မနုဿရဲ့ စာမျက်နှာလေးများမှ မမာရင်ရင်နှင့် (၅) မိနစ်တာ အမေးအဖြေ

blank

ညီမတို့ ဂန္ထဝင်မဂ္ဂဇင်းက ကျော်ကြားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အားကျအတုယူဖွယ် အတွေ့အကြုံလေးတွေကို မေးမြန်းပြီး စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မနုဿ ရဲ့ စာမျက်နှာလေးများ Page တည်ထောင်သူ မမာရင်ရင် ရဲ့ အားကျအတုယူဖွယ်လေးတွေကို (၅)မိနစ်စာ မေးမြန်းတင်ဆက်သွားမှာ ဖြစ်လို့ အောက်ပါမေးခွန်းလေးတွေကို ဖြေကြားပေးစေလိုပါတယ်ရှင်။

၁။ မနုဿ      Page လေးကိုအားပေးနေတဲ့ ပရိသတ်တို့အတွက် အစ်မ နာမည်အရင်းနဲ့ အစ်မ အကြောင်းလေး မိတ်ဆက်ပေးပါအုံး။

မနုဿ     ရဲ့ စာမျက်နှာလေးများ မှာ တင်ဆက်ရေးသားနေတဲ့ မာရင်ရင်ပါ။ လက်ရှိ အသက်မွေးကျောင်း အနေနဲ့ကတော့   ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေပြီး ကျန်ရှိအချိန်တွေမှာတော့  Freelance Business Chinese Language Trainers အဖြစ် ရပ်တည်နေပါတယ်။

 ၂။ မိသားစုအကြောင်းလေးလည်း အနည်းအကျဉ်းမျှ ပြောပြပါအုံး။

အဖေကတော့ ကျွန်မသုံးနှစ်ကတည်းက ဆုံးသွားပါပြီ။ လေဖြတ်နေတဲ့ လူမမာအမေရယ်၊ အစ်ကိုတစ်ယောက်ရယ်နဲ့ အတူနေထိုင်လျှက်ရှိပါတယ်။

၃။ ပညာရေးနောက်ခံလေးနဲ့လည်း ဂန္ထဝင်ရဲ့ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါအုံး။

၂ဝဝ၄ ခုနှစ်မှာ ဆယ်တန်းကို အ.ထ.က (၂) ကမာရွတ်ကနေ အောင်မြင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာတော့ ဒဂုံတက္ကသိုလ်မှ ဥပဒေနဲ့ ဘွဲ့ရရှိထားပါတယ်။

 ၄။ မနုဿ     ရဲ့ စာမျက်နှာလေးများ စတင်တည်ထောင်ဖြစ်သွားပုံလေး ပြောပြပေးပါအုံး။

၂ဝ၁၃ ခုနှစ်မှာ ပေ့ခ်ျကလေး စထောင်ဖြစ်ခဲ့ပါတယ်။ စတုန်းကတော့ ဘာရယ်မဟုတ်ဘူး ငယ်ငယ်တည်းက စာရေးဝါသနာကလည်း ပါပါတယ်။ အလုပ်တစ်ဘက်နဲ့မို့ မလုပ်ဖြစ်ခဲ့ဖူးဘူးပေါ့။ ဒါပေမဲ့ စိတ်ခံစားချက်လေးတွေ ရေးမယ်ဆိုပြီး စထောင်ဖြစ်တာပါ။ ပညာပေးစာလေးတွေ၊ ဒဿန ဆန်ဆန်လေးတွေ ရေးရင်း ကိုယ်ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံလေးတွေကို ဝေမျှဖြစ်ပါတယ်။ ကိုယ်ကြုံတွေ့ခဲ့လိုက်ရသလို တခြားသူတွေ မခံစားရအောင်၊ ရှောင်ကြဉ်နိုင်အောင် အစရှိသဖြင့် အသိပညာပေးပြီး အားပေးဖြစ်ပါတယ်။ လူတွေရဲ့… အထူးသဖြင့် မိန်းကလေးတွေကို စိတ်ဓါတ်ပြိုပျက် လဲကျသွားခဲ့ရင်တောင် ပြန်ထပြီး လုပ်သင့်တာလုပ်စေချင်တာလည်း ပါပါတယ်။

 ၅။ မနုဿ     ရဲ့စာမျက်နှာလေးများ Page လေးရဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီလိုနေရာတစ်ခုရလာဖို့ ကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းလေးတွေလည်းပြောပြပေးပါအုံး။

