မဟေမာမောင်နဲ့ (၅) မိနစ်တာအမေးအဖြေ

blank

ကိုယ် ရွေးချယ်ထားတဲ့ Professional ကို တစိုက်မတ်မတ်နဲ့ အောင်မြင်အောင်စွမ်းဆောင်နိုင်တာ တကယ့်ကို အတုယူသင့်တဲ့ အရည်အချင်းတစ်ခုပါ။ မဟေမာမောင် ကိုယ့်နယ်ပယ်ထဲမှာ ဒီလိုအခြေအနေရောက်အောင် ကြိုးစားခဲ့ရတဲ့ အားထုတ်မှုလေးတွေရယ်၊ ခံယူချက်တွေရယ်ကို စာဖတ်ပရိသတ်ကြီး အတုယူလို့ရအောင် အနည်းငယ် မေးမြန်းပါရစေရှင်။

၁။ အစ်မ ရဲ့ Education background လေးကို ဂန္ထဝင် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါအုံး။

အစ်မ ဒီမြန်မာပြည်မှာပဲ ကျောင်းတက်ခဲ့တယ်။ ငယ်ငယ်ကတော့ ဖေဖေတို့မေမေတို့နဲ့ သူတို့အလုပ်တွေရှိရာ နယ်မြို့လေးတွေမှာ ကျောင်းတွေလိုက်နေရတယ်။ ငယ်ငယ်က ပုသိမ်မှာ သူငယ်တန်းကနေ (၃) တန်းထိ ကျောင်းတက်ခဲ့တယ်။ ပြီးတော့ (၄)တန်း (၅)တန်းက ရန်ကုန်မှာ နောက် မန်းလေးမှာ (၆)တန်းကနေ (၉)တန်းထိနေတယ်။ ရန်ကုန် ဒဂုန် (၁) ကနေ ဆယ်တန်းအောင်တယ်။ ပြီးတော့ အစ်မတို့ Batch က Regionalတွေပြီးသွားရင် University ကို တိုက်ရိုက်ဝင်တဲ့နှစ်။ အဲ ဒီ နှစ်မှာပဲ အစ်မ အင်္ဂလိပ် Specialization ယူလိုက်တယ်။ လှိုင် တက္ကသိုလ်မှာ ၂နှစ်တက်ပြီးတော့ Honours ကို အမှတ်ကြည့်ပြီးခွဲတယ်။ အဲမှာ အစ်မ Honours ရပြီးတော့ (၃)နှစ် ဆက်တက်ရတယ်။ ၈၈နောက်ပိုင်းမှာ MA ဆက်တတ်တယ်။ English ကို Linguistics နဲ့ ယူလိုက်တာ စာသင်တာဝါသနာပါတော့လေ။ ပြီးတော့ ၁၉၉၂ မှာ British Council မှာ Professional Teacher’s Training စတက်တယ်။ အဲဒီမှာ CEELT ဆိုတဲ့ Language Teacher တွေကို Test လုပ်တဲ့ စာမေးပွဲ ဖြေတယ်။ ၁၉၉၉ မတ်လ မှာ International House London မှာ CELTA သွားလုပ်တယ်။ အဲဒါက နိုင်ငံတကာ အသိအမှတ်ပြုတဲ့ teacher’s training ပေါ့နော်။

၂။ အစ်မ မိသားစု အကြောင်းလေး နည်းနည်းပြောပြပါအုံး။

အမေရော အဖေရော ဆရာဝန်ပေါ့နော်။ အစ်မ အစ်ကိုတစ်ယောက်ပဲ ရှိတယ်။ သူကလည်း ဆရာဝန်ပဲ။ အစ်မ က ဆယ်တန်းဖြေပြီးတော့ ဆေးကျောင်းဝင်ဖို့ အမှတ်နဲနဲ လျော့သွားတယ်။ အဲဒါနဲ့ အစ်မရဲ့ဖေဖေက လည်း တခြားဟာကို ဘာမှမလျှောက်ခိုင်းတော့ English စိတ်ဝင်စားလားဆို စိတ်ဝင်စားတယ်ပေါ့။ အဲဒါနဲ့ပဲ ဒါကို Specialize လုပ်ဖြစ်လိုက်တယ်။

