Talents and Models မှ မတင်မိုးလွင်နဲ့ (၅) မိနစ်အမေးအဖြေ

blank

Model : Ma Tin Moe Lwin
Photo Credit: “Hope for Children. Hope for Peace” Campaign

မင်္ဂလာပါ အစ်မ။ ညီမတို့ မဂ္ဂဇင်းက အောင်မြင်ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးနေပါတယ်။ အခုတစ်ပတ်မှာတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တက်တက်ကြွကြွနဲ့ တာဝန်ယူလုပ်ဆောင်နေတဲ့ မတင်မိုးလွင်ရဲ့ အကြောင်းလေးကို တင်ဆက်ပေးချင်တာမို့ မမိုးရဲ့ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံလေးတွေနဲ့ အစ်မအကြောင်း အားကျအတုယူဖွယ်လေးတွေကို (၅)မိနစ်စာ လောက် မေးမြန်းပါရစေရှင်။

၁။ ပထမဆုံး အနေနဲ့ မမိုးရဲ့ မိသားစုနဲ့ မိတ်ဆက်ပေးပါအုံး။

မမိုးတို့ မိသားစု မှာ အဖေ၊အမေရယ် သမီး (၃) ယောက် ရှိကြတယ်။ မမိုးက အကြီးဆုံး ဖြစ်ပြီး မမိုးရဲ့ အောက်မှာ အမွှာ ညီမလေး နှစ်ယောက်ရှိကြတယ်။ မမိုးနဲ့ အငယ်တွေနဲ့ တစ်နှစ်ကွာကြတယ်။

၂။ မမိုးရဲ့ ပညာအရည်အချင်းလေးလည်း မိတ်ဆက်ပေးပါအုံး။

မမိုးရဲ့ ပညာအရည်အချင်းက အဓိကကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကနေပြီးတော့ စက်မှုအင်ဂျင်နီယာနဲ့ ကျောင်းပြီးတယ်။ အဲဒါပြီးတော့ နောက်ဆက်တွဲယူတဲ့ ဘွဲ့တွေကတော့ စီးပွားရေး ဥပဒေနဲ့ တစ်ဘွဲ့၊ ကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ တစ်ဘွဲ့ ယူပါတယ်။ နောက်ပြီးတော့ မမိုးတို့ batch ကို နိုင်ငံခြားရေးဝန်ကြီး ဠာနကပေးတဲ့ diplomatic skills နဲ့ ပတ်သက်တဲ့ advanced diploma တစ်ခုကို ရခဲ့တယ်။ နောက်ပြီးတော့ certificates အနေနဲ့တော့ entrepreneur သင်တန်းတွေ အများကြီး တက်ရပါတယ်။ စွန့်ဦးတီထွင် အမျိုးသမီးတွေကို နိုင်ငံခြားကနေပြီးတော့ လာပေးတဲ့ သင်တန်းတွေကိုတော့ မမိုး အလုပ်စကတည်းက ပညာရေးအခန်းကဏ္ဍတစ်ခုအနေနဲ့ တန်ဖိုးထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားဆရာတွေ လာသင်ပေးတာ မို့လို့ပေါ့နော်။ ရရှား (Russia)တို့ ဘာတို့ကနေ လာသင်ပေးတဲ့ ပညာတွေပေါ့။ ဒီတော့ ပညာနဲ့ ပတ်သက်ပြီးတော့ စက်မှု အင်ဂျင်နီယာက အဓိက ဖြစ်ပြီး ကျန်တဲ့ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ degree တွေ၊ diploma တွေ၊ certificate တွေကိုတော့ မမိုးက အလျင်းသင့်သလို ယူပါတယ်။ ပညာရေးကိုလည်း အလေးထားပါတယ်။ အစ်မတို့ အမေကလည်း ကျောင်းဆရာမဆိုတော့ ပညာရေးအလေးထားတဲ့ မိသားစုပေါ့။ အဖိုးကလည်း စာပေဝါသနာ အရမ်းပါသူဆိုတော့ မျိုးဆက်တစ်ခုလုံး ပညာရေးကို အရေးထားကြတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အခုလတ်တစ်လော ဘာတွေ လုပ်ဖြစ်နေလဲ မမိုး။

