ဂုဏ်ရည်အေးကျော်နဲ့ (၅) မိနစ်တာ အမေးအဖြေ

blank
Photo Credit: missosology.org

မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူများရဲ့ “5-Minute Biography of Successful Women” ကို ဂန္တဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်လိုက်ပါတယ်။

ဒီအပတ်မှာတော့ မြန်မာ့ Miss လောကမှာ ထိပ်တန်းရောက် အောင်မြင်ပြီးဖြစ်တဲ့ မဂုဏ်ရည်အေးကျော် ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မဂုဏ်ရည်ရဲ့အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။

၁။ ဂုဏ်ရည် မိသားစုအကြောင်း ဂန္ထဝင်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါအုံး။

ဂုဏ်ရည့် မိသားစုက မိသားစုဝင် ၄ ယောက်ပါ။ ဂုဏ်ရည်မှာ အစ်မကြီးတစ်ယောက်ရှိပါတယ်။ ထူးဆန်းတာက အစ်မနဲ့ ဂုဏ်ရည်က အသက် အသက် (၁၃) နှစ်ကွာပါတယ်။ ၁၃ နှစ်ထိ အစ်မကလည်း တစ်ဦးတည်းသော သမီးလိုပဲ။ ဂုဏ်ရည်မွေးလာတော့လည်း အစ်မက ကြီးနေပြီဆိုတော့ အိမ်မှာ ဂုဏ်ရည်ကလည်း တစ်ဦးတည်းသော သမီးလိုဘဲပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြပါတယ်။ အဖေကတော့ ဆရာဝန်၊ အမေကတော့ တရားလူတော့ရှေ့နေ။

၂။ ဂုဏ်ရည့် ပညာရေးနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါအုံး။

ဂုဏ်ရည်က ပညာရေးမှာ မန္တလေး UFL (University of Foreign Languages) ကနေ B.A (Eng) ရထားတယ်။ International Diploma ကို NCC Education England ကနေပြီးတော့ Computer Studies Diploma မှာ ရထားတယ်။

၃။ လက်ရှိ ဂုဏ်ရည် တာဝန်ယူလုပ်ဆောင်နေတဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါအုံး။

လက်ရှိတာဝန်ယူ လုပ်ဆောင်နေတယ်ဆိုတာတော့ အကြီးကြီး တာဝန်ယူထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အခု John Robert Powers’ ဆိုပြီး Personality Development and Finishing School တစ်ခုကို ဖွင့်တော့မယ်လေ။ John Robert Powers’ ကနိုင်ငံတကာမှာ ရှိပေမယ့် Asia မှာဆို Philippines နဲ့ Thai မှာ ရှိပြီးသား။ Thai မှာဆိုလို့ရှိရင်လည်း  Thai Royal Family ကို John Robert Powers’ က train ပေးတယ်ပေါ့နော်။ How to be a smart girl, မိန်ကလေးတွေ smart ဖြစ်အောင်လို့ စားပုံ၊ သောက်ပုံ၊ နေပုံ၊ ထိုင်ပုံ၊ လမ်းလျှောက်ပုံ၊ photo modeling လုပ်ပုံတွေက အစသင်ကြာပေးတယ်။ မြန်မာပြည်မှာလည်း အဲဒီကျောင်း ပထမဦးဆုံး ဖွင့်မယ်ဆိုတော့ ပထမဆုံးအသုတ်မှာ ဂုဏ်ရည်တို့လည်း ဝင်တက်မယ်။ ပြီးတော့ part-time trainer အနေနဲ့ ဝင်လုပ်မယ်။ ကျန်တာကတော့ ဂုဏ်ရည်အခု MC ပွဲတွေ လက်ခံတယ်။ MC (Master of Ceremoinies) တစ်ယောက်အနေနဲ့ရော photo model တစ်ယောက်အနေနဲ့ပါ ရပ်တည်သွားပါမယ်။