၃။ အစ်မ လက်ရှိတာဝန်ယူ လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍလေးတွေလဲ မိတ်ဆက်ပေးပါအုံး။

အစ်မက အခုလောလောဆယ် Freelance English teacher ၊ နောက်တစ်ခုကကျတော့ British Council က ကြီးမှူးကျင်းပနေတဲ့ Cambridge တက္ကသိုလ်က သူတို့ခေါ်တဲ့ ESOL Exams တွေမှာ one of the examiners at the British Council ပေါ့နော် နောက်တစ်ခုက General English ကို ကိုယ့်ရဲ့ မြန်မာကလေးတွေကို Freelance အနေနဲ့သင်ဖြစ်တယ်။

၎။ အစ်မ ဘယ်အသက်အရွယ်လောက်ကစ ခံယူချက်ပြင်းပြင်းနဲ့ ဒီလမ်းကြောင်းပေါ် စလျှောက်လှမ်းခဲ့လဲ ဆိုတာလေးလဲ ပြောပြပေးပါအုံး။

အဲဒါကိုပြောရရင် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကို မသိတဲ့အချိန်ထဲက ငယ်ငယ်ထဲက ဆရာမလုပ်တမ်း ကစားတယ်။ ဆရာဝန်အသိုင်းအဝိုင်းကဆို အမြဲ ဆရာဝန်လုပ်တမ်းကစားပေမယ့် အစ်မကတော့ ဘာလို့လဲ မသိဘူး အမြဲဆရာမလုပ်တမ်းပဲကစားဖြစ်တယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့လဲ သေချာမသိခဲ့ပါဘူး။ ၁၉၈၉ ဒီဇင်ဘာမှာ အစ်မသူငယ်ချင်းတွေရဲ့ မောင်တွေညီမတွေကို စသင်ပေးဖြစ်ခဲ့တယ်။

၅။ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။ နောက် ဘယ်လိုသဘောထားမျိုးနဲ့ ရင်ဆိုင်ဖြေရှင်းခဲ့လဲ ဆိုတာလည်း မျှဝေပေးပါအုံး။

အစ်မအနေနဲ့တော့ စာသင်တဲ့အလုပ်နဲ့ပတ်သက်ပြီး အရမ်းကြီး အခက်အခဲ အဲလိုမျိုးတော့မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီအချိန်တွေမှာ အစ်မက စာသင်တဲ့အလုပ်ကိုလုပ်နေပေမယ့် သူငယ်ချင်းတွေကတော့ နိုင်ငံခြားက Oil company တွေမှာ အလုပ်ဝင်လုပ်ကြတယ်။ အဲဒီအချိန်မှာ တော့ ဖေဖေကလည်း ကိုယ့်ကိုဖြစ်စေချင်တာပေါ့လေ။ သူငယ်ချင်းတွေ ဒေါ်လာတွေနဲ့ရနေတဲ့အချိန်ဆိုတော့ အစ်မကိုလည်း လုပ်စေချင်တာပေါ့။ အဲဒါလေးတွေတော့ရှိတယ်။ဒါပေမဲ့ အစ်မ အဲဒါကို အခက်အခဲလို့မယူဆပါဘူး။ ကိုယ့်အနေနဲ့ကျတော့ ယုံကြည်ထားတာက တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ကိုယ်လုပ်တဲ့အလုပ်က တစ်ခုခုတော့ ဖြစ်လာရမယ်ပေါ့။ ကိုယ့်သူငယ်ချင်းတွေက ဒေါ်လာ (၃၀၀)လောက်ရနေပြီ။ အစ်မကကျတော့ လခအနေနဲ့ က လည်းနည်းနည်းပဲယူထားတော့ သူငယ်ချင်းတွေနဲ့ ယှဉ်လိုက်ရင်တော့ နည်းနေတာပေါ့။ အဲဒါကိုဖေဖေကလည်း UNICEF မှာလုပ်မလား ဘာညာ မေးတယ်။ ဒါပေမဲ့အရမ်းကြီး ဖိအားပေးတာမျိုးတော့ မရှိခဲ့ပါဘူး။ စာသင်တဲ့ဆရာမဆိုတာ အပြင်ပန်းအနေနဲ့ကြည့်ရင်တော့ သိပ်မခက်ခဲဘူးထင်ရပေမယ့်။ အတန်းထဲမှာ တချို့ကလေးတွေက မလိုက်နိုင်တာရှိမယ်။ တချို့ကကျတော့ တခြားသူတွေကိုအနှောက်ယှက်ပေးတာမျိုးလေတွေပေါ့။ ဒါလေးတွေကဆရာမလုပ်တာကို စိတ်ဝင်စားတဲ့သူဆိုရင် သူ့ဘာသူဖြေရှင်းလို့ ရသွားမယ်လို့ထင်ပါတယ်။

