အောင်သမာဓိမှ မဇင်နဲ့ (၅)မိနစ်တာ အမေးအဖြေ

blank

မဇင် မင်္ဂလာပါ အစ်မ။ အခုဆို အစ်မတို့ အောင်သမာဓိရွှေဆိုင်က အများနဲ့မတူတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။ အစ်မကလည်း စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ လုပ်ဆောင်နေရုံတင် မကဘဲ အခြား Activities တွေမှာလည်း မျှတစွာ ပျော်ရွှင်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ ညီမတို့ ဂန္ထဝင် က ညီမငယ်လေးတွေ အားကျ အတုယူနိုင်ဖို့ အမ အကြောင်းလေးတွေ အနည်းငယ် မေးမြန်းပါရစေရှင့်။

၁။ ပထမဆုံး မိသားစု နဲ့ မိတ်ဆက်ပေးပါအုံး အစ်မ။

အစ်မတို့ အခု မိဘနှစ်ပါးရော အခြားမောင်နှမတွေနဲ့ပါ အားလုံး စုပေါင်းနေကြတာပါ။ အစ်မ ထူထောင်ထားတဲ့ မိသားစုဆိုရင်တော့ အစ်မ အမျိုးသား ဒေါက်တာထက်မြတ်စိုးရယ်၊ အစ်မရယ်၊ အစ်မသားအကြီး သူက လေးနှစ်ခွဲ ရှိပါပြီ။ အငယ်လေးကတော့ တစ်နှစ်နဲ့ သုံးလရှိပါပြီ။ နှစ်ယောက်လုံး ယောက်ျားလေးတွေပါ။ အစ်မတို့ မန္တလေးမှာပဲနေပါတယ်။

၂။ အစ်မတို့ မိသားစု လုပ်ငန်း(အောင်သမာဓိ ရွှေလုပ်ငန်း)နဲ့ ပတ်သက်ပြီး အစ်မ တာဝန်ယူနေတဲ့ အပိုင်းလေးတွေ သိပါရစေရှင်။

အခုနက ပြောသလိုပဲ အားလုံးစုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် အောင်သမာဓိရဲ့ လုပ်ငန်းတွေကို အသီးသီးတာဝန်ခွဲဝေ လုပ်ဆောင်ရတာပေါ့။ အစ်မတာဝန်ယူထားတာကတော့ ရွှေသန့်စင်တဲ့ အပိုင်းပါ။ အဲဒီအပိုင်းကို လူတွေသတိမထားမိကြပါဘူး။ အားလုံးက ရွှေဆို မြင်နေရတဲ့ အချောထည်တွေပဲ သိကြတာများပါတယ်။ အစ်မတို့ကျတော့ ရွှေတောဒေသတွေကနေ ထွက်လာတဲ့ရွှေတွေကို အောက်ဆုံးအဆင့်ကနေ အချောထည် ရောက်လာတဲ့အထိ ရောက်ဖို့ဆိုတာ သန့်စင်ရတဲ့ လုပ်ငန်းတွေရှိမှ ရတာပါ။ ရွှေသန့်စင်တဲ့နေရာကို အများအခေါ်ကတော့ လှော်ဖိုလို့ခေါ်ပါတယ်။ ရွှေလှော်တယ်လို့ခေါ်ပါတယ်။ အခု အစ်မက အဲအပိုင်းနဲ့ အရောင်းပိုင်းမှာ တာဝန်ယူထားပါတယ်။

၃။ အစ်မကို ပွဲတော်တော်များများမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတာတွေ့ရပါတယ်။ ဒီလိုပွဲတက်ရခြင်းအပေါ် အစ်မအမြင်လေး မျှဝေပါအုံး။