အဓိက ရည်ရွယ်ချက်ကတော့ မိန်းကလေးတွေကို လမ်းမှန်ကမ်းမှန်နဲ့ အောင်မြင်ထူးချွန်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ အလွယ်လမ်းနဲ့ ခုန်တက်တာမျိုးတွေဟာ တစ်ချိန်ဘ၀လမ်းကြောင်းတွေမှာ အနှောင့်ယှက်ဖြစ်နိုင်တယ်ဆိုတာ သိစေချင် မြင်စေချင်ပါတယ်။ နောင်တရမှ အတိတ်ကလျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအတွက် ပြန်လည်ပြုပြင်ဖာထေးချင်ရင်တောင် မလွယ်တော့ဘူးဆိုတာ သိစေချင်တယ်။ ရှောင်စေချင်တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်စေချင်ပါတယ်။

နောက်တစ်ခုက လူတိုင်းမှာ စိတ်ဓါတ်ကျဆင်းချိန် ၊ ဒဏ်ရာတွေနဲ့ နာကျဉ်ခံစားရတာတွေ ရှိတတ်ပါတယ်။ ဒီနာကြည်းမှုတွေအပေါ် ဖြေရှင်းပုံ ဖြေရှင်းနည်းတွေကတော့ ကွဲပြားသွားပါတယ်။ တစ်ချို့တွေက နလန်ပြန်မထူနိုင်ကြပဲ စုန်းစုန်းမြှပ်သွားကြတာရှိသလို ဘဝပျက်သွားကြတာတွေလည်း အများကြီးရှိပါတယ်။

သူများတွေရဲ့ တိုက်ခိုက်မှုအောက်မှာ လဲကျသွားခဲ့ရင်တောင် ကိုယ့်အင်အားနဲ့ကိုယ် အမြန်ဆုံး ပြန်လည်ထောင်မတ်စေချင်တယ်။

ကျွန်မအနေနဲ့ကလည်း သူတို့တွေ ပြန်လည်ရပ်တည်နိုင်ဖို့ ကိုယ်ထိလက်ရောက် သွားရောက်ကူညီလို့မရတဲ့အတွက် စာတိုပေစလေးတွေရေးပြီး သူတို့တွေအတွက် စိတ်ဓါတ်ခွန်အားလေးတွေပဲ ပေးနိုင်တယ်လေ။ ဒီအတွက် အလွယ်ကူဆုံး အသုံးအနှုန်းတွေနဲ့ပဲ လက်တလော ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေပေါ် အခြေခံပြီး  ပေ့ခ်ျပေါ်မှာ စာတွေ နေ့စဉ်ရက်ဆက် မပြတ်တမ်း တင်ပေးဖြစ်ပါတယ်။

အမှန်တိုင်းဝန်ခံရရင် တခြားအလုပ်တွေ လုပ်ကိုင်နေတာထက် အခုဒီစာလေးတွေကို ဘာဝင်ငွေမှ မရရင်တောင် တာဝန်တစ်ခုယူပြီး ကျေကျေနပ်နပ် နှစ်နှစ်သက်သက်ရေးဖြစ်ပါတယ်။ ပေ့ခ်ျကလူတွေရော သူငယ်ချင်းတစ်ချို့ပါ ပို့စ်လေးတွေကို ကြိုက်နှစ်သက်ကြတယ်ဆိုလို့ ပိုမိုကြိုးစားရေးသားဖြစ်ပါတယ်။

ဒီပေ့ခ်ျမှာစာတွေရေးနေရတာ ကျွန်မအတွက် လက်ကလေးဆယ်ချောင်းနဲ့ ခေါင်းလေးပဲ သုံးရတာဖြစ်တဲ့အတွက် ဘာမှအပန်းမကြီးမပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့စာတွေဖတ်ပြီး အင်အားဖြစ်သွားတယ်ဆိုတဲ့အတွက် ကျွန်မရေးပေးရကျိုး ဝေမျှပေးရကျိုးနပ်ပါတယ်။

၆။ အစ်မ ရေးတဲ့ Post တွေ အမြဲနီးပါးဖတ်ဖြစ်ပါတယ်။ လူတော်တော်များများနဲ့ Relate လုပ်လို့ရတာလေးတွေ တွေ့ရပါတယ်။ အစ်မ Article လေးတွေနဲ့ ပတ်သက်ပြီး နည်းနည်း ပြောပါအုံးအစ်မ။