၆။ အစ်မ အခုအလုပ်တွေကိုရော ဘယ်လို တိုးချဲ့ လုပ်ကိုင်သွားဖို့ အစီအစဉ်ရှိလဲ။

အခုကျတော့လေ အစ်မက စာသင်လာတာလည်း ၁၉၈၉ ဒီဇင်ဘာထဲကဆိုတော့ စာသင်သက်ကလည်း အတော်ရင့်နေပြီပေါ့နော်။ အင်္ဂလိပ်သင်ရတာတော့ စိတ်ဝင်စားတယ်။ အခုဘာလုပ်ဖို့လည်း အစီစဉ်ရှိနေလဲဆိုတော့ တခြားနိုင်ငံခြား Company တစ်ခုနဲ့ပေါင်းပြီးတော့ English ကတော့ အဓိကပေါ့နော်။ တစ်ခြား Training လေးတွေလည်းပေးမယ်။ Training ဆိုတာ Office Skill တို့ English Skill တို့ပေါ့။ အခုလက်ရှိ Company တွေမှာ လိုအပ်နေတဲ့ ကဏ္ဍလေးတွေပေါ့။ အဲဒါလည်း သိပ်မကြာတော့ဘူး ဖြစ်လာတော့မှာပါ။ ၂လ ၃လလောက်နေရင်ဖြစ်လာတော့မှာပါ။ စာသင်တဲ့အပိုင်းကလည်း English နဲ့ရော အခြား Training လေးတွေမှာပါ ကိုယ်တိုင် စာသင်ခန်းထဲ မဝင်နိုင်ရင်တော့ Admin ပိုင်းတွေကနေ ပါဝင်ဖြစ်နေအုံးမှာပါ။

၇။ လူငယ်တွေ အများဆုံး ကြုံနေရတဲ့ အလုပ်နဲ့ မိမိစိတ်ဝင်စားမှု သွေဖယ်နေရခြင်း အပေါ် အကြံအညဏ်လေးတွေနဲ့တကွ အမ အမြင်လေး သုံးသပ်ပေးပါအုံး။

