“မကျင်ပို့ (Agnes Lim Lim) ပြောတဲ့ သူမအကြောင်း”

blank
မကျင်ပို့(Agnes Lim Lim) ဆိုတာ ဘယ်သူလဲ။

သူမဟာ Fancy House Hair & Beauty Spa ရဲ့ ပဲ့ကိုင်ရှင်နဲ့ Fancy House Hair Beauty Nail Academy ရဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။ သူမ ချစ်မြတ်နိုးတဲ့ အလုပ်မှာ နှစ်ပေါင်း ၄ဝ တိုင်အောင် အောင်မြင်စွာ ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူမနဲ့ ကြိုးစားအားထုတ်မှုအပေါ် စိတ်ထားခံယူချက်

ကျွန်မရဲ့ ခံယူချက်တွေထဲက တစ်ခုက သူတစ်ပါးကို စိတ်ချမ်းသာအောင် လုပ်ပေးရင်၊ ကိုယ်လည်းစိတ်ချမ်းသာမယ်။ သူတစ်ပါးကို လှအောင် လုပ်ပေးရင် ကိုယ်လည်းလှမယ်ဆိုတာလေးပါ။ ဒီအလုပ်ကို ကျွန်မ ကိုယ်တိုင် Passionate ဖြစ်လို့ လုပ်ကိုင်ခဲ့တာ အခုဆိုရင် အနှစ်လေးဆယ်ရှိပါပြီ။ ကတ်ကြေးတစ်လက်၊ ဘီးတစ်ချောင်း၊ မှန်တစ်ချပ်ရှိရုံနဲ့ ဘဝအာမခံချက်ရှိတဲ့ ဒီအလုပ်ကို ကျွန်မ နှစ်သက်သဘောကျပါတယ်။

သူမနဲ့ ဆံပင်ပုံစံအရေးကြီးမှု

ဆံပင်ဟာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာပါ။ လူတစ်ယောက်ကို အဝေးကနေ သူ့မျက်နှာထက် ဆံပင်ကိုပိုမြင်ရပါတယ်။ ဆံပင်ပုံစံလေးက သပ်သပ်ရပ်ရပ်ဖြစ်နေရင် အဝေးကနေလည်း သူ့ကို ကောင်းကောင်းမြင်ရပါတယ်။ နောက်တစ်ခုက လူတစ်ယောက် ဆံပင်ပုံစံပြောင်းရင် သူမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုတိုးလာပါတယ်။ ကျွန်မတို့ မြန်မာလူမျိုး အများစုက ဆံပင်ဆိုတာ ရှည်မှ၊ နက်မှ လှပတယ်လို့ ထင်ကြတယ်။ ကိုယ့်ဆံပင်က အရင်ကလိုပဲ မပြောင်းမလဲရှိနေတာထက် ဆံပင်ပုံစံလေးလည်း ပြောင်းညှပ်ရင်း ဆံပင်အရောင်လေးတွေလည်း ပြောင်းပေးမယ်ဆိုရင် စိတ်သစ်လူသစ် ဖြစ်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ ငွေကြေးအသုံးပြုပုံ

ပညာရေးကို ယုံကြည်တဲ့ ကျွန်မအနေနဲ့ လုပ်ငန်းတစ်ခုကို ဆက်လက်အောင်မြင်အောင် ရလာတဲ့ ဝင်ငွေတွေကို သင်ကြားလေ့လာတဲ့ နေရာမှာ အများကြီး ပြန်ရင်နှီးဖြစ်တယ်။ ပညာရေးကို ရင်နှီးမြှုပ်နှံထားရင် ရလာမယ့်အကျိုးကျေးဇူးက ကြောက်စရာကောင်းလောက် အောင် ကြီးမားတယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါကြောင့် အောင်မြင်နေတဲ့လုပ်ငန်းတစ်ခု ဆက်လက်တည်တံ့ပြီးအောင်မြင်အောင် သင်ယူလေ့လာရေးအပိုင်းမှာ ရင်နှီးမြှုပ်နှံထားသင့်ပါတယ်။

သူမနဲ့ လူငယ်တွေအတွက် အကြံပေးစကား

အခုခေတ်မှာ လူငယ်တွေက ပိုပညာတတ်လာကြပြီး ဦးနှောက်ကိုပိုသုံးပြီးတော့ အောင်မြင်မှုကို မြန်မြန်နဲ့ မှန်မှန်ရဖို့ ပိုတွေးလာကြပြီ။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ မရှိပေမဲ့ သူတို့ကို မြင်တဲ့အခါ သူတို့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုထပ်တူကျနေရဲ့လား ကျွန်မတွေးဖူးတယ်။

‌နောက်တော့ ကျွန်မသိလိုက်တာက ကလေးတွေက သူတို့အောင်မြင်မှုရဖို့ သွားနေတဲ့ လမ်းကြောင်းကို Passion တစ်ခုထည့်လိုက်ပြီး ဇွဲရှိရှိနဲ့ အဲ့ဒါကို မရမချင်းကြိုးစားနေတော့ ကြိုးစားနေချိန်အတွင်း ကြည့်လိုက်ရင်တော့ သူတို့မှာ ပျော်ရွှင်မှု သိပ်မရှိသလို မြင်ရပေမဲ့ သူတို့ တကယ် Passionate ဖြစ်ဖြစ်နဲ့ ကြိုးစားအားထုတ်ပြီး အောင်မြင်သွားတဲ့အခါ ပျော်ရွှင်မှုဆိုတာ အလိုလို လိုက်လာနေတာ။ ဒါပေမဲ့ တချို့ကလေးတွေက အောင်မြင်ဖို့၊ ချမ်းသာဖို့ ကြိုးစားအားထုတ်ပေမဲ့ Passion ဆိုတဲ့အရာ ထည့်ထားမနေတော့ လုပ်တော့လုပ်နေတယ်။ ပျော်မနေဘူး။ လုပ်နေလေလေ၊ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးသလိုဖြစ်နေလေလေပါပဲ။ ဒါ့ကြောင့် ဒီနှစ်ခုကြား Balance လေးတစ်ခု ရှာဖို့ လိုအပ်မယ်လို့ ကျွန်မမြင်မိပါတယ်။

စာချစ်သူတို့ကော မကျင်ပို့(Agnes Lim Lim) ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။