၎။ Miss Myanmar ပြိုင်ပွဲအပေါ် ဂုဏ်ရည့် ခံယူချက် နဲ့ အမြင်လေး သုံးသပ်ပြပါအုံး။

ဂုဏ်ရည်တို့ ပြိုင်တုန်းကကျတော့ ဂုဏ်ရည်တို့ရှေ့မှာ တစ်ပွဲပဲရှိခဲ့တယ်။ မနန်းခင်ဇျေယာ ရသွားတဲ့ပွဲလေ။ ဒီလိုတစ်ပွဲဘဲရှိသေးတော့ ဒုတိယ Miss Myanmar အနေနဲ့ ပေါ်ထွက်လာတော့ အားလုံးက အာရုံပိုလည်းစိုက်ကြတယ်။ ဂုဏ်ရည်တို့ကလည်း ပိုကြိုးစားရတယ်။ Channels တွေရဲ့ ဝေဖန်တာတွေရော အများကြီး ခံခဲ့ရတယ်။ Talent Shows တွေမှာရော။ ဂုဏ်ရည်ပွဲက ထူးခြားတာက စင်ပေါ်မှာ အင်္ဂလိပ်လိုတွေ အမေးအဖြေတွေ လုပ်ရတယ်ပေါ့နော်။ ပြီးရင် တစ်ယောက်ချင်းစီ ဖြုတ်တယ်။ ဖြေနိုင်ရင် ဖြေနိုင်သလို အမှတ်တွေရပြီး မဖြေနိုင်တော့လည်း ပရိသတ်တွေအရှေ့မှာ တည့်တည့်ကြီး ဂွမ်းတာပေါ့နော်။ အဲဒီတော့ ပိုပြီးတော့ ကြိုးစားခဲ့ရတယ်။ ပိုပြီးလည်း လူသိသွားတယ်ပေါ့နော်။ အခုကျတော့ လူတွေအရမ်းများလာတော့ ပရိသတ်အာရုံစိုက်မှုတွေ နည်းသွားသလို quantity များလာတဲ့ပေါ်မှာ quality တွေကျလာတာတွေကိုတော့ ရှင်းရှင်းပြောရရင် ဂုဏ်ရည်မကြိုက်ပါဘူး။ ဒါပေမယ့် Miss Myanmar ဆိုတာကကျတော့ company တစ်ခုကို ကိုယ်စားပြုရတာမဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုကိုလည်း မဟုတ်ဘူး။ Miss Myanmar ဖြစ်နေတာဆိုတော့ တစ်နိုင်ငံလုံးကို ကိုယ်ကကိုယ်စားပြုထားရတာ။ ဒီလိုဆိုတော့ သာမာန်လေးသဘောထားပြီးတော့ Miss ရရင်ပြီးရောဆိုပြီးတော့ ပြီးပြီရော ဂုဏ်ရည်မပြိုင်စေချင်ဘူး။ Talent ပြရမယ့်အပိုင်းတွေရှိတယ်။ နိုင်ငံတကာထိ မြန်မာဆိုတာကို ကိုယ်စားပြုရမယ့် အပိုင်းတွေမှာ ကိုယ်ကပြီးပြီးရော လုပ်ထားသလို ကိုယ့်နိုင်ငံပေါ်မှာလည်း image တွေ အများကြီးကျတယ်။ ကိုယ် English စကား မပြောနိုင်လည်း တခြားဘာသာတွေ ပြောတတ်ရင်တော့ credit ဆိုပေမယ့် နိုင်ငံတကာသုံး english မပြောနိုင်ရင်တော့ ဟိုရောက်မှ မေးခွန်းတွေ မဖြေနိုင်တာတို့၊ နားမလည်တာတို့ဆို နိုင်ငံရဲ့ impression ဘယ်လောက်ကျသလဲ။ Miss Myanmar ဆိုတဲ့ ဂုဏ်ကြီးတစ်ခုကို လိုချင်လို့ရှိရင် အဲဒါတွေကို နောက်လာမယ့် Miss တွေကို သေချာပြင်ဆင် ထားစေချင်ပါတယ်။ ဒါကိုပဲ ဂုဏ်ရည်အကြံပေးချင်တာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ မယ်မြန်မာပြိုင်ပွဲ စဝင်ဖြစ်သွားပုံလေးနဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ရပုံလေးတွေကို ဂုဏ်ရည် အတွေ့အကြုံလေးတွေနဲ့ မျှဝေပေးပါအုံး။