အဲဒါကကျ သူတို့ စိတ်ဝင်စားမှု ကအရေးအကြီးဆုံးပဲ။ ကိုယ်လုပ်မယ့်အလုပ်တစ်ခုကို ကိုယ်တစ်ကယ်စိတ်ဝင်စားတာလား ဒါမှမဟုတ် သူငယ်ချင်းတွေကစိတ်ဝင်စားနေလို့ ကိုယ်ကလိုက်စိတ်ဝင်စားတာလား ဒါမှမဟုတ် အိမ်ကနေ အရမ်း Pressure ပေးလို့စိတ်ဝင်စားတာလား ဒါလေးတွေကသိပ်အရေးကြီးပါတယ်။ အဲဒီအရွယ် ၁၆-၁၇ လောက်ဆိုတာ ငယ်သေးတာမှန်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဘာလုပ်ချင်လဲဆိုတာ ကိုတော့ သုံးသပ်ရပါမယ် ။ နောက်တစ်ခုကကျတော့ တာဝန်ယူတတ်ရမယ်ပေါ့။ ဥပမာ ကျောင်းသားဆိုလဲ ကျောင်းသားတာဝန် ကိုယ့်တာဝန်ကိုယ်ယူတတ်ရမယ် ။ ခုလောလောဆယ် အစ်မအမြင်ပြောရရင် မိဘတွေကလည်းသားသမီး တွေကိုအရမ်းဖြစ်စေချင်ကြတယ်။ ဒါကိုအပြစ်လို့တော့ပြောလို့မရပါဘူး။ တစ်ခုရှိတာက ကိုယ့်ကလေးက ဘယ်လောက်ထိလိုက်နိုင်လဲ။ ဘယ်လောက်ထိသွားနိုင်လဲ ဆိုတာ စိတ်ဝင်စားမှု ဘယ်လောက်ထိရှိနိုင်လဲဆိုတာ သိဖို့လိုပါတယ်။ အချို့အဲဒါတွေ သတိမထားမိတော့တဲ့ အခါမှာတော့ ကလေးတွေဟာ စိတ်ဝင်စားမှုထက် Pressure တစ်ခုအောက်မှာ လုပ်ဆောင်နေရသလိုဖြစ်ပြီး အောင်မြင်ဖို့ အလားအလာ အရမ်းနည်းသွားပါပြီ။ သူဘာဖြစ်ချင်လဲဆိုတာ နားစွန့်ပြီး Support လုပ်ပေး။ ဒါဆိုရင်တော့ လူငယ်တွေအောင်မြင်ဖို့အလားအလာ အရမ်းများလာပါပြီ။ နောက်တစ်ခုကကျတော့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ယူတတ်ဖို့လိုပါတယ်။ အမှားဆိုတာကတော့ လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ရှိကြတာပဲ။ မှားပြီဆိုရင် ဘာကြောင့်မှားတာလဲ။ နောက်တစ်ခါ မမှားအောင်ဘယ်လိုလုပ်မလဲ။ နောက်တစ်ခါထပ်မှားခဲ့ရင်တောင် ကိုယ့်အမှာက အခြားသူတွေကို မထိခိုက်ဖို့နဲ့ ကိုယ့်ဘဝတစ်ခုလုံး ဆုံးရှုံးသွားတာမျိုး မဖြစ်စေနဲ့ပေါ့နော်။ နောက်ဆုံးအရေးကြီးတာ ရွေးချယ်မှုမှန်ကန်ဖို့ပါပဲ။ မိဘတိုင်းကတော့ သားသမီးတွေကို ပညာတတ်တွေဖြစ်စေချင်ကြတာပဲ ဒါပေမယ့် ကိုယ့်ကလေးက ပညာရေးမှာ ဘယ်လောက်ထိ ထွန်းပေါက်နိုင်လဲ။ စီးပွားရေးလုပ်ချင်တယ်ဆိုလဲ သူ့စိတ်ဝင်စားမှုတွေနဲ့ သင့်တော်မလား မသင့်တော်ဘူးလားဆိုတာတွေ ကို သေချာစဉ်းစားပေးဖို့လိုပါတယ်။ နာမည်ပေးသလိုပေါ့ တစ်သက်လုံးအတွက် နာမည်တစ်လုံးပေးလိုက်တာဖြစ်လို့ Professional ရွေးတဲ့အခါမှာလဲ လွဲမှားမသွားဖို့အထူးဂရုစိုက်သင့်ပါတယ်။

၈။ အစ်မ ပရဟိတ အလုပ်တွေလည်း အများကြီး လုပ်နေတာ တွေ့ရပါတယ်။ ပရဟိတနဲ့ပတ်သက်ပြီး အမ ရဲ့ ခံယူချက်လေး မျှဝေပေးပါအုံး။

