။ ဒီအရည်အသွေးကို customer တွေက ကြိုက်လို့လာဝယ်တယ်။ အဲ့ဒါကို အစ်မတို့ နောက်ထပ်ထုတ်တဲ့ product တွေထဲမှာ quality မပြောင်းလဲသွားအောင် လက်ရှိရှိတဲ့ ပစ္စည်းတွေကို ဘယ်လို quality ပိုကောင်းအောင်လုပ်မလဲ ဆိုတာကို အမြဲ ကြံဆနေတယ်။

နောက်တစ်ခုတော့ ကုမ္ပဏီရဲ့ modernized ဖြစ်မှုပေါ့။ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ဟာကို up to date ဖြစ်နေဖို့ပေါ့နော်။ ဥပမာ – အရင်က မွေ့ရာဆို အစ်မတို့ ရိုးရိုးထုတ်တယ်။ နောက်ပိုင်းမှာကျတော့ ရန်ကုန်မှာက တိုက်ခန်းတွေ ကျဉ်းတယ်ဆိုတော့ အခန်းကျဉ်းတဲ့ နေရာတွေမှာ သယ်ဆောင်ရလွယ်ကူအောင်လို့ ခေါက်လို့ရတဲ့ စပရိန် မွေ့ရာတွေ ပြောင်းထုတ်တယ်။ နောက်ပြီးတော့ ခါးနာတဲ့သူတွေအတွက်ဆိုရင် အုန်းဆံပါတဲ့ မွေ့ရာတွေထုတ်တယ်။ ကုန်ပစ္စည်းကို customer တွေရဲ့ အကြိုက်ပေါ် မူတည်ပြီးတော့ ပြောင်းလဲထုတ်လုပ်သွားတယ်။

ဒီလိုဆိုတော့ အစ်မတို့ လက်ကိုင်ထားတာက သုံးခုပေါ့။ Customer service ကို ဦးစားပေးတယ်။ Quality ကို အမြဲထိန်းသိမ်းထားတယ်။ Product အမြဲတမ်း up to date လုပ်တယ်။

၎။ အစ်မ ကိုယ်တိုင်လည်း I Love It Footware လေး ဖွင့်ထားတာ သိရပါတယ်။ I Love It အကြောင်းလေး အနည်းငယ် မိတ်ဆက်ပေးပါအုံး အစ်မ။

လောလောဆယ် I Love It Footwear မှာတော့ အစ်မက I Love It နာမည်နဲ့ ရောင်းတဲ့ ကုန်ပစ္စည်းရှိသလို ကိုယ်စားလှယ် ယူထားတဲ့ Brand တစ်ခုလည်းရှိတယ်။ I Love It Footwear ကတော့ brand အတိုင်း သွားတာပေါ့။ ပထမတော့ အစ်မ အဲ့ဒီကုမ္ပဏီကို ကိုယ်စားလှယ် ယူထားတယ်။ နောက်ပိုင်းကျတော့ အဲ့ဒီကုန်ပစ္စည်းမှာ တစ်ချို့ အစ်မတို့နိုင်ငံရဲ့ လိုအပ်ချက်လေးတွေရှိတယ်။ လိုအပ်ချက်ဆိုတာ ဥပမာ customer ရဲ့ အကြိုက်လေးတွေ ကွဲလွဲမှုလေးတွေရှိတဲ့ အတွက် ကိုယ့်တံဆိပ်နဲ့ကိုယ် brand တွေ ထပ်ဖောက်တယ်ပေါ့။ လောလောဆယ် အစ်မက Footwear နဲ့ Fashion ထဲကို ဝင်လာတဲ့ သဘောပေါ့။ အစ်မ နာမည်ကို စပြီးပေးတော့ shoes နဲ့ ပတ်သက်တဲ့ နာမည်တွေ အမျိုးမျိုးစဉ်းစားတယ်။ ဒါပေမဲ့ အစ်မကကျတော့ ဘယ်လို fashion ကုမ္ပဏီကို သဘောကျလဲဆိုတော့ H&M တို့ Forever21 တို့ fashion အားလုံးကို ကိုင်တဲ့ brand တွေပေါ့။ အဲ့လိုမျိုးကို အစ်မ သဘောကျတော့ shoe နဲ့ ပတ်သက်တဲ့ နာမည်ပေးမယ်ဆိုရင် အင်္ကျီလုပ်ရင် ပြန်နာမည်ဖောက်ရမှာပေါ့။ အဲ့ဒါကြောင့် အစ်မ နာမည်လေးကို ဘယ်နေရာမဆို သုံးလို့ရတဲ့ နာမည်လေးကို စဉ်းစားလိုက်တယ်။ အခုနောက်ပိုင်း phrase လေးတွေသဘောကျတယ်။ လူတစ်ယောက်ယောက်ကလေ ကိုယ်ကြိုက်တဲ့ ပစ္စည်းကတစ်ခုခုကို ပြောတဲ့အခါမှာ “I love it” ဆိုပြီးပြောကြတယ်။ ဘယ်ပစ္စည်းပဲ ဖြစ်ဖြစ်ပေါ့။ အဲ့ဒါနဲ့အစ်မက ဒီဖိနပ်လေးတွေ ချစ်စရာကောင်းတော့ I Love It ဆိုပြီး brand ကို စဖောက်လိုက်တယ်။ နောက်ပိုင်းကျရင်တော့ အစ်မ fashion ကဏ္ဍစုံ သွားမယ်ဆိုပြီး ရည်ရွယ်ချက်ရှိတာပေါ့နော်။ အစ်မက အခုလောလောဆယ် မှတ်ပုံတင်တာတော့ ပစ္စည်းအရပဲတင်ထားတယ်။ ဒါပေမဲ့ ဈေးကွက်မှာတော့ ဖိနပ်ပဲရောင်းချသေးတယ်။