တစ်ခါတစ်လေမှာ အစ်မတို့ကို ဖိတ်တဲ့အခါမှာ အစ်မတို့၊ မဖြူတို့ ဆိုပြီး နာမည်တပ်ပြီး ဖိတ်တာထက် (အောင်သမာဓိ) ဦးအောင်နှင့် ဒေါ်မော်စီ ဆိုပြီး ဖိတ်တာများပါတယ်။ ဖိတ်တဲ့သူတွေကလည်း ကိုယ့်အောင်သမာဓိဆိုတာကို တလေးတစားနဲ့ ဒီပွဲလေးကို လာစေချင်တာကြောင့် ဖိတ်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ကိုယ်ကလည်း သွားရောက်ဂုဏ်ပြုပေးတယ်ဆို သူတို့ ကျေနပ်ပျော်ရွှင်သွားတယ်။ အစ်မတို့ မအောင်မြင်ခင် ဒီမန္တလေးကို စပြောင်းလာခါစကဆိုလည်း မန္တလေးက ဂုဏ်သရေရှိလူကြီးတွေ၊ သူဌေးတွေ လာတက်ရောက်ချီးမြှင့်တယ်ဆို အစ်မတို့လည်း ဝမ်းသာရပါတယ်။ အဲလိုချီးမြှင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်မိတယ်။ သူတို့ကိုလည်း အတုယူမိတယ်။ ခုကျ အစ်မတို့အနေနဲ့လည်း မန္တလေးအတိုင်းအတာနဲ့ နာမည်လေးတစ်ခု ရလာပြီဆိုတော့ သူများတွေလည်း ငါ့တို့လို ကျေနပ်ပျော်ရွှင်ပါစေဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ တက်ရောက်မယ်ဆိုပြီး တက်ဖြစ်တာဆို ပိုမှန်ပါတယ်။ နောက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အခန်းကဏ္ဍ တစ်ခုခုကို တာဝန်ယူပြီး ကူညီလုပ်ဆောင်ပေးတဲ့အခါ သူတို့လည်း ကိုယ့်ကို ငွေလက်ဖွဲ့တာထက် ပိုတန်ဖိုးထား တာမျိုးလေးတွေလည်း ရှိပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အစ်မတို့ ညီအစ်မတွေကြည့်လိုက်ရင် အမြဲစတိုင်ကျလှပနေတာ တွေ့ရပါတယ်။ Fashion နဲ့ ပတ်သက်ပြီး နဲနဲ မျှဝေပါအုံး။

Fashionအနေနဲ့ ကတော့ အစ်မအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မက ရိုးရိုးရှင်းရှင်းလေးတွေ သဘောကျတယ်။ ရိုးရှင်းတဲ့ ဝတ်စုံလေးတွေက ဘယ်လောက်ကြာမှ ဝတ်ဝတ် အဆင်ပြေတယ်။ ဥပမာ-ဘောင်းဘီတွေ၊ စကပ်တွေဆို အစ်မတို့ အချိန်ကြာလာတာနဲ့ ခန္ဓာကိုယ် အပြောင်းအလဲတွေဖြစ်လာရင် ဝတ်ဖို့ အဆင်မပြေတော့ဘူး။ ဘီရိုထဲမှာ အလဟသတ်ဖြစ်မယ့် ဝတ်စုံမျိုးဆို မဝယ်ဖြစ်တာများတယ်။ ခေတ်စားတိုင်းလည်း လိုက်မချုပ်ဖြစ်ဘူး။ ကိုယ်စိတ်ထဲမှာ ဘယ်တော့မှ ရိုးအီမသွားနိုင်မယ့် အရာလေးတွေကိုပဲ ဝတ်ဖြစ်တယ်။ ဖက်ရှင်ဆိုတာတော့ ရာသီဥတုနဲ့ ကိုက်ညီပြီး ကိုယ်နဲ့လိုက်ဖက်တာလေးတွေ ဝတ်မယ်ဆို လှပသွားတာပါပဲ။ နောက်တစ်ခုက မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတာက စိတ်ထားလေးပါ။ ကိုယ့်စိတ်လေးက ဖြူစင်ပြီး အမြဲပြုံးနေမယ်ဆို လှပကျက်သရေရှိနေတာပါပဲ။ အစ်မကတော့ ရုပ်ဝတ္ထု ဖက်ရှင်တွေထက် စိတ်ထားလေးတွေ လှပအောင် မွေးမြူကြဖို့ပဲ အကြံပေးချင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အခု အသက် (၃ဝ) သာကျော်လာတယ် ပြုပြင်နေဆဲပါပဲ။

၅။ အစ်မတို့လုပ်ငန်းက လူအများနဲ့ ပေါင်းသင်းဆက်ဆံရတာ ဆိုတော့ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ ဘယ်လိုအချက်တွေက အဓိကကျတယ်လို့ ထင်ပါလဲ။ အစ်မအမြင်လေး မျှဝေပါအုံး။