ပရဟိတစိတ်ကတော့ ဖေဖေတို့မေမေတို့ဆီက အမွေရတယ်ပြောရမလားပဲ။ သူတို့က လူတွေကို ကူညီချင်တဲ့စိတ်တွေရှိကြတယ်။ သူတို့လုပ်တာတွေကြောင့်လဲ ပါသလို ကိုယ်တိုင်လည်း သူများကိုကူညီရတာ ဝါသနာပါတယ်။ ကိုယ်တွေကသာ ဒီလို မိသားစုကနေ ပေါက်ဖွားလာလို့ ဘဝနေထိုင်မှုလေးတွေ ကျေနပ်စရာကောင်းပေမယ့် ကိုယ်လိုမျိုး ကံမကောင်းတဲ့သူတွေကို တတ်နိုင်သလောက်ဖေးမရတာကို ကုသိုလ်တစ်ခုလို့လဲ မြင်တယ်လေ။ ဘာသာရေးရှုထောင့်က မကြည့်နဲ့အုံး အနည်းဆုံးတော့ ကိုယ့်ဘဝကို တန်ဖိုးထားတတ်လာတယ်။ ခုလောလောဆယ်တော့ ကိုယ်တိုင်လဲ ဆရာမတစ်ယောက်ဖြစ်နေတဲ့အတွက် ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ပညာရေးဘက်မှာ တတ်နိုင်သလောက် ကူညီပေးတယ်။ ကိုယ်ကိုယ်တိုင်စာသွားမသင်နိုင်ဘူးဆိုရင်လဲ ဘယ်လောက်ထောက်ပံ့လို့ရမလဲ ငွေကြေးအနေနဲ့ပေါ့။ နောက်တပည့်တွေထဲက Volunteer လုပ်ချင်တယ်ဆိုလဲ introduce လုပ်ပေးတယ်။ အခြား charity groups တွေနဲ့ ပေါင်းပြီးတော့လည်း လုပ်ဆောင်စရာရှိတာတွေ များကြီးလုပ်သွားပါမယ်။ အစ်မ က ပရဟိတလုပ်ရတာကို နှစ်သက်တာ။ ဝါသနာပါတာလို့လည်းပြောလို့ရတာပေါ့။

၉။ ပရဟိတနဲ့ ပတ်သက်ပြီး အစ်မ လက်ရှိဆောင်ရွက်နေတဲ့ ပုံစံလေးတွေ လဲ ပြောပြပေးပါအုံး။

အခုလောလောဆယ် အစ်မ တစ်ယောက်တည်းအနနဲ့က ခုနကပြောတဲ့ Monasteries တွေမှာကူညီပေးတယ်။ တတ်နိုင်သလောက်ပေါ့။ အခုတော့ အောင်မြေသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ နောက် ဒဂုန်ဆိပ်ကမ်းက ဝိသာခါ အဲဒီမှာလဲကူညီပေးတယ်။ နောက်သူငယ်ချင်းတွေဘာတွေ အလှူဘာညာ လုပ်ချင်တယ်ဆိုလည်းခေါ်သွားပေးတယ်။ သူတို့မတည်ငွေတွေထဲ မှာ ပညာရေးနဲ့ပတ်သက်တာတွေ သုံးဖို့ လှူပေးကြတယ်ပေါ့။ အခြားအဖွဲ့အစည်းတွေမှာလည်း ကိုယ်လက်လှမ်းမီသလောက်တော့ ကူညီဖြစ်ပါတယ်။ Community မှာရှိတဲ့ ခေါင်းဆောင်တွေ ပူးပေါင်းပြီး ဖွဲ့စည်းထားသော international organization တစ်ခုဖြစ်တဲ့ Rotary International ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ယောက်အနေနဲ့လည်း အစ်မက charitable activities တွေ ပူးပေါင်းဆောင်ရွက်ဖြစ်တယ်။ ဟိုတလောကဆို လမ်းမလျှောက်နိုင်တဲ့ ကလေးလေးတွေအတွက် Wheel chair လေးတွေသွားလှူဖြစ်ကြတယ်။ အဲလိုသွားတဲ့အခါ သူတို့ဘဝလေးတွေကြည့်ပြီး ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်လာတယ်။ သူများကိုကူညီပေးရတာလည်းအင်မတန်မွန်မြတ်လာတယ် ဆိုပြီး ယူဆမိလာတယ်။