၅။ အစ်မ I Love It ကို ဘယ်လိုပုံစံမျိုးလေးတွေနဲ့ ရှေ့ဆက်ဖော်ဆောင်သွားမလဲ ဆိုတာလေးတွေ သိပါရစေ။

အဓိကတော့ ပထမရည်ရွယ်ချက်ကတော့ အစ်မ ဈေးကွက်ထဲကြည့်လိုက်တော့ ဖိနပ်နေတွေက အရမ်းဈေးမြင့်တာတွေရှိပြီး တစ်ချို့ brand တွေက ဈေးနိမ့်ပြီး စီးရတာကလည်း သက်တောင့်သက်သာ မရှိတာကို တွေ့ရတယ်။ design မလှတာတို့ လွယ်လွယ်ကူကူ ပျက်စီးလွယ်တာတို့ကို တွေ့တာပေါ့။ တစ်ချို့ brand တွေ ကျတော့လည်း ဈေးကြီးပြီး လူတန်းစားမရွေး မသုံးနိုင်ဘူးပေါ့။ အဲ့လိုမျိုးတွေတွေ့ရတော့ ဒီ brand ကို quality လည်းကောင်းရမယ်။ ဈေးကိုလည်း လူတိုင်းတတ်နိုင်တဲ့ ဈေးလေးလုပ်ချင်တာပေါ့။ အဲ့တော့ အလယ်အလတ်ကို ဖောက်လိုက်မယ်။ ဈေးက နှစ်သောင်း သုံးသောင်းကြားလူတစ်ကာ ဝယ်နိုင်တဲ့ ပုံစံနဲ့ I love it ကို စခဲ့တာပါ။

လက်ရှိတော့အစ်မ လုပ်ဆောင်သွားမှာတော့ အစ်မသတ်မှတ်ထားတဲ့ target အတွင်းမှာပေါ့ ဖိနပ်ကို တစ်သောင်းကစ ငါးသောင်းမကျော်ဘူး။ design မျိုးစုံပေါ့။ ခြေညှပ်ကစ၊ ဒေါက်၊ shoe တွေပေါ့။ I Love It မှာမှ အစကတော့ I Love It တံဆိပ်နဲ့ပဲ လုပ်ခဲ့တယ်။ ဒီခုနောက်ပိုင်းမှာတော့ အစ်မ I Love It မှာမှ Limited Edition ဆိုပြီး brand အသစ်သုံးထားတယ်။ စက်ရုံက Hong Kong မှာပါ။ တံဆိပ်ကတော့ ဒီတံဆိပ်ပဲ။ ဖိနပ်မှာ လိပ်ပြာလေးတွေပါတာတို့ပေါ့။ ဒီဈေးကွက်မှာ မရှိသေးတဲ့ design လေးတွေပေါ့။