လက်တစ်လော လုပ်ဖြစ်နေတာကတော့ သင်တန်းတွေ ပိုပြီး ပို့ချပေးနေဖြစ်တယ်။ သင်တန်းတွေကတော့ မမိုးတို့ agency ရဲ့အပိုင် သင်တန်းတွေရော၊ နောက်ပြီးတော့ တခြားသော ကုမ္ပဏီတွေက ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်တင်ဖို့၊ စိတ်ဓာတ်မြင့်တင်ဖို့၊ နောက်ပြီးတော့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ၊ အမူအကျင့်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်ယုံကြည်ချက်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေကို မမိုးက လိုက်ပေးနေတာ။ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါ။ ဝန်ထမ်းတွေ များပါတယ်။ ဝန်ထမ်းတွေဆိုတာလည်း စီးပွားရေး နယ်ပယ်အသီးသီးက၊ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒါတွေလည်း အခုခေတ်နဲ့ စနစ်ပြောင်းလာတဲ့အခါ ဝန်ဆောင်မှု ဘယ်လောက်အရေးပါတယ်ဆိုတာ ပိုပိုသိလာကြတဲ့ အခါကျတော့ ဒီ service industry ထဲမှာ အနှစ် (၂ဝ) ကျော် ဖြတ်သန်းခဲ့တဲ့ မမိုးရဲ့ အတွေ့အကြုံကိုလည်း သူတို့က လိုချင်တယ်။ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့တဲ့ မမိုးရဲ့ အတွေ့အကြုံတွေကိုလည်း သူတို့ကလိုချင်ကြတယ်။ ကိုယ်တိုင်ကိုယ်ကျလည်း သင်ကြားမျှဝေနေတဲ့အတွက် အဲဒါတွေနဲ့ ပတ်သက်ပြီး မမိုးသင်တန်းပေးပါတယ်။ အဲဒါတွေနဲ့ ယှဉ်ပြီးလုပ်ဖြစ်နေတာတစ်ခုကတော့ လူမှုရေးပါ။ လူမှုရေးကတော့ Talents and Models အနေနဲ့လည်း လုပ်တယ်။ တင်မိုးလွင် အနေနဲ့လည်း လုပ်တယ်။ နောက်ပြီး အခြား foundation တွေ အားလုံးကိုလည်း ကူညီထောက်ပံ့ပေးပါတယ်။ အဲတော့ လူမှုရေး foundation အားလုံး၊ သေးသေးကြီးကြီး ဘယ်သူနဲ့မဆို တွဲမလုပ်ဘူးတဲ့ foundation မရှိပါဘူး။ ဘုန်းတော်ကြီးတွေ ပြုလုပ်တဲ့ လူမှုရေး foundation တွေ၊ လူပုဂ္ဂိုလ်တွေ မ တည်ထားတဲ့ လူမှုရေး foundation တွေ၊ နောက် လူငယ်တွေ ပြုလုပ်တဲ့ လူမှုရေး foundation တွေ၊ မမိုးရဲ့ တပည့်တွေ သူတို့ကိုယ်တိုင် တပိုင်တနိုင် လုပ်နေတဲ့ foundation တွေ၊ နောက်ပြီးတော့ မမိုးတို့ ဘာသာမဟုတ်ပေမယ့် တခြားဘာသာတွေ ပြုလုပ်နေတဲ့ foundation တွေ အားလုံးမှာ မမိုးက တက်နိုင်သမျှ၊ ပါနိုင်သမျှ အမြဲတမ်းပါပါတယ်။ အားလုံးနဲ့တော့ အထိအတွေ့ ရှိပါတယ်။ အဲဒါတွေကတော့ အများဆုံး လုပ်ဖြစ်နေတာပေါ့နော်။ ဒါကတော့ အသက် (၄ဝ) လည်း ကျော်လာတဲ့ နောက်ပိုင်းမှာ လူမှုရေးကို ပိုပြီးတော့ ဦးစားပေးလုပ်မယ်လို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် ဒီ (၄) နှစ်ကျော် (၅) နှစ်အတွင်းမှာ အများကြီးလုပ်ဖြစ်ပါတယ်။ အဓိကထားပြီး လုပ်ဖြစ်ပါတယ်။ အဲဒီတော့ လက်တလော လုပ်ဖြစ်နေတာကတော့ သင်တန်းရယ်၊ လူမှုရေးရယ်ပေါ့နော်။ ကျန်တာတွေတော့လည်း ပုံမှန်လုပ်နေတဲ့ အနုပညာအလုပ်တွေပါပဲ။ တစ်ခါတစ်လေ ကြော်ငြာရိုက်တယ်။ အခုလို ညီမလေးတို့နဲ့ interview တွေ ဖြေတယ်။ တစ်ခါတစ်လေ တချို့ event တွေမှာ participate လုပ်ပေးတယ်။ show လျှောက်တယ်။ presenter လုပ်တယ်ဆိုတာကတော့ မမိုးရဲ့ နေ့စဉ် ပုံမှန် အလုပ်တစ်ခုပဲပေါ့။ နောက် စာရေးတာလည်း လုပ်ဖြစ်တယ်။ နောက်ပြီးတော့ အခု Tin Moe Lwin Viber Public Chats မှာ မမိုးရဲ့ followers တွေ၊ မမိုးကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် အဲဒီမှာ အမြဲတမ်း message လေးတွေ ပေးပါတယ်။ နေ့စဉ်ဘဝအတွေးအခေါ်လေးတွေ၊ မမိုးဖတ်ထားတဲ့ စာအုပ်လေးတွေကနေ ပြန်လည်မျှဝေတာလေးတွေ လုပ်ပါတယ်။ နောက်တစ်ခါ table manner (စားပုံ၊သောက်ပုံ)၊ စားပွဲ ယဉ်ကျေးမှုနဲ့ social etiquette တွေ၊ လုပ်ငန်းလောကမှာ ထူးခြားပြောင်မြောက်ပြီး ပြီးပြည့်စုံတဲ့ အစွမ်းအစတွေကို ဘယ်လို ဖော်ထုတ်မယ်ဆိုတာတွေကို စာအုပ်စာပေတွေ ကျွန်းကျင်သူတွေရဲ့ စာအုပ်တွေဖတ်ပြီး ကိုးကားပြီး မမိုးရေးပေးပါတယ်။ နောက်ပြီး ခရီးသွားတာတွေလည်း မမိုးလုပ်ဖြစ်ပါတယ်။ tour ambassador အနေနဲ့ ကိုယ့်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်တွေတိုင်းမှာ ခရီးသွား သံတမံ အနေနဲ့ လိုက်ပါပေးတယ်။ ခရီးသွားသူတွေနဲ့ စိတ်ခံစားမှုတွေ မျှဝေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်ရစရာ ခရီးလေးဖြစ်အောင် ဦးဆောင်ပြီးတော့ သွားတာပေါ့နော်။ အဲဒါကတော့ ကမ္ပဏီတွေက သူတို့ ဝန်ထမ်းတွေအတွက် ဖိတ်ခေါ်တာပဲဖြစ်ဖြစ်၊ customer တွေကို အထူးဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်တာပဲဖြစ်ဖြစ်၊ ကံစမ်းမဲပေါက်တဲ့သူတွေကို မမိုးတို့က ဦးဆောင်ပြီးတော့ ပျော်ရွှင်အောင် ခရီးစဉ်ကို ဖိတ်ခေါ်တာပဲဖြစ်ဖြစ် မမိုးတို့က သွားပေးတယ်။ ပြီးတော့ ဒီနှစ်ဆိုရင် မမိုးတို့ရဲ့ တပည့်တွေနဲ့ သူတို့ကိုယ်တိုင်လည်း သူတို့ teacher က tour ambassador အနေနဲ့ အားလုံးခရီး အတူတူထွက်နိုင်အောင် အစီအစဉ်လေးတွေ ဆွဲပြီးတော့ လုပ်ပေးနေပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဒီ agency ထဲမှာရှိတဲ့ ကလေးတွေကိုလည်း fashion အပိုင်းနဲ့ ပတ်သက်ပြီးတော့ အကြံဥာဏ်တွေပေးတယ်။ အဓိကအားဖြင့်တော့ သူတို့ကိုယ်တိုင် model ဖြစ်တာ၊ အနုပညာရှင်ဖြစ်တာ ဆိုတာက တစ်ပိုင်းပေါ့၊ သူတို့ကိုယ်တိုင် ကျန်တဲ့ လူမှု၊စီးပွား၊ပတ်ဝန်းကျင်မှာလည်း လူရည်ချွန်ပေါ့၊ စံပြဖြစ်အောင် မမိုးက ဖြစ်စေချင်တာပေါ့နော်။ တချို့ဆို ဒီသင်တန်းကို လာတက်တယ်။ အဲ့လိုပဲ မမိုးလိုပဲ ဖြစ်ချင်တယ်ပေါ့နော်။ မော်ဒယ်လ် ရယ်လို့ မဟုတ်ဘူး။ မော်ဒယ်လ်တစ်ယောက် အနေနဲ့၊ စံပြအနေနဲ့ စခဲ့ပြီးတော့ သူတို့ဘဝမှာ ဘယ်နေရာပဲ သွားသွား တောက်ပနေတာလိုချင်တယ်။ မိဘတွေ၊ ဖိုးဖွားတွေကလည်း လာပြီးတော့ သူတို့ဆန္ဒတွေကို ပြောပြီးအပ်နှံကြတယ်။ ကျွန်မကည်း ဒါ ကျွန်မရဲ့ဆန္ဒ၊ ကျွန်မရဲ့ မိသားစုရဲ့ဆန္ဒ၊ ဒီ agency တစ်ခုထူထောင်တာလည်း ဒီလို ရည်ရွယ်ချက်နဲ့ ဖွင့်တာဆိုတော့ ကျွန်မက ကျွန်မရဲ့ ရည်ရွှယ်ချက်ကိုလည်း သူတို့ လက်ခံတယ်၊ သဘောပေါက်တယ်ဆိုပြီး လာကြတော့ ကျွန်မက ပိုပြီး သေချာသင်ပေးတယ်။ အခုဆိုရင်လည်း သင်တန်းကို လာတက်တဲ့သူတွေမှာ ၁ဝဝ မှာ ၃ဝ၊၄ဝ လောက်ကပဲ အနုပညာလောကထဲ သွားမယ်ပေါ့။ ကျန်တဲ့ ၇ဝ လောက်က လူမှု၊ စီးပွား၊ ပတ်ဝန်းကျင် အသီးသီးမှာ သူတို့က အတွေးအခေါ်ပါ စမက်ကျကျနဲ့ ဖြစ်ချင်ကြတာပေါ့နော်။ လူငယ်တစ်ယောက်အနေနဲ့ သူတို့ တွေးတက်တာကလည်း အရမ်းကျယ်ပြန့်ကောင်း ကျယ်ပြန့်ပါလိမ့်မယ်။ အဲဒီတော့ သူတို့ရဲ့ အတွေးအခေါ်တွေကို စနစ်ကျကျနဲ့ တကယ်ဖြစ်လာအောင် ဖန်တီးဖို့ရာမှာကျတော့ သူတို့မှာ နည်းနာယူဖို့လိုတယ် ဆိုတဲ့ အခါမှာကျတော့ ဒီသင်တန်းကို လာတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ မမိုးကလည်း အမြဲ updated ဖြစ်နေအောင် မမိုးရဲ့ သင်တန်းတွေ၊ curriculum တွေ၊ syllabus တွေကို အမြဲတမ်း update လုပ်ပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေလည်း ကျယ်ပြန့်လာအောင်၊ နိုင်ငံသားကြီး ပီသလာအောင်၊ နောက်ပြီးတော့ တကယ့်ကို စမက်ကျပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတဲ့၊ ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်စေတဲ့ လူသားဆန်တဲ့ စိတ်လေးတွေ ဖြစ်လာအောင် ဆိုပြီး လူမှုရေး (charity) ဘာသာရပ်တွေလည်း ထည့်ပြီးလုပ်ပေးပါတယ်။ အဲဒါတွေကတော့ အခုလတ်တလော လုပ်ဖြစ်နေတာတွေပါ။ နောက်ပြီးတော့ အခြားသော ကမ္ပဏီတွေဆို အခုဆိုရင် ဆေးရုံ၊ ဆေးခန်းတွေလည်း မြန်မာပြည်မှာ လိုအပ်လာတာပေါ့နော်။ အခုဆိုရင် အသစ်ဖွင့်မယ့် ဆေးရုံကြီးတစ်ရုံမှာ လိုအပ်တဲ့ nurse တွေအတွက် လိုအပ်တဲ့ service ပိုင်းပေါ့နော်။ နိုင်ငံခြားမှာ ဆိုရင် nurse တွေကို လူနာတွေနဲ့ အထိတွေ့ဆုံးဖြစ်ပြီး ဆေးရုံကြီးရဲ့ ဂုဏ်သိက္ခာကို ဖော်ပြနေရတော့ အရေးကြီးတယ်ဆိုပြီး သူတို့ကို ကောင်းကောင်း training တွေပေးတယ်။ နောက်ပြီး အခုလိုမျိုး လုပ်ငန်းရှင်တွေအားလုံးကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေကိုပေါ့နော် ဖြည့်ဆည်းမယ်လို့ စဉ်းစားလိုက်တဲ့အခါ အဲဒီ nurse တွေရဲ့ customer service အပိုင်းနဲ့ ပတ်သက်ပြီး မေတ္တာတရားနဲ့ ပြုစုတာ၊ နောက် communication , convenience အပိုင်းတွေ ပေါ့။ hospility from my heart နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်၊ ဂရုစိုက်တတ်ဖို့ အဲဒါလေးတွေ ကျွန်မကို သင်ကြားပေးဖို့ ကမ်းလှမ်းလာတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မ syllabus လေးတွေဆွဲပြီး သင်ကြားပေးပါတယ်။ သင်တန်းတွေနဲ့ ပတ်သက်လို့ကတော့ မတူညီတဲ့ ကျောရိုးတွေ ရှိလာရင် ကျွန်မကိုယ်တိုင်ပဲ သင်ရိုးတွေဆွဲပြီး သင်ကြားပေးဖြစ်ပါတယ်။ ခုလတ်တလော လုပ်ဖြစ်နေတာကတော့ ဒါလေးတွေပါပဲ။