၁ဝ။ လက်ရှိအလုပ်တွေအပြင် အစ်မ အခြားစိတ်ဝင်စားတဲ့ အရာလေးတွေရှိရင် သိပါရစေ။ အမ အားလပ်ချိန်တွေ ကို ဘယ်လို အသုံးချလေ့ရှိလဲ သိပါရစေ။

အရင်ကတော့ အချိန်အားရင်အားသလို English ကဗျာလေးတွေရေးတတ်တယ်။ အစ်မ Hobby ပေါ့အဲဒါကတော့။ အခုနောက်ပိုင်း အချိန်သိပ်မရတော့ Facebook မှာ ကိုယ့်ပတ်ဝန်းကျင်မှာတွေ့နေရတာလေးတွေ အခြေခံပြီး Inspirational Quotes လေးတွေရေးဖြစ်တယ်။ ရုပ်ရှင်ကြည့်တယ်။ သတင်းနားထောင်ဖြစ်တယ်။ ဝတ္ထုတွေ ဘာတွေတော့ သိပ်မဖတ်ဖြစ်တော့ဘူး။ Reader’s Digest တွေဖတ်ဖြစ်တယ်။ နောက် Facebook သုံးတဲ့အခါ စိတ်ဝင်စားဖို့ကောင်းတဲ့ Articles တွေဖတ်ဖြစ်တယ်။

၁၁။ အစ်မကို ကြည့်ရတာ အမြဲ လန်းဆန်းတတ်ကြွနေပြီး စတိုင်ကျ လှပနေတာကို တွေ့ရပါတယ်။ work-life balance တစ်ခုရအောင် ဘယ်လို ဖန်တီးနေထိုင်ပါသလဲ။

အဲဒါကတော့လေ အစ်မ အနေနဲ့ ထင်တာတော့ လူတစ်ယောက်အနေနဲ့ ဘယ်လောက်အလုပ်များများ ကိုယ်ကြိုက်တာလေးကိုတော့ လုပ်ဖို့အချိန်ဆိုတာ ရှိပါတယ်။ ဝတ်တာစားတာဆိုလဲ သွားတဲ့နေရာနဲ့ လိုက်လျောညီထွေဖြစ်နေအောင် ၊နောက်သူများအမြင်တင့်တယ်ဖို့ဆိုတာထက် ကိုယ့်အနေနဲ့လည်း ဒီလိုဝတ်စားဆင်ယင်လိုက်ခြင်းအားဖြင့် စိတ်အားတက်ကြွစေတယ်ပေါ့။ အရမ်းကြီးတန်ဖိုးကြီးတာတွေမလိုဘူး။ ကိုယ့်အနေနဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ဟာလေးတွေ ရွေးချယ်သုံးတတ်ရင်ရပြီ။ အဲလိုလေးတွေပဲ Balance ဖြစ်အောင် ဝတ်စားနေထိုင်ဖြစ်တယ်။ နောက် အားလပ်ချိန်လေးတွေမှာလည်း ကိုယ်ဝါသနာပါတာလေးတွေ လုပ်နိုင်ဖို့ ဒီလိုပဲ အဆင်ပြေအောင် Manage လုပ်ရတာပေါ့။

၁၂။ လူငယ်တွေနဲ့လည်း အမြဲထိတွေ့ဆက်ဆံနေရတာ ဆိုတော့ သူတို့ ဘဝအတွက် အထောက်အကူ ဖြစ်စေမယ့် အကြံညဏ် လေးတွေမျှဝေပေးပါအုံး။