အစ်မ ဟိုတစ်နေ့က ပြီးခဲ့တဲ့ Mandalay Miss Universe မှာဆိုရင် sponsor ပေးခဲ့တာလေ။ အဓိကတော့ I Love It ကို ဘယ်လိုရည်ရွယ်ချက်နဲ့လဲဆိုတာ customer ရဲ့ လိုအပ်ချက်တွေပေါ့။ အစ်မ အမြဲ နားထောင်ဖြစ်တယ်။ Customer တွေလာ ဝင်ကြည့်တယ်။ ဘာလို့မဝယ်တာလဲ။ သူတို့ဘာကို လိုချင်တာလဲဆိုတာကို အမြဲတမ်း ဝန်ထမ်းတွေကို record လုပ်ခိုင်းတယ်ပေါ့။ အစ်မက brand ကို သွားနေတဲ့အတွက် အစ်မ brand က ဈေးနှုန်းသက်သာပြီး ပစ္စည်းကောင်းရမယ်။ ဝန်ဆောင်မှုကောင်းရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ သွားနေတာပေါ့။

၆။ အစ်မ ပညာရေးတစ်ဖက်နဲ့ လုပ်ငန်းကို ဦးစီးလုပ်ကိုင် နေရပေမယ့် အစ်မကို ကြည့်လိုက်ရင် အမြဲ လန်းဆန်း တက်ကြွနေတတ်တာ သတိထားမိပါတယ်။ အစ်မ အချိန်တွေကို ဘယ်လို စီမံခန့်ခွဲနေလဲ မျှဝေပေးပါအုံး။

အချိန် ကတော့ အစ်မ တစ်နေ့တစ်နေ့မှာ အလုပ်ချိန်ရယ်၊ လေ့လာရေးရယ်၊ နောက် မိသားစုအတွက်ဆိုပြီး အချိန်ရအောင် ပေးဖြစ်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေး၊ ဘယ်လောက်ပဲ လုပ်ငန်းတွေကြီးမားနေပါစေ ကျန်းမာရေးကောင်းမှ ဖိဖိစီးစီး၊ တက်တက်ကြွကြွ လုပ်နိုင်မှာမို့ အစ်မကလေ့ကျင့်ခန်းတစ်ခုမဟုတ် တစ်ခုတော့ နေ့စဉ်လုပ်ဖြစ်ပါတယ်။ ယောဂ ဆော့ရင်ဆော့၊ မဆော့ရင် gym သွား၊ ဒါမှမဟုတ် ဂေါ့ဖ် ရိုက်တယ်။ တစ်ပတ်မှာ အနည်းဆုံး သုံးရက်တော့ လေ့ကျင့်ခန်း လုပ်ဖြစ်အောင် လုပ်တယ်။ အချိန်လေးတွေက အဲလို မစီမံမိဘူးဆို အလုပ်ထဲမှာ ချည်း အာရုံများလာတဲ့ အခါ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ အစ်မ gym မသွားဖြစ်ဘူး ဆိုရင်တောင် အိမ်မှာပဲ ညဘက် ရေချိုးပြီး နည်းနည်း လုပ်ဖြစ်တယ်။

၇။ အစ်မ ဖက်ရှင် (fashion) လေးတွေလည်း အမြဲဆန်းသစ်နေပြီး အစ်မနဲ့ လိုက်ဖက်စွာ ဝတ်စားဆင်ယင်တာ တွေ့ရပါတယ်။ မိန်းကလေးတစ်ယောက်အတွက် ဖက်ရှင်ရဲ့ အရေးပါမှုကို အစ်မ အမြင်လေးနဲ့ ပြောပြပေးပါအုံး။