ကိုယ်ရေးလိုက်တာတွေက အချစ်ရေးအကြောင်းတွေများတာတွေကြောင့် လူကြိုက်များကြတာထင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တစ်ချိန်က အချစ်ကြောင့် ခံစားခဲ့ဖူးသူဆိုတော့ ခံစားချက်တွေကြောင့် အသက်ဝင်ကုန်တာထင်ပါရဲ့။

၇။ ဒီ Page လေးနဲ့ ပတ်သက်ပြီး အစ်မရင်ထဲက ပီတိစကားလေးလည်း ပြောကြားပေးပါအုံး။

ဒီ Page ပေါ်မှာ စာရေးလိုက်တဲ့အတွက် တစ်ခါတစ်လေ ကိုယ့်စာတွေကနေပဲ ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး အားယူရတာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်ကသူများတွေကို လမ်းပြရေးသားနေတော့ ကိုယ်ကိုယ်တိုင်လျှောက်တဲ့ လမ်းလည်းမမှားအောင် သတိပိုထားရတော့ ကိုယ့်အတွက်လည်း ပိုပြီးအကျိုးရှိတယ်လို့ ထင်ပါတယ်။  တစ်ခါတစ်လေ ကိုယ်လွတ်သွားတဲ့ စိတ်တွေဟာလည်း ဒီစာတွေကြောင့်ပဲ  ကိုယ်ကိုယ်တိုင်လည်း ဆင်ခြင်ပြင်ဆင်မိသွားတာရှိသလို သူများတွေလည်း ဒီစာတွေဖတ်ပြီး စိတ်ဓါတ်ခွန်အားရပါတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဒီအတွက် ကိုယ့်အတွက်လည်းအကျိုးရှိ သူများအတွက်လည်း အကျိုးရှိဆိုတော့ ကျေနပ်မိပါတယ်။

 ၈။ မနုဿ      ရဲ့ စာမျက်နှာလေး ကတစ်ဆင့် ဆက်လက် လှမ်းလျှောက်သွားမယ့် အစီအစဉ်လေးတွေလည်း ပရိတ်သတ်ကြီးသိအောင် မျှဝေပေးပါအုံး။

လောလောဆယ်တော့ ဘာမှစီစဉ်ထားတာ မရှိပါဘူး။ စာဖတ်သူတွေကတော့ စာစုလေးတွေကို ပြန်လည်စုစည်းပြီး စာအုပ်ထုတ်ပေးပါလို့ တောင်းဆိုကြပေမဲ့။ ကိုယ့်ကိုယ်ကို မပြည့်စုံသေးဘူးလို့ ယူဆမိတဲ့အတွက် မလုပ်ဖြစ်သေးပါဘူး။ ဒီစာမျက်နှာလေးမှာတော့ အားလုံးတွက် ကြိုးစားပြီး ပျက်ရက်မရှိ ရေးသားပေးနေဦးမှာပါ။

 ၉။ အစ်မရဲ့ အတွေးအမြင်တွေ အရမ်းဆန်းသစ်တာတွေ့ရတယ်။ ဒီလိုအသိပညာတွေ ပြည့်မှီဖို့ အစ်မအနေနဲ့ လေ့လာခဲ့ရတဲ့ အပိုင်းလေးတွေလည်း ပြောပြပေးပါအုံး။

အမှန်တိုင်းဝန်ခံရရင် ကျွန်မငယ်တုန်းကတော့ စာအရမ်းဖတ်ပါတယ်။ အခုနောက်ပိုင်းတော့ ရုံးအလုပ်ရယ်၊ စာသင်ရတာတွေရယ်၊ အိမ်ပြန်ရောက်လို့ အမေလူမမာတွက် လုပ်ကိုင်ပေးရတာတွေနဲ့ မအားတော့ မဖတ်ဖြစ်ပါဘူး။ ဒါပေမဲ့ တော်တော်များများပို့စ်တွေကတော့ စာဖတ်သူတွေပေးပို့တဲ့ စာတွေအပေါ် အခြေခံပြီးရေးထားတာ များပါတယ်။ တစ်ခါတစ်လေလည်း အားတဲ့အချိန်လေးမှာ ဖတ်မိတဲ့စာအုပ်တွေ၊ အင်တာနက်ပေါ်မှာ ဖတ်မိတဲ့နိုင်ငံခြားက စာစုလေးတွေထဲပေါ်ကနေလည်း ကိုယ့်ရဲ့ ကောက်နုတ်ထင်မြင်ချက်တွေကို ပြန်လည်ဝေမျှဖြစ်ပါတယ်။

