“ဒေါ်ခင်ကြူကြူမြင့်” ပြောတဲ့သူမအကြောင်း

blank
ဒေါ်ခင်ကြူကြူမြင့် ဆိုတာ ဘယ်သူလဲ။

G&G ရဲ့ စိန်တိုက်ပိုင်ရှင် သူမဟာ ကျောင်းဆရာမ ဘဝကနေ စိန်တိုက်ပိုင်ရှင် တစ်ဦး ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့သူ တစ်ယောက်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမနဲ့ G&G စိန်တိုက်အပေါ် ခံစားချက်

G&G စိန်တိုက်ဟာ အန်တီတို့ လင်မယားနှစ်ယောက် ဒိုးတူပေါင်ဖက်ကတည်းက စတင်လုပ်ကိုင်ခဲ့တဲ့ အလုပ်ဖြစ်တာကြောင့် မွေးကင်းစအရွယ်တည်းကနေ ကြီးထွားလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ ကိုယ့်ရဲ့ သားသမီးအရင်းအချာတစ်ယောက်လို ခံစားရပါတယ်။

သူမနဲ့ တိုးတက်အောင်မြင်မှုအပေါ် ဖွင့်ဆိုချက်

ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ ပြိုင်ဆိုင်တာထက် ကိုယ့်ကိုယ်ကိုယ် ပြိုင်ဆိုင်ပါ။ မနေ့က ကိုယ်ထက် ဒီနေ့ ကိုယ်က ပိုတော်ပါစေ။

သူမနဲ့ အချိန်ရဲ့တန်ဖိုး

အချိန်ဆိုတာ အမြဲတန်ဖိုးရှိပြီး ပြန်မရနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် အန်တီအနေနဲ့ အချိန်တွေကို အလဟဿ ဖြစ်မသွားရအောင် တစ်နေ့တာ လုပ်ရမယ့် ကိစ္စအဝဝကို To do list နဲ့ သွားဖြစ်တယ်။ အခုလို ကိုဗစ်ဖြစ်ချိန် စီးပွားရေး၊ လူမှုရေးတွေ ကျနေချိန် အိမ်မှာ နေရတဲ့အချိန်ကာလမှ အချိန်တွေကို အလဟဿ မဖြစ်စေဖို့ အန်တီ သမီးလေးနဲ့အတူ နှစ်ယောက်အတူသုံးတဲ့ Product လေးတစ်ခုကို ဈေးကွက်ထဲထိ ရောက်နိုင်အောင်ထိ ကြိုးစားဖြစ်တယ်။

သူမနဲ့ အလှတရားအဓိပ္ပာယ်

ဘယ်သူမဆို စိတ်လှရင် အကြည်ဓာတ်ထွက်ပြီး အဲ့ဒီအကြည်ဓာတ်က အရေပြားတစ်ထောက်စာ အလှထက် ပိုတယ်။ ဒါကြောင့် အမြဲတမ်း အကောင်းမြင်စိတ်ရှိပါ။ ဖြည့်တွေးပေးပါ။ လူတွေကို ကိုယ်ချင်းစာစိတ်ရှိပါ။ သူတစ်ပါးကို တွန်းချပြီးမှ တက်လို့ရမယ့် နေရာမျိုးထက် ကိုယ်အခုရောက်နေတဲ့နေရာမှာပဲ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေလိုက်ပါလို့ အန်တီပြောချင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ်ခံယူချက်

အန်တီတို့ နေထိုင်တဲ့ ဒီကမ္ဘာမြေကြီးဟာ အလွန်ကျေးဇူးရှိတဲ့အတွက် ပလတ်စတစ်အိတ်တွေ၊ ရေသန့်ဘူးတွေ မဆင်မခြင် စွန့်ပစ်မှုကြောင့် ဒီကမ္ဘာမြေကြီးမြေဆီလွှာတွေ မပျက်စီးရအောင် စွန့်ပစ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ရေသန့်ဘူးတွေကို ရှင်းလင်းသလို နောက်မျိုးဆက်တွေထိအောင် သန့်ရှင်းလှပတဲ့ကမ္ဘာမြေကြီးတစ်ခု ကျန်နေအောင် ကိုယ်တတ်နိုင်တဲ့ တစ်နိုင်တစ်ပိုင်အားလေးနဲ့ လုပ်ဆောင်ဖြစ်ပါတယ်။

သူမ ရင်ထဲက အကြံပြုချင်တဲ့စေတနာစကား

‌ကျောင်းဆရာမ ဘဝကနေ စိန်တိုက်ပိုင်ရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ အန်တီကတော့ ကိုယ်ပိုင်အလုပ်လေးတွေ လုပ်တဲ့သူဖြစ်စေ၊ ဝန်ထမ်းသမားတွေကိုဖြစ်စေ အကြံပေးချင်တာက ကြိုးစားမှုရှိပါ။ ရိုးသားမှုရှိပါ။ ဇွဲရှိပါ။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ထားရှိပြီး ဖြစ်မြောက်အောင် လုပ်ကိုင်ပါလို့ အကြံပေးချင်ပါတယ်။
စာချစ်သူတို့ကော အန်တီဒေါ်ခင်ကြူကြူမြင့်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။