ဒေါ်ဝင်းဝင်းတင့်နှင့် (၅)မိနစ်တာ

Daw Win Win Tin
Photo Credit: http://www.irrawaddy.org

ဂန္ထဝင်မဂ္ဂဇင်းမှ အပတ်စဉ် နယ်ပယ်အသီးသီးတွင် အောင်မြင်နေကြသော ထက်မြက်သော မြန်မာအမျိုးသမီးများ၏ အားကျအတုဖွယ် (၅) မိနစ်စာ အင်တာဗျူးများကို ပရိသတ်ကြီးတို့နဲ့ မျှဝေလေ့ရှိပါတယ်။ အခုတစ်ပတ်မှာတော့ မြန်မာ့စီးပွားရေးလောကမှာ ထိပ်တန်းစာရင်းဝင် City Mart Holding ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့် ၏ အင်တာဗျူးများမှ မှတ်သားသင့်သည်များကို ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒေါ်ဝင်းဝင်းတင့်ဟာ ကမ္ဘာကျော် ဖော့ဘ မဂ္ဂဇင်း (Forbes Magazine) ၏ ၂ဝ၁၅ မတ်လထုတ် စာစောင်ထဲမှာ ‘အာရှမှ သြဇာအရှိဆုံး အမျိုးသမီး (၅ဝ) စာရင်း‘ တွင် ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်သူ အမျိုးသမီးတွေဟာ အာရှစီးပွားရေးလောကရဲ့ ထိပ်တန်းနေရာတွေမှာ သြဇာအာဏာရှိရှိ ရပ်တည်နေတာဖြစ်ပြီး လူ့စွမ်းအားနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကိုပါ အပြည့်အဝ စီမံခန့်ခွဲနိုင်သူတွေဖြစ်ကြပါတယ်။

သူမရဲ့ အင်တာဗျူးများမှ စိတ်ဝင်စားဖွယ်အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

၁။ မိန်းကလေးတစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိလား မေးတဲ့အချိန်မှာ “ဒီအတွက်တော့ ကျွန်မ ခက်ခက်ခဲခဲ ရင်ဆိုင်ရတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ယောက်ျားတွေဦးဆောင်နေကြတဲ့ ကြားထဲ သူတို့ကို အမီလိုက်ဖို့ အရမ်ကြိုးစားခဲ့ရတယ်။ ကျွန်မသက်တမ်းတစ်လျှောက် ကြုံခဲ့ရတာတော့ စွန့်ဦးတီထွင်သမားတွေအတွက် အစိုးရရဲ့ကူညီပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာကိုပါ။ တစ်ဖက်က တွေးပြန်တော့လည်း ဒီလိုကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ဖို့ တွန်းအားတစ်ခုလို့လည်း ယူဆမိပါတယ် “လို့ဖြေကြားထားပါတယ်။

၂။ လုပ်ငန်းစတင်ခါစအချိန်မှာ လုပ်ငန်းအကြောင်းလည်း ရင်းနှီးမှု မရှိတာကြောင့် အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဈေးနှုန်းသက်သာမှု အဓိကထားပြီး ဝယ်ယူစားသုံးကြသူတွေကြား ဒီလို City Mart တွေမှာ ဝယ်ယူလက်ခံလာအောင် အတော်လေးပေးဆပ် ရင်းနှီးခဲ့ရတယ်လို့ လည်းဆိုပါတယ်။

၃။ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကုန်ပစ္စည်းဝယ်ယူမှု အခက်အခဲတွေဖြစ်ခဲ့ပြီး ပစ္စည်းထုတ်တဲ့နိုင်ငံက တိုက်ရိုက်ဝယ်ယူခွင့်မရတာကြောင့် ရတဲ့နိုင်ငံက တစ်ဆင့်ဝယ်ရောင်းရပြီး ငွေအားဆုံးရှုံးမှုတွေကိုလည်း အများကြီး ရင်ဆိုင်ခဲ့ရတယ် လို့ဆိုပါတယ်။

၎။ စီးတီးမတ် အောင်မြင်ရခြင်းရဲ့ လျို့ဝှက်ချက်ကတော့ ‘ကျွန်မတို့ဟာ စားသုံးသူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲကြိုးစားနေတယ်။ နောက် အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာမို့ လို့ယုံကြည်လက်ခံထားပါတယ် ‘လို့ ဖြေကြားပေးခဲ့ပါတယ်။

၅။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဓိက ပံ့ပိုးမှုအနေနဲ့ ငွေကြေးအခက်အခဲ ပြေလည်စေမယ့် ဘဏ်စနစ်တွေနဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ ကုန်သွယ်ရေး ဥပဒေတွေကို ချမှတ်ပေးစေချင်ပါတယ်လို့ ဆိုပါတယ်။

၆။ အနာဂတ်အတွက် စိုးရိမ်ပူပန်နေတာမျိုး ရှိနေလားမေးတဲ့အခါ “မြန်မာ့စီးပွားရေး တဖြည်းဖြည်းတိုးတက်လာတာမို့ ကျွန်မတို့မှာ ပြိုင်ဖက်တွေအများကြီး ရှိလာမှာ သေချာပါတယ်။ သေချာတာတော့ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ ” လို့ ဖြေကြားပေးထားပါတယ်။

ဒီတစ်ပတ် တင်ဆက်ပေးခဲ့တဲ့ ထိပ်တန်းအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းတင့်ရဲ့ အင်တာဗျူးလေးကို ဖတ်ပြီးတဲ့အခါ ဂန္ထဝင်ရဲ့ စာဖတ်သူ အမျိုးသမီးတွေ စိတ်ဓါတ်ခွန်အားတွေ အပြည့်နဲ့ အောင်မြင်မှုဆီ လျှောက်လှမ်းဖို့ အားအင်တွေရသွားမယ်လို့ ယုံကြည်မိပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ ဖြစ်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။