အဲဒါကကျ အစ်မတို့အတွေ့အကြုံအရပေါ့နော် တချို့လူတွေက သူတို့ လတ်ဝတ်ရတနာ လာဝယ်တဲ့ အခါ သူတို့ကို တလေးတစား ဆက်ဆံတာလေးတွေ လိုချင်ကြတယ်။ လူပေါင်းစုံပေါ့ ညီမရယ်။ အစ်မကတော့ ဘယ်လိုလူမျိုးပဲလာလာ၊ ဘယ်လောက်ဖိုးပဲ အားပေးပေး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆက်ဆံလိုက်တယ်။ အဲကျတော့ သူတို့လည်း ကိုယ်ပြောတာ အတော်အတန် မငြင်းတော့ဘူး။ အထည်ဆိုင်ဆိုလည်း အဲလိုပါပဲ။ လူမျိုးစုံနဲ့ ဆက်ဆံနေကြရတာပါပဲ။ အဓိက သူတို့ဟာ ကိုယ့်ဆီလာအားပေးတဲ့ ဖောက်သည်တွေ ဖြစ်တာကြောင့် ကိုယ့်ကျေးဇူး ရှင်တွေပါပဲ။ သူတို့ကို စိတ်ချမ်းသာအောင် ဆက်ဆံလိုက်တယ်။ အဲလိုဆက်ဆံလိုက်တဲ့အခါ သူတို့လည်းကိုယ့်ကို သဘောကျပြီး နောက်လည်း ကိုယ့်ဆီလာဖို့ ဖိတ်ခေါ်ပြီးသား ဖြစ်သွားပါတယ်။ အဓိကကတော့ အစ်မအနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ချင်းစာစိတ်လေး နဲ့ ဆက်ဆံဖြစ်တယ်။ ဒါဆို အားလုံး အဆင်ပြေသွားတာပါပဲ။ ဒါအစ်မဆရာမ ပြောဖူးတဲ့ စကားလေးပါ။ ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားရင် မကောင်းတဲ့ စိတ်တွေပါ အလိုလို ပြုပြင်သွားပြီး လောကကြီးမှာ နေရထိုင်ရတာ အဆင်ပြေ လာပါလိမ့်မယ်။

၆။ သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်နေပြီဖြစ်တဲ့ အစ်မအနေနဲ့ အိမ်ထောင်တစ်ခု သာယာလှပဖို့ ဘာတွေအဓိက ကျနေလဲ ။ ဘယ်လိုညှိနှိုင်းနေထိုင်သင့်လဲ ဆိုတာလည်း မျှဝေပေးပါအုံး။

အင်း အဲဒါက တကယ်ကို အရေးပါပါတယ်။ လူတွေက အပေါ်ယံကြည့်ရင်တော့ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက်သာယာလိုက်တာ လို့ ထင်ကြတာပါပဲ။ အမှန်တကယ်နောက်ကွယ်မှာတော့ အဆင်မပြေတာလေးတွေဆိုတာ ရှိစမြဲပါ။ ဒေါင်းလိုပဲပေါ့ ရှေ့ကကြည့်မှရင်တော့ လှပကျော့ရှင်းလို့၊ နောက်ကဖင်ပြောင်ကြီးနဲ့လေ။ အဲကျတော့ ပြဿနာ တစ်ခုဖြစ်လာရင် ခွင့်လွှတ်လို့်လုံးဝ မဖြစ်နိုင်တော့တာမျိုးမှ မဟုတ်ရင်တော့ အတတ်နိုင်ဆုံး ညှိနှိုင်းနေထိုင်ရတာပါပဲ။ ဒီလိုပါပဲ တစ်ခုခုဖြစ်လာရင် ကိုယ့်ကိုယ်ကို မာနာတွေထားပြီး ငါ့အခြေအနေက ဘယ်လို၊ ငါလောက် အရည်အချင်းရှိတဲ့သူကို သူက ဆိုတာမျိုးတွေနဲ့ သွားပြီး ဖြေရှင်းမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ယောက်ျားဆိုတာမျိုးက မိန်းမတွေ ဘယ်လောက်တော်တော် သူတို့ရှေ့မှာ ရိုရိုကျိုးကျိုးလေးနဲ့ သူတို့ကို အလေးပေးတာမျိုးကို လိုချင်ကြတယ်။ တစ်ချို့နေရာတွေလည်း ကိုယ်အရည်အချင်းရှိတာ ထုတ်ပြဖို့လိုအပ်ပါတယ်။ အခြေအနေကြည့်လို့ပေါ့ ညီမရယ်။