၎။ အစ်မ Talents and Models က နှစ် (၂ဝ) ပြည့်သွားခဲ့ပြီနော်။ ဒီသင်တန်းလေး စဖွင့်ဖြစ်ပုံလေးနဲ့ ဒီသင်တန်းအပေါ်ထားတဲ့ မမိုးရဲ့ ခံယူချက်လေးကို မျှဝေပေးပါအုံး။

အခုဆို Talents and Models အနေနဲ့ဆိုရင်တော့ နှစ်(၂ဝ) ပြည့်ခဲ့ပြီပေါ့နော်။ မမိုးအနေနဲ့ကတော့ ဒီပတ်ဝန်းကျင်မှာ ကျင်လည်ဖို့အတွက် အဌာရသ (၁၈) ရပ်ကို

ဆယ်တန်းပြီးလောက်ကတည်းက စလေ့လာခဲ့ရတာပါ။ အဲတုန်းကတော့ ဒါအတွက် သင်တန်းတွေ ဘာတွေ မရှိပါဘူး။ ခေတ်တစ်ခုဖြစ်အောင် ဒါကို ဈေးကွက် တစ်ခုဖြစ်လာအောင် ကိုယ့်ဘာကို ဖန်တီးယူရတာပေါ့။ ကိုယ်တိုင်လည်း ဘာဖြစ်လာမှာ ဆိုတဲ့ သေချာမှုနဲ့ စခဲ့ရတာ မဟုတ်ပါဘူး။ ဒီလိုပဲ ဒီကဏ္ဍတစ်ခုကို ငါ ဖော်ဆောင်ကြည့်မယ် ဆိုတဲ့ စိတ်အားထက်သန်မှုနဲ့ စခဲ့ရတာပါ။ ကိုယ်က အစပြုခဲ့တော့ ဒီ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ချင်တဲ့ ကလေးတွေက ကိုယ့်ဆီကို လာပြီး အကူအညီတောင်းကြတယ်။ ဒီပြိုင်ပွဲ ဝင်ချင်တယ် (၄-၅) ရက်လောက် အချိန်ပေး သင်ကြားပေးပါဆိုပြီး လာကမ်းလှမ်းကြတယ်။ အဓိကတော့ ပွဲလာကြည့်တဲ့သူတွေ၊ ဒိုင်တွေ၊ ဆရာတွေ ကနေ ညွှန်းပေးတာပါ။ တစ်ခါတစ်လေ စာနယ်ဇင်းသမားတွေက ညွှန်ပေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မတို့ အိမ်ကျဉ်းကျဉ်းလေးမှာ သင်ဖြစ်ကြတယ်။ မိုးမရွာဘူးဆိုရင်တော့ ခြံထဲမှာ သင်ဖြစ်တယ်။ အဲလိုနဲ့ သင်တန်းက စဖြစ်သွားတာပါ။

အဲတုန်းကတော့ ဆိုင်းဘုတ်တွေ ဘာတွေလည်းမရှိဘူး။ ဒီလိုပဲ ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ သင်ပေးရာကနေ သင်တန်းလေး ဖွင့်ရင်တော့ ကောင်းမယ်ဆိုပြီး ဖွင့်ဖြစ်သွားတာပါ။ နောက် ကုမ္ပဏီတွေ ဘာတွေထောင်တော့ နာမည်ရွေးလိုက်တယ်။ ဒီတော့ Talents and Model အနေနဲ့ဆို (၂၁) နှစ်ပြည့်ပါပြီ။ သင်တန်းစဖြစ်သွားတဲ့ ခံယူချက်လေးကတော့ မမိုးတို့ကလည်း ဆရာဆရာမ မျိုးရိုးဆိုတော့ ကိုယ်သိလိုက်တဲ့အရာတွေ ကောင်းတယ်ဆို သူများကိုသိစေချင်တယ်၊ ကိုယ်စားလိုက်တဲ့ အရာလေး အရသာရှိတယ်၊ အာဟာရရှိမယ်ဆိုရင် သူများကိုကျွေးလိုက်ချင်တယ်။ ကိုယ်သွားခဲ့တဲ့ နေရာလေးပျော်စရာကောင်းတယ်ဆို ကျွန်မ ခေါ်သွားချင်တယ်။ အဲဒီအတွက်လည်း ကျွန်မတို့ဘက်က အချိန်ရယ်၊ ငွေကြေးရယ်၊ ခွန်အားရယ် အားစိုက်ထုတ်ခဲ့ရတယ်။ နောက်တစ်ခုက ကျွန်မတို့ ငယ်ငယ်ကတည်းက ခရီးသွားတဲ့အခါ မိသားစုကနည်းပေမယ့် ကိုယ့်ဆွေမျိုးတွေ၊ ရင်းနီးတဲ့သူတွေကို ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ တလှည့်စီ ခေါ်သွားလေ့ရှိတယ်။ အစားအသောက်ဆိုလည်း အဲလိုပဲ အိမ်မှာ ထူးထူးဆန်းဆန်းလေးတွေဆို အနီးအနားကလူတွေကို မျှဝေကျွေးတတ်တဲ့ အကျင့်လေးတွေရှိတယ်။ အဝတ်အစားဆိုလည်း ကျွန်မတို့အမေ က သမီးတို့ အဝတ်တွေများနေပြီ လျှော့လိုက်တော့ဆို အဲလိုပဲ မျှဝေပေးတတ်တဲ့ အကျင့်လေးတွေက စွဲလာခဲ့တာပေါ့။ ဒါကြောင့် အဓိက သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က မျှဝေပေးချင်တာပါပဲ။ နောက် ပြန်ကြားရတယ် မမိုးသင်တဲ့သူဆိုရင် လက်ခုပ်သံတွေပိုကျယ်သွားတယ်တို့ ၊ ဆရာမ သမီးမို့ သင်တတ်လိုက်တာတို့ ပြန်ကြားရတယ်။ ကျွန်မတို့ကတော့ ငယ်ငယ်ကတည်းက စာသင်တဲ့ကစားနည်းနဲ့ ကြီးပြင်းလာတာကိုး။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကောင်းနိုးရာရာလေးတွေကို ကိုယ်တိုင်လေ့လာပြီး သင်တန်းထဲမှာလည်း ကိုယ့်အတွေ့အကြုံတွေနဲ့ ထည့်သင်ကြားလို့ ရတာပေါ့။ ဒါကတော့ ကျွန်မ သင်တန်းအပေါ်ထားတဲ့ ခံယူချက်လေးပါ။ ကျွန်မတို့က များများ ဖြန့်ဝေပေးနိုင်လေ ဒါ အကျိုးရှိမယ့် ကိစ္စတွေ အများကြီး ဖြစ်လာမှာပါ။ အားရှိသရွေ့ သင်နိုင်တဲ့အချိန်ထိ သင်သွားအုံးမှာပါ။ နောက်ခရီးသွားရင်တောင် ပြိုင်ပွဲဝင်တဲ့ ကလေးလေးတွေ လိုက်ချင်တယ်ဆို ခေါ်သွား ကျွန်မနားရမယ့် အချိန်တွေမှာ ဟိုတယ်ရဲ့ မြက်ခင်းလေးပေါ်မှာ သူတို့သိသင့်တာလေးတွေ မျှဝေပေးတယ်။ အဲလိုနဲ့ ခါးမချိုးတတ် လမ်းမလျှောက်တတ်တဲ့ ယောက်ျားဆန်ဆန် ကောင်မလေးတစ်ယောက် တကယ့်ကို ခက်ခက်ခဲခဲ ပြိုင်ရတဲ့ ပွဲမှာ top ten ထိပါသွားတယ်။ သူ့မိသားစုတွေတောင် မထင်ထားကြဘူး။ ကျွန်မ အဲလိုရအောင်သင်တယ်။ ဒါ ကျွန်မခံယူချက်ပါ။ ကောင်းတာလေးတွေ မျှဝေပေးချင်တယ်။ အခု ကျွန်မ သင်တန်းမှာ ကျွမ်းကျင်တဲ့သူတွေ က ထပ်ပြီး အားဖြည့်ပေးကြတယ်။ မိတ်ကပ်၊ hairstyle စသဖြင့်ပေါ့ အပြင်မှာပြန်အသုံးချလို့ရမယ့် အသက်မွေးဝမ်းကြောင်း ပညာလေးတွေလည်း ကျွန်မတို့သင်ကြားပေးပါတယ်။

