“မသီရိသန့်မွန်” ပြောပြတဲ့ သူမအကြောင်း

blank
မသီရိသန့်မွန်ဆိုတာ ဘယ်သူလဲ။

သူမက Pegu Partners အကြံပေးအဖွဲ့ရဲ့ အမှုဆောင်တစ်ဦး ဖြစ်တဲ့အပြင် Myanmar Institute of Directors အဖွဲ့အစည်းရဲ့ CEO အနေနဲ့ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ အလုပ်ကိုကြိုးစား ချစ်မြတ်နိုးသူဖြစ်ပြီး ကလေးသုံးယောက် မိခင်ဖြစ်ပေမဲ့ အချိန်စီမံခန့်ခွဲမှု ပိုင်နိုင်လှတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမနဲ့ Gender equality အပေါ် ခံယူချက်

Gender equality ဆိုတာ အိမ်ထဲကနေ စသင့်တယ်လို့ ကျွန်မမြင်တယ်။ သားသုံးယောက်အမေဖြစ်တဲ့ ကျွန်မကိုယ်တိုင်လည်း ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ အမြဲ စဉ်းစားဖြစ်တယ်။ အိမ်မှာဆိုရင် ကျွန်မ နဲ့ ကျွန်မအမျိုးသားက အိမ်မှုကိစ္စတွေကို ခွဲလုပ်ကြတယ်။ များသောအားဖြင့် သူက ပန်းပင်စိုက်တာ၊ ဟင်းချက်တာတွေ ဝါသနာပါတော့ အဲ့ဒါတွေကို သူကပိုလုပ်တယ်။ ကျွန်မက နေ့စဉ် ဟင်းချက်တာကို စိတ်ဝင်စားလေ့မရှိတဲ့သူဆိုတော့ ကျွန်မ ဝင်ပါချင်တဲ့အရာတွေမျိုးဆိုရင် ကျွန်မ ဝင်လုပ်ဖြစ်တယ်။ သူက ယောကျာ်းမို့လို့၊ ကိုယ်က မိန်းမမို့လို့ ဒါလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာမျိုး မထားထားပါဘူး။

သူမနဲ့ မိသားစုစီမံခန့်ခွဲပုံ

မိသားစုဝင်တိုင်းမှာလည်း လုပ်စရာအသီးသီးတွေရှိတယ်။ ဒါတွေကို အိမ်မှာရှိတဲ့ အမျိုးသား၊ အိမ်ကိစ္စတာဝန်တွေကို ကူညီ လုပ်ကိုင် ပေးတဲ့သူ၊ ဆွေမျိုးစသဖြင့် အားလုံးကို တာဝန်တွေခွဲလိုက်မယ်ဆိုရင် ကျွန်မအနေနဲ့ ကိစ္စတိုင်းကို တစ်ယောက်တည်းလုပ်စရာမလိုတော့ဘူး။ ဒါ့အပြင် Empowering ကို ယုံကြည်တဲ့ကျွန်မအနေနဲ့ အိမ်မှာရှိတဲ့သူတွေကို သူတို့လုပ်ဆောင်နေတဲ့အပိုင်းမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ မှားတာတွေရှိခဲ့ရင် ဆူပူတာထက် ဘယ်လိုလုပ်ရင်တော့ ပိုကောင်းသွားနိုင်တယ်ဆိုတာကို လမ်းပြပေးတော့ ကျွန်မတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့တွေမှာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တတ်လာတယ်။

သူမနဲ့ အချိန်စီမံခန့်ခွဲပုံ

Technology ကို ကျွန်မက တော်တော်အသုံးပြုလေ့ရှိတာမို့ Google Calendar မှာ ဘယ်အချိန်၊ ဘာတွေလုပ်စရာရှိတယ်ဆိုတာကို အမျိုးသားနဲ့အတူ တစ်ပတ်၊ တစ်ပတ်စီ ကြိုတင်တိုင်ပင်ပြီး တစ်ယောက်နဲ့ တစ်ယောက်က To do list တွေ၊ shopping list တွေ အမြဲထည့်ထားလေ့ရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတဲ့ ကျွန်မအနေနဲ့ အလုပ်လုပ်တဲ့နေရာမှာ ဆိုင်းဗုံတီးသလိုပဲ တစ်ခုပြီးတစ်ခု လုပ်နေရတာရှိတယ်။ Volunteering တွေ လုပ်နေရတာ ရှိတဲ့အတွက် ဒီ Calendar ထဲမှာပဲ မိသားစုကိစ္စတွေအပါအဝင် အကုန်လုံးကို အရောင် တစ်မျိုးစီနဲ့ ထည့်ထားလိုက်တဲ့အခါ ကျွန်မ ကိုယ်ပိုင်ဖုန်း၊ ကွန်ပျူတာအပြင် ရုံးက Device တွေမှာကအစ တစ်မျိုးတည်းပဲ ရှိနေတဲ့အတွက် ကျွန်မ မမေ့နိုင်တော့သလို ကိုယ်ဘာတွေလုပ်ခဲ့လဲဆိုတာကိုလည်း တစ်ပတ် တစ်ပတ် ပြန်ကြည့်လို့ရတယ်။ အဲ့ဒီလိုနဲ့ Tech ကို အမှီပြုပြီး အချိန်စီမံခန့်ခွဲလေ့ရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ အပေါင်းအသင်းပေါ်အမြင်