အဓိကကတော့ အစ်မသူ့ကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ နေရာပေးတယ်။ တလေးတစား ဆက်ဆံတယ်။ တစ်ချို့ ပြဿနာတွေကျလည်း အဖေကပဲ ကြားက သမာသမတ်ကျကျ ဝင်ဖြေရှင်းပေးတာမျိုးလေးတွေလည်း ရှိပါတယ်။ ပြဿနာဆိုတာကတော့ ရှိတာပါပဲ။ တခါတလေ မုန့်စားတာ၊ ကားမောင်းတာ စတဲ့ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကအစ အမြင်မတူတော့ ကတောက်ကဆလေးတွေ ဖြစ်ကြတယ်။ ပြီးတော့လည်း ဘာမှဟုတ်တာ မဟုတ်ပါဘူး။ အဓိကတော့ သူ့ကို တလေးတစား ဆက်ဆံပြီး ညှိနှိုင်းနေထိုင် လိုက်ကြတာပါပဲ။

၇။ အောင်သမာဓိ အများနဲ့ မတူဘဲ တစ်မူထူးခြားပြီး အောင်မြင်နေတာ ဘာကြောင့်လို့ထင်ပါသလဲ ။ အစ်မတို့ ခံယူချက်လေးတွေနဲ့ ပြောပြပေးပါအုံး။

ဘာလို့ထင်လဲ ဆို အစ်မတို့ အဖေ အမြဲ လက်စွဲထားတဲ့ ဆောင်ပုဒ်လေးတစ်ခုရှိတယ်။ အဲဒါက ” စေတနာကောင်းလျှင် ကံကောင်းမည် ” တဲ့။ ငယ်ငယ်လေးထဲက အဲဆောင်ပုဒ်လေး နဲ့ကြီးပြင်းလာခဲ့တာ။ စေတနာကောင်းရင် ကံတွေကောင်းလာမယ်။ ကံကောင်းလာတဲ့နဲ့ ကိုယ့်အတွေးတွေ လုပ်ဆောင်မှုတွေမှန်ကန်လာတယ်။ အစ်မဆို အခု တာဝန်ယူနေတာ ရွှေပြန်ဝယ်တဲ့အပိုင်းပေါ့။ ရွှေဝယ်တာ သိပ်ကိုအရေးကြီးတယ်။ ပြန်ဝယ်တာ အဆင်မပြေရင် ရွှေဆိုင်ဘယ်လောက်ပဲ နာမည်ကြီးကြီး နောက်တစ်ခေါက်ပြန်လာဖို့ မလွယ်တော့ဘူး။ အဲကျ ဝယ်သူတွေအတွက်လည်း အဆင်ပြေအောင် ကိုယ်ချင်းစာပြီး ကိုယ်တတ်နိုင်တဲ့ အပိုင်းလေးတွေကို အတတ်နိုင်ဆုံး စေတနာထားပြီး လုပ်ဆောင်လိုက်ပါတယ်။ ညီမလေး ဖြူဖြူဆိုလည်း သူက ဆန်းသစ်နိုင်တယ်။ ဘယ်သူက ဘာလိုချင်ပါတယ် ဆိုတာနဲ့ ဖြစ်အောင်လုပ်ပေးတယ်။ သူရှေ့ကသွားသလောက် အစ်မတို့ကလည်း နောက်ကနေ ပံ့ပိုးပေးတယ်။ အဲကျ အားလုံးက တက်ညီလက်ညီနဲ့ ဘက်စုံ ကဏ္ဍအသီးသီးကိုတာဝန်ယူ လုပ်ဆောင်နေကြတော့ သူများတွေထက် အားပိုများသလိုဖြစ်နေတာပါ။ နောက်တစ်ခုက အဖေ့ရဲ့ စေတနာတွေရယ်၊ နောက် အဖေ ချမှတ်ထားတဲ့ လမ်းစဉ်တွေကြောင့်လည်း ပါပါတယ်။ နောက် ဆန်းသစ်နိုင်တာတွေကြောင့်လည်း ဝယ်ယူသူတွေက တစ်ခုခု ထူးထူးဆန်းဆန်းဆို အောင်သမာဓိပဲ သတိရကြတာမျိုးလေးတွေပေါ့။ နောက်

