“မယဉ်သူအေး”ပြောပြတဲ့ သူမအကြောင်း

blank
မယဉ်သူအေးဆိုတာ ဘယ်သူလဲ။

သူမက Charis School of Creation နဲ့ Charis Mom and Baby Wellness ကို တည်ထောင်ထားသူတစ်ဦး ဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင် ယုံကြည်တဲ့စိတ်အားထက်သန်မှု ပြင်းပြပြီး အလုပ်ကို လေးစားတန်ဖိုးထားတဲ့ မိခင်တစ်ယောက်ဖြစ်သလို မိသားစုကိုလည်း တန်ဖိုးထားဂရုစိုက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

သူမ ဖန်တီးပေးချင်တဲ့ Customer service တစ်ခု

ကိုယ့်ရဲ့ Service ကိုဖြစ်ဖြစ်၊ Product ကိုဖြစ်ဖြစ် ဝယ်ယူသုံးစွဲတဲ့အခါ Value ဆိုတဲ့ တန်ဖိုးတစ်ခုကို ရစေတဲ့ Customer service မျိုးကို ပေးချင်ပါတယ်။ Customer အားလုံးအတွက် ထိမိစေတဲ့ Service မျိုးပေးနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက် ကိုယ်ပေးချင်တဲ့အရာရဲ့ Target Customer ကဘယ်သူလဲဆိုတာ သေချာ သိနားလည်ပြီး သူတို့အတွက် ကောင်းမွန်တဲ့ Value တစ်ခု ပေးရင်းနဲ့ Loyal Customer ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

သူမ သုံးသပ်မိတဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆိုတာ

‌ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်ဖို့အတွက် အလုပ်ရှင်ကော၊ ဝန်ထမ်းတွေကော နှစ်ဦးနှစ်ဖက်လုံး အပြန်အလှန်လေးစားမှုရှိရမယ်လို့ မြင်တယ်။ အလုပ်ရှင်ကလည်း ကိုယ့်ဝန်ထမ်း၊ အလုပ်သမားအပေါ် သူ့အရည်အချင်း၊ လုပ်နိုင်စွမ်းအပေါ် ထိုက်တန်တဲ့လေးစားမှု ရှိရသလို ဝန်ထမ်းတွေကလည်း ကိုယ့်အလုပ်ရှင်အပေါ် ပေးရမယ့် လေးစားမှုဆိုတာ ရှိရပါမယ်။
အလုပ်လုပ်ရတာ ပျော်တဲ့လုပ်ငန်းခွင်တစ်ခုအဖြစ် ဖန်တီးဖို့လည်း လိုသလို၊ တစ်ယောက်က ပေးချင်တဲ့အကြံဉာဏ်တွေကို အပြန်အလှန်နားထောင်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့လည်း လိုမယ်။
နောက်တစ်ချက်အနေနဲ့ အလုပ်ရှင်နဲ့ ဝန်ထမ်း အပြန်အလှန် မှီခိုကြရင်း တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင် ပိုကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူမနဲ့ ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဆိုတာ

မိသားစုတစ်ခုတည်းက မောင်နှမတွေတောင် တစ်ယောက်နဲ့တစ်ယောက်မတူညီကြတာမို့ သူစိမ်းနှစ်ယောက် ပေါင်းဖက်ထားတဲ့ အိမ်ထောင်ရေးမှာ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိဖို့ဆိုရင် အရင်ဆုံးတစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာရှိဖို့ လိုအပ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာရဲ့နောက်မှာမှ သည်းခံတာ၊ ခွင့်လွှတ်တာနဲ့ နားလည်မှုရှိတာတွေ ပါလာမှာပါ။
ပြီးတော့ တစ်ဦးနဲ့တစ်ဦးကြားမှာ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်အလုပ်ကို တစ်ယောက်က လေးစားပြီး သူနဲ့ကိုယ်ပေါင်းဖက်လို့ရထားတဲ့ ကလေးတွေကလည်း ရှိနေတဲ့အတွက် မိသားစုအတွင်းမှာလည်း ပျော်ရွှင်တဲ့ မိသားစုတစ်ခုဖြစ်အောင် ဖန်တီးဖို့လည်း လိုမယ်ထင်ပါတယ်။