၅။ မမိုး လက်ကထွက်သွားတဲ့ သင်တန်းသားတွေ မမိုးကို အရမ်းချစ်ပြီး အမြဲအမှတ်တရ ရှိတတ်ကြတယ်နော်။ ဒီလို လူအများရဲ့ ချစ်ခင်မှုတွေရဖို့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အစ်မအတွေ့အကြုံလေးတွေနဲ့ မျှဝေပေးပါအုံး။

သူတို့လေးတွေက ဟုတ်တယ်။ အရင်တုန်းကဆို အစ်မလို၊ နောက်ကျ တဖြည်းဖြည်းနဲ့ကျွန်မ အသက်တွေကြီးလာတယ်။ နောက်ထပ်ဝင်လာတဲ့ သင်တန်းသား သင်တန်းသူတွေက ကျွန်မ သားသမီးအရွယ်လေးတွေ ဖြစ်ကုန်ကြတယ်။ သူတို့ မိဘတွေ တစ်ချို့ဆို ကျွန်မထက်တောင် ငယ်ကြပါတယ်။ ကျွန်မနဲ့ မတိမ်းမယိမ်းလေးတွေ ရှိကြတယ်။ သူတို့က ကျွန်မဒီကလေးတွေကို ဘယ်လိုစေတနာထားတယ်။ ကိုယ်တွေလည်း သူတို့အရွှယ်တွေကို ဖြတ်သန်းရဖူးတော့ ဘယ်လိုကိုင်တွယ်ရမလဲ သိနေတော့ သူတို့လည်း စိတ်ချလက်ချ အပ်နှံကြပါတယ်။ နောက် ကလေးတွေအနေနဲ့ကျလည်း သူတို့ လေ့လာချင်တဲ့ ဝါသနာပါတဲ့ အရာတွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ရတော့ သူတို့လည်း အရမ်းပျော်ကြတယ်။ နောက်သူတို့ မမျှော်မှန်းထားတဲ့ ပညာရပ်တစ်ခု အချိန်တိုတိုအတွင်းမှာ တက်မြောက်သွားတယ်။ သူတို့ ဘယ်လိုစတင်ရမှန်းမသိတဲ့ ခြေလှမ်းတစ်ခုကို စတင်သွားနိုင်တဲ့ အချိန်မှာကျွန်မကို အရမ်းကျေးဇူးတင်ကြတယ်။ နောက် သူတို့ ဘဝလမ်းကြောင်းလေးတွေပေါ့။ သားဆို ဒါလေးလုပ်သင့်တယ်။ သမီးကတော့ ဒီလိုလေးပေါ့။ ဒီမှာ လေယဉ်မယ်ဖောင်လေးတွေ ရှိတယ်။ ဖြည့်ကြပေါ့။ ဒီလိုနဲ့ စိတ်ကူးရေရေရာရာ မရှိတဲ့ သူတောင် ဘဝလမ်းကြောင်းလေးတွေ တည့်မတ်သွားကြတယ်။ တစ်ချို့ စိတ်များနေတဲ့သူတွေ ကိုယ်နဲ့ ဘာအံကိုက်မှန်းမသိတာတွေကို ပြတ်ပြတ်သားသား သိသွားအောင် ကျွန်မတို့က ကူစဉ်းစားပေးတယ်။ တစ်ချို့ဆို လုပ်ငန်းခွင်ဝင်သွားကြပြီ။ သူတို့ မော်ဒယ်မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တစ်ဖက်နဲ့လည်း ဘယ်လိုနေရာတွေမှာ မော်ဒယ်လုပ်လို့ရမယ်။ ဥပမာ photo မော်ဒယ်မျိုးပေါ့။ အခု ညီမလေးတစ်ယောက်ဆို ကုမ္ပဏီတစ်ခုမှာ မန်နေဂျာ သူကိုယ်တိုင်ကလည်း ဆရာဝန်ပေါ့။ အခုဒီ နာမည်ကြီး မဂ္ဂဇင်းတစ်အုပ်မှာဆို သူက လုပ်ငန်းခွင် ထဲက စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကဏ္ဍမှာ ပါခွင့်ရတယ်။ ကျွန်မက မဂ္ဂဇင်းကို ထောက်ခံချက်တွေပေးတယ်။ ကျွန်မတပည့်အတွက် သူတို့လည်း ဝမ်းသာအားရလက်ခံကြတယ်။သူတို့ အဆင်ပြေသွားကြတယ်။ win win ပေါ့။ အဲလိုပဲ ကျွန်မ သင်ကြားရုံတင်မကပါဘူး။ ချိတ်ဆက်ပေးတယ် ထောက်ခံပေးတယ်။ အခုဆိုရင် ကျွန်မသင်ပေးရင်းနဲ့ ကျွန်မလိုပဲ သင်ကြားနိုင်တဲ့သူတွေထွက်လာတော့မှာပါ။ အချို့ကလေးတွေဆို presenter မလုပ်ချင်ဘူး။ မော်ဒယ်ပဲဖြစ်ချင်တာ။ မဟုတ်ဘူး လုပ်ထားလိုက် သွားတာမသွားတာနောက်မှ တီချယ်ပြောသလို သင်ထားလိုက်ပါဆို ပြောပြတယ်။ ကလေးတစ်ယောက်ဆို သူက အပြင်မှာ ကွန်ပျူတာလုပ်ငန်းလုပ်တယ်။ အဲအလုပ်က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ သူ့အလုပ်သမားက လိမ်ပြီး အလုပ်ထွက်သွားတယ်တဲ့ သူဆို တစ်ခါမှလည်း မကြုံဖူးတော့ မျက်ရည်တောင် ကျတယ်။ သူတို့လခလေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့ တစ်နေ့မှ ၂ဝဝဝ လောက်ပဲ ရတယ်။ ကျွန်မသင်ပေးလိုက်တဲ့ အတွေ့အကြုံတွေနဲ့ လုပ်တဲ့အခါ တစ်နေ့ ငါးသောင်းဆိုလည်းဟုတ်တယ်။ အဲဒါနဲ့ ကျွန်မလည်း သားအခုကျတဲ့မျက်ရည်တွေကို ဝမ်းသာလို့ ကျတဲ့မျက်ရည်တွေအဖြစ် တီချယ်ပြောင်းပေးမယ်ဆို ကတိပေးလိုက်တယ်။ ကျွန်မပြောထားရင် ပြောထားတဲ့ အတိုင်း ဖြစ်အောင် လုပ်တတ်တယ်။ အခု (၇) နှစ်လောက် ကြာတဲ့အချိန်မှာ ဒီကောင်လေးက ကိုယ်ပိုင်အိမ်လေး ဝယ်နိုင်သွားပြီ။ သူဆို ဝမ်းသာလွန်းအားကြီးပြီး မျက်ရည်တွေတောင် ကျတယ်။ ကျွန်မတို့မှာလည်း သူတို့ ဒီလိုဖြစ်စေချင်တော့ အရမ်းလည်း အားစိုက်ရတယ်။ သူတို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးရတယ်။ အခုဆို သူတို့ကိုယ်တိုင်တောင်မှ တပည့်တပန်းတွေနဲ့ သာယာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေကြပါပြီ။ တစ်ချို့ဆို အဆိုတော်ဖြစ်ချင်တာ presenter ဝါသနာ မပါဘူးဆိုပြီး ခုဆို presenter ကရတဲ့ဝင်ငွေနဲ့ သီချင်းခွေထုတ်ဖို့တောင် လုပ်နေပါပြီ။ ကျွန်မအမြဲတမ်းပြောတယ်။ ရည်ရွယ်ချက်တွေ အများကြီးထားပါ ။ မဖြစ်နိုင်ဘူးဆိုပြီး လွယ်လွယ်လက်မလျှော့လိုက်ပါနဲ့ ။ ကိုယ်နဲ့ အနီးစပ်ဆုံး အဆင်ပြေဆုံး လမ်းကြောင်းတစ်ခုကို ရွေးချယ်လျှောက်လှမ်းရင်းနဲ့ ကိုယ်လုပ်ချင်တာကိုသွား။ တစ်ခါတစ်လေကျ ကိုယ်လုပ်ချင်တာကို တည့်မရောက်နိုင်ဘူး။ အခုဆို သူတို့ကောင်းကောင်း နားလည်သွားပြီ။ လူတွေကလည်းပြောကြတယ် အတွေးအခေါ်တွေ၊ အပြောအဆိုတွေက ဒေါ်တင်မိုးလွင်နဲ့ တစ်ထပ်တည်းပဲတဲ့။ အဲကျ တစ်ခါ ကျွန်မမအားတဲ့ပွဲတွေဆို သူတို့အတွက် ချိတ်ဆက်ပေးတယ်။ ဒီနေရာဆိုရင်တော့ သူ့ကို သုံးလိုက်။ ဟိုနေ့ကဆို လက်ဝတ်ရတနာဆိုင်တစ်ဆိုင် မနှစ်ကလည်း မမိုးနဲ့လည်း လုပ်ထားတယ် ဒီနှစ်လည်း မမိုးပဲ လုပ်ပေးပါဆိုလာတယ်။ ကျွန်မ ကလုံးဝမအားဘူး။ မန္တလေးသွားရမယ်။ အဲဒါနဲ့ ဘယ်သူ့ကိုသုံးရမလဲ။ အဲဒါနဲ့ ကျွန်မက ပြန်ညွှန်းပေးတယ်။ သူ့ကိုသုံး။သူကျွန်မနဲ့ လက်ဝတ်ရတနာပွဲ ဘယ်နှပွဲလိုက်ပြီးပြီ။ စသဖြင့်ပေါ့။ ကျွန်မ တတ်နိုင်သလောက် လမ်းညွှန်ချိတ်ဆက်ပေးတယ်။ အဲလိုပါပဲ ကျွန်မသင်တန်းတက်ထားတဲ့သူမဟုတ်လည်း ကျွန်မဒီလိုတွေ ကူညီပေးနေတာတွေက ကျွန်မတို့ Agency ရဲ့ အလုပ်တွေပါပဲ။ ဒါလေးတွေက Relationship ကို ပိုခိုင်မာစေတယ်။ network လည်း ချိန်ပြီးသားဖြစ်သွားတယ်။ ကလေးတွေအချင်းချင်းလည်း မနာလိုမရှိ တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ ပေါင်းသင်းဆက်ဆံကြပါတယ်။ ကျွန်မရဲ့ society လေးကိုလည်း ဘယ်ကကြည့်ကြည့် နှစ်လိုဖွယ်၊ အတုယူဖွယ်ကာင်းတဲ့ ပုံစံလေးဖြစ်အောင် ကြိုးစား တည်ဆောက်ထားပါတယ်။ ကျွန်မကကျွန်မသင်တန်းက ကလေးတွေကို ဘာပဲလုပ်လုပ် အပေါ်ယံမလုပ်ပဲ တကယ်စိတ်ပါလက်ပါနဲ့ လေးလေးနက်နက် လုပ်ဖို့အားပေးပါတယ်။ စိတ်နေစိတ်ထားလေးတွေကအစ ပြောင်းလဲလာအောင် ကျွန်မအမျိုးမျိုး ကြိုးစား သင်ကြားခဲ့ပါတယ်။