တော်တော်များများကိုတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ရဲ့ခံစားချက်ပေါ် မူတည်ပြီးရေးသားဖြစ်တာများပါတယ်။

အပြင်မှာရှိတဲ့ ကိုယ်ကိုယ်တိုင်ကလည်း နွဲ့နွဲ့နှောင်းနှောင်း သိပ်မနေတတ်တော့ စာကိုလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ မရေးဖြစ်ပဲ လိုရင်းတိုရှင်း ကိုပဲထောက်ပြရေးသားလိုက်တာပါပဲ။ ကိုယ်ရေးလိုက်တာလေးတွေက အများဖြစ်နေတဲ့ သာမာန်အကြောင်းအရာတွေပေါ် အခြေခံရေးဖြစ်တာများတော့ ကိုယ်တော်လို့ထက် တိုက်ဆိုင်သူများက လက်ခံပေးလို့သာ ဒီအခြေနေရောက်လာရတာပါ။

၁၀။ လူငယ်ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှု ရထားတဲ့ Page တည်ထောင်သူ အစ်မ အနေနဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ အစ်မ အမြင်လေးနဲ့ ဘယ်လိုပုံစံလေးတွေနဲ့ ရပ်တည်သွားစေချင်လဲ ဆိုတာ ပြောပြပေးပါအုံး။

ကျွန်မငယ်ဘ၀ဖြတ်သန်းရတာ ကြမ်းတမ်းပါတယ်။ မိသားစုအထောက်အပံ့ မရှိခဲ့ပါဘူး။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ဘွဲ့ရတဲ့အထိ ခက်ခက်ခဲခဲ  ဖြတ်သန်းလာခဲ့ရတာပါ။ မိသားစုနဲ့လည်း အတူတကွ မနေခဲ့ရပါဘူး။ ပြောရရင် စိတ်ဒဏ်ရာတွေအများကြီးနဲ့ ကြီးပြင်းလာခဲ့ပါတယ်ပေါ့။ အလုပ်တွေအဆင်မပြေချိန် အကိုကလည်း အဝေးရောက်နေချိန်မှာ အမေက လေဖြတ်သွားတော့ တစ်ယောက်တည်း မနည်းကိုကြိုးစားရုန်းကန်ပြီး အမေ့အသက်ကို ကယ်ခဲ့ရပါတယ်။

ကျွန်မအဆင်မပြေချိန်တွေမှာ နင်းကျော်သွားတဲ့သူရှိသလို အနိုင်ကျင့်တဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျွန်မလဲကျခဲ့ဖူးပါတယ်။ လဲကျတုန်းက အနားမှာဆွဲတင်ပေးမဲ့သူလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မိသားစုအတွက် အားယူပြီး ပြန်ထခဲ့ပါတယ်။ သူများအိပ်တဲ့အချိန် ကျွန်မစာတွေရေးချင်ရေးနေလိမ့်မယ်။ ရုံးဆင်းလို့ သူများက အိမ်ပြန်ရောက်ချိန်မှာ ကျွန်မစာတွေသင်ချင်သင်နေရပါလိမ့်မယ်။ ကျွန်မကို သူငယ်ချင်းတွေကဆို သိပ်ပြောတာ ဘာလုပ်ဖို့ ဒီလောက်တောင် ပိုက်ဆံရှာနေရတာလဲ မေးကြပါတယ်။ တကယ်တော့ ကျွန်မလည်း သာမာန်မိန်းကလေးလိုပဲ အေးအေးဆေးဆေး မိဘလုပ်စာလေးပဲ ထိုင်စားပြီး မင်းသမီးတစ်ပါးလို နေချင်ပါတယ်။ ဒါပေမဲ့ ဘ၀ပေးအခြေနေအရ ကျွန်မမှာ ရေးချယ်ပိုင်ခွင့်မရှိဘူး။ အမေ့အတွက် မိသားစုအတွက် ကျွန်မရပ်တည်ပြီး သူအသက်ရှင်ဖို့ ကျွန်မလုပ်နေဖို့လိုတယ်လေ။ စိတ်ဓါတ်ကျချိန်တွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဓိကတော့ ကျွန်မရဲ့ မခံချင်စိတ်ဟာ ကျွန်မအတွက် တလွဲလမ်းမှား မဖြစ်စေပဲ ရှေ့ဆက် အကောင်းဆုံးလျှောက်လှမ်းလို့ရအောင် တိုက်ကျွေးတဲ့ အားဆေးတွေလို့ပဲယူဆပြီး လဲကျတိုင်း အမြန်ဆုံးပြန်ထပြီး လုပ်သင့်တာတွေကို အမှန်ကန်ဆုံးတွေရွေးချယ် လုပ်ဖြစ်ပါတယ်။ ကျွန်မ ဒီကနေ့အချိန်ထိ လမ်းကြောင်းမှန်မှန် သမာအာဇီဝနဲ့  မိသားစုကိုလုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့တာပါ။ ပင်ပန်းပေမဲ့လည်း အမေနဲ့မိသားစုကို လိုလေသေးမရှိ အကောင်းဆုံးပြုစုစောင့်ရှောက်နိုင်တဲ့အတွက် ပင်ပန်းရကျိုးနပ်ပါတယ်။ အခုချိန် အလုပ်တွေအဆင်ပြေတာဟာလည်း ကိုယ့်မိဘကို ပြုစုတဲ့အကျိုးကျေးဇူးလို့ပဲ ယူဆပါတယ်။ ကျွန်မဆီက မကောင်းတဲ့အချက်လေးတွေပယ်ပြီး ကောင်းတာလေးတွေကို စံနမူနာထားပြီး လုပ်စေချင်ပါတယ်။ လဲကျလို့ ပြန်ထလို့မရတာ မရှိပါဘူး ။ ပြန်မထချင်တာပဲရှိပါတယ်။ ဒါကြောင့်မို့ ကျွန်မလို သာမာန်မိန်းကလေးတောင် ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးရပ်တည်ပြနိုင်တာ ကျန်တဲ့လူတွေအားလုံးလည်း ကျွန်မထက်ပိုပြီး လုပ်ဆောင်ပြနိုင်မ်လို့ မျှော်လင့်ပါတယ်။ ဖြစ်စေချင်ပါတယ်။