မယ်မြန်မာပြိုင်ပွဲကို စဝင်ဖြစ်ခဲ့ပုံက ဂုဏ်ရည် ဒီ Miss Myanmar တစ်ယောက်ဖြစ်မလာခင်မှာ ဂုဏ်ရည်ပြိုင်ပွဲတွေ အများကြီး ပြိုင်ထားခဲ့သေးတယ်လေ။ Miss People တို့ Miss Tourism တို့ ပြိုင်ခဲ့ဖူးတယ်။ ဒီပြိုင်ပွဲမှာကျတော့ talent show တွေ၊ အမေးဖြေတွေပါ ပါတော့ သေချာပြန်ပြီး လေ့ကျင့်ရတယ်။ ဂုဏ်ရည်တို့နှစ်၂ဝ၁၃ မှာ တစ်လလုံးသော training သွင်းပြီးတော့ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က ဂုဏ်ရည်တို့ကို train တယ်။ တကယ့်ကို နာမည်ကြီးပုဂ္ဂိုလ်၊ စီးပွားရေးရှင်တွေကစ ဂုဏ်ရည်တို့ကို train တဲ့ထည်းမှာ ပါတယ်ပေါ့နော်။ အဲဒီတော့ ပြိုင်ပွဲမှာ crown မရခဲ့ဘူးဆိုရင်တောင် ဘဝမှာ အသုံးချနိုင်တဲ့ သင်ခန်းစာတွေ အများကြီးရခဲ့တာမို့ ဂုဏ်ရည်တို့အတွက်တော့ အရမ်းကိုတန်တယ်။ အရမ်းသဘောလည်း ကျပါတယ်။ Miss Myanmar International ကို Myanmar Tourism Federation ကလုပ်တာလေ။ သူတို့တွေကိုလည်း ဂုဏ်ရည်အများကြီး ကျေးဇူးတင်ပါတယ်။ သူတို့အရမ်းစီစဉ်ပေးနိုင်တယ်။ နိုင်ငံတကာ Travel Expo တွေကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ခဏခဏ သွားရတယ်။ ဂုဏ်ရည်တို့နှစ်တုန်းက လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား ၊ ဂျပန် သွားရတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ Miss ဆိုလည်း ဂျာမနီနိုင်ငံ နောက်ပြီး အခြား Europe ခရီးစဉ်တွေထိ သွားရတယ် ။ ဆိုတော့ Miss Myanmar International ဆိုပြီး နိုင်ငံခြားမှာသွားပြိုင်နေတဲ့ တစ်ကြိမ်ပဲ နိုင်ငံကို ကိုယ်စားပြုရတာ မဟုတ်ဘဲ နိုင်ငံကို အကြိမ်ကြိမ် အခါခါ ကိုယ်စားပြုရတာကြောင့် ဒီတစ်ခေါက် ပြိုင်မယ့် မြန်မာအမျိုးသမီးလေးတွေကို သေချာအာရုံ စူးစိုက်ပြီး ပြင်ဆင်ထားဖို့ ဂုဏ်ရည် အကြံပေးချင်ပါတယ်။

၆။ ပြိုင်ပွဲတစ်လျှောက်ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ဘယ်လို စိတ်ဓါတ်ခံယူချက်တွေနဲ့ ရင်ဆိုင်ကျော်လွှားခဲ့လဲ ပြောပြပေးပါအုံး။