၆။ မမိုး ပရဟိတအလုပ်တွေလည်း လုပ်တာတွေ့တယ်။ ပရဟိတနဲ့ ပတ်သက်ပြီး ရင်ထဲက ခံစားမှုလေး မျှဝေပေးပါအုံး။

ငယ်ငယ်တုန်းကဆို ကျွန်မတို့ဟာ အခါကြီးရက်ကြီးလိုဟာမျိုး၊ တစ်နှစ်တစ်ခါလောက်ပဲ လုပ်ဖြစ်ကြတာ။ ဒါပေမယ့် အိမ်မှာ အလှူလုပ်တာတို့၊ ဘုန်းကြီးကျောင်းသွားတာတို့၊ စတုဒီသာကျွေးတာတို့၊ ခရီးသွားရင်း ကြုံသလို ဒါနပြုတာတို့ ဒါတွေကတော့ ငယ်ငယ်ထဲက ဖေဖေ လုပ်ပေးခဲ့တဲ့ အလေ့အကျင့်တွေပေါ့။ အခုဆိုရင်လည်း ကျွန်မတို့က အိမ်မှာ အဝတ်အစား၊ အစားအသောက်၊ ဆေးဝါး၊ ငွေကြေး၊ စတာတွေကို အပုံလိုက် ထားထားတယ်။ ကျွန်မရှာထားတာတွေကလည်း ကျွန်မတစ်ယောက်ထဲလည်း မသုံးနိုင်ဘူး။ ကျွန်မတို့က အများကြီးစားတတ်၊ သုံးတတ်သူတွေလည်း မဟုတ်ကြတော့ လိုအပ်မယ့်နေရာလေးတွေ ကြည့်ပြီးလိုက်လှူတယ်။ ဟိုနေ့ကလည်း အစ်မတစ်ယောက်ကပြောတယ်။ ဘုရားသွားရင်းနဲ့ မယ်သီလရှင်အသစ်ကလေးတွေ တွေ့ခဲ့တယ်။ အဲဒါ လောက်ကိုင်ဘက်ကနေ ခွဲတန်းနဲ့ ရလာတာလို့ပြောတယ်။ အဲဒါထောက်ကြံ့က မယ်သီလရှင်ကျောင်းကတဲ့ သီလရှင်ကြီးက လိပ်စာပေးသွားတယ်။ ဘာသာစုံပါပေမယ့် သီလရှင်ကျောင်းရောက်တော့ သီလရှင်ဖြစ်သွားရတာပေါ့။ ဖြစ်နေတဲ့ အချိန်မှာတော့ လူတွေက အရမ်း exciting ဖြစ်ကြတယ်။ အဲလိုပေါ့ ကိုယ့်စားဝတ်နေရေးကလည်း ရှိသေးတော့ နည်းနည်းကြာလာရင်တော့ လူတွေက သိပ်အာရုံမရကြတော့ဘူး။ အဲလိုသွေးအေးသွားတဲ့ အချိန်တွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ပါဝင်လေ့ရှိပါတယ်။ အခုလည်း ကျွန်မ မိုးကာအင်္ကျီ (၄၀၀) လောက် ဝယ်ထားတယ်။ ပထမဆုံး သင်တန်းစတဲ့နေ့အထိမ်အမှတ်အနေနဲ့ ကျွန်မ ကလေးတွေအတွက်လှူပေးမှာပါ။ လှူရင်လည်း ကလေးတွေရော အားလုံး ကိုယ်တိုင်ကိုယ်ကျသွားလှူမှာပါ။ ဒါနရဲ့ သဘောကို ကိုယ်တိုင်ခံစားမိစေချင်တယ်။ နောက်သူတို့ ပေးတဲ့ သင်တန်းကြေးတွေက ဒီလိုနေရာတွေမှာ သုံးပါလားဆိုတာ သိရအောင်ပါ။ ကိုယ်လုပ်သလိုပဲ ကိုယ့်မျိုးဆက်သစ်လေးတွေကိုလည်း လူမှုရေးလေးတွေ လုပ်စေချင်တာကြောင့်ပါ။ ကျွန်မလုပ်တာလေးတွေကြည့်ရင်း သူတို့ကိုယ်တိုင်စိတ်ပါလာပြီး လှူဒါန်းကြတာမျိုးလေးတွေ ရှိလာတာပေါ့။ အစုံပဲ။ လူမှုရေးလုပ်ငန်းတွေမှာဆို ဦးကျော်သူ၊ ဆရာမကြီးဒေါ်သန်းမြင့်အောင်တို့ဆီမှာ ဆိုလည်း အစကတည်းက ပါဝင်လုပ်ဆောင်ခဲ့တာပါ။ ပညာရေးကွန်ယက်၊ ကျန်းမာရေးကွန်ယက်၊ စတာတွေနဲ့လည်း ချိတ်ဆက်ပြီး လူအင်အား ငွေအင်အား ပါဝင်ထောက်ပံ့ပေးပါတယ်။ နောက် ပြေတီဦးဖောင်ဒေးရှင်း၊ ဘုန်းဘုန်းတွေလုပ်တဲ့ ပါရမီ ဖောင်ဒေးရှင်း အဲဒီအတွက်လည်း ကျွန်မ အမြဲတမ်းပါဝင်တယ်။ ကျွန်မနဲ့ နီးစပ်တဲ့သူတွေ ပေါ့ သင်တန်းသားတွေ၊ မိတ်ဆွေတွေ ဆွေမျိုးသားချင်တွေ စုပြီးတော့ အမြဲတမ်းလုပ်ဖြစ်ပါတယ်။ အဲဒါတော့ လူမှုရေးလုပ်ငန်းနဲ့ ပတ်သက်တာတွေပါ။ နောက်ထပ်လည်း အများကြီးလုပ်သွားဖို့ရှိပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ နောက် ဓမ္မစကူးတွေမှာလည်း ဘုန်းဘုန်းတွေ လိုအပ်တဲ့အပိုင်းလေးတွေကို တတ်နိုင်သလောက် ကူညီဖြစ်တယ်။ တစ်ခါ အခြားဘာသာတွေက စောင့်ရှောက်ထားတဲ့ သူလေးတွေကို သူတို့ အသင်းတွေ၊ကျောင်းတွေမှာ ပေါင်းသင်းဆက်ဆံရေးအပိုင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင်တင်ရေး သင်တန်းလေးတွေ သွားပို့ချတာမျိုးလေးတွေလည်း ရှိပါတယ်။ တပိုင်တနိုင်တော့ ကိုယ်တတ်နိုင်သလောက် ပါဝင်နေပါတယ်။