ဖက်ရှင်ကတော့ လူတိုင်းနဲ့ အရေးပါတယ်လို အစ်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောခင် အရင်မြင်ရတော့ ဖက်ရှင်က first impression လို့ထင်ပါတယ်။ အစ်မအနေနဲ့တော့ ဈေးကြီးတာမျိုး ဝတ်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ အဓိကတော့ သပ်သပ်ရပ်ရပ်နဲ့ လူတစ်ယောက်လိုက်ဖက်တာကို ရွေးပြီးဝတ်တတ်ဖို့လိုပါတယ်။ တစ်ခါတစ်ရံမှာ သူများဝတ်ထားတာ လှပေမယ့် ကိုယ်ဝတ်လိုက်ရင်တော့ လှချင်မှလှမှာ အဲ့လိုပေါ့။ အဲ့တော့ မိန်းကလေးတစ်ယောက်က ကိုယ်နဲ့ဘာသင့်တော်တယ်ဆိုတာ ရွေးတတ်ဖို့လိုတယ်။ ကိုယ့်အတွက် ဝတ်ရတာအဆင်ပြေပြီး ကိုယ့်ကိုကိုယ် စိတ်ဓါတ်ခွန်အားမြင့်တက်စေတဲ့ အဝတ်အစားတွေလည်း ဝတ်ဆင်သင့်ပါတယ်။ သူများမသိရင်တောင်မှ ကိုယ့်ကိုကိုယ်သိတယ်။ သူများကတော့ ဟာ …ဘာဝတ်ဝတ်လှနေတာပဲလို့ ထင်မှာ။ ဥပမာ – မိန်းကလေးတိုင်း သိပါတယ်။ ငါက စကပ်နဲ့လိုက်တယ် တစ်ချို့က ဘောင်းဘီနဲ့ လိုက်တယ်။ ငါကတော့ မြန်မာဝတ်စုံလေးနဲ့ လိုက်တယ် စသဖြင့်ပေါ့။ အဲ့ဒီတော့ ကိုယ်ဘာနဲ့လိုက်တယ်ဆိုတာကို သိပြီး ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

၈။ အစ်မရဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားချင်တဲ့ ပုံစံလေးမျှဝေပေးပါအုံး။

လောလောဆယ်တော့ အစ်မက ဖြစ်ချင်တာလည်း လုပ်မယ်။ ပြီးတော့ ဖြစ်သင့်တာလည်း တွဲလုပ်မယ်။ ဘဝကိုတော့ အစ်မက အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းသွားချင်တာပေါ့။

၉။ စီးပွားရေးလုပ်ငန်းတွေအပြင် အခြားဝါသနာ ပါတာလေးတွေ ရှိရင်လည်း သိပါရစေရှင်။

အခြားဝါဿနာကတော့ အစ်မက သင်ယူရေးကိုတော့ ဝါသနာပါတယ်။ တစ်ခုဆိုလည်း အဆက်မပြတ် သင်ယူလေ့ရှိတယ်။ ဆေးကျောင်းတက်တုန်းကလည်း ဆေးကျောင်းကျုရှင်တွေနဲ့ မအားရတဲ့ကြား အင်္ဂလိပ်စာ သင်တန်းတို့ တရုတ်သင်တန်း တွေ တက်လေ့ရှိတယ်။ ပြီးတော့ ဂေါက်သီးရိုက်သင်တယ်ပေါ့။ သင်ယူခြင်းကတော့ အစ်မရဲ့ ဝါဿနာပါပဲ။ ဆေးကျောင်းပြီးတော့ M.B.A မတက်ခင် စီးပွားရေးသင်တန်းတွေ တက်ခဲ့တယ်။ ကြားထဲမှာလဲ အင်္ဂလိပ်သင်တန်းတွေ British Council ကဖွင့်တဲ့ သင်တန်းတွေလည်း အစ်မတက်ခဲ့တယ်။ အခုဆို အစ်မ M.B.A ပြီးတော့ တရုတ်စာ ပြန်သင်နေတယ်။ အင်္ဂလိပ်စာ ပြန်သင်ဖို့လည်းလုပ်နေတယ်။ အဓိကတော့ အစ်မက သင်ယူခြင်းကို စိတ်ဝင်စားတယ်။ အစ်မစိတ်ထဲမှာတော့ သင်ယူနေမှ လူကတစ်နေ့ပြီးတစ်နေ့ တော်လာမှာလို့ ခံယူထားတော့ အစ်မကတော့ အမြဲသင်ယူ လေ့လာနေတာပေါ့။