အဓိကကတော့ ဂုဏ်ရည် သွားရေးလာရေးပြဿနာပဲ။ ဟိုမှာရှိနေတဲ့ အမျိုးတွေကလည်း သူ့အလုပ်နဲ့သူဆိုတော့ သွားစရာရှိတာ ကိုယ့်ဘာကိုယ် သွားရတယ်။ အစိမ်းသက်သက် နယ်မြေတစ်ခုဆိုတော့ ခရီးအကွာအဝေးကိုလည်း မမှန်းတတ်တော့လေ တစ်ခါတစ်လေ အစောကြီး ကြိုရောက်နေတာမျိုးတွေ ရှိတယ်။ နောက်ကျသွားလို့ Fine ပေးရတာတွေလည်း ကြုံရတယ်။ ပြီးတော့ အဲအချိန်မှာ ဒယ်ဒီက ခေါင်းကို ခိုက်မိပြီး သွေးတိုးလည်း ရှိတော့ခေါင်းထဲမှာ သွေးယိုသွားတာ အဲဒါနဲ့ ချက်ချင်းခွဲဖို့ လုပ်ရတယ်။ နိုင်ငံခြားသွားဖို့တောင် အချိန်မရလိုက်ဘူး။ အဲဒါနဲ့ ဂုဏ်ရည် စဉ်းစားလိုက်တာ မပြိုင်တော့ဘူးပေါ့။ ဒါပေမဲ့မေမေက မရဘူး ပြိုင်ရမယ်။ မေးခွန်းတွေက အဲလောက်မခက်ဘူး ။အင်္ဂလိပ်လိုဖြေရမှာမို့သာ ခက်ခဲနေကြတာ။ ဆုယူပြီး ပြန်လာခဲ့ပါဆိုတာနဲ့ အခက်အခဲတွေကြားထဲက ရအောင်ကြိုးစားခဲ့ရတာပါ။ နောက်ပြီး အဲဒီအခက်အခဲတွေက အခွင့်အလမ်းတွေအဖြစ်ပြောင်းပေးခဲ့တာ ဂုဏ်ရည်ကို သွားရေးလာရေးခက်ခဲတော့ ဂုဏ်ရည် အပြင်သိပ်မထွက်တော့ ဘဲ အိမ်မှာ လိုအပ်တဲ့ Knowledge တွေကို Self-Study လုပ်လိုက်တယ်။ ပြိုင်ပွဲမှာ ဂုဏ်ရည် ကောင်းကောင်း ဖြေနိုင်ခဲ့ပါတယ်။

၇။  အစ်မအနေနဲ့ ရှေ့ဆက်ရော အနုပညာလောကမှာ ဘယ်လိုရပ်တည်သွားဖို့ ရည်ရွယ်ချက်ရှိပါသလဲ။

အစကတည်းကလည်း ဒီလောကထဲကို Miss တစ်ယောက်အနေနဲ့ရောက်လာတယ်။ ပြီးတော့ ဂုဏ်ရည်ရဲ့ပန်းတိုင်ကလည်း Miss တစ်ယောက်အနေနဲ့ ရပ်တည်ချင်တာ ဖြစ်ပါတယ်။ နောက် ဂုဏ်ရည်က စကားပြောရတာ ကြိုက်တယ်။ ကိုယ်သိထားတဲ့ အသိပညာတွေကို အများနဲ့ Sharing လုပ်ရတာ နှစ်သက်တယ် ။ဒါကြောင့် Presenter တစ်ယောက်အနေနဲ့ ဂုဏ်ရည် ရပ်တည်တယ်။ နောက် ကြော်ငြာတွေ ဘာတွေရှိရင် ရိုက်မယ်။ နောက် ဂုဏ်ရည် Photo Model လုပ်ရတာ ကြိုက်တယ်။ ဒီလောက်ပါပဲ။

၈။ ဂုဏ်ရည် လက်ရှိ လုပ်ဆောင်နေတဲ့ ပရဟိတ လုပ်ငန်းလေးတွေအကြောင်းလဲ နည်းနည်ပြောပြပေးပါအုံး။

လက်ရှိကတော့ ဂုဏ်ရည် Miss မဖြစ်ခင်ထဲ လုပ်နေတဲ့ ချမ်းမြသုခမှာ အသင်းဝင်တစ်ယောက်အနေနဲ့ ခုထိ ရပ်တည်နေပါသေးတယ်။ နောက် ရန်ကုန်မှာဆိုရင်တော့ ဦးကျော်သူရဲ့ နာမှုကူညီရေး အသင်းမှာ ပါဝင်ကူညီနေပါတယ်။ ခုလောလောဆယ် မှာ Down Syndrome နဲ့ ပတ်သက်တဲ့ပွဲမှာ MC လုပ်ဖို့ရှိတယ်။ နောက် မန္တလေးမှာတော့ (၂၅) ရက်နေ့ မှာ လောက်ကိုင်စစ်ပွဲအတွက်ပြုလုပ်တဲ့ Music Concert မှာ ဦးအရိုင်းနဲ့ တွဲပြီး MC လုပ်ဖို့ရှိတယ်။