အဲလိုပြောရမယ်ဆိုရင်တော့ လူငယ်တွေအနေနဲ့ ပျော်ပျော်နေတာမှန်ပါတယ်။ ကိုယ်ပျော်တာက သူများကိုမထိခိုက်စေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ထိခိုက်လောက်တဲ့ထိ မဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်ဘဝအာမခံချက်ရဖို့အတွက် တတ်နိုင်သလောက် အားစိုက်ထုတ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အပေါင်းအသင်ကြောင့်ပျက်တယ်ဆိုပေမယ့် ဘယ်လောက်ပဲဖျက်ဖျက် ကိုယ့်ခံယူချက်တွေ ခိုင်မာနေခဲ့ရင် ဘာမှမဖြစ်နိုင်ပါဘူး။ နောက်တစ်ခုအနေနဲ့က ကိုယ်လုပ်မယ့်အလုပ်တွေက ကိုယ့်အတွက် တကယ်အထောက်အကူဖြစ်ရဲ့လား။ သူများတစ်ဖက်သားကိုရော ထိခိုက်နိုင်လား စတာတွေပေါ့။ ကိုယ်လုပ်မယ့်အလုပ်က အများကိုပါအကျိုးဖြစ်ထွန်းစေမယ်ဆိုရင်တော့ ပိုကောင်းမယ်။ အဲဒါလေးတွေထည့်စဉ်းစားဖို့တော့ အစ်မ အကြံပေးချင်ပါတယ်။

၁၃။ အစ်မနိုင်ငံခြားခရီးတွေလဲ ခဏခဏ ထွက်တာတွေ့ဖူးတယ်။ အစ်မ ခရီးသွားခြင်းက ရလာနိုင်တဲ့ အကျိုးကျေးဇူးလေးတွေလဲ သိပါရစေ။

အင်း… ခရီးတွေကတော့ ခဏခဏထွက်ဖြစ်တယ်။ အစ်မ ပြည်တွင်းပဲသွားသွား နိုင်ငံခြားပဲသွားသွား အစ်မအနေနဲ့ ကောင်းတဲ့ Culture လေးတွေကိုတော့ အတုယူဖြစ်တယ်။ ဂျပန်သွားတုန်းကဆိုရင် ဂျပန်လူမျိုးတွေက အင်မတန် စည်းကမ်းရှိတယ်။ ယဉ်ကျေးတယ်။ အမှိုက်မပစ်ရဘူး ဆိုမပစ်ဘူး။ တန်းစီရမယ်ဆိုစီတယ်။ နောက် အမေရိကားမှာဆိုလည်း အစ်မတို့ Movie တွေထဲမှာတွေ့ရသလို အရမ်းလွတ်လပ်နေတာမျိုး မဟုတ်ဘူး။ ကျောင်းချိန်ကျောင်း သူတို့တာဝန်သူတို့ယူတယ်။ အဖေအမေ အလုပ်သွားနေတာမျိုးဆိုလည်း သူတို့ကူနိုင်တာလေးတွေ လုပ်ကြတာကို တွေ့ရတယ်။ ဒါလေးတွေ လေ့လာမိတယ်ပေါ့။ တစ်ခါတစ်လေ တစ်နိုင်ငံထဲမှာတောင် Culture မတူတာလေးတွေ ရှိတာပေါ့ ။ မန်းလေးသွားတယ်ဆိုလည်း မန်းလေးက လူတွေရဲ့ ဓလေ့စရိုက်သဘာဝလေးတွေ ပေါ့ ကောင်းတာလေးတွေ အစ်မ အမြဲအတုယူ လေ့လာမိတယ်။ ကိုယ့်နိုင်ငံမှာ အချို့လိုအပ်နေတဲ့အပိုင်းလေးတွေဆိုလည်း တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒါပါပဲ။

၁၄။ အစ်မ ဘဝတစ်လျှောက်လုံး ရပ်တည်ရှင်သန်ချင်တဲ့ ဘဝနေထိုင်မှုပုံစံလေး မျှဝေပေးပါအုံး။