၁ဝ။ လိုချင်တဲ့ ပန်းတိုင်တစ်ခုခုကိုရောက်ဖို့ ဘယ်လိုအချက်တွေက အရေးတစ်ကြီး လိုအပ်နေတယ်လို့ ထင်ပါသလဲ အစ်မ အတွေ့အကြုံလေးတွေနဲ့ မျှဝေပေးပါအုံး။

အဓိကတော့ လိုချင်တဲ့ပန်းတိုင်ရဖို့ဆိုတာ မလျှော့တဲ့ဇွဲလုံလ လိုအပ်ပါတယ်။ ဖြစ်ချင်တာတော့ လူတိုင်းဆီမှာရှိတယ်။ အတော်များများက မလုပ်ရဲတာရယ် ပြီးတော့ ဖြစ်ပါ့မလားဆိုတဲ့ စိတ်ကြောင့် ဖြစ်မလာတာပေါ့။ အဓိကတော့ ကိုယ် ဘယ်ကို သွားချင်လဲ ဆိုတာ နဲ့ ဘယ်လို သွားရမလဲဆိုတာ သိရမယ်။ သွားချင်တဲ့နေရာကလည်း ချောမွေ့ချင်မှ ချောမွေ့မှာပါ။ အရာရာတိုင်းကလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အဘက်ဘက်က လွဲမှားသွားတာလည်းရှိမှာပါ။ အဓိကကတော့ အမှားတစ်ခုကို တွေ့တဲ့အခါကျရင်လည်း အဲ့ဒီအမှားကို စိတ်ဓါတ်မကျပဲ “သြော် ငါဒါကို ဘာလို့မှားသွားတာလဲ။ ငါဘာလုပ်လို့ ပန်းတိုင်နဲ့ လွှဲချော်သွားတာလဲ။” ဆိုပြီး ကိုယ့်ဟာကိုယ် သုံးသပ်သင့်ပါတယ်။ အချိန်တစ်ခုကို စိတ်ရှည်ရှည်နဲ့ ဇွဲမလျှော့ ကြိုးစားမယ်ဆိုရင် သေချာပေါက်အောင်မြင်မှာပါ။

၁၁။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် စိတ်ဓါတ်ခွန့်အား ဖြစ်စေမယ့် စကား လက်ဆောင်လေး ပြောပေးပါအုံး။

အဓိကတော့ ဘယ်အရာဖြစ်ဖြစ် စိတ်ဓါတ်မကျဖို့ပေါ့။ လူတွေက တစ်ခါတစ်ရံမှာ စိတ်ညစ်စရာတွေနဲ့ တွေ့တဲ့အခါ စိတ်ဓါတ်ကျနေတတ်ပါတယ်။ လူတိုင်းလူတိုင်းက အကောင်းကိုပဲ မျှော်လင့်တတ်ကြတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်စဉ်းစားရမှာက လူတိုင်းလူတိုင်းက ဘဝမှာ အဆင်ပြေနေတာ မဟုတ်ပါဘူး။ အကုန်လုံးက သူ့ပြဿနာနဲ့သူတော့ ရှိကြတာပေါ့။ ဘယ်သူမဆို မပြောတာပဲ ရှိတယ်။ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ဘ​ဝဆိုတာက ရှင်သန်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ရှင်သန်နေတဲ့ အချိန်မှာအကောင်းဆုံး လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမလဲ။ ပြီးတော့အဲ့ဒီပန်းတိုင်ကို ရခဲ့တဲ့ သူတွေရဲ့ အတွေ့အကြုံတွေကို လေ့လာမယ် သင်ယူမယ်ဆိုရင်တော့ ပန်းတိုင်ကို တစ်ချိန်ချိန်ရောက်မှာပါ။