၈။ သားသမီးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာလေးတွေက ဘာတွေများဖြစ်မလဲ။

အဲအပိုင်းက တော်တော်ကိုအရေးပါပါတယ်။ အဖေတို့က အစ်မတို့ မောင်နှမ လေးယောက်ကို မွေဖွားပြီး ကောင်းကောင်း ပြုစုပျိုးထောင်ခဲ့လို့ ဒီလိုအနေအထားနဲ့ ရပ်တည်နိုင်ခဲ့တယ်။ စိတ်ဓါတ်လေးတွေကအစပေါ့။ အစ်မတို့ကျရင်ရော အစ်မတို့ သားသမီးတွေကို အဲလို ပျိုးထောင်နိုင်ပါ့မလားဆိုတာတော့ တကယ်စိတ်ပူမိတယ်။

ကိုယ့်လိုများ သူတို့ရပ်တည်နိုင်ပါ့မလား။ စိတ်ထားလေးတွေရော ထားတတ်ပါ့မလား၊ စုံလို့ပါပဲ။ အခုဆို အစ်မတို့ ကလေးတွေကို international school တွေမှာထားတယ်။ ဘာဖြစ်လာလဲဆိုတော့ အဲလိုကျောင်းတွေက ပညာရေးပိုင်း အရမ်းကောင်းပေမယ့် ယဉ်ကျေးမှုအပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရေးအပိုင်းလေးတွေကျ အားနည်းတယ်။

ဒီတော့ စဉ်းစားလိုက်တာက ကလေးတွေကို ပညာရေးဘက်ကို စောင်းပေးသွားစေမှာလား၊ စီးပွားရေးဘက် လမ်းကြောင်းပေးမလား ဆိုတာပါ။ တကယ်လို့ပညာရေး လိုက်မယ်ဆိုရင်တော့ အခုထဲက အစစ ပြင်ဆင်ပြီး ပညာရေးအတွက် လုံးပန်းရတော့မှာပါ။ ဒါမှမဟုတ်သူတို့က စီးပွားရေးစိတ်ဝင်စားတာဆိုရင်တော့လည်း မိဘလက်ငုပ်ဖြစ်တဲ့ ဒီ လုပ်ငန်းလေးတွေကို တက်သိအောင် အမွေပေးရမှာပဲ။ တစ်ချို့ကျ ပညာဆိုပညာပဲ တက်ပြီး အခြား လူမှုဆက်ဆံရေးအပိုင်းလေးတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာလေးတွေကျ အားနည်းတာတွေ့ရတယ်။ အဲကျ အစ်မစဉ်းစားထားတာ ကလေးတွေရဲ့ အခြေအနေကြည့်ပြီး သူတို့ အားသန်ရာကို ပံ့ပိုးပေးဖို့ပါပဲ။ အစ်မသားနှစ်ယောက်ရော ဖြူဖြူ့သမီးနှစ်ယောက်ရော အတူတူပါပဲ။ သားသမီးတွေပါပဲ။ အစ်မကတော့ ကလေးတွေကို မြန်မာကျောင်းပဲ ထားမယ်စိတ်ကူးတယ်။ အဓိက ယဉ်ကျေးမှုလေးတွေနဲ့ လိမ္မာရေးခြား ရှိစေချင်တာပါ။ အစ်မတို့ ဂန္ဓာရုံ ဆရာတော်ဘုရားကြီးက ပြောဖူးတယ်။ ” စိတ်ကောင်းထားခြင်းက ပထမ၊ ပညာတက်ဖို့က ဒုတိယတဲ့။” အစ်မလည်းဒီလိုပဲ ယူဆတယ်။ ပညာတက်ပြီး စိတ်ထားမကောင်းတာမျိုး မဖြစ်စေချင်ဘူး။ နောက် အစ်မတို့အသက်တွေကြီးလာတဲ့ အခါလည်း မိဘကိုကျေးဇူးဆပ်မယ့် မိဘကျေးဇူးနားလည်တဲ့ သားသမီးလေးတွေလည်း ဖြစ်စေချင်တယ်။ လူတွေနဲ့လည်း လိုက်လျောညီထွေဖြစ်တဲ့ သူမျိုးလေးတွေလည်း ဖြစ်စေချင်ပါတယ်။ အဲဒါက ပထမဦးစားပေးပါ။ နောက်မှ လိုအပ်တဲ့ ပညာတွေ၊ စီးပွားရေးအသိတွေ အမွေပေးမယ်လို့ စဉ်းစားထားပါတယ်။ အခုတော့ သူတို့အတွက် ပိုက်ဆံတွေစုဆောင်းနေပါတယ်။ အဖေပေးတယ်ဆိုလည်း သူတို့အတွက် ရည်မှန်ပြီးစုထားတယ်။ နောက် ကိုယ်တိုင်လည်း ငွေစုရတာ ဝါသနာပါတော့ သူတို့ကို စုဘူးလေးတွေနဲ့ ငွေစုတတ်အောင် ကျင့်ပေးထားတယ်။ နောက် ငွေကိုလွယ်လွယ်သုံးတတ်မှာစိုးတော့ ကလေးတွေ တစ်ခုခုပူဆာရင်ခြောက်ရတယ်။ နင်တို့အဲလိုတွေပူဆာရင် အမေတို့က လမ်းဘေးမှာ ဈေးရောင်းရလိမ့်မယ်လို့ပြောရင် သူတို့ မပူဆာတော့ပါဘူး။