 ၁၁။ အစ်မ စာရေးတာအပြင်အခြား ဝါသနာ ပါတာလေးတွေလည်း မျှဝေပေးပါအုံး။

ကျွန်မ ပန်းချီဆွဲတာတွေရယ် ဖက်ရှင်ဒီဇိုင်းပိုင်းတွေကို စိတ်ဝင်စားပါတယ်။

၁၂။ အစ်မ အနေနဲ့ ဂန္ထဝင်မဂ္ဂဇင်းမှတစ်ဆင့် အမျိုးသမီးတွေကို ဘာစကားလက်ဆောင်လေးများ ပါးလိုပါသလဲ။

ကျွန်မကိုယ်တိုင်လည်း တစ်ချိန်က ပျော့ညံတဲ့မိန်းမတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အနိုင်ကျင့်ခံရရင်လည်း ကိုယ်ချင်းစာစိတ်ပေါင်းများစွာနဲ့ ခေါင်းငုံ့ခံခဲ့ဖူးပါတယ်။ ဒီအတွက် ကျွန်မကိုယ်ရောစိတ်ပါ ထိခိုက်နာကျင်ခဲ့ရဖူးပါတယ်။ ကျွန်မခံစားလိုက်ရသလို တခြားအမျိုးသမီးတွေကို မခံစားစေချင်ပါဘူး။ လိုအပ်လာရင် စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ တုန့်ပြန်သင့်တာတွေကို ပြန်လည်တုန့်ပြန်စေချင်ပါတယ်။  သူတစ်ပါးထိုးနှက်မှုအောက်မှာ မပြိုလဲစေချင်ပါဘူး။ ပြိုလဲခဲ့ရရင်တောင် ပြန်ထပြီး လမ်းမှန်ကမ်းမှန်နဲ့ လျှောက်လှမ်းရင်း အောင်မြင်ဖြစ်ထွန်းစေချင်ပါတယ်။ လူတိုင်းကို ကျွန်မကိုယ်ထိလက်ရောက် လိုက်လံကူညီနိုင်မှ ကူညီနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့စာတွေဖတ်ပြီး စိတ်အားတက်ရတဲ့ စာဖတ်သူ အမျိုးသား၊  အမျိုးသမီးတွေအတွက် ကျွန်မရဲ့ စာမျက်နှာလေးများပေါ်ကနေ နေစဉ်နေ့တိုင်း ပျက်ရက်မ၇ှိ ကျွန်မတတ်စွမ်းသမျှလေးတွေ ရေးသားဝေမျှသွားပါဦးမယ်လို့…..။