အပေါင်းအသင်းဆိုတာ တကယ်ကိုအရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ အတွေးအခေါ်တွေက ကိုယ့်အပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိစေတယ်လို့မြင်တဲ့အတွက် အစ်မကတော့ အကောင်းမြင်တဲ့သူ၊ ကိုယ့်ကိုချစ်ခင်ပေးတဲ့သူ၊ ပတ်ဝန်းကျင်တိုးတက်ရာတိုးတက်ကြောင်း၊ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ပြောလေ့ရှိတဲ့သူတွေနဲ့ ပေါင်းသင်းရတာ ပိုသဘောကျပါတယ်။ ဗုဒ္ဓဘာသာသဘောအရ သူတော်ကောင်းတွေနဲ့ နေခြင်းလို့ ပြောလို့ရနိုင်မယ်ထင်တယ်နော်။ အစ်မကတော့ အဲ့ဒီလိုနည်းနဲ့ပဲ အပေါင်းအသင်းကို ရွေးပြီး ပေါင်းသင်းဖြစ်ပါတယ်။

သူမနဲ့ သာယာတဲ့အိမ်ထောင်ရေးဆိုတာ

အိမ်ထောင်အများစုမှာ ကျွန်မမြင်တာက Power Play လုပ်လေ့ရှိကြတယ်။ အိမ်မှာ ဘယ်သူက Boss လဲပေါ့၊ ဘယ်သူက ပိုအာဏာရှိလဲ စသဖြင့် ရှိနေကြတာက သိပ်အသုံးမဝင်ဘူးလို့ မြင်တယ်။ နှစ်ယောက်အတူ ငွေဘယ်လိုစုကြမလဲ။ ဘယ်မှာ အိမ်ဝယ်ကြမလဲ။ ကလေးတွေကို ဘယ်လိုလမ်းညွှန်မလဲ စသဖြင့် တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားနေသရွေ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သူမနဲ့ လုပ်ငန်းခွင်က Professional ကျတဲ့ အမျိုးသမီးဆိုတာ

လုပ်ငန်းဝင်နေတဲ့သူတိုင်း Professional ဆန်ဖို့လိုတယ်။ ပထမအချက်အနေနဲ့ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်ဂုဏ်ယူစွာနဲ့ လုပ်ရမယ်။ လခယူလို့ လုပ်နေတာဆိုတာမျိုးမဟုတ်ဘဲ ကိုယ်လုပ်နေရတဲ့ အပိုင်းလေးကို သေချာပီပီပြင်ပြင်လေး လုပ်လိုက်မယ်ဆိုရင် ကိုယ့်အလုပ်အပေါ် ကိုယ့်လေးစားမှုလည်း ပြရာရောက်တယ်။ ပြီးတော့ “ငါတတ်နေပြီ” ဆိုပြီး ရပ်လိုက်တာက Professional မဆန်ဘူးလို့ မြင်တာမို့ အမြဲ သင်ယူလေ့လာနေနိုင်ဖို့လည်း လိုတယ်။

ဒုတိယအချက်က အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်ခါတလေ အလုပ်လုပ်နေရလို့ အိမ်အပေါ်၊ ကလေးအပေါ် အပြစ်လုပ်သလို ခံစားမိတဲ့ စိတ်တွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ ကိုယ်သိထားရမယ့်အချက်က ကိုယ်အလုပ်မှာ တော်ခြင်း၊ မတော်ခြင်းဟာ ကိုယ့်အိမ်ထောင်ရေးအပေါ်မှာ ချို့ယွင်းချက်ရှိနေတယ်လို့ ယူဆလို့ မရနိုင်ပါဘူး။
တတိယအချက်အနေနဲ့ Work/life balance မျှနေဖို့ လိုပါတယ်။ အမြဲ အလုပ်ချည်းပဲ လုပ်နေတယ်ဆိုရင် လူက ပင်ပန်းလာပြီး ကြာရင် Creative ဖြစ်နိုင်စွမ်းတွေကိုပါ ထိခိုက်စေနိုင်တဲ့အတွက် အမြဲအလုပ်အပြင် ကိုယ်လုပ်စရာရှိတဲ့ အနားယူနိုင်မယ့် activities တွေ၊ အသင်းအဖွဲ့တွေနဲ့ ပါဝင်ရမယ့် ကိစ္စတွေလည်း ပါဝင်ပေးပါလို့ ပြောချင်ပါတယ်။

သူမနဲ့ လူငယ်တွေအတွက် အကြံပေးစကား

လူငယ်တွေကို ပြောချင်တာက တစ်ခုခုကို ရချင်တယ်ဆိုရင် တစိုက်မတ်မတ် ကြိုးစားပါ။ ကိုယ်က သေသေချာချာ လုပ်ပြမှသာ ကိုယ့်ကို ယုံကြည်လက်ခံလာမှာပါ။ ကြိုးစားအားထုတ်မှုကို အစားထိုးနိုင်တဲ့အရာဆိုတာ မရှိပါဘူး။ အဲ့ဒါကြောင့် ကြိုးစားကြပါ။ ကြိုးစားလို့မှ မဖြစ်သေးဘူးဆိုရင် ထပ်လေ့လာပြီး ထပ်ကြိုးစားပါ။ အောင်မြင်တဲ့သူတွေကြည့်လိုက်ရင် လွယ်တယ် ထင်ရနိုင်မယ့် သူတို့အောင်မြင်မှု နောက်ကွယ်က ကြိုးစားမှုတွေက ဘယ်လောက် ခက်ခဲမလဲဆိုတာ ကိုယ်တိုင် မလုပ်ရင်မသိနိုင်ပါဘူး။

စာချစ်သူတို့ကော မသီရိသန့်မွန်ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။