၇။ မမိုးကို event တွေ၊ ပွဲတွေတော်တော်များများ မှာတွေ့ရတယ်။ အစ်မ Master of Ceremony (MC) လုပ်တဲ့ပွဲတွေဆို ပျင်းချိန်ကိုမရှိလောက်အောင် ပရိသတ်ကို ခံစားမှုရသအစုံအလင်နဲ့ ဆွဲခေါ်သွားနိုင်တာ တွေ့ရပါတယ်။ ဒီလို အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ မမိုး လေ့လာခဲ့ရတဲ့ အပိုင်းလေးလည်း မျှဝေပေးပါအုံး။

စကားပြောတာလည်းဝါသနာပါတယ်။ ငယ်စဉ်ကတည်းကလည်း ကျွန်မတို့မိသားစုတွေရဲ့ အကျင့်လေးအရ အားရင်ဝိုင်းဖွဲ့စကားပြောကြတယ်။ နောက်ဆုံးပေါ်သတင်းထူးလေးတွေကို သူ့ထက်ငါ စုံစမ်းရယူလာကြပြီး အိမ်ကစကားဝိုင်းမှာ ပြောကြတယ်။ ဝေဖန်သုံးသပ်ကြ ဟာသတွေပြောကြတယ်။ ကျွန်မတို့ မိသားစုရဲ့ ဒီလိုအလေ့အကျင့်လေးတွေက ကျွန်မတို့ကို စကားပြောကောင်းသူ ဖြစ်စေပါတယ်။

ကျွန်မတို့ မိဘတွေကလည်း ပံ့ပိုးပေးကြပါတယ်။ ကျွန်မတင်မဟုတ်ပါဘူး။ ကျွန်မတို့ ညီအစ်မသုံးယောက်လုံး စကားပြောကောင်းကြပါတယ်။ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ကြတယ်။ ဒီလိုပွဲတွေ စီစဉ်ရတာကလည်း အခမ်းအနားတစ်ခုကို ဖြစ်မြောက်သွားအောင် မြိုင်ဆိုင်သွားအောင် တစ်ဖက်လူစိတ်ချမ်းသာအောင် ကူညီရင်းကူညီရင်းနဲ့ပဲ presenter ဖြစ်သွားတာပါ။ ကျွန်မ agency မစခင်ကတည်းက ကျွန်မ ဆရာမ ဒေါ်ရီရီဝင်းက ကျွန်မလုပ်နိုင်တာလေးတွေကို စမ်းစမ်းပြီး ခိုင်းတယ်။ နောက်ဧည့်ခံပွဲလေးတွေ ဘာလေးတွေဆိုလည်း ဆရာမ သူပြောတဲ့ အပိုင်းလည်းပြောတယ်။ တစ်ချို့ပွဲတွေဆိုလည်း ရော့ သမီးပြောလိုက်ဆိုတာမျိုးလေးတွေ ရှိပါတယ်။ နောက် အန်တီဆွေဇင်ထိုက်ကလည်း အော်ရီကလိမ်း လုပ်ငန်းကို လုပ်တော့ ကျွန်မကိုဖိတ်တယ်။ သွားတဲ့အခါမှာ ကျွန်မကို အမြဲ သင်ပေးတယ်။ သူတို့ရဲ့ sharing အမူအကျင့်လေးတွေ သဘောကျတော့ ကျွန်မကိုယ်တိုင်လည်း ကလေးတွေကို မျှဝေ ပေးဖြစ်တယ်။ ကျွန်မပြောထားတဲ့ အခွေတွေလည်း သူတို့ကြိုက်တဲ့အချိန်ယူကြည့် ပေးထားတယ်။ MCက ကျွန်မ agencyထောင်လိုက်တဲ့အခါ လုပ်ငန်းရှင်တွေရဲ့ promotion ပွဲတွေကို ကျွန်မလိုက် လုပ်ပေးရတယ်။ ပြောမယ့်သူက အများကြီးမရှိတော့ မြန်မာ့အသံက မမ ဒေါ်သီတာဆွေက လာပြောပေးတယ်။ တစ်ခါတစ်လေ သူတို့မအားတဲ့အခါ ပွဲထိန်းဖို့ စင်နောက်ကနေ ပြောဖို့လိုမယ်ဆိုတော့ လူလည်းမမြင်ရတော့ ကိုယ်စပြောမယ်ဆို ပြောဖြစ်တယ်။ အဲမှာ အသံကို ဟိုလိုပြောလိုက်ဒီလိုပြောလိုက်၊ ဟန်ပန်တွေ မျက်နှာပေးတွေနဲ့ဆိုတော့ လူတွေက စိတ်ဝင်စားပြီး နောက်ကိုလာလာကြည့်တယ်။ ရှေ့ထွက်ပြီးပြောပါလား။ မော်ဒယ်ပဲဆိုတာနဲ့ ကျွန်မလည်း စင်ပေါ်တက်ပြီး စပြောတယ်။ နိုင်ငံခြားကအဲလို အစီအစဉ်ကြေငြာတဲ့သူတွေကို ကျွန်မ အရမ်းအားကျတာဆိုတော့ စလုပ်ဖြစ်သွားတယ်။ ကိုယ့်ကုမ္ပဏီကို လာအပ်တဲ့eventတွေအတွက် စီစဉ်ပေးရင်း အဲလိုစင်ပေါ်တက်ပြောဖြစ်ရာက နောက်ကျ တခြားကုမ္ပဏီတွေရဲ့ event တွေမှာလည်း လာဖိတ်တယ်။ ကိုယ့်ကုမ္ပဏီက စီစဉ်ပေးတဲ့ပွဲတွေဆို အခကြေးငွေမယူဘူး။ အဲလို MC အဖြစ်လာငှားတဲ့ ပွဲတွေကျ အခကြေးငွေ ယူဖြစ်တယ်။ အဲလိုပဲ လိုက်ပြောဖြစ်ရင်း ဒီလို MC စလုပ်ဖြစ်သွားတာပါ။ အဓိကကတော့ ကျွန်မ respect ထားတယ် ကိုယ့်customer တွေ ဘာကို နှစ်သက်လဲ။ သူတို့ဘာကိုလိုချင်လဲ။ သူတို့လိုချင်တာကို ဘာနဲ့ ရောပေးမလဲ။ ဥပမာ -ကုန်ပစ္စည်းတစ်ခု ကြော်ငြာမယ်ဆို ဒီတိုင်းအချက်အလက်တွေချည်း ပြောသွားရင် ကြာရင်ရိုးသွားမယ်။ ကိုယ်က ကြော်ငြာမှန်းလည်း မသိအောင် သူတို့နေ့စဉ်ဘဝမှာ လိုအပ်တဲ့ အရာတစ်ခုအဖြစ် မြင်လာအောင် ကိုယ်ကထပ်ပေါင်းပြီး ပြောပေးရတယ်။ လိုအပ်တာတွေအတွက် ကျွန်မဘာကျွန်မ ဘွဲတွေထပ်ယူ ထပ်လေ့လာ၊ စာတွေဖတ် နောက် ကျွန်မရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ပေါင်းဖက်ပြီး ကျွန်မပြောတယ်။ အိမ်မှာ သုတ်စားတဲ့ အသုပ်စုံလိုပဲ အစုံပါသွားတာပေါ့။ အစုံပါသွားတော့လည်း အရသာတစ်မျိုးလေး ဖြစ်သွားတာပေါ့။ အဲလိုနည်းနဲ့ပဲ ဒီအခမ်းအနားမှူးပညာရပ်ကို ကိုယ့်စတိုင်လ်လေးနဲ့ ကိုယ့်ပုံစံလေးဖြစ်အောင် ကြိုးစားပြီးတော့ ဒါတင်မိုးလွင်စတိုင်လ်ပေါ့ ။ ဟာသလေးလည်းပါမယ်။ ဗဟုသုတလေးလည်း ရရမယ်။ ခံစားချက်ပါမယ်ပေါ့။ အဲဒါလေးက ကျွန်မ Master of Ceremony ဖော်ဆောင်ခြင်း အခန်းကဏ္ဍလေးပါ။