၉။ ကျန်းမာရေးတို့ အလှအပတို့နဲ့ ပတ်သက်ပြီးရော ဘာတွေ လုပ်ဖြစ်နေလဲ။ အလှအပနဲ့ ပတ်သက်ပြီး ညီမငယ်လေးတွေအတွက် အကြံညဏ်လေးတွေ မျှဝေပေးပါအုံး။

အလှအပနဲ့ ကျန်းမာရေး အဲဒါနဲ့ ပတ်သက်ပြီးပြောရရင် ဂုဏ်ရည် Gym ဆော့တယ်။ မနက်တိုင်း ပြေးဖြစ်တယ်။ အိမ်က လည်း ဆီဒိုးနားဟော်တယ် နားမှာဆိုတော့ ကန်ဘောင်နဲ့ နီးတော့လေ။ နောက် လက်ဝှေ့ထိုးတယ်။ မြင်းစီးဖို့ရှိတယ်။ နောက် ရေကူးရတာလည်းကြိုက်တယ်။ ကျန်တာတော့ အရမ်းဂရုစိုက်ဖြစ်တာမရှိပါဘူး။

၁ဝ။ ဂုဏ်ရည်ရဲ့ အရမ်းစိတ်ဝင်စားရတဲ့ ဝါသနာမျိုးရှိရင် ပြောပြပေးပါအုံး။ ဝါသနာတွက်ရော မအားလပ်တဲ့ အလုပ်တာဝန်တွေကြားက အချိန်တွေ ဘယ်လို ခွဲဝေ အသုံးချဖြစ်နေလဲ ပြောပြပေးပါအုံး။

ခရီးသွားရတာ ကြိုက်တယ်။ အများနဲ့ ဆိုတာထက် တစ်ယောက်ထဲ သွားရတာကို ကြိုက်တာ။ ခုလည်း ဖူးခက်နဲ့ ဘန်ကောက်ကို တစ်ယောက်ထဲ သွားပြီး ပြန်လာတာ မကြာသေးဘူး။ နောက် ဒယ်ဒီ အကျင့်လုပ်ပေးထားတော့စာဖတ်တယ် အနည်းဆုံး တစ်လ တစ်အုပ်လောက်တော့ ဖတ်ဖြစ်တယ်။ စာအုပ်နဲ့ ပတ်သက်ရင် သုတနဲ့ ပတ်သက်တာတွေကို ကြိုက်တယ်။

၁၁။ ဂုဏ်ရည် ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားချင်တဲ့ ဘဝနေထိုင်မှု ပုံစံလေး သိပါရစေ။

အေးအေးဆေးဆေးနဲ့ ဂုဏ်ရည် ဖြတ်သန်းသွားချင်တယ်။ ကလေးတွေလည်း ချစ်တတ်တာဆိုတော့ ကိုယ်တိုင်မွေးထုတ်လိုက်တဲ့ သားသမီးတွေကိုလည်း ဂုဏ်ရည် ချစ်မှာသေချာတယ်။ လူတစ်ယောက်ရဲ့ဘဝကို ထုဆစ်ရတာ ပျော်စရာကြီး ပေါ့ ။သုံးယောက်လောက်မွေးမယ်။ ကလေးတွေနဲ့ အဖိုးအဖွားတွေနဲ့ အေးအေးချမ်းချမ်းလေးဖြတ်သန်းသွားချင်တယ်။ ပုံမှန်ဝင်ငွေရမယ့် လုပ်ငန်းလေးတစ်ခုနဲ့ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်။

၁၂။ ဂန္ထဝင်က တစ်ဆင့် ဂုဏ်ရည်ကို အားပေးနေတဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးပြောပေးပါအုံး။

ဂန္ထဝင်ပရိသတ်ကြီး ကိုယ်ယုံကြည်ရာကို ပျော်ရွှင်စွာနဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ကြပါစေ။ မျှော်လင့်ချက်တွေကိုလည်း အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဂုဏ်ရည် ဆုတောင်းပေးလိုက်ပါတယ်။

သဘောကျ နှစ်သက်ရင် Share ဖို့မမေ့နဲ့နော်။