သူမနဲ့ ကျန်းမာရေးနဲ့ အလှအပ ဂရုစိုက်ပုံ

မိန်းကလေးအားလုံးက လှချင်ကြပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းနေတယ်လို့ ခံစားရမှ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုဆိုတာလည်း ရှိနိုင်တာကြောင့် ကျွန်မဆိုရင် အလှအပအတွက် ဂရုစိုက်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ကျန်းမာကြံ့ခိုင်နေအောင်၊ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးမရှိအောင် နေဖြစ်ပါတယ်။

သူမနဲ့ အချိန်စီမံခန့်ခွဲပုံ

အိမ်ထောင်ရှင်မိခင်တစ်ယောက်ဖြစ်တဲ့ အပြင် လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် အလုပ်ကိစ္စတွေ လုပ်နေရင် စိတ်ဖြောင့်လက်ဖြောင့်လုပ်နိုင်အောင်၊ အိမ်ကိစ္စတွေ စီမံရတဲ့အခါလည်း အလုပ်တွေ ပြန်ပါမလာအောင် အချိန်ကိုတော့ သေချာစီမံရတယ်။ တစ်ခုလိုချင်ရင်တစ်ခု စွန့်လွှတ်ရတယ်ဆိုပေမဲ့ ကျွန်မအချိန်တွေကို အတတ်နိုင်ဆုံး balance ဖြစ်အောင် အမြဲ စီမံဖြစ်ပါတယ်။

သူမ စိတ်ရှုပ်လာရင် ဘာတွေလုပ်လေ့ရှိလဲ။

ကျွန်မကတော့ Stress တွေ အရမ်းများလာတယ်ဆိုရင် ဘာမှ မလုပ်ဘဲ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းနေပြီး ကိုယ့်ကိုယ့်ကိုယ် ပြန်သုံးသပ်ဖြစ်ပါတယ်။ စိတ်ဖီစီးမှုဖြစ်နေတဲ့ ကိုယ်က တစ်ပါးသူတွေနဲ့ နေတဲ့အခါမှာလည်း အဆင်ပြေနိုင်မယ် မထင်ဘူး။ တချို့အချိန်တွေမှာဆိုရင် တရားထိုင်ရင်းနဲ့ စိတ်ဖီစီးမှုတွေကို ဖြေလျော့ဖြစ်ပါတယ်။

သူမနဲ့ လူငယ်တွေအတွက် အကြံပေးစကား

ကျွန်မ ငယ်ငယ်တုန်းက ကိုယ်တကယ် ဝါသနာပါလား၊ မပါလား မသေချာဘဲ ကိုယ်ရတဲ့ ဆယ်တန်းအောင်မှတ်နဲ့ အမြင့်ဆုံးဖြစ်မယ့် တက္ကသိုလ်တွေကိုပဲ ရွေးချယ်တက်ခဲ့တယ်။ လေးနှစ်တောင်ပေးပြီး တက်ခဲ့တဲ့ ပညာကို အခုချိန် အသုံးမချဖြစ်ဘဲ ကိုယ်တကယ် လုပ်ရကိုင်ရကြိုက်တဲ့အရာကို နောက်မှ ရှာဖြစ်တဲ့အခါ သူ့အတွက် အချိန်အချို့ထပ်ပေးပြီး အလုပ်အတွေ့အကြုံတွေကို ပြန်ယူခဲ့ရတယ်။

တကယ်လို့သာ အစကတည်းက ကိုယ်သေချာနှစ်သက်တဲ့အရာကို ကြိုသိခဲ့မယ်ဆိုရင် အောင်မြင်မှုရဖို့ ဒီလောက်အချိန် မကြာနိုင်တဲ့အတွက် အခုမှ အရာအားလုံးကို စတင်မယ့်လူငယ်လေးတွေကို ပြောပြချင်တာက ကိုယ်တကယ် လိုချင်တာ၊ နှစ်သက်တာကို အစတည်းက သေချာစဉ်းစားပြီး ဒီလမ်းကြောင်းကို Main အနေနဲ့ သွားပါလို့ တိုက်တွန်းချင်ပါတယ်။

စာချစ်သူတို့ကော မယဉ်သူအေးရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။  တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။