၈။ နောက် အဝတ်အစားဝတ်ရင်လည်း အမြဲစမတ်ကျ လှပနေတာတွေ့ရပါတယ်။ Fashion နဲ့ ပတ်သက်ပြီး ဂန္ထဝင်က ညီမငယ်လေးတွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

အဝတ်အစားကတော့ ကျွန်မတို့က ငယ်စဉ်ကတည်းက စိတ်ဝင်စားကြတယ်။ အဖေနဲ့ အမေကလည်း fashion ကို စိတ်ဝင်စားကြတယ်။ သူတို့ဝတ်စားတဲ့ ပုံစံကို အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားဆင်ယင် လိုကြတာမျိုး။ အမေက ဆရာမ အဖေက ရုံးဝန်ထမ်းဆိုပေမယ့် သူတို့ ယူနီဖောင်လေးတွေကအစ အမြဲ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျနေအောင် ဝတ်ဆင်တတ်တယ်။ အဲဒီအကျင့်လေးတွေက ကျွန်မတို့ကို ကူးစပ်လာခဲ့ပါတယ်။ အဝတ်အစား တွဲစပ်တာ၊ မသွားခင် စမ်းဝတ်ပြတာလေးတွေ ရောပေါ့။ ဦးလေးတွေ၊ အဒေါ်တွေကလည်း fashion ဝါသနာပါတယ်။ သူတို့က နိုင်ငံခြားမှာနေကြတော့ သူတို့ ပြန်လာတဲ့အခါ catalog တွေပါလာတတ်တယ်။ ခွေတွေ ယူလာတတ်တယ်။ သူများထက် ဦးတဲ့ fashion sense တွေရတယ်။ ဒါကြောင့်ပဲ သူများတွေကိုလည်း fashion stylist အနေနဲ့ ပြန်ပြီး ဆင်မြန်းပေးတယ်။ တစ်ခုခုပွဲတွေရှိရင်၊ မင်္ဂလာဆောင်၊ ဘွဲ့ယူ စသဖြင့်ပေါ့ သွားမယ်ဆို ကျွန်မဆီလာကြတယ်။ အခု ကိုယ်တိုင်လည်း ဖက်ရှင် မော်ဒယ်လ်၊ အခမ်းအနားမှူးတွေ လုပ်ရတဲ့ အခါ အဝတ်အစားက ပိုအရေးပါလာတယ်။ အိမ်မှာထားတဲ့ ဘီရီုကအစ သူ့နေရာနဲ့သူ ခွဲထားတယ်။ အခုဆို ကွန်ပျူတာတွေ iPad တွေပေါ်လာတော့ အဲဒီအထဲမှာပဲ အမျိုးအစားတွေခွဲထားတယ်။ ဂါဝန်ဆို ဂါဝန်၊ ဂျင်းဆို ဂျင်း ၊ ဦးထုပ်ဆိုအုပ်ထုပ် ခွဲပြီး record လုပ်ထားတယ်။ ပြီးတော့ သူ့ list နဲ့သူ ဝတ်ဖြစ်တယ်။ ကလေးတွေကိုလည်း နေ့စဉ် အဝတ်အစားရဲ့ ယဉ်ကျေးမှု၊ အဝတ်အစားရဲ့ အရေးပါပုံ၊ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားက ပြောတဲ့ကိုယ့်အကြောင်း ကျွန်မသင်ခန်းစာမှာ အမြဲထည့်ထည့်ပြောတတ်ပါတယ်။ ညီမငယ်လေးတွေအတွက် စကားလက်ဆောင်ပြောပါဆိုရင်တော့ တောင်းမှာအကွပ် လူမှာအဝတ် ကျွန်မ အမြဲတမ်းပြောပါတယ်။ အဲတော့ ကိုယ့်အဝတ်အစားနဲ့ ကိုယ် ချီးကျူးခံရအောင်နေပါ။ ကိုယ့်ကိုယ်ကို အမြဲလှပနေဖို့ fashion sense တွေ ရှိအောင် နေပါလို့ပြောချင်ပါတယ်။

၉။ များပြားလှတဲ့ အလုပ်တာဝန်တွေကြား မိသားစုအတွက်ရော၊ ကိုယ့်အားလပ်ချိန်တွေအတွက်ပါ ဘယ်လို မျှတအောင် စီမံခန့်ခွဲနေလဲ ပြောပြပေးပါအုံး။

ဒါကတော့ ကျွန်မတို့ ငယ်ငယ်ကတည်းက အလုပ်လုပ်တဲ့အချိန် နားတဲ့အချိန် ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး energy ဖြည့်တဲ့အချိန်၊ နောက် စာဖတ်ချိန်ပေါ့။ ဒါတွေက အရင်ကတည်းက ကျွန်မတို့က timetable နဲ့ ကြီးပြင်းခဲ့ရတာပေါ့။ ငယ်ငယ်ကတည်းက ကစားချိန်ကစား ပြန်လာရမယ့်အချိန် ဝီစီ မှုတ်ပြီး ပြန်ခေါ်တယ်။ ရပ်ကွက်ထဲမှာ ဆိုနာမည်ကြီးတယ်။ သူများတွေအိပ်နေပေမယ့် ကျွန်မတို့ လေ့ကျင့်ခန်းလုပ်ရမယ့် အချိန်ဆိုလည်း မနက်အစောကြီးထလုပ်တယ်။ ငယ်စဉ်ကတည်းက planနဲ့ ကြီးပြင်းခဲ့ဖူးတော့ အခုလည်း ကိုယ့် life ကို စီမံခန့်ခွဲရပါတယ်။ အချိန်ကတော့ နည်းတာပေါ့။ ဒီကြားထဲကပဲ အားလုံးအတွက်ရော ကိုယ့်အတွက်ရော ပါအောင်လုပ်ရပါတယ်။

၁၀။ မမိုး ခရီးထွက်ရတာ ဝါသနာပါတယ် ထင်တယ်။ ခရီးသွားခြင်းအပေါ် အစ်မအမြင်လေး မျှဝေပါအုံး။

ခရီးသွားခြင်းမှာ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေအများကြီး ရှိမယ်လို့ မမိုးကတော့ မြင်ပါတယ်။ ပတ်ဝန်းကျင်အသစ်က စိတ်တွေကို အသစ်ဖြစ်စေတယ်။ စိတ်သစ်လူသစ်ဖြစ်တာဟာ စိတ်နဲ့ ခန္ဓာကို ပိုပြီးတော့ fit ဖြစ်စေတယ်။ energy တွေထပ်ရတယ်။ နောက် ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေ၊ ဓလေ့စရိုက်တွေ လေ့လာရတဲ့အခါ ဗဟုသုတလည်းဖြစ်သလို စိတ်လေးတွေလည်း ကြည်နူးရတယ်။ မြင်ခဲ့ရတဲ့ မြင်ကွင်းလေးတွေ၊ အစားအသောက်လေးတွေ အတွေ့အကြုံလေးတွေက အမှတ်တရပဲ။ အဲဒီအတွေ့အကြုံတွေက တစ်နှစ်တာ အလုပ်လုပ်ဖို့အတွက် ခွန်အားတွေပါပဲ။ ကျွန်မတို့လို ပိတ်ရက်မရှိ ရုံးချိန်မရှိတဲ့ လူတွေအတွက် အလျဉ်းသင့်သလိုပဲ အနားယူရပါတယ်။ အနားယူတဲ့အခါ အိမ်မှာနားတာထက် ခရီးထွက်တာ ပိုများပါတယ်။