ဆရာမအလုပ်ကတော့ ငယ်ငယ်ထဲက ဝါသနာပါတာဖြစ်လို့ လုပ်နိုင်တဲ့အချိန်ထိလုပ်သွားမှာပဲ။ လမ်းမလျှောက်နိုင်လို့ လူက wheelchair ထဲမှာ ရှိနေအုံး ဦးနှောက်က စာသင်နိုင်သေးရင် သင်နေအုံးမှာပါ။ ကိုယ်သိတဲ့အသိပညာတွေကို မျှဝေပေးချင်တယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ကိုလည်း ကိုယ်တတ်နိုင်သလောက် အကျိုးပြုချင်တယ်။ လူဖြစ်လာပြီဆိုတန်ဖိုးရှိတဲ့ လူသားတစ်ဦးဖြစ်ချင်တယ်။ အဲတော့ တတ်နိုင်သမျှ လူတွေကို ဘယ်လိုကူညီလို့ရမလဲ။ လူငယ်တွေအတွက် တိုင်းပြည်အတွက် ကိုယ်ဘယ်လိုအခန်းကဏ္ဍက ပါဝင်လို့ရမလဲ အဲဒါကိုတော့ အစ်မ လုပ်ပေးချင်တယ်။ ကိုယ်လုပ်တာက အရမ်းကြီးပြီး အကျိုးသက်ရောက်မှု ရှိချင်မှလဲရှိမယ် ဒါပေမဲ့ ကိုယ့်အနေနဲ့ကတော့ ဗဟုသုတပေးတာလေးတွေတော့ လုပ်သွားချင်ပါတယ်။

၁၅။ အစ်မ စာဖတ်ပရိသတ် ညီငယ်၊ ညီမငယ်လေးတွေကို ဘာ အကြံဥာဏ် ပေးချင်ပါသလဲ။

အစ်မက အင်္ဂလိပ်ဆရာမဖြစ်တဲ့အတွက် English ကိုလေ့လာချင်တယ်ဆို အပေါ်ယံလေ့လာတာမျိုးမဟုတ်ဘဲ စိတ်ပါလက်ပါလေ့လာကြပါ။ စကားလုံးတစ်လုံးကို ကြားလိုက်ပြီဆို ကြားတာနဲ့ လိုက်သုံးတာမျိုးထက် သေချာအောင် ပြန်Check လုပ်တာမျိုးပေါ့။ အခုခေတ်က Dictionary သိပ်အားမကိုးကြတော့ဘူး။ အစ်မကတော့ Dictionary သုံးတတ်တဲ့အကျင့်က ဖေဖေ့ဆီကရခဲ့တာ။ အဲတော့ အားတဲ့အချိန်လေးတွေမှာ ကိုယ်မသိတဲ့စကားလုံးလေးတွေ လေ့လာပါ။ လုပ်ပါများရင်တော့ အကျင့်ကနေ ဝါသနာဖြစ်လာမှာပါ။ နောက် ခုခေတ်က လူငယ်တွေ Facebook တအားသုံးလာကြတဲ့အခါ Burglish တွေ အသုံးများလာတယ်။ သုံးတာလဲသုံးပေါ့ ဒါပေမဲ့ တကယ့်  English ကို ထိခိုက်လောက်အောင်တော့ မဖြစ်ကြဖို့သတိပေးချင်ပါတယ်။

နောက်တစ်ခုပြောချင်တာက ကျင့်ဝတ်ပေါ့ (Ethics) ပေါ့။ လူတိုင်းကိုယ့် နယ်ပယ်မှာ ကိုယ့်ကျင့်ဝတ်ကို နားလည်ပြီး လိုက်နာကျင့်သုံးကြမယ်ဆို မတို့ နိုင်ငံက တိုးတက်လာဖို့ အလားအလာတွေအများကြီး ရှိလာမှာပါ။