၉။ အစ်မ အမြဲနှလုံးသွင်းနေတဲ့ ဆောင်ပုဒ်လေးရှိရင် ပြောပြပေးပါအုံး။

ခုနကပြောသလိုပါပဲ “စေတနာကောင်းလျှင် ကံကောင်းမည်”။ စေတနာဆိုတာ လူတစ်ဖက်သားအပေါ်မှာ ကျွေးချင်မွေးချင်စိတ်ရှိတာ၊ လုပ်ပေးကိုင်ပေးချင်တာ၊ လူတွေကို မမုန်းတတ်တာလည်း စေတနာ။ တစ်ခုခုဆို ကိုယ်ကစပြီး အလျှော့ပေးတတ်တာ။ တစ်ဖက်လူကို စိတ်ချမ်းသာစေတယ်ဆို ဒါ စေတနာပါပဲ။ အစ်မယူဆထားတာလေးတွေပါ။ ဆရာမကပြောဖူးတယ် “ငါ့သမီးတို့ ဘဝမှာ ချမ်းသာချင်ရင် ကိုယ်ချင်းစာတရား လက်ကိုင်ထား”။ အစ်မကတော့ ဘာပဲလုပ်လုပ် ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားလိုက်တယ်။ သူ့နေရာမှာကိုယ်သာဆိုရင် ဆိုစဉ်းစားပေးလိုက်တယ်။ အဲကျတော့ အမှားတွေသိပ်မလုပ်ဖြစ်တော့ဘူး။

၁၀။ အစ်မ မိသားစုနဲ့ ဘဝတစ်လျှောက်လုံး ရပ်တည်သွားချင်တဲ့ ပုံစံလေး ပြောပြပေးပါအုံး။

အစ်မကတော့ လက်ရှိမိသားစုနဲ့ မခွဲချင်ဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ခွဲရမှာပါပဲ။ ခွဲခြင်းမခွဲခြင်းထက် ကိုယ့်စိတ်ထဲက မခွဲဘူးဆိုတာတွေးထားရင် မကွဲပါဘူး။ အစ်မကတော့ အစ်မမိသားစုနဲ့ စည်းစည်းလုံးလုံးလေး နေသွားချင်တယ်။ ဘာသာသနာ ပြန့်ပွားရေးလေးတွေလည်း လုပ်ချင်တယ်။ ကိုယ့်ရဲ့ နှစ်ဖက် မိဘဆွေမျိုးတွေကို ထောက်ပံ့ ကူညီပေးချင်တယ်။ ဘဝမှာ ကိုယ်သေသွားရင်တောင် သူဟာ လူယုတ်မာမဟုတ်ဘူး။ သူကသူတော်ကောင်းဆိုတာမျိုးလေး ကျန်ခဲ့ချင်ပါတယ်။ အဲလိုဖြစ်ဖို့တော့ ကိုယ့်ဘာကို အမြဲပြုပြင်ထိန်းသိမ်းပြီး နေရတာပေါ့။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။