၁၁။ မမိုး နိုင်ငံခြားခရီး တွေလည်း သွားတာတွေ့ရပါတယ်။ နိုင်ငံရပ်ခြား ခရီးသွားခြင်းက ရလာတဲ့ အနှစ်သာရလေးတွေ မျှဝေပါအုံး။

နိုင်ငံခြားခရီးတွေက သွားတယ်။ ကြိုက်လွန်းလို့တော့ မဟုတ်ဘူး။ မြန်မာပြည်ကိုပဲ နှစ်သက်တာပါ။ ဒါကြောင့် နိုင်ငံခြားမှာ ပညာလည်းသွားမသင်ဖြစ်ဘူး။ အလုပ်လည်းသွားမလုပ်ဖြစ်ခဲ့ဘူး short trip ခေါ်တဲ့ ခရီးတိုလေးတွေပဲ သွားဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ထက်တိုးတက်နေတဲ့ နိုင်ငံတွေမှာ ဘာတွေက တိုးတက်ပြီး ဘာတွေက ဆုတ်ယုတ်နေလဲဆိုတာတွေ လေ့လာဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ လူနေမှုပုံစံ ၊ နိုင်ငံရေးအုပ်ချုပ်မှုပုံစံတွေ တစ်ဦးချင်းစီရဲ့ အလေ့အကျင့် စိတ်နေစိတ်ထားလေးတွေ လေ့လာခွင့်ရတယ်။ တစ်ချို့ကိစ္စလေးတွေ အတုယူလို့ရတယ်။ ရှောင်ကျဉ်လို့ရတယ် ။ အဲဒါကြောင့် ကျွန်မ နိုင်ငံခြား ခရီးတွေ ထွက်ဖြစ်ပါတယ်။

၁၂။ အစ်မ အနုပညာလောကမှာ ရပ်တည်လာတာလည်း အချိန်တွေ အတော်ကြာခဲ့ပြီနော်။ ပရိသတ်ကလည်း နှစ်သက်အားပေးကြပြီး အနုပညာသမား အချင်းချင်းကလည်း လေးစားရတဲ့ အနေအထားနဲ့ ဒီလို အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာ ဘာကြောင့်လို့ ထင်ပါလဲ အစ်မ။ မမိုးအတွေ့ကြုံလေးတွေ ကတစ်ဆင့် ပရိသတ်ကြီးအတွက် မျှဝေပေးပါအုံး။

ဘယ်လိုထိန်းသိမ်းလာလဲဆို အဓိကကတော့ အောင်မြင်မှု ရဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒါထက် ရထားတဲ့ အောင်မြင်မှုထိန်းသိမ်းရတာ ပိုတောင်ခက်သေးတယ်။ ကျွန်မ အနှစ် (၂၀) အတွင်းအများကြီးတွေ့ခဲ့ရတယ်။ အောင်မြင်မှုထိန်းထားနိုင်တဲ့ သူတွေရော၊ ခဏလေးနဲ့ ပျောက်သွားတဲ့ သူတွေရော၊ နောက် အကြာကြီးနေမှ ပြန်ပေါ်လာတဲ့ သူတွေ အမျိုးမျိုးပေါ့။ အားလုံးကတော့ ပရိသတ်ရှေ့ရောက်လာရင် ပျောက်မသွားချင်ကြဘူး။ အနည်းဆုံးတော့ ကိုယ်ကမလုပ်ချင်လို့ ထွက်ခွာသွားတယ် ဆိုရင်တောင် နာမည်ကောင်းလေးတော့ ကျန်ခဲ့ချင်ကြပါတယ်။ ကျွန်မလေ့လာလိုက်တဲ့အခါ အနုပညာနဲ့သာမက လူတစ်ယောက်ဟာ အခြားအခြားသော ပညာရပ်တွေနဲ့ ဆက်ရပ်တည်လို့ ရပါလားဆိုတာ သိလာရတယ်။ ဒါကြောင့် entertainment ဆိုတာထက် eductainment ဆိုတဲ့ ပညာရေးလေးပါ တွဲဖက်လုပ်ဆောင်ဖြစ်ပါတယ်။ ကမ္ဘာနဲ့ ယှဉ်တဲ့အတွေးအခေါ်တွေတွေးပြီး မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်ပုံစံမျိုးလေးတွေ ပြန်အသုံးချဖြစ်ပါတယ်။ သူများနိုင်ငံမှာ ဘာတွေ ခေတ်စားနေပြီဆိုတိုင်းလည်း ကိုယ့်ယဉ်ကျေးမှုတွေကို ထိခိုက်စေမှာမျိုးဆို မလုပ်ပါဘူး။ နောက် မော်ဒယ်လောကကိုလည်း ဘယ်သူတွေ ဘယ်လောက်ပဲ အရောင်ဆိုးဆိုး ကျွန်မ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ အဲလိုမျိုး စော်ကားမော်ကား ပြုလာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ယိုပေါက်တွေရှာပြီး ထိန်းသိမ်းခဲ့ပါတယ်။ အခုဆို ကျွန်မတို့ ကလေးတွေဆိုရင်ကို ဘယ်သူမှမထိပါး မစော်ကားရဲတော့ပါဘူး။ ကျွန်မတို့ကသာ အထိခံခဲ့မယ်ဆို ဒါ ကျရှုံးခြင်းရဲ့အစပဲလေ။ အဲလိုပါပဲ ကျွန်မလည်း ငယ်ငယ် ရွယ်ရွယ်နဲ့ စခဲ့ရတာဆိုတော့ အထင်သေးတဲ့သူတွေ လည်း ကြုံခဲ့ဖူးပါတယ်။ ဒီလိုပဲ ကြိုးစားခဲ့ရတာပေါ့။

၁၃။ မမိုး ဘဝတစ်လျှောက်လုံး ရပ်တည်သွားချင်တဲ့ ဘဝနေထိုင်မှုပုံစံလေးတွေလည်း မျှဝေပါအုံး။

Happy and healthy lifestyle ပေါ့။ ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာခဲ့တော့ လုပ်ချင်တာတွေ နှောင့်နှေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ Happy and healthy lifestyle ရဲ့ ကျောရိုးကတော့ ကျွန်မ sharing ပုံစံမျိုးနဲ့ ဆက်သွားမှာပါ။

၁၄။ ဂန္ထဝင်မဂ္ဂဇင်းကနေတစ်ဆင့် အစ်မ မြန်မာ အမျိုးသမီးငယ်လေးတွေကို စိတ်ဓာတ်မြင့်တင်ရေး အနေနဲ့ ဘာစကားလက်ဆောင်ပါးချင်ပါသလဲ။

ဂန္ထဝင်မဂ္ဂဇင်းနေတစ်ဆင့် မြန်မာ အမျိုးသမီးငယ်လေးတွေကို ပြောချင်တာကတော့ အမျိုးသမီးဖြစ်ရတာကို ဂုဏ်ယူတတ်ပါပေါ့။နောက်ပြီး အမျိုးသမီး တွေဟာ (၂၁) ရာစုမှာဆိုရင် စွမ်းဆောင်ရည်အား၊ လူမှုဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်မှုအားတွေမှာလည်း သိပ်ကို အားကောင်းလာကြပါပြီ။ နောက် ဒါဏ်ခံနိုင်တယ်။ ကမ္ဘာမှာလည်း အစဉ်အလာအရသာ အမျိုးသားတွေ အုပ်ချုပ်နေလို့ အမျိုးသမီးတွေ အုပ်ချုပ်မယ်ဆိုလည်း ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေပါပြီ။ အဓိကကတော့ လူသားဆန်ပြီး လူတွေကို ကာကွယ်နိုင်မယ်ဆိုယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တန်းတူ ကာကွယ်ခွင့်ရှိပါတယ်။ ဒါကြောင့်မြန်မာအမျိုးသမီးငယ်တွေဟာ ကိုယ့်ကိုယ်ကို အလိုလို သိမ်ငယ်ပြီး မှီခိုတဲ့ စိတ်တွေနဲ့ ရပ်တည်ကြမယ်ဆို အနှိမ်ခံ၊ အနင်းခံ ဘဝမျိုးရောက်မယ် ။ ကိုယ့်မှာရှိတဲ့ပညာ၊ အသိပညာ၊ ညဏ်ပညာ တွေနဲ့ ယှဉ်တွဲပြီးတော့ ကိုယ့်ကျတဲ့နေရာမှာ အကောင်းဆုံး ရပ်တည်ကြပါ။ အမျိုးသမီးကောင်းလေးတွေ ဖြစ်အောင် ကြိုးစားကြပါ လို့ စကားလက်ဆောင်ပါးချင်ပါတယ်။